အသက် ၁၆ နှစ်အရွယ် မောင်ဇော်သိန်းထိုက် မနက်အိပ်ရာနိုးတိုင်း ပထမဆုံးလုပ်သည့်အလုပ်မှာ နေ့ရက်တွေကို ရေတွက်ခြင်းဖြစ်သည်။ နေ့တိုင်း ပြက္ခဒိန်မှ ရက်စွဲများကိုခြစ်ကာ ထိန်းသိမ်းစောင့်ရှောက်ရေးသင်တန်းကျောင်းမှ သူထွက်ခွာနိုင်မည့်အချိန်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေသည်။
နောက်ထပ်ရေတွက်ရန် ရက်ပေါင်း ၄၀၀ နီးပါးကျန်နေပါသေးသည်။
“သြဂုတ်လ ၁ ရက်နေ့၊ ၂၀၁၈ မှာ သားလွတ်မှာ” ဟု သူက မဆိုင်းမတွ ဖြေသည်။ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ရှိ ကလေးထောင်ဟု အများသိကြသည့် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းမှ ယခုမှစ၍ နောက် ၁၄ လ ကြာချိန်တွင်မှ သူ လွတ်မြောက်မည်ဖြစ်သည်။
လွန်ခဲ့သော တနှစ်နီးပါးက အကျိုးဆက်ကို သေချာမစဉ်းစားဘဲ ပြုလုပ်ခဲ့သည့် အမှားတခုက သူ့ဘဝကို လုံးဝပြောင်း လဲစေခဲ့သည်။
မောင်ဇော်သိန်းထိုက်၏ အကို ဝမ်းကွဲတဦးက အပြင်ထွက်ဖို့ လာခေါ်သည့် အချိန်မှာ မနက် ၂ နာရီ ဖြစ်သည်။ လမ်းတဝက်ရောက်မှ သူ့အကိုဝမ်းကွဲက ဆိုင်ကယ်သွားခိုးမည့် အစီအစဉ်ကို ထုတ်ပြောသည်။ မုန့်ဖိုးပေးမယ်ဟု ပြောသောကြောင့် သူလိုက်သွားခဲ့မိသည်ဟု မောင်ဇော်သိန်းထိုက်က ပြန်ပြောင်းပြောပြသည်။
မကြာမီမှာပင် သူတို့ ခိုးရမည့် ဆိုင်ကယ်ကို တွေ့သည်။ သို့သော် လှည့်ကင်းရောက်လာချိန်တွင် အကိုဝမ်းကွဲဖြစ်သူက ထွက်ပြေးသွားသော်လည်း မောင်ဇော်သိန်းထိုက် အဖမ်းခံလိုက်ရသည်။
တရားရုံးမှ သူ့ကို လူငယ်သင်တန်းကျောင်းတွင် ၂ နှစ်နေရန် အမိန့်ချခဲ့သည်။ သင်တန်းကျောင်းသည် ပြစ်မှုကျူးလွန် သော ကလေးများကို ပြစ်ဒဏ်စေ့၍ ပြန်ထွက်သည့်အချိန် ဘဝသစ်တခု စရန် လိုအပ်သည်များကို လေ့ကျင့်သင်ကြားပေးရန် ဖြစ်သည်။
သို့သော်လည်း ထိုအချက်သည် စိန်ခေါ်မှုတခု ဖြစ်လာတော့သည်။
မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေတွင် ပြစ်မှုကျူးလွန်ချိန်၌ အသက် ၁၆ နှစ် မပြည့်သေးသည့် ကလေးငယ် များနှင့် အသက် ၁၈ နှစ် အောက် အကာအကွယ် လိုအပ်သည့် လူငယ်များ (မူးယစ်ဆေးစွဲသူများ၊ မိဘသို့မဟုတ် အုပ်ထိန်းသူ မရှိသောသူများနှင့် လမ်းပေါ်နေ ကလေးများ အပါအဝင်) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူငယ်သင်တန်းကျောင်း ၁၀ ခု အနက်မှ တခုသို့ ပို့ဆောင်ရမည် ဖြစ်ကြောင်း ပြဌာန်း ထားသည်။
