ဆောင်းပါး

ယဉ်ကျေးမှုချင်း ပွတ်တိုက်ခြင်း (သို့မဟုတ်) အဖစ်နှင့် မူနတို့ကို ရင်ဆိုင်ခြင်း

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံက ကမ္ဘာ့ ယဉ်ကျေးမှုစစ်ပွဲတခု၏ အပြင်းထန်ဆုံးသော နေရာတခု ဖြစ်လာနေသည်။ လူမှု အသိုင်း အဝိုင်း ကို လွှမ်းမိုးနိုင်ရေးကြိုးပမ်းမှုတွင် အမြင်အမျိုးမျိုး ထိပ်တိုက်တွေ့နေကြသည်။

ကျယ်ကျယ်ပြန့်ပြန့် ပြောရမည်ဆိုလျှင် အဓိက အင်အားစု ၂ ခုရှိပါသည်။ တခုမှာ အနောက်တိုင်းဘက်သို့ ပိုယိမ်း၍ အင်္ဂလိပ်ရေးဆွဲခဲ့သော အရပ်ဘက် တရားဥပဒေ(common-law) ကို အခြေခံသည့် အမြင်ဖြစ်သည်။ မလေးရှား နိုင်ငံက အာရှ၏ အစည်ကားဆုံး ကုန်သွယ်လမ်းကြောင်း၏ အချက်အခြာတွင် ရှိနေခြင်း၊ ရှည်လျားသော သမိုင်း ကြောင်းရှိခြင်းနှင့် အခြေချ နေထိုင်သည့် အသိုင်းအဝိုင်း အမျိုးမျိုး ရှိနေခြင်းတို့က ထိုအမြင်ကို ပုံဖော်ခဲ့ပါသည်။

နောက်တဘက်တွင်မူ အစ္စလာမ်ဘာသာ၏ ထုံးတမ်း အစဉ်အလာကို ဦးစားပေးစွဲကိုင်ထားသော (ရှေးရိုးစွဲဆန်သော) ချဉ်းကပ်မှုတခု ရှိပါသည်။

စာရေးဆရာတယောက် ဖြစ်သလို ရှေ့နေလည်း လုပ်ခဲ့ဖူးသည့် ကျနော်ကတော့ ပထမအမျိုးအစားမှာ သေသေ ချာချာ ပါဝင်နေပါသည်။

သို့သော် ဒုတိယ အမျိုးအစားကလည်း အင်အားကောင်းလာနေသည်မှာ သံသယ ရှိစရာမလိုပါ။

နှစ်ပေါင်းများစွာ ကြာအောင် အခြားတဘက်(အစ္စလမ် ထုံးတမ်း အစဉ်အလာကို ဦးစားပေးသူများ) နှင့် အယူအဆရေး ရာအရ အပြန်အလှန် ထိပ်တိုက်မတွေ့ရအောင် ကျနော် ရှောင်ရှားခဲ့ပါသည်။ ကွဲပြားသော အမြင်များက အပြန်အလှန် လွှမ်းမိုးရန် ကြိုးစားတတ်သည့် သဘောရှိသောကြောင့် ဖြစ်သည်။

သို့သော်လည်း ရှေးရိုးစွဲ အသိုင်းအဝိုင်း အကြောင်းကို ပိုမိုနားလည်ချင်သည့် ဆန္ဒက ရှိနေဆဲဖြစ်ပါသည်။ ထို့ကြောင့် လက်ထပ်ပြီးစ မလေးလူမျိုး ဇနီးမောင်နှံ ဖြစ်သည့် အဖစ် အဝမ် Afiq Awang နှင့် မူန ဘီတီ ချီရိုင်း Muna bt Che Rime တို့နှင့် တွေ့ဆုံရန် စီစဉ်ခဲ့ ပါသည်။ ခင်မင်စရာ ကောင်းသော သူတို့ ၂ ယောက်လုံးက အသက် ၂၅ နှစ် ဝန်းကျင်ရှိပြီး ကွာလာလမ်ပူ အရှေ့ပိုင်းရှိ နိုင်ငံတကာ အစ္စလမ်မစ် တက္ကသိုလ်(International Islamic University)မှ ဘွဲ့ရထားသူများ ဖြစ်ကြသည်။

