အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် (Rex Tillerson) က အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ အရားရှိများကို ယခုအပတ် အတွင်း ကြိုဆိုဧည့်ခံသော အခါ မြန်မာနိုင်ငံ ကိုယ်စားလှယ်တဦးက သူ့အား ကိုယ်ရေးကိုယ်တာ စာတစောင် ပေးအပ်ခဲ့သည်။
ထိုစာကို ရေးသားသူမှာ မြန်မာအရပ်သားအစိုးရ၏ ခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး၊ ၎င်းသည် အခြား အစီအစဉ်များ နှင့်ကျပ်နေသောကြောင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း အမေရိကန်အရာရှိများက ပြောသည်။
ထိုစာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ထရမ့်အစိုးရကြား ရှားပါးလှသော တိုက်ရိုက်ဆက်သွယ်ခြင်း ဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့် သည် ပြည်ပခေါင်းဆောင်များထံ ဖုန်းအများအပြား ခေါ်ခဲ့သော်လည်း ယခင်သမ္မတ ဘားရက်အိုဘားမားကို သူမ၏ အင်းယားကန်စပ် နေအိမ်တွင် နှစ်ကြိမ်တိုင် ဧည့်ခံကြိုဆိုခဲ့သူ ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဆိုခြင်း မရှိသေးပေ။ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်များသည် အာဏာရှင်စနစ်မှ ထွန်းသစ်စ ဒီမိုကရေစီသို့ ဖြည်းညှင်းတိုတောင်သော အပြောင်းအလဲကို ထောက်ခံကြောင်းပြသသည့် အင်အား ကြီးမားလှသည့် သင်္ကေတ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် စိတ်မသက်သာစရာများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုမှာ ကမ်းမမြင် လမ်းမမြင် ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် မှာ မွတ်စလင် လူနည်းစုများကို ပစ်မှတ် ထားသော အကြမ်းဖက်မှုများကို ပိုမိုဆန့်ကျင် ပြောဆိုရန် ပျက်ကွက်သောကြောင့် နိုင်ငံတကာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံ ကလည်း လူဦးရေ ၅၄ သန်းရှိ မြန်မာနိုင်ငံ စီးပွားရေးနှင့် နိုင်ငံရေးဖိအား ဆက်လက် ပေးနေဆဲ ဖြစ်သည်။
အမေရိကန်နိုင်ငံ၏ ကွန်ဂရက်မှ ရန်ကုန်အထိ ဖြစ်ပေါ်နေသော မေးခွန်းမှာ ထရမ့်အစိုးရသည် မြန်မာနိုင်ငံ၏ အပြောင်းအလဲကို ဆက်လက် ပြုစုပျိုးထောင်မည်လား၊ သို့မဟုတ် အရေးကြီးသော လမ်းဆုံလမ်းခွရောက်မှ ကျောခိုင်း သွားမည်လား ဟူသော မေးခွန်းပင် ဖြစ်သည်။
“မြန်မာနိုင်ငံက အမေရိကန်ရဲ့ ထောက်ခံမှုကို လိုချင်တယ်။ အမေရိကန်ထောက်ခံမှုဟာ မြန်မာနိုင်ငံ အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပေးတယ်” ဟု မြန်မာနိုင်ငံတွင် အမေရိကန်သံအမတ် အဖြစ် ၂၀၁၂ မှ ၂၀၁၆ အထိ တာဝန်ယူခဲ့သူ ဒဲရစ်မစ်ချယ် (Derek Mitchell) က ဝါရှင်တန်၏ နိုင်ငံရေးအရ ထောက်ခံမှုကို ရည်ရွယ်ပြောကြား သည်။
