“ လှည်းလမ်းကြောင်းတလျှောက် ဖုန်လုံးကြီးတွေ x x x တရွေ့ရွေ့တက်တာ မြင်ယောင်သေးတော့သည် အညာဌာနီ x x x တခါလာမည် x x x ကျနော့်အတွက်တော့ မေ့မရပါလေပြီ x x x ”
သီချင်းလေးကို အသံထွက်အောင် ညည်းနေသူက တိုဟူးတုံးလေးများကို စက်က ထုတ်လိုက်သည့်ပမာ အချိုးအစား ညီစွာဖြင့် ကျင်လည်စွာ လှီးနေသည့် အသားညိုညို လူငယ်လေးတဦး။
၎င်း၏ရှေ့တွင် အမျိုးသမီး သုံးလေးယောက်တို့ ခုံပုလေးများဖြင့် ထိုင်ကာ အသုပ်မျိုးစုံကို မှာယူစားသောက်နေကြ သည်။
အချို့က ခေါက်ဆွဲသုပ်၊ အချို့က တိုဟူးသုပ်၊ သင်္ဘောသီးနှင့် ကြာဆံ ရောသုပ်ခိုင်းသူက ခိုင်းသည်။ သူက မှာသမျှကို စိတ်ကြိုက်ဖြစ်အောင် မညည်းမညူ လုပ်ပေးသည်။ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်သည်။ အပေါ့ ကြိုက်တတ်သူကို အပေါ့၊ အငန်လိုသူကို အငန် စသည်ဖြင့် ဆိုင်တွင် လူ ဘယ်လောက်အုံအုံ စားသုံးသူ စိတ်ကျေနပ်မှု ရှိစေအောင် စိတ် ရှည်ရှည် လုပ်ကိုင်ပေးသဖြင့်လည်း တခါစားဖူးလျှင် သူ့ဖောက်သည် ဖြစ်သွားလေ့ရှိသည်။
သူက မုန့်တီနှင့် အသုပ်မျိုးစုံကို ဆိုင်းထမ်းလေးဖြင့် လှည့်လည် ရောင်းချနေသည့် အညာသားလေး မောင်မြင့်ထွေး။
လမ်းဘေးတွင် ရောင်းချနေလင့်ကစား နာမည်ကြီး ဆိုင်ကြီးများထက်ပင် မောင်မြင့်ထွေးကဲ့သို့ ဆိုင်းထမ်းလေးများနှင့် အညာသားလေးများ ရောင်းချသည့် ဆိုင်တွင် ပို၍ မက်မက်မောမော စားသောက်တတ်ကြသည်။ ဈေးနှုန်းချိုသာသည် ကလည်း တပိုင်းအပါအဝင် ဖြစ်မည် ထင်သည်။ စိတ်တိုင်းကျမှုကလည်း အရေးပါလှသဖြင့် ထိုဆိုင်လေးများကို လူ အတော်များများ နှစ်သက်ကြလေ့ ရှိသည်။
လူတို့သည် မိမိဇာတိရပ်ရွာတွင် မိဘ၊ ညီအစ်ကိုမောင်နှမများနှင့် လက်ရည်တပြင်တည်း လုပ်ကိုင်စားသောက်ကာ အတူတကွ နေထိုင်ချင်ကြသော်လည်း သမုဒ္ဒရာဝမ်းတထွာအတွက် နေရပ်စွန့်ခွာကာ သင့်လျော်ရာအရပ်သို့ သွား ရောက်လုပ်ကိုင်နေကြရ၏။ ထိုသူများတွင် အညာဒေသမှ လူအတော်များများ ပါဝင်သည်။
ယင်းသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြသူအများစုမှာ ရန်ကုန်မြို့သို့ လာရောက်လုပ်ကိုင်ကြပြီး ဆောက်လုပ်ရေး၊ စားသောက် ဆိုင်၊ လက်ဖက်ရည်ဆိုင် စသည့် နေရာများသည် သူတို့၏ ရေကြည်ရာ မြက်နုရာ နေရာများ ဖြစ်ကြသည်။ နီးစပ်ရာ အညာမိတ်ဆွေ အချင်းချင်း၊ ဆွေမျိုးအချင်းချင်းက လက်တို့ခေါ်ယူမှုများကြောင့် ရွှေ့ပြောင်း လုပ်ကိုင်စားသောက်သူ ဦးရေ ပိုမိုများပြားလာခြင်း ဖြစ်သည်။