အဝတ်အစား ပွပွများကို ရိုးရိုးစင်းစင်း ဝတ်ဆင်ထားသော (မူန ခေါင်းမှာ ခြုံထားသည့် ပဝါ (hijab) က ခါး အထိ ရောက်ပါသည်) သူတို့ လင်မယား၏ပုံစံက ဘာသာရေး အလွန်ကိုင်းရှိုင်းသော မွတ်ဆလင်များမှန်း သိသာစေသည်။

သူတို့၏ အဝတ်အစားများက အခြားသောလူငယ်များနှင့် ကွဲပြားခြားနားနေသော်လည်း သူတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများက အခြားသူ အများစုနှင့် တူတူပင် ဖြစ်သည်။ လူနေမှုစရိတ် မြင့်မားခြင်းနှင့် အိမ်ခြံမြေဈေးနှုန်းများကို လက်လှမ်း မမီခြင်းတို့ကြောင့် သူတို့ အခက်တွေ့နေကြရသည်။

သူတို့၏ ဘဝများက သူတို့မိဘများကဲ့သို့ အောင်မြင်မည် မဟုတ်ကြောင်းကိုလည်း သိနေကြသောကြောင့် ဝန်ကြီးချုပ် နာဂျစ်ရာဇတ် Najib Razak နှင့် သူ၏ အစိုးရအဖွဲ့ကို ဒေါသထွက်နေကြသည်။

ကိုယ်ရေးကိုယ်တာအရ ကြည့်မည်ဆိုရင်တော့ အဖစ်က မူနကို အားပေးသည့် ပုံစံကို ကျနော်သဘောကျပါသည်။ အလုပ်သင် ရှေ့နေတယောက်ဖြစ်သော မူနက အဖစ်၏ အားပေးမှုကြောင့် သူ၏ အမြင်များကို ထုတ်ပြောလာ ခဲ့သည်။

တကယ်တော့ ကျနော်တို့ စကားပြောနေစဉ် အတွင်းတွင် မူန၏ ချစ်စရာ အပြုံး၊ အေးဆေးတည်ငြိမ်မှု နှင့် သြဇာ အာဏာပြလိုသော အမူအရာတို့ကို ကျနော် သဘောကျပါသည်။

လက်ရှိအချိန်တွင် အလုပ်သင်ရှေ့နေတယောက် ဖြစ်သည့် မူနအတွက် ဥပဒေပညာသင်ကြားခဲ့ရခြင်းက သူ့ကို ဦး တည်ချက် သေချာအောင် ပြုလုပ်ပေးခဲ့သည်။ သူက ရှာရီးယား Shariah ဘာသာရေး ဥပဒေစနစ် နှင့် အရပ်ဘက် ဥပဒေ စနစ် ၂ မျိုးလုံးကို သင်ကြားခဲ့ရသူ ဖြစ်စေသည်။

ဆေးကုမ္ပဏီတခုမှ အရာရှိ (ရှာရီးယားဥပဒေနှင့် ညီညွတ်စေရန် ကြီးကြပ်ပေးရသူ) တဦးဖြစ်သည့် အဖစ်ကတော့ စကားနည်းသူ ဖြစ်သည်။

၁၉၆၅ ခုနှစ် ရှာရီးယား တရားရုံးများဥပဒေ(ရာဇဝတ်မှု စီရင်ပိုင်ခွင့်) ကို ပြင်ဆင်ရန် တင်သွင်းလာသည့် အငြင်းပွား ဖွယ်ရာ ဥပဒေကြမ်း တခုနှင့် ပတ်သက်၍ မူနက အထူးပင်တက်ကြွနေသည်။ အစ္စလမ်မစ် ပါတီ တခုဖြစ်သည့် Parti Islam Se-Malaysia (PAS) က အစိုးရနှင့် နားလည်မှုယူပြီး တင်သွင်းလာသည့် ဥပဒေကြမ်း ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်ပြီး ကျိုးကြောင်းဆီလျှော်မှု မရှိသည့် အသွင်ဖြစ်နေသောကြောင့် အဆိုပါ ဥပဒေကြမ်းက ဝေဖန် ချင်စရာ ဖြစ်လာခဲ့သည်။

အဘယ့်ကြောင့်ပါနည်း။

အရေးအကြီးဆုံး အချက်မှာ အဆိုပါ ဥပဒေကြမ်းက မလေးရှားနိုင်ငံမှ ရှာရီးယား တရားရုံးများကို ပြစ်ဒဏ် ချမှတ်နိုင် သည့် အာဏာပေးထားသောကြာင့် ဖြစ်သည်။

