နယ်မြို့တခု တွင် ဖြစ်သည်။ ၇ တန်း ဖြေဆိုထားဆဲ ကျောင်းသူကို အိမ်နီးချင်း အသက် ၇၀ ကျော် အဘိုး တယောက်ထဲ အဖော်မရှိသဖြင့် ပျင်းနေမည် ဟုဆိုကာ အဖော်ရစေရန် မိဘများက လွှတ်ပေးလိုက်သည်။ အဘိုးကြီးက အဆိုပါ ကလေးမလေးကို အဓမ္မပြုကျင့်လိုက်သဖြင့် အသက် ၁၃ နှစ် ဝန်းကျင် ကျောင်းသူမှာ ကိုယ်ဝန်ရသွားသည်။ ကလေးမွေးလိုက်ရသည်။ အမှုအခင်းဖြစ်သည်။ ကျောင်းပညာရေး ၈ တန်း တက်ရမည့် ကလေးအရွယ် ကျောင်းသူသည် အနိုင်ကျင့် စော်ကား ခံရမှုကြောင့် ကလေး တယောက် အမေဖြစ်သွားသည်။ အဓမ္မပြုကျင့်သူကို တရားစွဲဆိုရန် အမှု ရင်ဆိုင်ရသည်။ သူ၏ အနာဂတ်သည် Single Mother အဖြစ် ဆက်လက်ရပ်တည်ရမည်ဖြစ်သည်။
ထို အမျိုးသမီးငယ်သည် ရန်ကုန်မြို့ရှိ တိတ်ဆိတ်အေးချမ်းသည့် နေရာတခု တခုတွင် ဖွင့်လှစ်ထားသည့် Single Mother များအတွက် ခိုလှုံရာနေရာတွင် နေထိုင်ရင်း ပညာရေးနှင့် သူ၏ အနာဂတ်အတွက် ဆက်လက် ရပ်တည်တော့မည် ဖြစ်သည်။
“မိဘတွေကလည်း အဘိုးအရွယ်မို့ ဆိုပြီး ကိုယ့်သားသမီးကို မလွှတ်ပေးထားသင့်ဘူး။ အခုတော့ အဲဒီကလေးမလေးက သားလေး မွေးတယ်။ ကလေးကို ပတ်ဝန်းကျင်အသစ်မှာ ကျောင်းဆက်တက်ဖို့ တိုက်တွန်းထားတယ်။ သူလည်း ကျောင်းဆက်တယ်မယ်ပြောတယ်” ဟု ကိုစိုးထိုက် က ပြောသည်။
ကိုစိုးထိုက်သည် ပညာရေး၊ ကလေးများအရေးနှင့် အမျိုးသမီးများနှင့် ပတ်သက်၍ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသူ တဦးဖြစ်သည်။ ထို့ပြင် Single Mother များအတွက် အထောက်အကူပြု ကူညီနိုင်မည့် “မြင့်မိုရ်မေတ္တာခိုနားရာ” ဂေဟာ ကို ဧပြီလ အတွင်းက စတင်ကာ တည်ထောင်ထားသူ တဦးလည်း ဖြစ်သည်။ အဆိုပါ ဂေဟာကို ရန်ကုန်မြို့ရှိ တိတ်ဆိတ်အေးချမ်းသည့် ရပ်ကွက် တခုတွင် ဖွင့်လှစ်ထားပြီး လူသိမခံလိုသော် Single Mother များလည်း ရှိနေရာ ဂေဟာ၏ လိပ်စာကို လျို့ဝှက်ထားသည်။
“မြင့်မိုရ်မေတ္တာ ခိုနားရာ” ဂေဟာမှ မိခင်လောင်းများ၏ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုအပါအဝင် အထွေထွေကိစ္စ အဝဝ အတွက် ဒေါက်တာ မြတ်သက် အမည်ရှိ ဆရာဝန် တဦးကလည်း ပါဝင်ကူညီပေးလျက်ရှိသည်။