“ဒါပေမယ့် တန်ဖိုးစံနှုန်းတွေနဲ့ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့လို ကျနော်တို့ အာရုံစိုက်တဲ့ ကိစ္စတွေမှာ ထရမ့်ကို သူတို့ သိပ် အားမရကြဘူး။ ဒါတွေ အားလုံး ဆုံးရှုံးရင် တန်ဖိုးတခုပေးရလိမ့်မယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။
နောက်ကွယ်တွင်မူ ဝါရှင်တန်ရှိ မြန်မာ သံအမတ်သည် အမေရိကန် အဆင့်မြင့် အရာရှိပိုင်း၏ အာရုံစိုက်မှု ပိုမိုရရှိရေး အတွက် အိမ်ဖြူတော်ကို တွန်းတွန်းတိုက်တိုက် လုပ်နေသည်။ ထိုအချက်မှာ ထရမ့်က မြန်မာနိုင်ငံ အကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု မရှိခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ၏ဇဝေဇဝါဖြစ်နေခြင်းကို ဖော်ပြသော လက္ခဏာ ဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရမ့် က ဒေါ်အောင်ဆန်းစုကြည် ထံ မဆက်သွယ်ဖြစ်ခြင်းသည် မထေမဲ့မြင်ပြုသော ရည်ရွယ်ချက် ဖြင့် ပြုလုပ်ခြင်း မဟုတ်ကြောင်း ထရမ့်၏ လက်ထောက်များက အလေးအနက် ပြောကြားသည်။ သောကြာနေ့က အမျိုးသားလုံခြုံရေး အကြံပေး မက်မာစတာ (H.R McMaster) သည် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများမှ အရာရှိများအား အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံသည်။ နယူးဂျာစီပြည်နယ် ဘက်မင်စတာရှိ သူ၏ ခြံသို့ ရောက်နေသော သမ္မတသာ ဝါရှင်တန်တွင် ရှိနေလျှင် ထိုတွေ့ဆုံပွဲသို့ တက်ရောက် လိမ့်မည် ဟု ထရမ့်၏ လက်ထောက်များက ပြောသည်။
ထရမ့်အစိုးရသည် အရှေ့တောင်အာရှနှင့် ပတ်သက်သော ပိုမိုကျယ်ပြန့်သည် မူဝါဒ ရပ်တည်ချက်ကို ဖော်ဆောင် နေပြီး မြောက်ကိုရီးယားကို သံတမန်ရေးနှင့် စီးပွားရေး အရ ပိုမိုအထီးကျန်အောင် လုပ်ဆောင်ရန် အမေရိကန်နိုင်ငံ၏ အားထုတ်မှုတွင် ထိုနိုင်ငံများ မည်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ကို သုံးသပ်နေစဉ် မြန်မာနိုင်ငံအပေါ် ထရမ့်၏ အမြင်နှင့် ပတ်သက်သော မေးခွန်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အိုဘားမားအစိုးရ၏ အမေရိကန် လုံခြုံရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုများ ပိုမို နက်ရှိုင်းစေရေး အတွက် ရည်ရွယ်သော အာရှချိန်ခွင်လျှာပြန်လည် ထိန်းညှိရေး မူဝါဒကို ထရမ့်အစိုးရက ဖျက်သိမ်း ထားစေကာမူ အိမ်ဖြူတော်သည် အရှေ့တောင်အာရှကို ဆက်လက် အာရုံစိုက်မည် ဖြစ်ကြောင်း အာမခံသည့် လက္ခဏာ အများအပြားကို အမေရိကန်အရာရှိများက မကြာသေးမီက ပြသခဲ့သည်။