မလေးရှားနိုင်ငံတွင် များပြားစွာရှိနေသည့် မွတ်ဆလင်မဟုတ်သူများနှင့် မလေးလူမျိုး အသိုင်းအဝိုင်းမှ တိုးတက်သော အမြင်ရှိသူများကမူ ထိုသို့ဆောင်ရွက်လာခြင်းက ပိုမိုပြင်းထန်သည့် hudud (အစ္စလမ်မစ် ဥပဒေအရ အပြစ်ပေးခြင်း သည် ဘုရားသခင်က ပေးအပ်သည့် အခွင့်အာဏာဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဆိုသည့် အယူအဆ) ဥပဒေကို စတင် ရန် အားထုတ်ခြင်းဖြစ်သည်ဟု မြင်ကြသည်။

မူန၏ အမြင်က ကွဲပြားခြားနားနေသည်မှာ အံ့သြစရာတော့ မဟုတ်ပါ။ သူ့အတွက်ကတော့ ဥပဒေစနစ် ၂ ခုက တန်းတူ ညီမျှ ရှိရမည့် အရာများ ဖြစ်သည်။ သို့သော်လည်း ရှာရီးယားဥပဒေစနစ်က အခွင့်အာဏာ သိသိသာသာ နည်းပါး နေသည့် အတွက် မမျှတဟု သူက ယူဆသည်။

ဥရောပတိုက်သားများ ရောက်မလာမီက ရှာရီးယား ဥပဒေ စနစ် မည်ကဲ့သို့ တည်ရှိနေခဲ့ကြောင်းကို သူက ရှင်းပြသည်။

မူနအတွက်ကတော့ ရှာရီးယားဥပဒေ စနစ်က အရပ်ဘက်ဥပဒေ စနစ်၏ လွှမ်းမိုးမှုအောက်သို့ ရောက်နေခြင်းက စိတ်ထိခိုက်စရာ ဖြစ်နေသည်။

“စစ်မှန်တဲ့ အစ္စလမ်ရဲ့ တန်ဖိုးကို ကိုင်စွဲထားတဲ့ အသိုင်းအဝိုင်း တခုဆိုတဲ့ ကျမတို့ရဲ့ စရိုက် လက္ခဏာနဲ့ ဥပဒေတွေက တဖြည်းဖြည်းချင်း တိုက်စားခံနေရတယ်။”

လက်မထပ်မီ လိင်ဆက်ဆံခြင်းနှင့် အရက်သေစာ သောက်စားခြင်းတို့ကို ထိန်းသိမ်းနိုင်ခြင်း မရှိသည့် အတွက် အဖစ်ကလည်း အထူးပင် စိုးရိမ်နေသည်။

“အစ္စလမ် ဆိုတာ ဘုရားသခင်နဲ့ လူသားကြားက ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတခု သက်သက် မဟုတ် ဘူး။ လူသားတွေကြားထဲက ဆက်ဆံရေးကိုလည်း ထိန်းကျောင်းပေးတယ်။ အစ္စလမ်ဝါဒအရ ဆိုရင် အပြစ်ဖြစ်တဲ့ အချက်တွေ အများကြီး ရှိနေတယ်။ အဲဒါတွေအတွက် သင့်တော်တဲ့ အပြစ်ပေးမှု ရှိရမယ်လို့ ကျနော် ယုံကြည်တယ်။ အချိန်တန်ရင် ဘုရားက အပြစ်ပေးလိမ့်မယ် ဆိုရင်တောင်မှ ဥပဒေတွေ အနေနဲ့လည်း ဒီပြဿနာတွေကို ဟန့်တားနိုင် ဖို့ လုပ်ပေးသင့်တယ်လို့ ကျနော် ယုံကြည်တယ်” ဟု အဖစ်က ရှင်းပြသည်။

မလွှဲမရှောင်သာသည့် နိုင်ငံရေး အကြောင်းလည်း ကျနော်တို့ ပြောဖြစ်ကြသည်။ မလေးရှားနိုင်ငံ လွတ်လပ်ရေးရသည့် အချိန်က စ၍ တွက်လျှင် ၁၄ ကြိမ်မြောက် ဖြစ်သော လာမည့် အထွေထွေရွေးကောက်ပွဲ ကို အညင်းပွားဖွယ်ရာ ကိစ္စ များက မည်သို့ ပုံဖော် သွားမည်နည်း ဆိုသည်ကို ပြောဖြစ်ကြသည်။ သူတို့ ၂ ဦးလုံးက PAS ပါတီဝင်များ ဖြစ်သဖြင့် ဆွေးနွေးမှုက တော်တော်လေး အရှိန်တက်ခဲ့ပါသည်။