အဆိုပါ ကျောင်း ၁၀ ကျောင်း အနက် ၃ ကျောင်းမှာ မိန်းကလေးများ အတွက်ဖြစ်ပြီး ၄ ကျောင်းမှာ ကာကွယ်စောင့်ရှောက်မှု လိုအပ်သော လူငယ်များ အတွက်ဖြစ်သဖြင့် ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော လူငယ် ယောက်ျားလေးများကို ကျန် ကျောင်း ၃ ကျောင်းကသာ လက်ခံသည်။
ထိုကျောင်းသုံးကျောင်းတွင် ငှက်အော်စမ်း သင်တန်းကျောင်းက အကြီးဆုံး ဖြစ်ပြီး လူငယ် ၄၆၀ ခန့်ရှိ၍ မန္တလေးရှိ ကျောင်းတွင် လူငယ် ၃၀၀ နီးပါးရှိပြီး အငယ်ဆုံး ဖြစ်သည့် မော်လမြိုင်ကျောင်းတွင် လူငယ် ၁၀၀ ခန့်ရှိကြောင်း ငှက်အော်စမ်းကျောင်းအုပ် ဦးကျော်ဦး၏ အဆိုအရသိရသည်။ သူက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး တဦးလည်း ဖြစ်သည်။
ငှက်အော်စမ်းကျောင်းတွင် ပြစ်ဒဏ် ချမှတ်ခြင်းခံရသည့် လူငယ် ၃၆၀ ခန့် ရှိပြီး အခြားသူများမှာ ယခင်က လမ်းပေါ်နေ ကလေးများ ဖြစ်သည်။
လူငယ်အားလုံး အတွက် ကျယ်ပြန့်သည့် ဦးတည်ချက်များ တူညီစွာ သတ်မှတ်ထားသည်။
“ကျနော်တို့ကျောင်းရဲ့ အဓိက ရည်ရွယ်ချက်က ပြစ်မှုကျူးလွန်တဲ့ကလေးတွေကို တရားစီရင်ရေးပြီးရင် လူအဖွဲ့အစည်း ထဲကို ကောင်းမွန်တဲ့လူတယောက်အနေနဲ့ ပြန်ရောက်ဖို့ လေ့ကျင့်ပေးတာ။ စာရိတ္တတွေပြုပြင်ပြီးတော့” ဟု ဦးကျော်ဦးက ပြောသည်။
သင်တန်းကျောင်းသို့ ရောက်လာသော ကလေးအများစုမှာ ခိုးမှုနှင့် ရောက်ရှိလာခြင်း ဖြစ်သည်ဟု သူကပြောသည်။ ခိုက်ရန်ဖြစ်ပွားမှု၊ လုယက်မှုများကြောင့် ရောက်ရှိလာသူများလည်းရှိပြီး မူးယစ်ဆေးမှုနှင့် လူသတ်မှုများကြောင့် ပြစ်ဒဏ် ချမှတ်ခြင်း ခံရသူ အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။
သင်တန်းကျောင်းတွင် လမ်းများပေါ်တွင် မိုဘိုင်းဖုန်း ခိုးယူခြင်း သို့မဟုတ် အလစ်သုတ်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရ သည့် ကလေး ၁၀၀ ကျော် ရှိသည်ဟု သူကပြောသည်။
“လူငယ်တွေ အသက် ၁၄ နှစ် ၁၅ နှစ် အရွယ်ဆိုရင် ဖုန်းကိုင်ချင်ကြတယ်။ သူတို့ မိဘတွေက ဆင်းရဲတော့ ဝယ်မပေးနိုင် ဘူး။ အဲဒီတော့ သူတို့ ခိုးကြတယ်။”
မိုဘိုင်းဖုန်း ခိုးသူများမှာ များသောအားဖြင့် ထောင်ဒဏ် ၂ လမှ ၂ နှစ် အထိ ချမှတ်ခြင်းခံကြရသည်။
“သူတို့က ဗဟုသုတမရှိဘူး။ ဒီကိုရောက်လာတဲ့ ကလေးတွေကို ကြည့်လိုက်ရင် ဆင်းရဲတဲ့ မိသားစုကလာကြတယ်။ ကျောင်းထွက်ထားကြတယ်။ သူတို့ထက်အသက်ကြီးတဲ့သူတွေနဲ့ပေါင်းပြီး အပေါင်းအသင်းမှားကြတယ်။” ဟု ဦးကျော်ဦး ကပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်တွင် လူငယ်သင်တန်းကျောင်းများ ကို ၁၉၇၃ ခုနှစ်တွင် ပထမဆုံး စတင်ဖွင့်လှစ်ခဲ့သည်။
