ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးမှ မြန်မာနိုင်ငံ လွတ်မြောက်ရေး အတွက် အဓိကကျသော အခြေခံတခုမှာ ဥပဒေသစ်များ၊ ဥပဒေပြင်ဆင်မှုများ ဖြစ်သည်။ သို့သော် လွှတ်တော် အစည်းအဝေးများမှာ အားလပ်ရက်များနှင့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ခြင်း တို့ကြောင့် ယမန်နှစ် ဧပြီလမှ စ၍ အနည်းဆုံး ၄ ကြိမ် ရပ်တန့်သွားခဲ့သည်။
ထိုသို့ နှောင့်နှေးခဲ့ရသော ဥပဒေများတွင် နိုင်ငံအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ အတွက် အရေးကြီးသော စည်းမျည်းများ ချမှတ်မည့် ကုမ္ပဏီများဥပဒေ ပါဝင်သည်။ အခြား ကြန့်ကြာနေသော ဥပဒေကြမ်းသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ နေထိုင်မှုကို စည်းကမ်းသတ်မှတ်မည့် ဥပဒေဖြစ်သည်။ ထို့အပြင် လက်ရှိ အစိုးရခေတ်တွင် ပိုမို၍ ဖိနှိပ်လာသော တည်ဆဲဥပဒေများမှ ပုဒ်မများနှင့် အတူ အမျိုးသမီးအခွင့်အရေး ဆိုင်ရာ ဥပဒေကြမ်း တခုလည်း ရှိနေသေးသည်။
အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် အများအပြားနှင့် အခြား ပါတီခေါင်းဆောင်များက ရှင်းလင်းသော တနှစ်စာလွှတ်တော် ပြက္ခဒိန်ခေါ် အချိန်ဇယား မရှိခြင်း အတွက် ညည်းညူ ကြသည်။ အဓိက ပြဿနာမှာ လွှတ်တော်သက်တမ်း ၅ နှစ် အတွင်း စုံညီအစည်းအဝေး မည်မျှခေါ်မည်၊ လွှတ်တော်ခေါ်ယူချိန် မည်မျှကြာသင့်သည်၊ မည်သည့်အချိန်တွင် ပြန်လည် ခေါ်ယူသင့်သည် ဟူသော လက်တွေ့ ကျသည့် မေးခွန်းများ ဖြစ်သည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ပါတီ အာဏာရ လာပြီး တနှစ်ကျော် လာသည့်တိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်အောက်ခံ လွှတ်တော် ခေါင်းဆောင်မှုပိုင်းသည် လွှတ်တော် အချိန်ဇယားနှင့် ပတ်သက်၍ အမှောင်လမ်းမှာ စမ်းတဝါးဝါးနှင့် မရှင်းမလင်း ဖြစ်နေသည်။ လုပ်ငန်းဆောင်ရွက်ရန် ရှင်းလင်းသော စည်းမျဉ်း မရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်များသည် အဆိုပြုသည့် လွှတ်တော် အစည်းအဝေးနေ့ နှင့် လွှတ်တော်မည်မျှကြာ ရပ်နားမည်ကို ကြိုတင် မသိကြပေ။ နောက်တကြိမ် လွှတ်တော်ခေါ်ယူချိန်တွင် ဆွေးနွေးမည့် ဥပဒေ၏ အကြောင်းအရာနှင့် သဘော သဘာဝကိုလည်း ကိုယ်စားလှယ်များ မသိကြပေ။
တိကျပြီး ကြိုတင်သိမြင်နိုင်သည့် အချိန်ဇယား မရှိသဖြင့် လွှတ်တော် ကိုယ်စားလှယ်များသည် ဥပဒေဆွေးနွေးပွဲများ အတွက် လုံလောက်စွာ ကြိုတင်ပြင်ဆင်နိုင်ခြင်း၊ ဥပဒေကြမ်း အတွက် ပြင်ပအုပ်စုများနှင့် တိုင်ပင်အကြံဉာဏ် တောင်းခံရန် ရပ်ရွာ ကွင်းဆင်း ခရီးစဉ်များလည်း စီစဉ်နိုင်ခြင်း မရှိကြပေ။