အငြင်းပွားဖွယ်ရာ ဥပဒေကြမ်း (ရှာရီးယား တရားရုံးများကိစ္စ) ကို အပူတပြင်းတင်သွင်းလာခြင်း၏ နိုင်ငံရေး ပရိယာယ် နှင့် ထိုသို့ ပြုလုပ်ခြင်းက PAS ၏ ရွေးကောက်ပွဲ အနာဂတ်အပေါ် သက်ရောက်နိုင်သည့် အလားအလာကို ကျနော်က မေးခွန်းထုတ်သည့် အခါ “PAS က နိုင်ငံရေးပါတီ တခုသက်သက်မဟုတ်ပါဘူး ဦးလေး ကာရင်။ ကျမတို့က လူ့အဖွဲ့ အစည်းကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လှုပ်ရှားမှု တခုလည်း ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ အတူ တွဲနေတဲ့ ပညာပေးခြင်း နဲ့ သာသနာပြုခြင်း ဆိုတဲ့ အခြေခံသဘောတရား ၂ ခုရှိပါတယ်။ ကျမတို့ရဲ့ ရည်ရွယ်ချက်က ကိုရမ်ကျမ်းရဲ့ သွန်သင်မှု တွေကို ယုံကြည်ကျင့်သုံးတဲ့ စစ်မှန်တဲ့ အစ္စလမ် လူ့အဖွဲ့ အစည်းတခုကို ဖန်တီးဖို့ ဖြစ်ပါတယ်” ဟု မူနက ဖြတ် ပြောသည်။

“United Malays National Organisation –UMNO (မလေးရှား နိုင်ငံ၏ အကြီးဆုံး နိုင်ငံရေး ပါတီ) က ပါတီဝင် အများစုကလည်း အစ္စလမ်ဘာသာအပေါ် ကျမတို့ရဲ့ အမြင်နဲ့ ကျမတို့ရဲ့ ကိုးကွယ်ယုံကြည်မှုကို မြှင့်တင်ဖို့ လိုအပ်နေတယ် ဆိုတာကို ဝေမျှနေကြတယ် ဆိုတာ မမေ့ပါနဲ့။ ဒါပေမယ့် သူတို့ ခေါင်းဆောင်တွေကတော့ တမျိုးပေါ့လေ” ဟု မူနက အခိုင်အမာပင် ထပ်ပြောသည်။

ကျနော့် မေးခွန်းများ၏ အဆင့်တိုင်းကို မူနက ပြတ်ပြတ်သားသားပင် ငြင်းဆန်ပယ်ဖျက်နေခြင်းက အလွန်တရာ ဆိုးရွား ကြီးမားသော ယဉ်ကျေးမှု စစ်ပွဲများက ရှေ့မှာရှိနေဆဲ ဖြစ်ကြောင်း ကျနော့်ကို သတိပြုမိစေသည်။

မလေးရှားနိုင်ငံ၏ ကွဲပြားခြားနားသော အသိုင်းအဝိုင်းများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးကို ဟန်ချက်ညီမျှမှု ပေး နိုင်သည်ဟု ကျနော် ခံစားရသည့် လက်ရှိတည်ဆဲ ဖြစ်သော အရပ်ဘက် ဥပဒေ စနစ်ကို ကျနော်က ခိုင်ခိုင်မာမာ ထောက်ခံနေသေးသော်လည်း အဖစ်နှင့် မူနတို့ထံမှ ယနေ့ကြားခဲ့ရသည့် အယူအဆမျိုးကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိသူများက စိတ်အားထက်သန်မှု မရှိကြမည်ကိုတော့ စိုးရိမ်မိပါသည်။

အယူဝါဒ အစွဲမထားခြင်းနှင့် လွတ်လပ်စွာ တွေးခေါ်ခြင်းတို့က သင့်ကို ဘယ်တော့မှ အထီးကျန်စေမည် မဟုတ်ပါ။

(ကာရင်မ်ရတ်စလန်သည် အရှေ့တောင်အာရှရေးရာ အထူးပြုလေ့လာသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading