၂၀၁၇ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် အမျိုးသားစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်များ၏ အစည်းအဝေးက ၂၀၁၆ ခုနှစ်ထုတ် ကဗျာများကို ခေတ်ပေါ် နှင့် လေးလုံးစပ် မခွဲခြားဘဲ တဆုတည်းသာ ပေးတော့မည်၊ ခေတ်ပေါ်ကဗျာ ကောင်းလျှင် ခေတ်ပေါ်ကဗျာ လေးလုံးစပ် ကဗျာကောင်းလျှင် လေးလုံးစပ် ကဗျာကို ဆုပေးမည် ဟု ဆုရွေးချယ်ရေး အဖွဲ့ဝင် အားလုံးက မဲခွဲဆုံးဖြတ်ခဲ့ကြ ပါသည်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ဆရာ မြင်းမူမောင်နိုင်မိုး အပါအဝင် ဆရာတချို့က အမျိုးသားစာပေဆုကို လေးလုံးစပ်ကဗျာများ အတွက်ဆု တဆု ခေတ်ပေါ်ကဗျာအတွက် ဆုတဆု ပေးရန် တင်ပြချက်အပေါ် မည်သည့် ပုံစံဖြင့် ရေးသည် ဖြစ်စေ ကဗျာပီသမှုကိုသာ ဦးစားပေးလျက် တဆုတည်း သာ ထားကြမည် ဟု ၃၆ မဲ ၂၁ မဲ နှင့် မဲခွဲဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။
ထိုဆုံးဖြတ်ချက်က ကဗျာချစ်သူတို့ အကြား ပျံ့နှံ့သွားပြီး တချို့ကလည်း ခေတ်ပေါ်ကဗျာ၏ အောင်ပွဲဟု ယူဆသလို တချို့ကလည်း ခေတ်ဟောင်းပုံစံ ကဗျာတွေကို သီးခြားဆု မပေးလျှင် မြန်မာ့ကဗျာအစဉ်အလာတော့ သွားပါပြီဟု ယူဆသူက ယူဆကြသည်။
ဂန္ထဝင်ကဗျာတော့ သေဆုံးပါပြီလို့ အော်သူတွေ အော်ကြသည်။ ပုဂံခေတ်မှ စတင်လျှင် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သည့် ကဗျာတွေ ထောင်သောင်းမကထဲ ရေးဖွဲ့ပုံတွေကလည်း ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား တျာချင်း၊ နတ်ချင်း၊ အိုင်ချင်း၊ လေးချိုး၊ ဒွေးချိုး၊ တြိချိုး စတာတွေ စပ်ထုံးတွေ အမျိုးမျိုး ပေါ်ခဲ့ကြင်္ပြီ။ သူ့ခေတ်နှင့်သူ ခေတ်ပြိုင်ရေးဖွဲ့မှု၊ ခေတ်ပြိုင်အရေးအသားတွေ ဖြစ်ခဲ့ပြီးမှ သမိုင်းကာလရွေ့လျောကာ ဂန္ထဝင်စာပေ ဂန္ထဝင် အရေးအသားဟု သတ်မှတ်ကြပြန်သည်။
မြန်မာစာပေအစ ကဗျာက ဟု ဆိုကြသည်။ ပုဂံခေတ်က စပ်ဆိုခဲ့သည့် “သိုးကလေ…၊ ပုပ္ပါးနတ်တောင်…၊ အခေါင်မြင့်ဖျား…၊ စုံတောပြား၌…၊ နံ့ရှားကြိုင်လွင့်…၊ ခါတန်ပွင့်သည်…၊ ရွှေနှင့်ယိုးမှားပန်းစကား” အစချီသည့် ကဗျာမှာ မြန်မာတို့ မှတ်သားမိသမျှ အစောဆုံးကဗျာပင်။ ထို့ပြင် နရပတိစည်သူမင်း လက်ထက် (အေဒီ ၁၁ ရာစုခန့်) နောင်တော် နန်းကျဘုရင်၏ အမတ်ကြီးတပါး ဖြစ်သည့် အနန္တသူရိယ အမတ်ကြီးရေးသား စပ်ဆိုခဲ့သော
“သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ
သူတယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာထက်၊ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ တသက်လျာတည်း”
ထိုကဗျာမှာလည်း ပုဂံခေတ်က ရေးထုံး ဟုတ် မဟုတ် အငြင်းပွားနေကြသည့်တိုင် ကွပ်မျက်ခံရလု တည်းတည်းမှာပင် သေခြင်းတရားကို မကြောက်မရွံ့ဘဲ သတ်မည့်သူကိုပါ တရားပြသွားသော ကဗျာတပုဒ် အဖြစ် ခေတ်အဆက်ဆက် ထင်ရှားခဲ့ပါသည်။ သမိုင်းခေတ်များကို ဖြတ်သန်း၍ စာချစ်သူတို့ သတိတရ ရှိနေကြခြင်းမှာ ရေးဖွဲ့ဟန် သက်သက်ကြောင့် မဟုတ်ဘဲ ပထမ တပုဒ်က လှပကြည်လင်မှုကြောင့် ဖြစ်ပြီး ဒုတိယတပုဒ်က မမြဲသော သဘောကို အနှစ်သာရရှိစွာနှင့် နားလည်လွယ်အောင် ရေးဖွဲ့ခဲ့၍ ဖြစ်သည်။
ကြည်အေး၏ ကဗျာတွေက်ု ယနေ့အထိ စွဲနေကြခြင်းမှာ ကဗျာရေးဟန်ထက် ရသမြောက်ခြင်းက အဓိကကျ ပါသည်။ ကြည်အေးနှင့် ခေတ်ပြိုင်ကဗျာဆရာတွေ အများကြီးထဲက သူ့စာကိုမှ စွဲခဲ့ကြခြင်းမှာ ကဗျာတွင် အလှဓာတ်ကိန်းခြင်း၊ ခံစားမှု အားကောင်းခြင်း၊ ရေးဖွဲ့နည်း ထူးခြားမှု မရှိသော်လည်း စကားလုံးများ ဖွဲ့စည်းပေါင်းစပ်မှုမှ ဖြစ်တည်လာသည့် ကဗျာ ရသခံစားမှုက ဖတ်ရှုသူ၏ ရင်ထဲရောက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
မအိ၏ အသံအက်နေသော ခေါင်းလောင်းလေး ကဗျာမှာ လေးလုံးစပ် ဟန်ဖြင့် ရေးဖွဲ့ခဲ့သော်လည်း စကားလုံးများက သက်ဝင် လှုပ်ရှားနေသလို စာသင်ခေါင်းလောင်း ထိုးလျှင် ကျောင်းသို့ မလာနိုင်တော့သော ကျောင်းသားလေး၏ အဖြစ်ကလည်း ရင်နင့်စရာ ဖြစ်ရာ ကဗျာချစ်သူတို့ မမေ့နိုင်ကြသော ကဗျာတပုဒ် ဖြစ်ပါသည်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ၏ သောကခြေရာ ကဗျာများ စာအုပ်ကို ၁၁ ကြိမ် အထိ ပြန်ထုတ်ရခြင်းမှာ လူငယ်ကဗျာသမားများ၊ ကဗျာချစ်သူများ ဖတ်ရှုကြ၊ နှစ်သက်ကြခြင်းကြောင့် ဖြစ်သည် ဟူသည့် အချက်မှာ ထင်ရှားပါသည်။