ထိုအချိန် မတိုင်မီက ပြစ်မှုကျူးလွန်သူ ကလေးသူငယ်များကို ပြည်ထဲရေး ဝန်ကြီးဌာန၏ အကျဉ်းဦးစီးလက်အောက်ရှိ ထောင်နှင့် အလားတူသော ပြုပြင်ရေးစခန်းများသို့ ပို့ဆောင်ခဲ့ပြီး ထိုစခန်းများ၏ အခြေအနေက ဆိုးရွားခဲ့သည်ဟု သိရသည်။
ကော့မှူးမှ ငှက်အော်စမ်း ကျောင်းတွင်လည်း အလားတူပင် ဆိုးရွားခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့် ရှောက်ရေး အသင်း (AAPP) ၏ mental health support program မှ ကြီးကြပ်ရေးမှူး ကိုချစ်ကိုလင်းက ပြောသည်။ ယခင်က သင်တန်းကျောင်းရှိ ကလေးများကို အလုပ်ကြမ်းများ စေခိုင်းခြင်း၊ အဆောင်မှူးများနှင့် ကလေးများကြား ဆက်ဆံရေး အဆင်မပြေမှုများနှင့် ရိုက်နှက်မှုများ ရှိခဲ့သည်ဟု ၎င်းက ပြောသည်။
ယခုအခါ ၃၆ ဧက ကျယ်သည့် ကျောင်းဝန်း၏ ဂိတ်တံခါးများမှာ အမြဲ ဖွင့်ထားသည်။ လူငယ် ၈၀ မှ ၁၀၀ ခန့်စီ အထိ နေထိုင်ကြသည့် အိပ်ဆောင်များ၏ ပတ်လည်တွင်လည်း ခြံစည်းရိုး အမြင့်များ ရှိမနေပါ။
လူငယ်များ အနေဖြင့် ဥပဒေအရ ထွက်ခွာသွားခွင့် မရှိသော်လည်း သူတို့ကို လက်ထိပ်ခတ်ထားခြင်း၊ ချည်နှောင်ထားခြင်းမျိုး မရှိပေ။
မကြာသေးမီ အချိန်အထိ မနက်စာ အဖြစ် ထမင်းကြော်၊ နေ့လည်စာ အဖြစ် ပဲဟင်းနှင့် ငါးပိရည်နှင့် ညစာတွင်သာ အသားဟင်း တမျိုးကို စားခဲ့ကြရသည်။
ဧပြီလမှစ၍ အစိုးရက တယောက်စာ ကျွေးမွေးစရိတ်ကို တနေ့လျှင် ၄၃၂ ကျပ် မှ ၁၀၀၀ ကျပ်သို့ တိုးမြှင့် သတ်မှတ်ခဲ့ သည့် အတွက် ယခုအခါ တနေ့လျှင် အသားဟင်း ၂ ကြိမ်စားနိုင်ပြီ ဖြစ်သည်။
ထိုသို့ဖြစ်လာခြင်းက တိုးတက်မှုတခု ဖြစ်သော်လည်း ပိုမိုကြီးမားသည့် ရည်ရွယ်ချက်ဖြစ်သော လူငယ်များကို ထိရောက်စွာ ပြန်လည် ပျိုးထောင်ရေး နှင့် လူ့ဘောင်အဖွဲ့အစည်းအတွင်းသို့ အဆင်ပြေကောင်းမွန်စွာ ပြန်လည်ရောက်ရှိနိုင်ရေးတို့က အလှမ်းဝေးကွာနေဆဲဖြစ်သည်။
သင်တန်းကျောင်းရှိ လူငယ်အများစုက ရှေ့လာမည့် အနာဂတ် အတွက် စိုးရိမ်ကြောင့်ကျ မှုများခံစားနေရသည်ဟု ကိုချစ်ကိုလင်းက ပြော သည်။
“သူတို့ ပြန်လွတ်လာတဲ့အခါ အပြင်က လူတွေက သူတို့ကို ဘယ်လိုဆက်ဆံမလဲ။ မိသားစုတွေကရော အရင်လိုပဲ နွေးနွေးထွေးထွေး ရှိပါ့မလားဆိုတဲ့ စိတ်ဒဏ်ရာတွေ ရှိတယ်”ဟု သူကဆိုသည်။
AAPP က ယခုနှစ် မတ်လမှစပြီး အသက် ၁၈ နှစ် ဝန်းကျင် လူငယ် ၁၂ ယောက်ကို နှစ်သိမ့်ဆွေးနွေးမှု အစီအစဉ်တခု စတင် ပြုလုပ်ခဲ့သည်။ လူငယ်များ စိတ်ခံစားချက်တည်ငြိမ်ရေး နှင့် အပြုသဘောဆောင်သော အမြင်ရရှိရေးတို့ကို ကူညီရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။
မြန်မာနိုင်ငံ၏ လူငယ်သင်တန်းကျောင်းများသည် ယခင်က ကျောင်းတက်ခဲ့သည့် ကလေးများကို ပညာဆက်လက် သင်ကြားရေး အတွက် ရွေးချယ်စရာလည်း ပေးထားသည်။
အသက်မွေးဝမ်းကျောင်း အတတ်ပညာများသင်ကြားပေးခြင်းက အဆိုပါသင်တန်းကျောင်းများ၏ အဓိက ဦးစားပေးဖြစ် သည်။ ငှက်အော်စမ်းကျောင်းတွင် အသက်မွေးဝမ်းကျောင်းပညာများအတွက် လက်သမား၊ ပန်းရန်၊ ဆိုင်ကယ်ပြင်၊ စိုက်ပျိုး၊ အပ်ချုပ်၊ လျှပ်စစ်နှင့် ဆံပင်ညှပ် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် သတ်မှတ်ထားသည်။
သို့သော်လည်း သတ်မှတ်ထားသည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်း ၁၀ မျိုး အနက်မှ ၂ မျိုးခန့်ကိုသာ လက်ရှိတွင် ဖွင့်လှစ်ပေးနိုင်သည်။ သင်တန်းအချို့ ရပ်တန့်ထားရခြင်းမှာ ကိရိယာများ၊ လေ့ကျင့်ရေး ပစ္စည်းများနှင့် သင်တန်းဆရာ များကဲ့သို့သော အရင်းအမြစ်များ အားနည်းမှုကြောင့် ဖြစ်သည်ဟု ဦးကျော်ဦးက ဝန်ခံသည်။
“အသက်မွေးဝမ်းကျောင်းပညာ သင်တန်းတွေမှာ ကျနော်တို့ အားနည်းနေတုန်းပဲ။ အားလုံးကို တချိန်ထဲမှာ မဖွင့်နိုင်ဘူး။” ဟု သူက ပြောသည်။
လက်ရှိတွင် အသက်မွေးဝမ်းကျောင်းသင်တန်းများမှာ အစဉ်တစိုက် မလုပ်နိုင်ဘဲ ဟန်ပြသဘောမျိုးသာဖြစ်နေကြောင်း ကိုချစ်ကိုလင်းက ပြောသည်။
“အကြောင်းကြောင်းကြောင့် ဒီကိုရောက်လာပီးရင် ၂ နှစ်ဖြစ်ဖြစ် အချိန်ကာလတခုမှာ အတတ်ပညာတခုခုကိုတော့ ကျွမ်းကျွမ်းကျင်ကျင် တတ်သွားစေချင်တယ်။ အဲ့ဒါမှ အဲ့ဒီအတတ်ပညာနဲ့ အသက်မွေးနိုင်ပီး သူတို့မလုပ်ချင်တာတွေကို ထပ်လုပ်ဖို့ မလိုတော့မှာ” သူကဆိုသည်။
ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့တွင် အခမဲ့ စာကြည့်တိုက်များ ဖွင့်လှစ်ခဲ့သည့် ကိုဇော်ဇော်ကလည်း အလားတူ စိုး ရိမ်မှု ရှိကြောင်း ဖော်ပြခဲ့သည်။ သူက ပြီးခဲ့သည့် နှစ် အတွင်းတွင် ငှက်အော်စမ်းသို့ သွားရောက်၍ လူငယ်များကို စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောခဲ့သူ ဖြစ်သည်။
ပြစ်မှုကနေလွတ်မြောက်ပြီး ထွက်လာသည့်ကလေးများတွင် ပြန်လည်ကျူးလွန်မှုများကလည်း ပြဿနာတခု ဖြစ်နေဆဲဟု သူကပြောသည်။ လူငယ်များကို စာရိတ္တပိုင်းဆိုင်ရာ ဆုံးမသင်ကြားမှုများ ပြုလုပ်ပေးခဲ့သော်လည်း အမှန်တကယ် လိုအပ် နေသည်မှာ သူတို့ကို သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်ရ ရှိစေမည့် ခိုင်မာသော လေ့ကျင့်သင်တန်းပေးရေး အစီအစဉ်များ ဖြစ်သည် ဟု ဆိုသည်။
ထိုသို့ ခက်ခဲနေရခြင်းမှာ ဆယ်စုနှစ်များစွာ သင်တန်းကျောင်းများတွင် ဘတ်ဂျက်မလုံလောက်မှုများ၏ အကျိုးဆက် ဖြစ် သည်။
လူငယ် ၅၀၀ နီးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် လူမှုရေးလုပ်သား ၄၇ ဦးလိုအပ်သော်လည်း ငှက်အော်စမ်းတွင် ၃၁ ဦးသာ ရှိသည်ဟု ဦးကျော်ဦးက ပြောသည်။ ပြစ်မှုကျူးလွန်သူ လူငယ်များအတွက် ကျောင်းတွင်း အသက်မွေးဝမ်း ကျောင်း အတတ်ပညာသင်တန်းများသာရှိပြီး ထိုသင်တန်းများကို နည်းပြဆရာများ မဟုတ်သည့် လူမှုရေးလုပ်သားများ ကသာ သင်ကြားပေးခဲ့ရသည်။
စိန်ခေါ်မှုများ ရှိနေသော်လည်း ပြီးခဲ့သည့် နှစ်က လူငယ် ၂၀၀ ခန့်ကို အသက်မွေးဝမ်းကျောင်းပညာသင်တန်း အချို့ ပေး နိုင်ခဲ့သည်ဟု ဦးကျော်ဦး၏ အဆိုအရ သိရသည်။
ပညာရေး၊ ကျန်းမာရေး နှင့် အားကစားစသည့် ဝန်ကြီးဌာနများ၊ အစိုးရနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောက်ရွက်မှုမှ တဆင့် ပိုမို ကောင်းမွန်သည့် ထောက်ပံ့မှုများ အတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာ များ ယခုဘဏ္ဍာနှစ်မ ှစပြီး ပိုသင်ကြားပေးနိုင်မည့်အစီအစဉ်များ အကောင်အထည် ဖော်လျက်ရှိသည်ဟုလည်း ဦးကျော်ဦးက ပြောသည်။
ယခုနှစ်တွင် ပညာရေး ဝန်ကြီးဌာနနှင့် စက်မှု ဝန်ကြီးဌာနတို့မှ ထောက်ပံ့သည့် မိုဘိုင်း အဖွဲ့များ နှင့် အခြားသူများက လူငယ်များကို လက်သမား၊ ပန်းရန်၊ စက်ပြင်နှင့် အခြားပညာရပ်များ သင်ကြားပေးသွားမည် ဟုလည်း သူကပြော သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ငှက် အော်စမ်း လူငယ်သင်တန်းကျောင်းသို့ လာရောက်သည့် အချိန်တွင် ထပ်မံ ကတိပြုခဲ့သည်။
သို့သော် ရွေးချယ်စရာ အသစ်များက မောင်ဇော်သိန်းထိုက်ဆီကိုတော့ စောစောရောက်မလာနိုင်ပါ။
ကျောင်းတွင် ရှိနေသည့် ၈ လတာကလ အတွင်းတွင် အုတ်စီခြင်း နှင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်း ခြင်းတို့ကို အနည်းငယ် သင်ကြားခဲ့သည်ဟု သူက ဧရာဝတီသို့ပြောပြသည်။
“သား ဒီကနေ လွတ်ရင် ဆိုင်ကယ်ကယ်ရီပဲ ဆွဲစားမယ်၊ ဆိုင်ပိုင်ရှင်တို့ ဆရာဝန်တယောက်တို့ သားမဖြစ်ချင်ပါဘူး။ သားက ကျောင်းထွက်ထားတော့” ဟု သူက ပြောသည်။