Single Mother ဆိုသည်မှာ ချစ်သူရည်းစားနှင့် လက်မထပ်မီ အတူနေရင်း ကိုယ်ဝန်ရချိန်မှ တာဝန်မယူ ရှောင်ပြေးသည့်နောက် ကလေးကို မွေးဖွားကာ တဦးတည်း စောင့်ရှောက်နေသူများ၊ အခြေအနေ တရပ်ရပ်ကြောင့် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိလာသည့်နောက် ကလေးမီးဖွားရကာ တဦးတည်း ထိန်းသိမ်းစောင့်ရှောက်နေသည့် အမျိုးသမီးများ၊ လက်ထပ်ပြီးမှ အကြောင်းအမျိုးမျိုးဖြင့် ကွာရှင်းပြတ်စဲခြင်း ကြောင့် ကလေးကို တဦးတည်း ထိန်းကျောင်း စောင့်ရှောက်နေသူများ၊ ယောကျၤားဖြစ်သူ ကွယ်လွန်သွားသည့် အခါ တဦးတည်း စောင့်ရှောက်နေသည့် မိခင်များကို ရည်ညွှန်းခြင်းဖြစ်သည်။
ကိုစိုးထိုက်တို့ တည်ထောင်ထားသည့် “မြင့်မိုရ်မေတ္တာခိုနားရာ” ဂေဟာသည် လက်မထပ်မီ အတူနေကြပြီးနောက် ကိုယ်ဝန် ရသွားရာမှ ရည်းစားက တာဝန်မယူတော့ပဲ ပစ်ပယ်ခံရသည့် မိန်းကလေးများ၊ အခြေအနေတရပ်ရပ်ကြောင့် မုဒိန်းကျင့် စော်ကားခံရပြီးနောက် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသူများအတွက် အချိန်ကာလ အပိုင်းအခြား တခု အထိ တာဝန်ယူ ကူညီ လုပ်ဆောင်ပေးနေသည်။
မြန်မာနိုင်ငံတဝှမ်းတွင် ထိုကဲ့သို့သော ပြဿနာများ ဖြစ်ပွားမှု များပြားနေသည်ဖြစ်ရာ အကူအညီပေးမည့် ဂေဟာ က စည်းကမ်းတချို့ သတ်မှတ်လိုက်သည်။ ဂေဟာတွင် လာရောက်နေထိုင်မည့် Single Mother သည် ယောကျၤား မရှိသူ ဖြစ်ရမည်၊ ကိုယ်ဝန် ၅ လ ကျော်မှ ဂေဟာသို့ စတင်ခေါ်ယူမည်ဖြစ်သည်။ မိသားစုဝင် တဦးဦးက ဂေဟာကို လာရောက် အပ်နှံရမည်။ လက်ရှိတွင် ယောကျၤားဆုံးပါးသူများ၊ တခုလပ်များ၊ ယောကျၤားထောင်ကျနေသူများ ကိုမူ လက်မခံသေးကြောင်း သိရသည်။
ဂေဟာသို့ စတင် လာမည့် အချိန်တွင် မိသားစုဝင်တဦးဦးနှင့် အတူ လာရောက် အပ်နှံရမည်ဟု စည်းကမ်း သတ်မှတ်ထား သော်လည်း လာမည့် ကိုယ်ဝန်ဆောင်အမျိုးသမီးသည် အခြားအသိတဦးဦးကို ခေါ်လာသည့် ဖြစ်ရပ်မျိုးလည်း ဖြစ်နိုင်သည်ဟု ကိုစိုးထိုက်တို့ အကူအညီပေးရင်း ကြိုတင် တွက်ဆထားပုံရသည်။
ထို့ကြောင့် ဂေဟာတွင် စတင်နေထိုင်မည်ဆိုကတည်းက ရှေ့နေနှင့် စာချုပ်စာတမ်းများ ချုပ်ဆိုထားရသည်ဟုလည်း သိရသည်။
အဆိုပါ ဂေဟာ ဖွင့်လှစ်လိုက်သည့် အပေါ်၊ Single Mother တယောက် အဖြစ် အနာဂတ်တွင် ဆက်လက် ရပ်တည်မည့် အပေါ် ဝေဖန်ကန့်ကွက်မှုများလည်းရှိသည်။
“အသက်ငယ်သေးတာပဲ။ ကိုယ်ဝန်ကို ဖျက်ချလိုက်ပါလား။ ကလေးကိုပါ လူ့လောကထဲ ခေါ်ပြီး ဒုက္ခပေးမလို့လား။ ကိုယ်ဝန်ဖျက်ချလိုက်ရင် အရင်အတိုင်းလေးပဲ ဆက်ပြီး ရပ်တည်နိုင်တာပဲ၊ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ပေးဖို့လည်း လိုတယ်” ဆိုသည့် စကားသံများဖြင့်လည်း အကူအညီ ပေးနေသည့် ကိုစိုးထိုက်တို့အပေါ် ဝေဖန်ကန့်ကွက်ကြသည်။
“ကျနော်သာဆိုလည်း ဖျက်ချမှာ။ အံ့သြစရာကောင်းတာက ဒီကောင်မလေးတွေက ဖျက်မချဘူး။ ခါးခါးသီးသီး ငြင်းတယ်ဗျ။ ကျနော်တို့ လိုက်မမှီတဲ့ မိန်းမအာဇာနည်မျိုးတွေ။ မွေးလာတဲ့ကလေး ပတ်ဝန်းကျင် အသစ်မှာထားမယ်။ ကလေးရဲ့ နဖူးမှာ မုဒိန်းကောင်ရဲ့ သားဆိုပြီး စာကပ်ထားတာမဟုတ်ဘူး” ဟု ကိုစိုးထိုက်က တုံ့ပြန်ရှင်းပြသည်။
လက်ရှိတွင် ဂေဟာ၌ ရောက်ရှိနေသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၇ ဦး ရှိသည်။ အဖြစ်အပျက်များကတော့ တဦးနှင့် တဦး မတူညီကြပေမယ့် တာဝန်မယူဘဲ ပစ်ပြေးခံရပုံချင်းက တူညီကြသည်။ အသက် ၁၆ နှစ်မှ ၃၅ နှစ်အထိ ရှိပြီး အများစုမှာ လူငယ်အမျိုးသမီးများ ဖြစ်နေကြသည်။ စက်ရုံဝန်ထမ်းလည်း ပါသည်။ ကျောင်းသူလည်းပါသည်။ ယောကျၤားတယောက်ကဲ့သို့ နေထိုင်ရင်း အပေါင်းအသင်းများနှင့် သွားလာနေရာမှ စော်ကားခံရပြီးနောက် ကိုယ်ဝန်ရှိလာသည့် ယောကျၤားလျာ များလည်း ရောက်လာသည်။ ရည်းစား ထားရာမှ ဖြစ်လာသည့် ပြဿနာက များသည်ဟု သိရသည်။ အဆိုပါ ၇ ဦးလုံး၏ ကိုယ်ဝန်ဆောင်ထားချိန်မှာ ၅ လ ကျော်ရှိပြီဖြစ်သည်။ လာမည့် ၄ လနှင့် ၅ လ ဝန်းကျင်တွင် မွေးဖွားမည်ဟု ခန့်မှန်းထားသည်။
ကိုစိုးထိုက်က “ထူးခြားတာက ယောကျာ်းလျာလေး ၂ ဦးပါတယ်။ ဘယ်သူက စော်ကားလို့ စော်ကားမှန်း မသိဘဲ ရောက်လာတာ။ သူ့ဒေသမှာ အပျိုကြီး ဆိုတဲ့ တယောက်လည်း ပါတယ်။ အခုတော့ သူလည်း ကိုယ်ဝန်နဲ့ပါ။ ဘာကြောင့်လဲ ဆိုတဲ့ ကိစ္စကို အခုထိ ရေငုံနှုတ်ပိတ်ပဲ။ လုံးဝ မေးလို့မရဘူး” ဟု ရှင်းပြသည်။
ကိုစိုးထိုက်တို့ လုပ်ဆောင်နေသည့် မြင့်မိုရ်မေတ္တာ ခိုနားရာ ဂေဟာ ၏ ကူညီမှုများက ရိုးရှင်းပါသည်။ ဂေဟာ၏ စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိသော ကိုယ်ဝန်ဆောင် အမျိုးသမီးရောက်ရှိလာပါက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးမည်။ စိတ်ဓာတ်ခွန်အား ဖြစ်စေရန် အားပေးမှုများ၊ ထက်မြက်သည့် Single Mother များနှင့် တွေ့ဆုံပေးမည်။ စိတ်အေးချမ်းသာစွာ နေထိုင်းရင်း ကလေးမီးဖွားပြီးသည် အထိ ကူညီမှု ပေးမည် ဖြစ်သည်။
ကိုယ်ဝန်ဆောင်ပြီး ကလေးမီးဖွားချိန်အထိ ကူညီပေးပြီးနောက် မိခင် အဖြစ် ဆက်လက်ရပ်တည်ရမည့် အနေအထား၊ စီးပွားရေး၊ သူ နေထိုင်ခဲ့ရာ ပတ်ဝန်းကျင်၏ သဘောထား၊ ကလေး၏ အနာဂတ် စသည်ဖြင့် ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စ များက အများအပြား ရှိနေပါသည်။
“ကျနော်တို့ အပိုင်းတွေ ခွဲထားတယ်။ မွေးပြီးရင် ကလေးကို ထားခဲ့မလား။ ပြန်ခေါ်သွားမလား ဆိုတဲ့ အပိုင်းတွေရှိတယ်။ ကျနော်တို့က တိုက်တွန်းဖြစ်တယ်။ ပြန်ခေါ်မယ်ဆိုတဲ့ Mind Set ပေါ့။ လင်ကောင်မပေါ်ဘဲ ကလေးမွေးခဲ့ပေမယ့် ပတ်ဝန်းကျင်မှာ ရဲရဲရင့်ရင့်နဲ့ ကလေးနဲ့ အတူ ဆိုပြီး ဒီအမျိုးသမီးသည် ပိုပြီး လေးစားဖို့ မကောင်းဘူးလားဆိုတာမျိုးပေါ့။ ကျနော်တို့က သူတို့ အိပ်တဲ့နေရာမှာ ကလေးပုံလေးတွေ ကပ်ထားပေးတယ်။ နောက်ပိုင်းမှာ တချို့တွေက ငိုကြတယ်ဗျ။ ကလေးကို မထားခဲ့ရက်တော့ဘူး။ ခေါ်သွားမယ်။ ရင်ဆိုင်မယ် ဆိုတာမျိုးပေါ့” ဟု ကိုစိုးထိုက်က ရှင်းပြသည်။
ဆက်လက်၍ သူက “ပြန်ခေါ်တာတော့ ဟုတ်ပြီ။ ဒါပေမယ့် သူက ဒီအတိုင်းရပ်တည်လို့ မရသေးဘူးလေ။ သူတို့ လက်ရှိအလုပ်၊ ကျောင်း၊ ပတ်ဝန်းကျင်ကနေ ထွက်လာခဲ့ပြီး အဲဒီတော့ ကျောင်းပြန်တက်ချင်သူ၊ အလုပ်ပြန်လုပ်ရမယ့်သူ တွေဆိုတော့ လုပ်စရာရှိတာ ပြန်ပြီးလုပ်ကြ။ ကလေးကို ဒီ ဂေဟာမှာ ၂ နှစ် ခေါ်ထားပေးမယ်။ စောင့်ရှောက်ထားပေးမယ် ဆိုပြီး စီစဉ်ထားတာတော့ ရှိတယ်” ဟု ပြောပြသည်။
နောက်ပိုင်းတွင် စိတ်ကူးပြောင်းပြီး ကလေးကို လာပြန်မခေါ်ခဲ့သည့် ကိစ္စမျိုးလည်း ကြုံနိုင်ရာ ကလေးကို မိဘမဲ့ဂေဟာသို့ ပို့ဆောင်မည်မဟုတ်ကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနတွင် မှတ်ပုံတင် ထားမည် ဖြစ်ကြောင်း၊ အစိုးရ အသိအမှတ်ပြု မှတ်ပုံတင်ရှိမှ မွေးစာရင်းမရှိသော်လည်း နိုင်ငံသားစိစစ်ရေးကဒ် ရရှိမည်ဖြစ်ကြောင်း သိရသည်။
“အခက်အခဲကတော့ ပိုများပါတယ်။ ဒီဟာက ပရဟိတ ဆိုပေမယ့် ငါတို့ကို လက်ခံပါ့မလားဆိုတာမျိုးက အစလေ။ ကျနော်တို့ သိထားတယ်။ ဒီလို ဂေဟာဖွင့်လိုက်တာ တခုတည်းက ပြဿနာတွေရဲ့ အဖြေမဟုတ်ဘူး။ လတ်တလော ဖြေရှင်းခြင်းတခုပဲ ရှိသေးတယ်။ Sex Education နဲ့ ပတ်သက်ပြီး သိလာအောင် လုပ်ရမယ်။ စာသင်ကျောင်းတွေမှာ သင်ရမယ်။ sex ဆိုတာက ဘယ်သူမှ ရှောင်လို့မရတဲ့ ကိစ္စလေ။ တားလို့လည်း မရဘူး။ တားလည်း အောင်မြင်မှာ မဟုတ်ဘူးလေ။ ဒါပေမယ့် sex ဆိုတဲ့အကြောင်း ဆိုတာနဲ့ ကြားတာနဲ့ကို ကန့်ကွက်တယ်။ ယဉ်ကျေးမှု အရ လုံးဝ ကန့်ကွက်နေကြတယ်” ဟု ကိုစိုးထိုက်က ရှင်းပြသည်။
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့အရ ယောကျၤားမရှိဘဲ ကလေးမွေးဖွားပြီး single mother အဖြစ် ရပ်တည်ရမည့် အဖြစ်ကို အမျိုးသမီး အများစု က ရှက်ကြသည်။ မိသားစုဝင်များ အပါအဝင် ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လက်မခံနိုင်ဘဲ ရှိကြသည်။ သို့ဖြစ်ရာ အချို့သည် ရည်းစားထားမိရင်း ကိုယ်ဝန်ရလာသည့် အခါ ကိုယ်ဝန်ကို ဖျက်ချကြသည်။ ကိုယ်ဝန် ဖျက်ချခွင့် ကို တရားဝင် ခွင့်ပြုထားခြင်းမရှိသည့်အပြင် ဗဟုသုတ အားနည်းမှုများရှိရာ ကိုယ်ဝန်ဖျက်ချရင်း အသက်သေဆုံးကြသည်အထိ ဖြစ်ကြသည်။
ထို့ကြောင့် Single Mother ဘဝကို ခံယူနိုင်အောင် အသိပညာပေးမှု လုပ်သည်။ အောင်မြင်နေသည့် မိခင်များကို အားကျနိုင်အောင် စိတ်ဓာတ်မြင့်တင်ရေးများ လုပ်ပေးသည်။ ပတ်ဝန်းကျင် အသစ် တနေရာတွင် ကလေးကိုစိတ်အေးချမ်းသာစွာ မွေးနိုင်အောင် ကူညီသည်။ ကလေးမီးဖွားပြီးနောက် အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဘဝကို ဖန်တီးနိုင်အောင် အကူအညီများပေးမည်ဟု ကိုစိုးထိုက်တို့က အစီအစဉ်များ ပြုလုပ်ထားကြသည်။
ထို့အပြင် ယနေ့အထိ ဗဟုသုတ ရှိမှု အားနည်းနေဆဲဖြစ်သော Sex Education နှင့် ပတ်သက်ပြီး ကျောင်းတွင်း၊ ကျောင်းပြင်ပတွင် သင်ကြားမှုများ ပြုလုပ်နိုင်အောင်၊ ဗဟုသုတများ ဖြန့်ဝေနိုင်အောင် ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။