သုတေသနအဖွဲ့တဖွဲ့၏ လေ့လာမှုအရ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းလုပ်ကိုင်မှု ပိုမို များပြားလာပြီး အများစုမှာ ငယ်ရွယ်သူအမျိုးသားများနှင့် အမျိုးသမီးများ ဖြစ်ကြသည်ဟု ဆိုသည်။ ယင်းသို့ ရွှေ့ ပြောင်းသူ သုံးပုံနှစ်ပုံမှာ အမျိုးသားများ ဖြစ်ကြပြီး ကျန်တပုံမှာ အမျိုးသမီးများ ဖြစ်ကြသည်။
အိမ်ထောင်စုအတွင်း အဝေးသို့ သွားရောက်လုပ်ကိုင်နေသည့် မိသားစုဝင် တဦးကျစီ ရှိနေကြသည့် အိမ်ထောင်စု အရေ အတွက်မှာ ဧရာဝတီတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၄ ခုလျှင် တခု၊ မကွေးတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၅ ခုလျှင် တခုနှုန်းရှိကြသည်ဟု လူမှုရေးနှင့် စီးပွားရေး အရည်အသွေးတို့ ဆန်းစစ်လေ့လာခြင်း သုတေသနလုပ်ငန်း အစီရင်ခံစာ တွင် ဖော်ပြသည်။
ယင်းသုတေသနကို ကမ္ဘာ့ဘဏ်၊ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) ၊Myanmar Survey Researchနှင့် Indochina Research တို့က ၂၀၁၅ ခုနှစ်တွင် ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုဒေသကြီးနှစ်ခုမှ လူများသည် အလုပ်အမျိုးမျိုးရှိနိုင်ပြီး ပုံမှန်ဝင်ငွေရရန် သေချာသည့်အခွင့်အလမ်းများရှိရာ မြို့ကြီး များသို့ရွှေ့ပြောင်းကြခြင်းဖြစ်သည်။
ရွှေ့ပြောင်းလုပ်ကိုင်သူများ၏ ၅၈ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့သို့ လာရောက် လုပ်ကိုင်ကြသည်ဟု ဆိုသည်။ လုပ်အားခ ပိုမို ရရှိနိုင်ခြင်း၊ အလုပ်အကိုင် ရရှိရန် လွယ်ကူခြင်း၊ လုပ်ငန်းခွင် အခြေအနေများနှင့် လူနေမှုဘဝများ တိုးတက်ကောင်းမွန် လာခြင်းတို့ကြောင့် ရွှေ့ပြောင်းကြခြင်း ဖြစ်သည်။
“ အညာမှာက အလုပ်က မရှိဘူးတော့ မဟုတ်ဘူး၊ ရှိတယ်။ ဒါပေမယ့် တနေ့ကို မနက်ကြီးပိုင်း ၁၅၀၀၊ ညနေပိုင်း ၁၅၀၀ လောက်ပဲရတယ်။ ဒါကလည်း တလလုံးမဟုတ်ဘူး။ လေးငါးဆယ်ရက်ပဲ။ အလုပ်က နေ့တိုင်း မရှိဘူး။ ဝင်ငွေနည်း တော့ အိမ်မှာ အဆင်မပြေဘူး”