လက်တွေ့သုံးသပ်ချက်များ
လွှတ်တော် နှစ်ရပ်ပေါင်း ၆၆၄ နေရာ ရှိသော ပြည်ထောင်စု လွှတ်တော်၏ ကိုယ်စားလှယ် အများစုမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလကမှ ရွေးချယ်ခံခဲ့ရသော လူသစ်များ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ မဲဆန္ဒနယ်များတွင် အချိန်ပေးရန် လွှတ်တော် နားချိန်ကြာကြာ လိုချင်ကြပြီး တိုတောင်းသော စုံညီအစည်းအဝေးနှင့် ဆွေးနွေးငြင်းခုံမှု လိုလားကြသည်။ လွှတ်တော် စုံညီအစည်းအဝေးများနှင့် ဆွေးနွေးပွဲများသည် ထုံးစံအားဖြင့် စိတ်ဝင်စားစရာ မရှိဟု အချို့က ညည်းညူကြသည်။ ထို့အပြင် လွှတ်တော်အစည်းအဝေးများသည် အာဏာရပါတီ၏ စည်းကမ်းထိန်းများနှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့ စိတ်ကူးပေါက်သည့် အတိုင်း စီစဉ်ထားသည် ဟုလည်း အချို့က မှတ်ချက်ချသည်။
တနိုင်ငံလုံးတွင် ပြန့်ကျဲနေသည့် ဝေးကွာသော ကျေးလက်ဒေသများမှ လွှတ်တော် ကိုယ်စားလှယ်များမှာ ၎င်းတို့ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ငြိမ်သက်သော လူမှုဘဝ စသည့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု မရှိသည့် နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် ကြာကြာနေခိုင်းသော အမိန့်ကြောင့် တုန်လှုပ်မိသည်ဟုဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော် ခေါင်းဆောင်မှုပိုင်းသည် ပိုမိုစနစ်ကျသော အချိန်ဇယားလိုအပ်ကြောင်း သိရှိသော်လည်း ထိုပြဿနာမှာ ဆွေးနွေးပြီး နှစ်အတန်ကြာသည့်တိုင် မပြေလည်သေး ဟု ဆိုသည်။ ထို့ကြောင့်ပင် လွှတ်တော် ဥက္ကဋ္ဌများက မည်သည့်အချိန်တွင် လွှတ်တော်စတင်ပြီး မည်သည့်အချိန်တွင် ရွှေ့ဆိုင်းမည်ကို ဆုံးဖြတ်သောကြောင့် ပါတီခေါင်းဆောင်များ၏ လက်တွင် အာဏာကြီးမားစွာ ဆက်လက်ရှိနေသည်။
ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု ဘတ်ဂျက် အတွက် ဇန်နဝါရီလမှ ဧပြီလ လယ်အထိ တကြိမ်၊ မေလနှောင်းပိုင်းမှ စက်တင်ဘာလအထိ တကြိမ် သို့မဟုတ် နှစ်ကြိမ် နှင့် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာတွင် နောက်ဆက်တွဲ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး အတွက် ပိုမိုတိုတောင်းသော တကြိမ် စသည့် ဆွေးနွေးမှုများ အပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် တနှစ်လျှင် လွှတ်တော် ၃ ကြိမ် သို့မဟုတ် ၄ ကြိမ်ခေါ်ယူရန် စိတ်တိမ်းညွတ်လာသည်ဟု ယူဆရသည်။
ထို အချိန်ဇယားမှာ အရင်ကထက် ပိုမိုပြည့်စုံသော အချိန်ဇယားဖြစ်သည်။ မြန်မာ၏ ပထမဆုံး ကိုလိုနီခေတ်လွန် ဆယ်စုနှစ် ဖြစ်သော ၁၉၅၀ ခုနှစ်များကပင် တနှစ်လျှင် ဘဏ္ဍာငွေ ခွဲဝေမှုနှင့် ဥပဒေအတည်ပြုသော နှစ်ပတ်မှ သုံးပတ်သာ ကြာမြင့်သည့် လွှတ်တော်နှစ်ရပ် စုံညီအစည်းအဝေး နှစ်ကြိမ်သာ ရှိသည်။ ထိုစဉ်က သတင်းစာများသည် လွှတ်တော်၏ အတုအယောင် အစည်းအဝေးဟု ပြက်ရယ်ပြုခဲ့ကြသည်။
သမိုင်းဆိုင်ရာ ရှေ့တော်ပြေးများ
၁၉၇၀ ခုနှစ်များ နှောင်းပိုင်းနှင့် ၁၉၈၀ ခုနှစ်များ အတွင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆိုရှယ်လစ်အစိုးရ ခေတ်အတွင်း တရပ်တည်းသော လွှတ်တော်သည် ထိုထက်ပင် လွှတ်တော်ခေါ်ယူမှု နည်းပါးသည်။ ပြီးစလွယ် အတည်ပြုပေးသည့် လွှတ်တော် ဖြစ်သည်နှင့် အညီ ထိုလွှတ်တော်၏ လှုပ်ရှားမှုများမှာ အယောင်ပြသက်သက်သာ ဖြစ်ခဲ့သည်။ တနှစ်လျှင် မတ်လနှင့် အောက်တိုဘာလများတွင် ပုံမှန်လွှတ်တော် အစည်းအဝေး ၂ ကြိမ်ရှိသော်လည်း မည်သည့်လွှတ်တော် အစည်းအဝေးမျှ ၅ ရက်ထက် မပိုပေ။
၂၃ နှစ်ကြာ ရပ်နားခဲ့ပြီး စစ်အစိုးရခေတ် နောက်ပိုင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ခေါ်ယူသည့် ပထမဆုံး လွှတ်တော်မှာလည်း ကြိုတင်ပြင်ဆင်မှု ညံ့ဖျင်းကြောင်း ထင်ရှားသည်။ လှုပ်ရှားတက်ကြွမှု မရှိသော လွှတ်တော်အစည်းအဝေး ၂ ခုအပြီးတွင် ဥပဒေပြု မဏ္ဍိုင်သည် အလျင်အမြန် ရဲတင်းလာသည်။ စစ်တပ် ဦးစီးချုပ်ဟောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ လမ်းညွှန်မှု အောက်တွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီက လွှမ်းမိုးသော လွှတ်တော်သည် ယခင်က တားမြစ်ချက် ဟု ယူဆခဲ့သော ကိစ္စများကို မေးခွန်းများထုတ်လာပြီး ဥပဒေများကို ယခင် မကြုံဖူးသော အတိုင်းအတာအထိ ပြင်ဆင်လာသည်။
အာဏာရပါတီ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းသော ဥပဒေကြမ်းများကိုပင် စိန်ခေါ်လာကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက် အရ လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ယူထားသော စစ်တပ်က ပါဝင်ပတ်သက်နေသည့် မြေယာသိမ်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု စသော ထိရှလွယ်သော ပြဿနာများကိုပင် အဆိုတင်သွင်းလာကြသည်။
လွှတ်တော် ကိုယ်စားလှယ်များသည် သူတို့ လုပ်ဆောင်နိုင်သည့် အလုပ်၏ အတိမ်အနက်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် သူတို့သည် လွှတ်တော်ခေါ်ယူချိန် ရှည်ကြာခြင်းနှင့် စုံညီ အစည်းအဝေးများကြောင့် ဝန်ပိခဲ့ကြသည်။
၂၀၁၁ ဇန်နဝါရီ်လမှ ၂၀၁၆ ခုုနှစ် ဇန်နဝါရီလ အထိကျင်းပခဲ့သော လွှတ်တော်သည် တနှစ်လျှင် ၂ ကြိမ် ၃ ကြိမ်ခေါ်ယူပြီး ခေါ်ယူချိန်လည်း အတန်အသင့်ကြာမြင့်သည်။ တက်ကြွသော အစိုးရပုံစံမျိုး ဖြစ်စေရန်နှင့် လွှတ်တော်သည် ဟန်ပြရာဘာတံဆိပ်တုံး လွှတ်တော် ဖြစ်သည်ဟူသော စွပ်စွဲချက်များကို တုံ့ပြန်ရန် လွှတ်တော် အစည်းအဝေး ကျင်းပပုံကို နေ့စဉ်တိုက်ရိုက် ထုတ်လွှင့်သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအတွင်း ကျင်းပသော အောက်လွှတ်တော် အစည်းအဝေးသည် ၈၉ ရက်ကြာပြီး စံချိန်ချိုးခဲ့သည်။
သို့တော် လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်မှုကို လွှတ်တော်ခေါ်ယူသည့် ရက်အရေအတွက်ဖြင့် မဆုံးဖြတ် သင့်ပေ။ ဥပဒေများ ပြဋ္ဌာန်းခြင်း၊ မဲဆန္ဒရှင်များကို ကိုယ်စားပြုခြင်းနှင့် အစိုးရ ယန္တရားများကို ကြီးကြပ်ခြင်းတို့ ပါဝင်သော လွှတ်တော်၏ အဓိက တာဝန်များတွင် လွှတ်တော်ကိုယ်စားလှယ် တဦးအနေဖြင့် သူကိုယ်တိုင် လွှတ်တော်အစည်းအဝေး တက်ရောက်နေရမည်ဟု မဆိုလိုပေ။ ရွေးချယ်ခံ ကိုယ်စားလှယ်များသည် မိမိမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များနှင့်လည်း ထိတွေ့ဆက်ဆံရန်နှင့် လွှတ်တော်ပြင်ပ ကြီးကြပ်စစ်ဆေးမှု ပြုလုပ်ရန်လည်း လိုသည်။
အဓိကကျသော အချက်များ
လွှတ်တော်လုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲရေးကို စဉ်းစားနေသော အရာရှိများ ရင်ဆိုင်နေရသော ကြီးမားလှသည့် မေးခွန်းမှာ လွှတ်တော်နှစ် တနှစ်၏ စည်းချက်ကို မည်သို့ စီမံမည်နည်း ဟူသော မေးခွန်းဖြစ်သည်။ ထိုသို့ စီမံရန်မှာ ပါလီမန် အစည်းအဝေးများ၏ ကြာချိန်နှင့် ဆယ်စုနှစ်များစွာ အတွေ့အကြုံဖြင့်သာ ဆုံးဖြတ်နိုင်သော စွမ်းဆောင်ရည်တို့ မည်သို့ ဆက်စပ်သည် ဟူသော အချက်ပေါ်တွင် တစိတ်တပိုင်းအားဖြင့် မူတည်နေသည်။ သမိုင်း အမွေအနှစ်များ၊ အစဉ်အလာ ဗျူရိုကရက်တစ် အစီအစဉ်များနှင့် ပြည်တွင်း နိုင်ငံရေး အခြေအနေများသည်လည်း လွှတ်တော်ပြက္ခဒိန်၏ အစီအစဉ် အပေါ် ဩဇာလွှမ်းမိုးသည်။
အိန္ဒိယကဲ့သို့ပင် မြန်မာသည် ဗြိတိသျှ ကိုလိုနီဟောင်း ဖြစ်ပြီး ၎င်း၏ ဘဏ္ဍာရေးနှစ်မှာ ဧပြီလ ၁ ရက်နေ့တွင် စတင်ပြီး ထိုအချက်က လွှတ်တော်ပြက္ခဒိန်ကို ချမှတ်ရာတွင် အထောက်အကူ ပြုသည်။ ပူလောင်သော နွေနှင့် မိုးသည်းထန်သော မုတ်သုန်ရာသီတို့က အိန္ဒိယတွင် မည်သည့် အချိန်လွှတ်တော်ခေါ်ရမည်ကို အဆုံးအဖြတ် ပေးသည်။
လွတ်တော်ခေါ်ယူချိန် ကြာမြင့်တိုင်း ကောင်းမွန်သော ဥပဒေပြု ရလဒ်များ ဖြစ်ပေါ်လာသည် မဟုတ်ပေ။ ထိုသို့သော လွှတ်တော်ခေါ်ချိန် ကြာမြင့်ခြင်းသည် အစိုးရ၏ အစီအစဉ်များကို ဟန့်တားရန် အားထုတ်မှုများ၊ ဥပဒေပြု လုပ်ငန်း နှောင့်နှေးမှုများကို မကြာခဏ ထင်ဟပ်နေတတ်သည်။ လွှတ်တော်ခေါ်ယူချိန် ရှည်ကြာခြင်းသည် ကိုယ်စားလှယ်များ အနေဖြင့် မဲဆန္ဒရှင်များနှင့် ထိတွေ့ချိန် နည်းကြောင်းပြသနေသည်။ ထိုအချက်မှာ ရွေးကောက်ပွဲနီးသောအခါ အဓိက စဉ်းစားရမည့် အချက်ဖြစ်နေသည်။
လွှတ်တော် ခေါ်ယူသည့်ကာလ ရှည်ကြာခြင်းသည် လွှတ်တော်ကိစ္စများကို ကိုင်တွယ်ရန် အစိုးရတွင် ကြိုတင်ပြင်မှု မရှိခြင်းကို ပြသနေပြီး လွှတ်တော်ကိုယ်စားလှယ်များ အတွက် အမှန်တကယ် ခွင့်ပြုငွေမှာ နှိုင်းယှဉ်ချက်အားဖြင့် နည်းသော်လည်း အခွန်ထမ်း ပြည်သူများကို ငွေကုန်ကြေးကျ များစေသည်။ မြန်မာနိုင်ငံတွင် လွှတ်တော် ကိုယ်စားလှယ် များသည် ၎င်းတို့၏ နေမှုထိုင်မှု ကုန်ကျစရိတ် ကာမိစေရန် လခအပြင် လွှတ်တော်ခေါ်ချိန် တရက်လျှင် ခွင့်ပြုငွေ ၂ သောင်းကျပ် (၁၅ ဒေါ်လာ) သာရကြပြီး အဆောင်ပုံစံ အခြေခံဘဝတွင် နေကြရသည်။
သို့သော် လွှတ်တော်ခေါ်ယူချိန် တိုတောင်းခြင်းတွင်လည်း သူ့ပြဿနာနှင့်သူ ရှိနေပြန်သည်။ ၎င်းသည် အလျင်စလို ပြုခြင်း၊ လုံလောက်စွာ ဆွေးနွေးမှု မရှိခြင်းနှင့် ညံ့ဖျင်းစွာ ရေးဆွဲထားသော ဥပဒေကို အလျင်အမြန် အတည်ပြုခြင်း ကဲ့သို့သော ရလဒ် မကောင်းခြင်းတို့ အတွက် ဝေဖန်ခံနေရသည်။ ရှုပ်ထွေးလှသော ဥပဒေ အဆိုပြုချက်များကို တနှစ်လျှင် ရက်သတ္တပတ် အနည်းငယ် စဉ်းစားခြင်း နှင့် လုပ်ဆောင်မှုများ ကြီးကြပ်ခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များကို အလွယ်တကူ လွှမ်းမိုးနိုင်ပြီး ထိုကြောင့်ပင် ၎င်းတို့သည် ပါတီ၏ ယန္တရား အပေါ် ပိုမိုမှီခိုရကာ ဥပဒေများကို ဆုံးဖြတ်မဲ ပေးရန် ဖိအားပေးခံကြရသည်။
အစည်းအဝေး ခေါ်ယူမှု နည်းသော လွှတ်တော်တခုသည် ဩဇာကြီးမားပြီး ၎င်း၏ လုပ်ဆောင်ချက် အပေါ် ကြီးကြပ်မှု အားနည်းခြင်းကို လိုလားသော အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ချိန်ခွင်လျှာ ဟန်ချက်ညီအောင် မထိန်းနိုင်သော အရေးမပါသည့် အဖွဲ့ဖြစ်သွားလေ့ ရှိသည်။
လက်ရှိလွှတ်တော်သည် ပါလီမန် လုပ်ငန်းစဉ်ကို အဆင်ပြေစေရန် ကြိုးစားထားပုံရသည်။ ထိုလွှတ်တော်သည် ရသုံး မှန်းခြေ ငွေစာရင်း ဘတ်ဂျက် အတွက် ပြင်ဆင်ဆုံးဖြတ်ရန် အချိန်ဇယားတခု ထူထောင်ထားရှိသည်။ ထိုလုပ်ငန်းစဉ်တွင် ဖေဖော်ဝါရီလနှင့် မတ်လ၌ ဘတ်ဂျက် အဆိုပြုချက်များကို စိစစ်ခြင်းနှင့် နောက်ဆက်တွဲ ဘတ်ဂျက်အတွက် နိုဝင်ဘာ၊ ဒီဇင်ဘာလတဝိုက်တွင် ဆွေးနွေးခြင်းတို့ ပါဝင်သည်။
သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များသည် လွှတ်တော်နှင့် ၎င်း၏ အချိန်ဇယားကို ၎င်းတို့ ထိန်းချုပ်ထားသည် ဟု ပြသလိုကြသည်။ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့သည် ပူးပေါင်းဆောင်ရွက်ကြပြီး ဥပဒေပြု အစီအစဉ်များကို ကြိုတင်သဘောတူကြောင်း ပြသလိုကြသည်။ ပါတီ၏ အထက်အရာရှိ အဆင့်ဆင့်က ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရုပ်သိမ်းခံရခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ၏ မနှစ်မြို့မှု ကြီးထွားလာသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်အောက်ခံ လွှတ်တော် ဥက္ကဋ္ဌများသည် အစိုးရနှင့် အပြုသဘောဆက်ဆံရေး ထူထောင်ထားကြသည်။
ယခင်လွှတ်တော် သက်တမ်း အတွင်း ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်များနှင့် ၎င်းတို့ ပါတီအစိုးရ အကြား ပွတ်တိုက်မှုများ ရှိသော်လည်း လက်ရှိလွှတ်တော်နှင့် အစိုးရအကြား ရှင်းရှင်းလင်းလင်း ပူးပေါင်းဆောင်ရွက်မှုသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များအား သိပ်သည်းကျစ်လျစ်စွာ ထိန်းချုပ်ထားနိုင်သမျှ နိုင်ငံအတွက် ကောင်းသော လက္ခဏာဖြစ်သည်။
လွှတ်တော်နိုင်ငံရေးတွင် အချိန်ကို အကျိုးရှိစွာ အသုံးချခြင်းသည် လွန်စွာ အရေးပါသည်။ အတိုက်အခံပါတီများနှင့် စစ်တပ်က ခန့်အပ်သော ကိုယ်စားလှယ်များ အပါအဝင် မြန်မာနိုင်ငံ၏ ထွန်းသစ်စ လွှတ်တော်သည် ပြည်ထောင်စု အစိုးရက မည်သည်တို့ကို အောင်မြင်ရယူလိုကြောင်း သိရန်လိုသည်။
ထိခိုက်လွယ်နေဆဲ မြန်မာနိုင်ငံ လွှတ်တော်စနစ်ကို အင်အား တောင့်တင်းစေရန် ဥပဒေပြု လုပ်ငန်းစဉ်တွင် ရှင်းလင်းသော လုပ်ငန်းစဉ်များ ချမှတ်ရန် လိုအပ်ချက်ကို နိုင်ငံတကာ အလှူရှင်များနှင့် ကျွမ်းကျင်သူများက အလေးထား မီးမောင်ထိုးပြကြသည်။ ထိုလုပ်ငန်းကို ဘဏ္ဍာနှစ် တခုချင်းစီ အစတွင် ရှင်းလင်းသော လွှတ်တော် ပြက္ခဒိန် နှင့် အပတ်စဉ် အချိန်ဇယားကို သတ်မှတ်ခြင်းဖြင့် စတင်နိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အောင်မြင်လိုသည်များ အတွက် မည်သည့်အချိန်တွင် ပြည့်စုံပြီးမြောက်ရန် ဟူသည့် အချက်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသော လမ်းပြမြေပုံသာ ဖြစ်သည်။
(Renaud Egreteauသည် စင်္ကာပူနိုင်ငံ ISEAS-Yusof Ishak Institute in Singapore ၏ ဧည့်သုတေသီတဦး ဖြစ်ပြီး မကြာမီ ထုတ်ဝေမည့် အာရှဖောင်ဒေရှင်း၏ မြန်မာပြည်ထောင်စု လွှတ်တော်အစီရင်ခံစာ Asia Foundation report on Myanmar’s Union legislature ကို ရေးသားသူ ဖြစ်သည်။ ၎င်း၏ Nikkei Asian Review ပါ Myanmar’s legislative agenda slowed by parliamentary schedule ကို ဘာသာပြန်ဆိုသည်)