ရန်ကုန်သည် မြန်မာပြည်ကို ကြီးစိုးထားပါသည်။
မြောက်ဘက် ကီလိုမီတာ အကွာအဝေး ၃၂၀ တွင် တည်ရှိသော နေပြည်တော်သည်ပင် မြန်မာနိုင်ငံ၏မြို့တော် အဖြစ် တည်ရှိခဲ့သည်မှာ ၁၁ နှစ်တာ ရှိလာခဲ့သော်ငြား ကွယ်ပျောက်လုဆဲဆဲ ကိုလိုနီခေတ်၏ အံ့ဖွယ်လက်ရာများ၊ သပ္ပါယ်လှသော ရွှေတိဂုံဘုရား၊ ပိတ်ဆို့နေသော ကားလမ်းများ ရှိနေသော ဒီဆိပ်ကမ်းမြို့သည် နိုင်ငံအတွက် ဖမ်းစားထားနိုင်ဆဲ ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရ သက်တမ်း တနှစ်ပြည့်လာခဲ့သည်နှင့်အတူ သက်ဝင်လှုပ်ရှားနေသော စီးပွားရေး အချက်အချာမြို့ ရန်ကုန်သည် သူမ၏ အနာဂတ် အောင်မြင်မှုအတွက် သော့ချက်ဖြစ်ကြောင်း ရှင်းလင်း၍ ထင်ရှားလာပါသည်။
၅၂ သန်းသော ပြည်သူများနေထိုင်သော ဒီတိုင်းပြည်အား ပြောင်းလဲပစ်ရန် လူဦးရေ ၇ ဒသမ ၃၆ နှင့် နိုင်ငံ၏ ဂျီဒီပီ လေးပုံတပုံနီးပါး ပေါင်းစပ်ဖွဲ့စည်းထားသော ရန်ကုန်တွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ သူတို့ လုပ်ဆောင်ရမည်ဖြစ်ပါသည်။
ဦးဖြိုးမင်းသိန်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ “ရန်ကုန်က လူ”ဖြစ်ပါသည်။
၂၀၁၆ ခုနှစ် အာဏာလွှဲပြောင်းပြီးနောက်ပိုင်း သူသည် ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရသည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် လူအများက ချစ်ခင်လေးစားကြပြီး “ကွီးဖြိုး”ဟု ခေါ်ကြသည့် ဦးဖြိုးမင်းသိန်းသည် နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်ခဲ့ပြီး ၁၅ နှစ်ကြာ အကျဉ်းထောင်တွင်း နေခဲ့ရပါသည်။
ဟောင်းနွမ်းနေပြီဖြစ်သော ဦးနေဝင်းခေတ် ရုံးခန်းထဲတွင် ပြီးခဲ့သည့်အပတ်က ကျနော် သူ့ကို တွေ့ဆုံခဲ့ချိန် အေးဆေးတည်ကြည်သည့် ဦးဖြိုးမင်းသိန်းသည် ခိုင်မာသော ပိုင်းဖြတ်ချက်များအပြင် ဒေသတွင်းရေးရာများအား လေ့လာနားလည်ထားမှုကို ထုတ်ဖော်ပြသခဲ့ပါသည်။ မကြာသေးမီက နှလုံးခွဲစိတ်ခံထားရသော်လည်း သူသည် ရုံးခန်းအတွင်း အလုပ်များနေခဲ့ပြီး ပင်ပန်းနွမ်းနယ်နေပုံလည်း မရှိပါ။
ပါးနပ်လိမ္မာသော နိုင်ငံရေးသမားတဦးဖြစ်သောကြောင့် သူသည် အချိန်တိုအတွင်း နာမည်ကြီးလာသူဖြစ်ကြောင်း ပြောဖို့ပင် လိုမည် မထင်ပါ။ ရန်ကုန်တက္ကသိုလ်တွင် ရူပဗေဒ ကျောင်းသားတဦးဖြစ်ခဲ့ပြီး တက်ကြွလှုပ်ရှားသူတဦးလည်း ဖြစ်သူ ဦးဖြိုးမင်းသိန်းသည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သည့် စစ်အစိုးရကို ဆန့်ကျင်မှုဖြင့် ၁၉၉၁ ခုနှစ်တွင် ထောင်ထဲသို့ အပို့ခံခဲ့ရသည်။