လာမည့်ဆောင်းရာသီတွင် ထရမ့်သည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တွင် ကျင်းပမည့် သုံးပွင့်ဆိုင် လုံခြုံရေးနှင့် စီးပွားရေး ထိပ်သီးဆွေးနွေးပွဲများကို တက်ရောက်လိမ့်မည်ဟု လွန်ခဲ့သောလက အင်ဒိုနီးရှားတွင် ဒုသမ္မတ မိုက်ပန့်စ် (Mike Pence) က ကြေညာခဲ့သည်။
အမေရိကန်အစိုးရသည် အရှေ့တောင်အာရှ ဒေသကို ရေရှည် အလေးထားမှု ပြုမည် ဖြစ်ကြောင်း တေလာဆန်က အရှေ့တောင်အာရှ အရာရှိများကို အလေးထား ပြောကြားခဲ့သည် ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှ ဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ပက်ထရစ်မာဖီ (W. Patrick Murphy) က ပြောသည်။
အမေရိကန်အစိုးရနှင့် မြန်မာနိုင်ငံ ဆက်ဆံရေးသည် ဆက်လက် ရှည်ကြာတည်ရှိမည် ဟုလည်း Murphy က သတင်းထောက်များကို ဖြေကြားရာတွင် ပြောသည်။
အာရှဒေသ တခုလုံး အတွက် အမေရိကန်အစိုးရ၏ သေနင်္ဂဗျူဟာတွင် အရှေ့တောင်အာရှ ဒေသသည် စိတ်လှုပ်ရှား စရာ အကောင်းဆုံး အစိတ်အပိုင်း ဖြစ်သည် ဟု ထရမ့်က မြင်ကြောင်း သီးခြား တွေ့ဆုံမေးမြန်းခန်း တခုတွင် အိမ်ဖြူတော် အထက်တန်းအရာရှိ တဦးက အလေးထား ပြောကြားသည်။
သမ္မတ၏ စဉ်းစားပုံနှင့် ပတ်သက်၍ ထိုအမည် မဖော်လိုသော အရာရှိက အရှေ့တောင်အာရှ နိုင်ငံများ အားလုံး၏ စုစုပေါင်း လူဦးရေ သန်း ၆၀၀ နှင့် ၎င်းတို့၏ အလျင်အမြန် ဖွံ့ဖြိုးနေသော စီးပွားရေးများသည် အမေရိကန် အနေဖြင့် အာရှနှင့် ရေရှည်ထိတွေ့ ဆက်ရခြင်း အဓိက အကြောင်းရင်းများ ဖြစ်ကြောင်း ပြောသည်။
ထိုနိုင်ငံများသည် အာရှ၏ “ဘက်ပြောင်းတတ်သော ပြည်နယ်များ” ဖြစ်သည် ဟုလည်း ထို အမေရိကန် အရာရှိက နောက်ပြောင်သည့် သဘောဖြင့် ပြောသည်။
“ဒီဒေသဟာ လစ်ဘရယ်စနစ်မှာ အတော်အတန် အမြစ်တွယ်နေတဲ့ ဒေသပါ။ သူတို့ထဲက တချို့နိုင်ငံတွေမှာ ဆိုရင် ဂျက်ဖာဆင် ပုံစံ ဒီမိုကရေစီလို့တော့ မပြောနိုင်ဘူး။ ဒါပေမယ့် သူတို့ အဲဒီဘက်ကို သွားနေကြတယ်။ မြန်မာနိုင်ငံဟာ ကျနော်တို့ ပိုမိုကောင်းမွန်အောင် တည်ဆောက် ပေးချင်တဲ့ အံ့သြဖွယ်ရာ အောင်မြင်မှု ဇာတ်လမ်း တပုဒ်ပါ” ဟုလည်း သူက ဆက်ပြောသည်။
သို့သော် အိမ်ဖြူတော်သည် ကြီးထွားနေသော မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှု ထိန်းချုပ်ရေးကို အာရုံစိုက်ရင်း မြန်မာနိုင်ငံကို လျစ်လျူရှုထားမည်၊ ကိုင်တွယ်ပုံ မှားယွင်းမည်ကို စိုးရိမ်သော ကွန်ဂရက်အမတ်များ အကြားတွင် အမေရိကန်အစိုးရ၏ ကျိုးကြောင်းဆီလျော်သောနိုင်ငံခြားရေး မူဝါဒ ဗျူဟာ မချမှတ်နိုင်ခြင်းသည် တုန်လှုပ်စရာ ဖြစ်ခဲ့ရသည်။