မောင်ထွေးက အညာဒေသတွင်သာ မိသားစုနှင့် မခွဲမခွာ လုပ်ကိုင် စားသောက်လိုသော်လည်း ရရှိသည့်လုပ်အားခမှာ မိ သားစုရပ်တည်ရန် မလုံလောက်သည့်အတွက်ကြောင့်သာ မတတ်သာသည့်အဆုံး ဇာတိမြေ ပခုက္ကူကို ကျောခိုင်း ထွက် လာခဲ့ရပြီး ရန်ကုန်လို နေရာမျိုးတွင် ဈေးလာရောင်းချရပုံကို ပြောပြသည်။
အများစုမှာ အခန်းလေးများကို စုပေါင်း ငှားရမ်းနေထိုင်ကြပြီး နံနက်မိုးလင်းသည်နှင့် မိမိတို့ အသက်မွေးရာ လုပ်ငန်းရှိ ရာဆီသို့ အလျှိုအလျှို အသီးသီး ထွက်ခွာကြရသည်။ အချို့က တွန်းလှည်းလေးများဖြင့်၊ အချို့က ဆိုင်းထမ်းလေးများ ဖြင့်။
“ကျနော်တို့ဒေသမှာက နွေရာသီဆို အလုပ် လုံးလုံးကို မရှိဘူး။ မိုးတွင်းဆိုရင်တော့ ထယ်ထိုး၊ ဂျောင်းဆွဲ အလုပ်လေး တွေ ရှိတယ်။ ဒါကလည်း မနက်ကြီးပိုင်းလောက်ပါပဲ။ နေ့လယ်ဆို နေပူလို့ မလုပ်ရဘူး။ တနေ့ကို ၅ထောင်ရတဲ့နေ့ လည်း ရှိတယ်။ ပဲနုတ်တာတို့၊ ကန်ဖို့ဖို့ မြေတူးတာတို့။ ဒါပေမယ့် အဲဒါတွေက ဘိုင်သေမရှိဘူး။ ဒါကြောင့်မို့ ဒီမှာလာ လုပ်တာ။ အိမ်ကို ပိုက်ဆံ ပို့နိုင်တယ်လေ။ ပြီးတော့ ဒီမှာက အရိပ်ထဲမှာ လုပ်ရတာ။ ဟိုမှာက နေပူကြီး”
စားသောက်ဆိုင်တဆိုင်တွင် စားပွဲထိုး ဝင်ရောက်လုပ်ကိုင်နေသော မကွေးတိုင်း နတ်မောက်မြို့နယ်၊ စံပြနဘဲတန်း ရွာမှ အသက် ၁၄နှစ် အရွယ် မောင်လုံးက ပြောသည်။
“ ရွာကိုတော့ လွမ်းတာပေါ့။ ဒါပေမယ့် အိမ်ကို ငွေပို့နိုင်လို့ ပျော်ပါတယ်” ဟု ရွာကို မလွမ်းဘူးလားဆိုသည့် အမေးကို ရယ်ကျဲကျဲဖြင့် ဖြေသည်။
အမျိုးသားများနည်းတူ အမျိုးသမီးငယ်လေးများမှာလည်း ရန်ကုန်မြို့ပြကြီးရှိ အထည်ချုပ် စက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်မှုများ အများအပြား ရှိလာသည်။ တချို့မှာ အဆောင်များတွင် နေထိုင်ကာ လုပ်ငန်းခွင်ဝင်နေသူ များရှိသလို အချို့မှာလည်း စရိတ်ငြိမ်း စီမံပေးထားသည့် လုပ်ငန်းခွင်တွင် ရောက်ရှိလုပ်ကိုင်နေကြရသည်။
ထိုသို့ ရွှေ့ပြောင်းအခြေချမှုများ မြင့်မားလာသော်လည်း သိသာထင်ရှားသော စီးပွားရေးအကျိုးရလဒ်များ ဖြစ်ပေါ်လာ ခြင်း မရှိပေ။ ရွှေ့ပြောင်းလာသူအများစုသည် မြို့ကြီးများတွင် ကျွမ်းကျင်အဆင့်မဟုတ်သော အထွေထွေလုပ်သား လို အပ်သည့် ဝင်ငွေနည်းလုပ်ငန်းများတွင်သာ လုပ်ကိုင်ကြရခြင်းကြောင့် ဖြစ်သည်။
၎င်းတို့၏ဝင်ငွေမှာ ရပ်ရွာရှိ ကျန်ရစ်သော မိသားစု၏စားသောက်ရေးစရိတ် ကာမိအောင်၊ ဝင်ငွေ တည်ငြိမ်အောင်နှင့် ကြွှေးမြီဝန်ထုပ် လျှော့ချနိုင်အောင်သာ အသုံးပြုနိုင်ကြသည်ကို တွေ့ရသည်။
ထိုနည်းတူစွာပင် ရွှေ့ပြောင်းအလုပ်သမားများ ဒေသကို စွန့်ခွာခဲ့၍ ဇာတိရပ်ရွာ ဒေသများရှိ မိရိုးဖလာ လုပ်ငန်းများ တွင်လည်း လုပ်သားရှားပါးမှုများနှင့် ကြုံတွေ့လာရသည်။ ဝင်ရောက်လုပ်ကိုင်ကြသည့် လုပ်သားဦးရေ နည်းပါးလာ ခြင်းတို့ကြောင့် လုပ်ငန်းလည်ပတ်ရန် အဆင်မပြေတော့သဖြင့် လုပ်ငန်းရပ်နားထားလိုက်ရသည်များ ရှိလာသည်။
အချို့မှာလည်း တခြားအရပ်မှ လာရောက်လုပ်ကိုင်ကြသည့် ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားများကို ငှားရမ်းလုပ် ကိုင်ကြရသည့် အခက်အခဲများ ကြုံတွေ့လာရသည်။
နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားများအဖွဲ့(IOM)၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦး ရေ၏ ၂၀ရာခိုင်နှုန်းခန့် (၉ဒသမ ၃၉သန်းခန့်) ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ကြပြီး လက်ရှိတွင် အစိုးရ၏ခန့်မှန်းခြေ စာရင်းအရ ပြည်ပသို့ ရွှေ့ပြောင်း နေထိုင်လုပ်ကိုင်သူ ၄ဒသမ ၂၅ သန်းခန့် ရှိသည်ဟု ဆိုသည်။
နိုင်ငံတော်၏စီးပွားရေး တိုးတက်ခြင်း မရှိသေးသရွေ့ နိုင်ငံပြင်ပသို့ သွားရောက်လုပ်ကိုင်သူ များပြားလျက်ရှိပြီး နှစ်စဉ် သိန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများ ပြည်ပသို့ ထွက်ခွာနေသည့်နည်းတူ နိုင်ငံအတွင်းတွင်လည်း စီးပွားရေး တိုးတက်ရာ မြို့ကြီးများဆီသို့ နယ်ဒေသအသီးသီးမှ ရွှေ့ပြောင်းလုပ်ကိုင်သူများ နှစ်စဉ် မြင့်မားနေမည် ဖြစ်သည်။
သည်လိုနှင့်ပင် မွေးရပ်မြေကို စွန့်ခွာခဲ့ရသည့် ရွှေ့ပြောင်းနေထိုင်သူများ ဇာတိမြေကို လွမ်းမောရမည့်အချိန်များ ပိုမို ရှည်လျားနေပေဦးတော့မည်။
တမာတန်းကို ဖြတ်တိုက်လာသော လေအဝှေ့တွင် ထနောင်း၊ လက်ပံ၊ တမာရနံ့များ သင်းထုံနေသည့်အညာမြေကို ပြန် လည်ခြေချ နားခိုခွင့်ရရှိနိုင်ဖို့မှာ မောင်မြင့်ထွေးနှင့် မောင်လုံးတို့ကဲ့သို့ အညာသားများအတွက်တော့ အိပ်မက်ပမာပင် ဖြစ်နေပေဦးတော့မည်။