သူ၏ အကျဉ်းကျကာလများအကြောင်း သူက ယုံကြည်ချက်အပြည့်ဖြင့် မှတ်မှတ်ရရ ပြောပြသည်။ “စစ်ထောက်လှမ်းရေးတွေ ကျနော့်ကို ဖမ်းတဲ့အချိန် ကျနော် အသက် ၂၀ ပဲ ရှိသေးတယ်။ ထောင်ကျသက်တမ်းကို တခါပြီး တခါ တိုးတယ်။ ဒီအတွေ့အကြုံက ကျနော့်ကို ပိုပြီး ရင့်ကျက်လာစေခဲ့ပါတယ်။ ကျနော့်ကို ကြံ့ကြံ့ခံစေနိုင်ခဲ့တဲ့ အကြောင်း ၂ ခု ရှိပါတယ်။ ပထမက ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒုတိယက ဘာသာရေးပါ။ ဗုဒ္ဓဘာသာရဲ့ လေ့ကျင့်သင်ကြားမှုတွေဟာ ဒီခက်ခဲတဲ့ အချိန်တွေအတွက် အထောက်အပံ့ များစွာ ဖြစ်စေခဲ့ပါတယ်။”
ဦးဖြိုးမင်းသိန်း ထောင်က လွတ်လာအပြီး ၂၀၀၉ ခုနှစ်တွင် ဒေါ်မိမိကြွယ်နှင့် အိမ်ထောင်ကျသည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဝင်ခဲ့သည်။ ယင်းသည် လိမ္မာပါးနပ်သော နိုင်ငံရေးခြေလှမ်းတရပ် ဖြစ်ခဲ့သည်။ သူ့ကို ယင်းနှစ်တွင် ကျင်းပသည့် စိတ်လှုပ်ရှားဖွယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း အချိန်တိုအတွင်း တက်လူ ဖြစ်လာခဲ့သည်။ အရေးပါသည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း အရေးကြီးသည့် ပါတီ၏ ဗျူဟာမှူးတဦးပင် ဖြစ်လာခဲ့ကြောင်း သတင်းများက ဆိုကြပါသည်။
ယင်းအချိန်ကာလများအကြောင်း သူက နွေးထွေးစွာ ပြန်ပြောင်းပြောပြပါသည်။ “လွှတ်တော်ထဲကို ကျနော် ရောက်သွားတော့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို အများကြီး သင်ကြားပေးပါတယ်။ နိုင်ငံရေးသမားဆိုတာ အမြဲတမ်း သင်ယူနေဖို့ လိုတယ်တဲ့။ အကောင်းမြင်တတ်ရမယ်၊ သည်းခံတတ်ရမယ်၊ တဆင့်ပြီး တဆင့် စနစ်တကျ လုပ်တတ်ရမယ်တဲ့။ သူဟာ ကျနော့်အတွက်တော့ အမေလိုပါပဲ။”

မှန်ပါသည်။ သည်းခံမှုသည် ရန်ကုန်တွင် သူ လတ်တလော လိုအပ်နေမှုဖြစ်သည်။ သူ့ တာဝန် ပထမနှစ်သည် မာကျောသည်။ ထင်ရှားသည့် အကောင်အထည်ဖော်မှုထဲတွင် YBS ဟု ခေါ်ကြသော ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု စနစ် ပါဝင်ပါသည်။ ယခုနှစ် အစောပိုင်းတွင် စတင်ခဲ့သည့် YBS သည် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည်။
မြို့တော်၏ အများပြည်သူ ခရီးသွားလာရေး ဝန်ဆောင်မှု စနစ်ကို ခေတ်မီတိုးတက်စေရေး ကြိုးပမ်းအကောင်အထည်ဖော်နေမှုတွင် ကားခများ ပိုကုန်ကျမှု၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုနှင့် စည်းကမ်းမလိုက်နာသော ဝန်ဆောင်မှုများကြောင့် ခရီးသည်များ စိတ်ပျက်နေကြပါသည်။
YBS ကို အောင်မြင်မှုတခုဟု ပြောခဲ့သော ဦးဖြိုးမင်းသိန်း၏ တနှစ်ပြည့် ဆောင်ရွက်မှုများအကြောင်း ဗီဒီယိုမိန့်ခွန်းအား လူအများအပြားက ဝိုင်းဝေဖန်သောကြောင့် ဖေ့ဘွတ် လူမှုကွန်ရက်ပေါ်မှပင် ဖြုတ်ပေးခဲ့ရပါသည်။
YBS အကြောင်း ကျနော်တို့ ပြောဆိုကြစဉ် သူက ကာကွယ်ပြောဆိုပါသည်။ သူ ဘာကို ကြိုးစားရယူနေကြောင်းလည်း ရှင်းပြပါသည်။ “YBS ဟာ ပြသနာလို့ ကျနော် မမြင်ပါဘူး။ ဒီကိစ္စကို တဆင့်ပြီး တဆင့် ကျနော်တို့ လုပ်ကိုင်သွားမှာပါ။ ဘယ်ပြုပြင်ပြောင်းလဲမှုမဆို နိုင်ငံရေးအရပဲ ဖြစ်ဖြစ် အကျိုးစီးပွားအရပဲဖြစ်ဖြစ် စိန်ခေါ်မှုတွေနဲ့ ကြုံကြရပါတယ်။”
သူနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ဆယ်စုနှစ်ချီ ကြာညောင်းခဲ့သော အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်ခြစားမှုနှင့် စနစ်တကျ ဥပေက္ခာပြုထားမှုတို့ကို တိုက်ပွဲဆက်ဝင်နေရသေးကြောင်း သတိရမိစေရန် အရေးကြီးပါသည်။ မဲဆန္ဒရှင်များက ယင်းကို သဘောပေါက်ကြပြီး ထောက်ခံမှုလည်း ပေးကြပါသည်။
ထိုထက်ပို၍ ရန်ကုန်ရှိ မွတ်ဆလင်အသိုင်းအဝိုင်းသည် ခေါင်းမာသော ဗုဒ္ဒဘာသာဝင်များထံမှ အစွန်းရောက် ပြောဆိုချက်များကို သတိထားနေရပြီး ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများ လျှံကျလာနိုင်ဖွယ် ရှိသော လတ်တလော အခြေအနေတွင် စစ်တပ်အတွင်းရှိ အင်အားစုများက မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက် ရှိရှိ လုပ်နေကြသည်ဟု ခံစားထင်မြင်နေကြပါသည်။
ကျနော် ရန်ကုန်သို့ မရောက်မီ တည မေလ ၉ ရက် ညတွင် မွတ်ဆလင်အများစု နေထိုင်ရာ မင်္ဂလာတောင်ညွန့်မြို့နယ်သို့ အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီးများ ဦးဆောင်လာသော လူအုပ်သည် “တရားမဝင် ဘင်္ဂလီ”များကို ရှာဖွေရန် ရောက်လာခဲ့ကြပါသည်။ အခြေအနေမှာ ရုတ်ရုတ်သည်းသည်း ဖြစ်သွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး သတိပေးရသည်အထိ ဖြစ်ခဲ့သည်။
ယင်းကိစ္စကို မေးမြန်းချိန်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က “ဒါက လှုံ့ဆော်ဖန်တီးသူတွေကြောင့် ဖြစ်ရတာပါ။ ကျနော်တို့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း စတင် အရေးယူနေပါပြီ”ဟု ဖြေပါသည်။
မှန်ပါသည်။ မေလ ၁၂ ရက်နေ့တွင် ယင်းကိစ္စတွင် ဦးဆောင်ပါဝင်သူများအား ဖမ်းဝရမ်းထုတ်ခဲ့ပါသည်။
ရခိုင်ရှိ မတည်မငြိမ်ဖြစ်မှုများအရေးတွင်မူ သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ရပ်တည်သူဖြစ်သည်။ စိတ်ပျက်ချင်သူများ စိတ်ပျက်နိုင်ပါသည်။ သို့သော် ဦးဖြိုးမင်းသိန်းသည် ပိုမို စာနာနားလည်မှု ရှိကြောင်း သူ့ ပြောဆိုချက်များက ပြသနေပါသည်။ သူ့ရပ်တည်ချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ခပ်ပြတ်ပြတ် သဘောထားများနှင့်ပင် ဆန့်ကျင်နေပါသည်။
သူက မြန်မာပြည်၏ လျော့ရဲရဲ ကွဲပြားခြားနားမှုများကို ကိုင်ရင်း ငြင်းခုံမှုကို စတင်သည်။ “မြန်မာပြည်မှာ ဘာသာရေး လွတ်လပ်ခွင့် ရှိပါတယ်။ (ရန်ကုန်မြို့လည်) ဆူးလေစေတီတော်နားမှာ ဘင်္ဂလီဗလီ ရှိပါတယ်။ ခရစ်ယာန် ဘုရားကျောင်း ရှိပါတယ်။ ဟိန္ဒူ ဘုရားကျောင်း ရှိပါတယ်။”
“ရခိုင်ပြည်နယ်အရေးဟာ ဘာသာရေးကိစ္စ မဟုတ်ပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲ မပါဝင်ပေမယ့် မွတ်ဆလင်တွေဖြစ်တဲ့ ကမန်တွေဟာ တိုင်းရင်းသားအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါကိုကြည့်ရင် ရခိုင်က ပြသနာဟာ ဘာသာရေး မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။”
ကျနော့် သံသယများကို တုန့်ပြန်သောအားဖြင့် ဦးဖြိုးမင်းသိန်းက “ကျနော်တို့ဟာ မြန်မာပြည်ကို ကိုးကွယ်ရာ ဘာသာတရားတွေ အားလုံး ညီတူညီမျှဖြစ်တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ ဒါက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ရင့်ကျက်မှုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်”ဟု ပြောပါသည်။
ဆင်းရဲမွဲတေမှု ၄၀ ရာခိုင်နှုန်းနှင့် အလုပ်လက်မဲ့ ၄ ဒသမ ၁ ရာခိုင်နှုန်းရှိသော ရန်ကုန်အကြောင်း ဦးဖြိုးမင်းသိန်း ဆန္ဒ ပိုပြင်းပြစွာ ပြောဆိုချင်သည်ကို ကျနော် နားလည်နိုင်ပါသည်။
“ရန်ကုန်ကို သမိုင်းဝင်အဆောက်အဦးတွေ ရှိတဲ့မြို့၊ စိမ်းလမ်းစိုပြေပြီး နေချင်စဖွယ် ကောင်းတဲ့မြို့၊ ရင်းနှီးမြှုပ်နှံသူတွေ လာပြီး စီးပွားရေးလုပ်လို့ ကောင်းတဲ့မြို့အဖြစ် ကျနော်တို့ မြင်ချင်ပါတယ်။”
“ရင်းနှီးမြှုပ်နှံသူတွေ ရင်ဆိုင်နေရတဲ့ မြေဈေးကြီးမြင့်မှုကိုလည်း ကျနော်တို့ အတတ်နိုင်ဆုံး ထိန်းချုပ်နေတယ်။ တင်းကျပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လျှော့ချပေးနေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအတွက် စက်မှုဇုန်တွေ၊ အိမ်ရာစီမံကိန်းတွေကို ဖော်ဆောင်နေပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် စီမံအုပ်ချုပ်တတ်သူများနှင့် ယင်းသို့ အရည်အချင်းရှိသူများ မရှိဟု စီးပွားရေးအသိုင်းအဝိုင်းက ဝေဖန်ကြသော်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်အား သူ၏ နှိမ်ချတတ်ပြီး ပြသနာကို ဖြေရှင်းချင်သော ချည်းကပ်မှုအတွက် ချီးမြှောက်သင့်သည်ဟု ကျနော် ထင်သည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်ပါတယ်။ ရန်ကုန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ရင် ကျူးကျော်ပြသနာကို ကျနော်တို့ ဖြေရှင်းနိုင်ပါလိမ့်မယ်”
“ကျနော်တို့ရဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ အပါအဝင် နိုင်ငံအားလုံးက ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ်ပါတယ်။ ဒီတိုင်းပြည်ကို ကျနော်တို့ချည်းပဲ တည်ဆောက်လို့ မရပါဘူး”
တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအကြောင်း ကျနော် မေးရာတွင်လည်း သူ၏ အဖြေက မှတ်သားစရာ ပါသည်။ ” တရုတ်နိုင်ငံရဲ့ “One Belt, One Road” စီမံကိန်းမှာ မြန်မာက တစိတ်တပိုင်းအားဖြင့် ပါဝင်နိုင်ပါတယ်။ ဒါက မြန်မာရဲ့ လမ်းပန်းဆက်သွယ်ရေးကို ကောင်းလာစေလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ဒီကိစ္စဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးတူ ဖြစ်စေရပါမယ်။”
ဦးဖြိုးမင်းသိန်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံမည့်သူ ဟုတ် မဟုတ် ကျနော်က မေးသည့်အခါ ကျနော့် မေးခွန်းကို သူက အလျင်အမြန်ပင် ပယ်ချပါသည်။ ” ဒီလို ကျနော် မမြင်ပါဘူး။ ကျနော်က ကျနော်တို့ နိုင်ငံရဲ့ ပြသနာတွေကို ဖြေရှင်းချင်တာပါ။ ကျနော့်ကို ရန်ကုန်မှာ ပြသနာတွေ ဖြေရှင်းဖို့ တာဝန်ပေးခြင်း ခံရပါတယ်။”

အသက် ၇၁ နှစ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အသက်အပိုင်းအခြားအရ ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနာဂတ်စီမံကိန်းတွင် အရေးပါသူဖြစ်လာနိုင်ကြောင်း ယူဆနိုင်ကောင်းသော်လည်း သူနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံသည့်အခါ သူသည် ပရိဘောဂများနောက် ပုန်းနေချင်သူတဦးဟု ခံစားထင်မြင်သွားစေသည်။
သူသည် အလုပ်ထဲ နှစ်ထားသူတဦးဆိုသည်ကတော့ သေချာပါသည်။ အိမ်ယာမဲ့ ၅ သိန်းရှိပြီး အမှိုက်များဖြင့် ရှုပ်ထွေးနေသော ရန်ကုန်သည် မတည်ငြိမ်သေး၊ ရုန်းကန်လှုပ်ရှားနေရဆဲ ဖြစ်သည်။
တချိန်တည်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆန့်ကျင်နေကြသူများသည် အထူးသဖြင့် မြို့တော်၏ ထိပ်တန်းစီးပွားရေး အသိုင်းအဝိုင်းများကြားတွင် အခိုင်အမာ နေရာယူထားကြပြီး ဖြစ်သည်။
မည်သို့ဆိုစေ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲထိ ၄ နှစ်တာကာလအတွင်း ဦးဖြိုးမင်းသိန်းသည် များပြားသော အကျိုးစီးပွားများကို ပုံသွင်းလမ်းပြနိုင်မည်၊ ခရီးသွားလာရေးစနစ် အခက်အခဲများကို ဖြေရှင်းနိုင်မည်၊ ရင်းနှီးမြှုပ်နှံသူများကို ခေါ်သွင်းနိုင်မည်၊ အလုပ်အကိုင်များကို ဖန်တီးနိုင်မည်၊ တရားမဲ့ပြုလိုမှုများကို ထိန်းချုပ် လျှော့ချနိုင်မည်ဆိုလျှင် သူနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အတူတကွ အောင်ပွဲဆင်နိုင်ကြမည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနာဂတ်တွင် အောင်မြင်မှုသည် အသက် ၄၀ များနှောင်းပိုင်းသို့ ရောက်နေပြီး နာလန်ထ နှလုံးရောဂါသည်တဦး၏ သေးငယ်သော ပခုံးပေါ်တွင် များစွာမှီတည်နေပါသည်။
ရိုးရိုးကုပ်ကုပ် နေတတ်သူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မြန်မာ့နိုင်ငံရေး လမ်းပေါ်တွင် လတ်တလော မရှိမဖြစ် အစိတ်အပိုင်းတခုဟု ဆိုချင်ပါတော့သည်။
(ကာရမ်ရတ်စလန် Karim Raslan သည် အာဆီယံ အထူးပြုလေ့လာရေးသားနေသော မလေးရှား စာရေးဆရာတဦးဖြစ်သည်)