“မြန်မာနိုင်ငံ အကြောင်း မေ့မထားနဲ့” ဟု တေလာဆန်နှင့် သူ၏ ပထမဆုံး အစည်းအဝေးတွင် အထက်လွှတ်တော် လူအများစု ခေါင်းဆောင် မစ်ချ်မက်ကွန်းနဲလ်က ပြောခဲ့သည်ဟု ထိုစကားဝိုင်းနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။
မြန်မာစစ်အစိုးရကို ပြုပြင်ပြောင်းလဲရေး လုပ်ရန် တွန်းအားပေးခဲ့သော အမေရိကန် စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ဦးဆောင်ခဲ့သူ မက်ကွန်းနဲလ်မှာ အစိုးရက ဦးတည်နေသော လမ်းကို နားလည်ရန် ကြိုးစားနေရသည်။
ထရမ့် အစိုးရသည် မြောက်ကိုရီးယား၏ အပြုအမူ ပြောင်းလဲရေး အတွက် ပိုမိုလုပ်ဆောင်ရန် တရုတ်နိုင်ငံအား ချော့မော့ရန် ကြိုးစားနေသောကြောင့် အမေရိကန်မူဝါဒတွင် မြန်မာသည် မည်သည့် အခန်းမှ ပါဝင်မည်မှာ မရှင်းမလင်း ဖြစ်နေသည် ဟု အထက်လွှတ်တော် ရီပတ်ဗလစ်ကန် ခေါင်းဆောင်မှုပိုင်း၏ လက်ထောက်များက ပြောသည်။ မြန်မာနိုင်ငံက အနောက်နိုင်ငံများသို့ တံခါးဖွင့်လာခြင်းကို တချိန်က တရုတ်၏ စီးပွားရေး၊ စစ်ရေးသြဇာမှ အကာအကွယ် အဖြစ် မြင်ခဲ့ကြသည်။
“ဒါဟာ မပြီးစီးသေးတဲ့ အလုပ်ပဲ၊ တဖြည်းဖြည်း ဆက်လုပ်ရမှာ” ထို အထက်လွှတ်တော် အရာရှိက ပြောသည်။
အရှေ့တောင်အာရှ နိုင်ငံများမှ အစိုးရများသည် ထရမ့်၏ ဒေသတွင်း ထိပ်သီးဆွေးနွေပွဲများကို တက်ရောက်မည် ဟူသည့် ကတိကြောင့် အားတက်မိကြ သော်လည်း ထိုသို့ လုပ်ရန် ဆုံးဖြတ်သည့် ထရမ့်၏ နောက်ကွယ်မှ အကြောင်းရင်းနှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်နေကြသည် ဟု ကျွမ်းကျင်သူများက ပြောသည်။
“သူတို့ကို ထိတွေ့ဆက်ဆံတဲ့ ပုံစံနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ အများကြီး ရှိနေကြတယ်” ဟု ဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး ဌာနမှ အရှေ့တောင်အာရှရေးရာ ခွဲခြမ်းစိတ်ဖြာသူနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံ အားနက်စ် ဘိုဝါ (Ernest Z. Bower) က ပြောသည်။
ဒေသတွင်းမှ အရာရှိများသည် ထရမ့်ကို အလုပ်သဘောဆန်သည်ဟု မြင်ကြကြောင်းနှင့် ထရမ့်သည် မြောက်ကိုရီးယားကို ထပ်မံ အထီးကျန်စေရန် အမေရိကန် အစိုးရ၏ အားထုတ်မှု အတွက် နိုင်ငံတကာ ထောက်ခံမှုရရန် အတွက် ထရမ့်သည် ၎င်းတို့ကို စည်းရုံးနေသည်ဟု မြင်ကြကြောင်းလည်း ၎င်းက ပြောသည်။
အရှေ့တောင်အာရှ နိုင်ငံများမှ ကိုယ်စားလှယ်များသည် တေလာဆန်နှင့် တွေ့ဆုံစဉ် မြောက်ကိုရီးယား ပြဿနာကို ကြိုတင် ဆွေးနွေးခဲ့သည် ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ မာဖီက ပြောသည်။
“မြောက်ကိုရီးယားရဲ့ သံတမန်ရေးရာ အနေအထားနဲ့ လှုပ်ရှားမှု၊ စီးပွားရေး အရောင်းအဝယ်တွေကို ကြည့်ပြီး နိုင်ငံတွေက ခြေလှမ်းတွေ ပြင်ဆင်ထားကြတယ် လို့ ကျနော်တို့ ကြားသိရတယ်။ မြောက်ကိုရီးယားရဲ့ ရန်စမှုဟာ ဒေသတခုလုံးရဲ့ ငြိမ်းချမ်းမှုနဲ့ တိုးတက်မှုကို ခြိမ်းခြောက်နေတယ်။ ကျနော်တို့ ဆက်လုပ်စရာတွေ ရှိသေးတယ် လို့ထင်တယ်” ဟု မာဖီက ဆက်ပြောသည်။
ထရမ့်အစိုးရသည် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးရသောကြောင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် နှင့် လူ့အခွင့်အရေး အပေါ် အလေးထားမှု လျော့ကျမည့် အန္တရာယ်ကို အချို့သော ကျွမ်းကျင်သူများက ထောက်ပြကြ သည်။ ဥပမာအားဖြင့် ထရမ့်သည် ဖိလစ်ပိုင် သမ္မတ ဒူတာတေးကို အိမ်ဖြူတော်သို့ ဖိတ်ခေါ်သည်။ ဒူတာတေး၏ အစိုးရသည် မူးယစ်ဆေးဝါး ရောင်းသူ ဝယ်သူဟု သံသယရှိသူ ထောင်ပေါင်းများစွာ သေဆုံးစေခဲ့သည့် ဥပဒေမဲ့ သတ်ဖြတ်မှု စစ်ဆင်ရေးတခုကို ဦးဆောင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လွှတ်တော်ကိုယ်စားလှယ် နေရာ ၂၅ ရာခိုင်နှုန်း ရယူထားသော စစ်တပ်သည် ပြုံယမ်းမှ လက်နက်ဝယ်ယူခြင်း အပါအဝင် မြောက်ကိုရီးယားနှင့် ကာလရှည်ကြာစွာ ဆက်ဆံခဲ့သည်။
ထရမ့်အစိုးရသည် ပြုံယမ်းကို တွန်းအားပေးရန် မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကို မြှင့်တင်နိုင်သည် ဟု ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်တခုတွင် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နှင့် အတူမြန်မာနိုင်ငံသို့ လိုက်ပါခဲ့ဖူးသူ နိုင်ငံခြားရေးဝန်ထမ်းဟောင်း အီရင်မာဖီက ဆိုသည်။ ထိုလုပ်ရပ်သည် ဂရုတစိုက်ကိုင်တွယ်ခြင်း မရှိပါက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နောက်ပြန်လှည့် သွားစေနိုင်သည်။
“မြောက်ကိုရီးယားကို ဝက်အူကျပ်ချင်ရင် ထရမ့်အစိုးရ အနေနဲ့ မူဝါဒ ဦးစားပေးတခု ကြေညာရမယ်။ လုပ်ဖော်ကိုင်ဖက် နိုင်ငံတွေကို ကြည့်ရမယ်။ အဲဒီစာရင်းကို ကြည့်လိုက်ရင် မြန်မာနိုင်ငံ ပါနေတာတွေ့ရမှာပဲ” ဟု သူက ဆက်ပြောသည်။ ။
(The Washington Post သတင်းစာတွင် ဖော်ပြထားသည့် ဆောင်းပါးရှင် David Nakamura ၏ As Trump administration focuses on Southeast Asia, concerns over its approach to Myanmar ကို ဘာသာပြန်သည်။)