ဂန္ထဝင်ဟန် ကဗျာတွေ ရေးဖွဲ့မှု နည်းလာသည်မှာ အမှန်ဖြစ်ပါသည်။ သို့သော် ဂန္ထဝင်ဟန်မှာ ရွတ်ဆိုလို့ ကောင်းသော ဂုဏ် ရှိရာ မှတ်မိဖို့ လွယ်ပါသည်။ ထိုအချက်မှာ ဂန္ထဝင်ကဗျာ၏ အားသာချက် ဖြစ်ပါသည်။ လူသားပီသပြီး ကြည်လင်သော ကဗျာဓာတ်ရှိအောင်၊ ငြိအောင် ရေးနိုင်လျှင် ဂန္ထဝင်ကို ပိုပြီးတောင် ကြိုက်နှစ်သက်နိုင်ကြရာ ယခုနှစ်တွင် ဂန္ထဝင်ရော ခေတ်ပေါ်ကဗျာရော အမျိုးသားစာပေကဗျာဆု တဆုတည်း ပေးမှာမို့စိုးရိမ်စရာမရှိပါ။
မပျောက်ဆုံးစေလိုလျှင် ဂန္ထဝင်သမားများ အနေဖြင့် ပိုကြိုးစား ဖန်တီးရေးဖွဲ့ဖို့သာ လိုပါသည်။
ကဗျာဆရာ တယောက်အတွက် အမျိုးသားစာပေဆု ဖြစ်ဖြစ်၊ နိုဘယ်ဆု ဖြစ်ဖြစ် လွမ်းလောက်စရာ မဟုတ်ပါ။ ကဗျာချစ်သူတို့ နှလုံးသားထဲမှာ ကိုယ့်ကဗျာ ရှိနေခြင်းက ပေးသည့်ဆု၊ ရသည့်ဆုထက် တန်ဖိုး ပိုမိုကြီးမားပါသည်။ ဆုရခြင်း၊ မရခြင်းထက် ကိုယ်ယုံကြည်ရာ ရေးဖွဲ့နည်းဖြင့် ဖန်တီးရေးကြဖို့သာ လိုပါသည်။
ဆရာတင်မိုး၏ ဧည့်သည်ကြီးကဗျာတွင် –
ဆေးလိပ်လည်း တို
နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။
သည်ကဗျာလေးမှာ ဘာသမားဂုဏ်မှ ပြမထားပါ။ သို့သော် နှုတ်က ရွတ်ဆို သတိရနေကြသည်။ စာကြောင်းလေး သုံးကြောင်းက လူ့ဘဝလူ့အဖြစ်ကို ဖော်ညွှန်းနေသည်။ မမြဲသော တရားသဘောကို ဆင်ခြင်တွေးစရာ ဖြစ်နေသည်။
တဖက်ကလည်း ခေတ်ပေါ်ကဗျာကို နားမလည်ပါ ဟု ပြောကြသူတွေလည်း ရှိပါသည်။ သို့ရာတွင် မောင်ချောနွယ်၏ အောက်ပါ ကဗျာကိုတော့ ဖတ်ရှုခံစားနိုင်မည် ထင်ပါသည်။
အမေရယ် လောကကြီးက သားရဲ့ တံခါးကို ဖွင့်မပေးခဲ့ဘူး
ရနံ့မွှေးပြီး အပွင့်ေ၀ ကြွေနေတဲ့ ခရေပင် မြစ်ကမ်းပါးလေးမှာ
ထိုင်ခဲ့ရတာလည်း နှစ်ပေါင်း ၃၀ ပါ
အမေရယ် ကျနော်ရဲ့ နှစ် ၃၀ ဟာလည်း
အရှုံးတွေ ချည်းပါပဲ
ကျနော် ရောက်အောင် သွားခဲ့ပါတယ် အမေ
ဖြစ်ပြီးသား အပြစ်တွေ ပျောက်ပျက်လွန်းခဲ့
အမှန်ကို ဖန်တီးခဲ့ ပေမယ့်လည်း
ကမ္ဘာကြီးမှာ ဘာမှလည်း လွမ်းစရာ မရှိတော့ပါဘူး
တကယ်တော့လည်း ဟုတ်ပါတယ်
ဘဝဆိုတာ လေထဲကဖုန်မှုန့်လေးပါပဲ
မောင်ချောနွယ်(နေ့ဟောင်းများ)
ကဗျာဆရာမလေး ရွှေပိုးအိမ် (ပဲခူး) ၏ ဖေ့ဘုတ် စာမျက်နှာပေါ်က ကဗျာတပုဒ်ကတော့ ကဗျာဆိုတာ နားလည်ဖို့ထက် နှလုံးသားမှာ ထိရှမှု တစုံတရာလို့ ပြောပြနေခဲ့သည်။
ပိုးသတ်ခြင်း
ဆိတ်ငြိမ်နွေဦးဟာ တေးသီသံမဲ့စွာ ပြိုကျရင်း
သတင်းတပုဒ်ကို အမှောင်ချ
ကမ္ဘာမြေအနှံ့ ပိုးသတ်ဆေး ဖျန်းလိုက်တော့
ဖျက်ပိုးတွေ အပြင် တေးဆိုငှက်တွေပါ သေသွားတယ်
အဆိုးရော အကောင်းရော မကျန်ဓာတု အဆိပ်သင့်ပုံက
နာကျင်ကြေကွဲနေချိန် တေးသီသံသဲ့သဲ့မျှ မကြားနိုင်
တေးဆိုငှက်ကလေးရဲ့ ခံနိုင်ရည်အားကို
ငါတို့မေ့ခဲ့ကြစဉ် အဖျက်ပိုးတို့ မျိုးပွားမိသားစု အသစ်တည်ကြ
ခု ဘယ်သူ ထပြောပေးမှာလဲ
ပို့စတော့ချလိုက်သော ကြေကွဲခြင်းများထဲ ပိုးသတ်ဆေးနံ့ဟာ လှိုင်လှိုင်။
ရွှေပိုးအိမ်(ပဲခူး) ၂.၅.၂၀၁၇
ရွှေပိုးအိမ် (ပဲခူး) ရဲ့ ကဗျာမှာ ‘ပို့စတော့’ ဆိုတာ ‘ဖူးစတော့’ (အင်္ဂလိပ်ဝါကျများ၏ အဆုံးသတ်) ကို ပြောတာဟု ထင်ပါသည်။ အားလုံး နားမလည်နိုင်ပါ ဟု ပြောစရာ ရှိသည့်တိုင် ပိုးသတ်ဆေးနံ့ ဆိုသည့် စကားလုံးကို ဖတ်ရသည်နှင့်ပင် ရင်ကို လာငြိသွားရသည်။
ကဗျာကို ဖတ်ဖို့ ကဗျာချစ်စိတ် အခံလေးတော့ ရှိဖို့လိုပါသည်။ လူငယ် ကဗျာဆရာလေး တယောက်က ယခုနှစ် အမျိုးသားစာပေ ကဗျာဆုတွင် ခေတ်ပေါ်နှင့် ဂန္ထဝင်ဟန် နှစ်မျိုးစလုံး ပေးမည် ဆိုသော အသံကို ဖေ့စ်ဘုတ်တွင် –
“ဆုရ ဆရာတွေ ကိုယ်တိုင်ရော ခေတ်ပေါ်ကဗျာတွေကို ဖတ်ကြရဲ့လားလို့ မေးချင်တယ်၊ မေးလည်း၊ မမေးရဲဘူး။ သေချာတာကတော့ ခေတ်ပေါ်ကဗျာဆရာ အများစုဟာ ခေတ်စမ်းဂန္ထဝင်စတဲ့ ကဗျာတော်တော်များများကို ဖတ်ခဲ့ မှတ်ခဲ့ ကြမှာတော့ သေချာတယ်။ ကဗျာဆုမှာ ပြိုင်တာတွေ ဆိုင်တာတွေ မျက်နှာသာပေးမှုတွေ အာဏာရှင် လက်အောက်လို မဖြစ်တော့ဘူး၊ ကဗျာအပေါ် တကယ်ပေးဆပ်ခဲ့သူတွေ ရသွားတာမျိုးဆို မုဒိတာပွားရမှာပါ” ဟု မှတ်ချက်ချပါသည်။
(၂)
၁၉၇၀ ဝန်းကျင်မှ စတင်ပြီး ကဗျာရေးဖွဲ့ထုံးများ သိသာစွာ ပြောင်းလဲ လာခဲ့သည်။ ပထမတွင် လူငယ်များက ကာရန် မငဲ့ဘဲ ရေးဖွဲ့ခဲ့သော ကဗျာများမှာ မြန်မာမဂ္ဂဇင်းလောကတွင် နေရာမရခဲ့ပါ။ လက်ရေးမှင်ကူး ဖယောင်းလှည့် စာအုပ်ကလေးများဖြင့် အချင်းချင်းကြား ဖြန့်ဝေခဲ့ကြပါသည်။
ထိုကာလတွင် မိုးဝေစာပေမဂ္ဂဇင်းတွင်သာ ခေတ်ပေါ်ကဗျာ ဖော်ပြခဲ့ပြီး သစ္စာနီ၊ သခွပ်နီ၊ မောင်သင်းခိုင် စသည့် ဆရာများ၏ မော်ဒန်ကဗျာများ ထင်ရှားခဲ့ပါသည်။ ထိုကဗျာများကို ဖတ်ရှုပြီး လူငယ်အများစု မော်ဒန်ဟန်နှင့် ကာရံ မငဲ့ဘဲ ကဗျာတွေ စတင်ရေးဖွဲ့လာခဲ့ကြပါသည်။
လက်ရေးဖယောင်း စာအုပ်လေးများမှ စတင်ခဲ့ကြရာတွင် သုခမိန်လှိုင်၊ ဇေယျာလင်း၊ ခင်အောင်အေး၊ မောင်ပြည့်မင်း၊ ပိုင်စိုးေ၀ (နေမင်းပိုင်စိုး) တို့လည်း အပါအဝင်ဖြစ်ခဲ့ပါသည်။
ရှုမဝ၊ မိုးေ၀ မဂ္ဂဇင်းတို့တွင် လေးလုံးစပ် ဟန်ဖြင့်လည်း ခေတ်၏ သရုပ်ကို ရေးဖွဲ့ခဲ့ရာတွင် ကဗျာဆရာမ မအိသည် လည်း ထင်ရှားခဲ့ပါသည်။
မိုးေ၀ ကဗျာခေတ်တွင် မြေချစ်သူ၏ ကဗျာများမှာလည်း အကြည်ဓာတ်နှင့် လှပခဲ့သော ကဗျာများ ဖြစ်ခဲ့သည်။ ၂၀၁၇ မှ ပြန်ကြည့်လျှင် ရှည်လျားသော ကဗျာခရီးရှည်တွင် ကဗျာက အသက်ဓာတ်လို ဖက်တွယ်လျက် နှလုံးသားလှုံ့ဆော်မှု ကြောင့်သာ ကဗျာဆရာ ဖြစ်လာသူများ၊ ထင်ရှား မထင်ရှား ကဗျာသမားများ အများအပြားပင်။
ထိုအထဲမှ မောင်ချောနွယ်၊ လှသန်း စသည့် ကဗျာဆရာများပင် ကွယ်လွန်သွား ခဲ့ပြီ။ ယနေ့ထုတ် မဂ္ဂဇင်းများ တွင်လည်း မြဝတီ၊ ငွေတာရီ စသော မဂ္ဂဇင်းတို့မှ လွဲ၍ လေးလုံးစပ် ကဗျာထည့်သွင်း ဖော်ပြမှု မရှိသလောက် ဖြစ်ခဲ့ပြီ။ သို့သော် အမျိုးသားစာပေဆု ရွေးချယ်ရေးမူတွင် ခေတ်ပေါ်ကဗျာကို နှစ်ပေါင်း ၄၀ အတွင်း လုံး၀ ထည့်သွင်း စဉ်းစားပေးခဲ့ခြင်း မရှိခဲ့။
ဂန္ထဝင်ကို ကြိုက်၍ ကာရံကို ချစ်၍ ဆိုလျှင်လည်း ဂန္ထဝင်ဟန်ဖြင့် ရေးဖွဲ့ခဲ့ကြသော ဆရာတင်မိုး၊ မောင်စွမ်းရည်၊ ကိုလေး (အင်းဝဂုဏ်ရည်) တို့၏ ကဗျာများကို စဉ်းစားခဲ့ပုံမရ။ ၁၁ ကြိမ်အထိ ပြန်ရိုက်ထုတ်ဝေခဲ့ရသော ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ၏ သောကခြေရာ ကဗျာများလည်း စာရင်း မဝင်ခဲ့။ လွန်ခဲ့သော နှစ် ၂၀ အတွင်း ဆုရ ကဗျာ စာအုပ်များကို ပြန်ကြည့်လျှင် အောက်ပါအတိုင်းတွေ့မြင်ရမည် ဖြစ်သည်။
၁၉၈၈ ခုနှစ်မှစ၍ အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ဆုပေးခဲ့သော ကဗျာစာအုပ်များ
၁၉၈၈ မောင်ယဉ်နွယ် ရိုးမအလှကဗျာများ
၁၉၈၉ ကဗျာဆုမပါ
၁၉၉၀ မောင်ကြင်နွယ် အမေ့အိမ်အမေ့ရွာ
၁၉၉၁ မြင်းမူမောင်နိုင်မိုး နာဂတောင်တန်း ပွင့်တဲ့ပန်းနှင့် အခြားကဗျာများ
၁၉၉၂ ညွန့်ေ၀ (ကသာ) စိတ်ပြတင်းကဗျာများ
၁၉၉၃ နောင် မနက်ဖြန်အတွက်လှလက်ဆောင်
၁၉၉၄ ဇော်မင်းမင်းဦး တေးမြ ခွန်းဆက်ကဗျာများ
၁၉၉၅ တက္ကသိုလ်မြတ်သူ ရွှေစောင်းသံကဗျာများ
၁၉၉၆ ကို (တက္ကသိုလ်) အလှဆုံးနှလုံးသား ကဗျာများ
၁၉၉၇ မောင်ဟေမာ နွယ်တကြိုးနှင့် ပိုးတဆင်ကဗျာများ
၁၉၉၈ မြင်းမူမောင်နိုင်မိုး ခရောင်းလမ်းနှင့် ပန်းသပြေကဗျာများ
၁၉၉၉ ကျော်စောဟန် ဗေဒါ၏ မုဒိတာနှင့် ခြွေခြွေ ခူးခူးဝေဦးမှာ ကဗျာစု
၂၀၀၀ ကဗျာဆုမပါ
၂၀၀၁ မြင်းမူမောင်နိုင်မိုး နွေမိုးဖျန်းပက်ပန်းတခက်ကဗျာများ
၂၀၀၂ ဇော်မင်းမင်းဦး ပထမဆုရကဗျာများ
၂၀၀၃ စလင်းဘုန်းကျော် မေတ္တာရပ်နန်း ပန်းရောင်စုံကဗျာများ
၂၀၀၄ ရွှေမြိုင်မောင်ဖူးဝါ ရေကြည်တမှုတ် ပန်းတဆုပ် ကဗျာများ
၂၀၀၅ ဇာနည် ဗီဇ အလင်းငှက် ကဗျာများ
၂၀၀၆ မြင်းမူမောင်နိုင်မိုး ဘဝကျောင်းမှ စောင်းခတ်သံ ကဗျာများ
၂၀၀၇ သန်းအောင်အညာမြေ အမေ့အလှ ပန်းအလှ
၂၀၀၈ ကဗျာဆုမပါ
၂၀၀၉ မောင်နီဝင်း(ပခုက္ကူ) စိမ့်စမ်းရေကြည်ကဗျာများ
၂၀၁၀ မြင်းမူမောင်နိုင်မိုး အလွမ်းသတင်းပန်းတခင်းကဗျာများ
အထက်ပါကဗျာ စာရင်းကို ကြည့်လျှင် ရပြီးသူများ အထပ်ထပ် ရခြင်း၊ တချို့ကဗျာဆရာ အမည်များမှာ ကဗျာလည်းရေး ဝတ္ထုလည်း ရေးသူများပင် မကြားဖူးခဲ့ပါ။ ဂန္ထဝင်မြောက် မမြောက်တော့ ရသစာပေကဗျာ သမိုင်းကသာ ဆုံးဖြတ်ပါလိမ့်မည်။
မည်သို့ဖြစ်စေ ၂၀၁၆ ကဗျာဆုကို ခေတ်ပေါ်ရော ဂန္ထဝင်ပါ ကဗျာများထဲမှ ရသအားကောင်းသည့် ကဗျာများကိုသာ ဦးစားပေး ရွေးချယ်ကြလိမ့်မည် ဟု ကျမ ယုံကြည်မိပါသည်။