သို့သော်လည်း ကျောင်းမှာ ရှိသည့် လူငယ်များကို ကောင်းမွန်တဲ့လမ်းကြောင်းကို ပြောင်းလဲပေးနိုင်လိမ့်မည်ဟု ဦးကျော်ဦး က စိတ်အားထက်သန်စွာ ပြောသည်။ ကျောင်းမှာ နေထိုင်ခဲ့ဖူးသူ တယောက် ဖြစ်သည့် သိန်းစိုးက မြန်မာ့ရိုးရာ လက်ဝှေ့ ချန်ပီယံ နှင့် အဖြူရောင်သွေးသစ် မြန်မာလက်ဝှေ့ကလပ်၏ အဖွဲ့ဝင် ဖြစ်လာသည့် အကြောင်းကို သူကပြောပြသည်။
လူငယ်များကို အားပေးရန် အတွက် သိန်းစိုးက ကျောင်းသို့ အခါအားလျော်စွာ လာရောက်လေ့ရှိသည်။
“ကံမကောင်းစွာနဲ့ ပဲ ကျနော်တို့က ကျနော်တို့နဲ့ လက်ပွန်းတနီးရှိတဲ့ ကလေးတွေ အကြောင်းလောက်ပဲ သိရပါတယ်။ ာ နောက်ပိုင်း စောင့်ကြည့်လေ့လာရေး အစီအစဉ် မရှိတဲ့ အတွက် သူတို့ လွတ်သွားပြီး တဲ့နောက်မှာ ဆက်သွယ်ဖို့ခက်တယ်။ ဝန်ထမ်းအင်အားများများနဲ့ လုပ်နိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့” ဟု သူက ပြောသည်။
ဒုက္ခရောက်နေသည့် မိသားစုများ နှင့် ခက်ခဲသော ပတ်ဝန်းကျင်သို့ ပြန်ရောက်သွားသောလူငယ်များက ရာဇဝတ်မှု ကျူးလွန်သည့် ဘဝသို့ ပြန်ရောက်သွားဖွယ်ရာ ပိုများသည်ဟု သူကပြောသည်။ သို့သော်လည်း သိပ်မဆိုးသည်က ပြန်လွတ်သွားသည့် လူငယ်များထဲမှ အနည်းငယ်မျှသော အရေအတွက်သာ ကျောင်းသို့ ပြန်ရောက်လာခြင်း ဖြစ်သည်ဟု သူက ထပ်ပြောသည်။
လမ်းပျောက်နေသော လူငယ်များ၏ ပြဿနာက လူတိုင်း အတွက် စိုးရိမ်စရာတခု ဖြစ်သည်ဟု နာမည်ကျော် စာရေး ဆရာမ နှင့် ပရဟိတဆောင်ရွက်သူ ဒေါ်သန်းမြင့်အောင်က ပြောသည်။ သူသည် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီမှ အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။
အကယ်၍ ကလေးငယ်များက ကောင်းမွန်သော ပတ်ဝန်းကျင် (တည်ငြိမ်သောမိသားစု၊ ကောင်းမွန်သော ပညာရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှု နှင့် တရားဥပဒေစိုးမိုးသော အသိုင်းအဝိုင်း) တွင် ကြီးပြင်းလာခဲ့လျှင် သင်တန်းကျောင်းသို့ အပို့ခံရသော ကလေးများရှိလိမ့်မည်မဟုတ်ဟု သူကဆိုသည်။
“ဒီကလေးငယ်တွေကို ထွေးပွေ့ပေးနိုင်မယ့် လူမှုအသိုင်းအဝိုင်းတခု လိုအပ်ပါတယ်။ တကယ်လို့ ကျမတို့က သူတို့ကို ဥပေက္ခာ ပြုခဲ့မယ်ဆိုရင် သူတို့ ရာဇဝတ်မှုတွေထဲကို ပြန်ရောက်သွားပါလိမ့်မယ်။”
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ San Yamin Aung ၏ A Brighter Future for Burma’s Juvenile Offenders? ကို ဘာသာပြန်ဆိုသည်)