ဆရာတချို့က လေးလုံးစပ် လက်ရာများကို သီးခြားပေး စေချင်သော်လည်း အများ သဘောမတူခဲ့ရသည့် အချက်တွင် ဂန္ထဝင်ရေးသူ ရှားပါးပြီး နှစ်အတွင်း ၅ အုပ် ၆ အုပ်သာ ထွက်ပါက ထိုခေါင်းစဉ် အတွက် ယှဉ်ပြိုင်ရမည့်ဦးရေ နည်းပါးသည့် ကြားမှ တဆု၊ ခေတ်ပေါ်တွင် အုပ် ၄၀၀ နှင့် ၅၀၀ ကြားမှ တအုပ်သာ ပေးရလျှင် မျှတမှု မရှိမည်ကို စိုးရိမ်ခြင်း ကြောင့်လည်း ဖြစ်ပါသည်။
ကဗျာကို မည်သည့်ဟန်ဖြင့် ရေးဖွဲ့သည်ဖြစ်စေ လှပကြည်လင်မှု၊ ကဗျာပီသမှု၊ ခံစားမှု အားကောင်းခြင်း၊ ဖန်တီးမှု စွမ်းရည် တို့ဖြင့်သာ တိုင်းတာတော့မည် ဖြစ်ရာ လေးလုံးစပ်မှ အစပြု ရေးဖွဲ့လာသူ လူငယ်များလည်း ဆုအတွက် မျှော်လင့်နိုင်ဖွယ် ရှိလာသည်။ ယခင်ကလို တဦးတယောက်၊ တစုတဖွဲ့က လက်ဝါးကြီးအုပ် ဆုရရှိစေမည့် စနစ်မျိုး မဟုတ်တော့ဘဲ လေးလုံးစပ်မှ ကဗျာရေးရသည်ကို အားရသော အခြား ဆရာများလည်း ဆုအတွက် မှျှော်လင့်နိုင် ပါသည်။ ခေတ်ပေါ် ကဗျာတွေ များလွန်းလို့ သူတို့ချည်းရမှာပဲ ဟု တွေးလျှင်တော့ လွန်ခဲ့သည့် နှစ် ၂၀ ရွေးချယ်ခဲ့မှုကို ပြန်လည်စဉ်းစားစေ ချင်ပါသည်။
ခေတ်ပေါ်ကဗျာ ဖြစ်ပြီးရောလည်း ဆုအဖြစ် ရွေးချယ်ကြမည် မဟုတ်ရာ ဂန္ထဝင်ရေးသူရော ခေတ်ပေါ်ရေးသူပါ တသားတည်း မျှော်လင့်နိုင်မည့်ဆုတဆု အဖြစ် သိရှိနိုင်ပါသည်။ သို့အတွက် မည်သည့်ရေးဟန်နှင့် ရေးရေး ကဗျာသည် ကဗျာအတု မဟုတ်ဖို့ လိုရင်းသာဟု ထင်မြင်မိပါသည်။
ဆုအတွက်လည်း စာအုပ်ကို ကဗျာဆရာက တင်စရာ မလိုဘဲ ဆုရွေးချယ်ရေးအဖွဲ့ကသာ ၂၀၁၆ အတွင်း ထွက်ရှိသော ကဗျာစာအုပ်များကိုသာ ရှာဖွေဖတ်ရှု ရွေးချယ်ချီး မြှင့်မှာ ဖြစ်သည်။ ကျမ အနေနှင့်တော့ ဆုဆိုတာ ဂရုစိုက်စရာ မဟုတ်ဟု အောက်မေ့ကာ ကိုယ့်ကဗျာအပေါ်သာ အာရုံထားသူ ကဗျာဆရာ စစ်စစ်တွေကို လေးစားမိရင်း ထိုကဗျာဆရာမျိုးတွေ ဘယ်ရေးဟန်နှင့် ရေးရေး ဆုရွေးချယ်ရေးအဖွဲ့က ဂုဏ်ယူဝမ်းမြောက်စွာ အသိအမှတ်ပြု ဆုပေးခံရခြင်းမျိုးသာ မျှော်လင့်ချင်မိသည်။
(ခင်မြဇင်သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာ တဦးဖြစ်သည်။)