နျူကလီးယားလက်နက် မပြန့်ပွားရေးတောင်းဆိုနေသူများအတွက် ခက်ခဲသော အချိန်ဖြစ်နေသည်။ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်များ စမ်းသပ်ပြလာသည့် အချိန်တွင် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ ပြီဖြစ်သော နျူကလီးယား လက်နက် မပျံ့ပွားရေး သဘောတူညီချက်၏ ရည်မှန်းချက် ၂ ခုဖြစ်သည့် ကမ္ဘာလုံး အတိုင်းအတာဖြင့် လက်နက်လျှော့ ချရေး နှင့် နောက်ဆုံးတွင် ဖျက်သိမ်းရေးက မဖြစ်နိုင်ဖွယ်ရာ များလာနေသည်။
ပြီးခဲ့သည့် နှစ်အတွင်းတွင် ဖိအားပေး လျှော့ချရေးနှင့် ပတ်သက်၍လည်း နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော နိုင်ငံများတွင် တိုးတက်မှုက မရှိသလောက် ဖြစ်ခဲ့သည်ဟု အမေရိကန် ပညာရှင်အဖွဲ့အစည်း တခုဖြစ်သည့် Arms Control Association ၏ အဆိုအရသိရသည်။ ကမ္ဘာ့ပေါ်မှာ စီးပွားရေး အကြီးများဆုံး နိုင်ငံ အချို့ကလည်း ကုလသမဂ္ဂ၏ လက် နက်တားမြစ်မှု ညှိနှိုင်းခြင်းများကို သပိတ်မှောက်ခဲ့ကြသည်။
ထိုကဲ့သို့ အလားအလာများက မှုန်ဝါးနေသော်လည်း အရှေ့တောင်အာရှမှ နိုင်ငံတခုက တန်ဘိုးကြီး၍ အောင်မြင်သော ဇာတ်လမ်းတခုကို ပြသနိုင်ခဲ့သည်။
မြောက်ကိုရီးယားကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း တချိန်က နျူကလီးယား ရည်ရွယ်ချက်များ ရှိနေသော အပယ်ခံ နိုင်ငံ တခု ဖြစ်ခဲ့သည်။ နိုင်ငံတကာ ၏ အရေးယူ ပိတ်ဆို့မှုများ အတွင်းတွင်နစ်မြုပ်နေခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံက ပြောင်းလဲလာခဲ့ပြီး နျူကလီးယား လက်နက်မပျံ့ပွားရေးတွင် စံပြ ဖြစ်လာခဲ့သည်။ သတင်းတပုဒ်တွင် ဖော်ပြခဲ့သည့် အတိုင်းဆိုလျှင် နျူကလီးယား မူဝါဒတွင် အရေးပါသော အမြင်များကို ပေးခဲ့သည်။
“နျူကလီးယား မပြန့်ပွားရေး ဆုံးရှုံးမှုက သတင်းဆိုးတွေလိုပဲ သတင်းခေါင်းစဉ်တွေမှာ လွှမ်းမိုးနေတတ်တယ်။ အောင်မြင် မှုတွေကိုတောင် ပျောက်သွားအောင် ဖုံးကွယ်သွားလေ့ ရှိပါတယ်။ မြန်မာနိုင်ငံက အောင်မြင်မှုတခု ဖြစ်ပါတယ်။ နျူကလီး ယားလက်နက် မပျံ့ပွားရေးကို ပိုပြီး ယျေဘုယျကျကျ လုပ်နိုင်ဖို့ အရေးပါတဲ့ သင်ခန်းစာတွေ ပေးပါတယ်။” ဟု Pacific Forum CSIS မှ ဒါရိုက်တာ နှင့် နျူကလီးယား မူဝါဒရေးရာ အကြီးတန်း ပညာရှင်တဦး ဖြစ်သော David Santoro က Australian Strategic Policy Institute မှ ထုတ်ဝေသော စာတမ်းတစောင်တွင် ပြောသည်။
မြန်မာတို့ ဇာတ်လမ်း
၂၀၀၀ နှစ်များ အစောပိုင်း မှ ၂၀၁၁ ခုနှစ် အတွင်းတွင် မြန်မာနိုင်ငံ၏ နျူကလီးယား ရည်မှန်းချက်က နိုင်ငံတကာ အသိုင်း အဝိုင်းအတွက် စိုးရိမ်စရာ ဖြစ်ခဲ့သည်။
နျူကလီးယား သုတေသန ဌာနတခု နှင့် ဓာတ်ပေါင်းဖို တခုတည်ဆောက်ရန် ရုရှားနိုင်ငံနှင့် ဆွေးနွေးမှုများ အောင်မြင်မှု မရရှိဘဲ ၂၀၀၃ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီးနောက် မြန်မာအစိုးရက အကူအညီရရှိရေး အတွက် မြောက်ကိုရီးယား ဘက်သို့ ခြေဦး လှည့်ခဲ့သည်။ လျှို့ဝှက်ကုန်ပစ္စည်းများ တင်ဆောင်လာသော မြောက်ကိုရီးယား ကုန်တင်သင်္ဘောများ မြန်မာနိုင်ငံ သို့ ရောက်ရှိလာခြင်းက လက်နက်နှင့် စစ်လက်နက်ပစ္စည်းများ ရွေ့လျားမှု ဖြစ်သည်ဟု David Santoro က ပြောသည်။
“မြန်မာနိုင်ငံမှာ နျူကလီးယား လက်နက် အကောင်အထည်ဖော်မှုတွေ ဆက်လုပ်နေတယ်လို့ သံသယဖြစ်စရာ တွေ ၂၀၀၀ နှစ်နှောင်းပိုင်းတွေမှာ သိသိသာသာ တိုးလာခဲ့ပါတယ်။ သက်သေအထောက်အထားတွေက အမြဲတမ်း ရှင်းရှင်း လင်းလင်း မဟုတ်ခဲ့ပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မှုတိုးလာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တခုခု ဖြစ်နေတယ်ဆိုတာ ထင်ရှားလာလို့ ဖြစ်ပါတယ်။ စိုးရိမ်တာကတော့ မြန်မာနိုင်ငံက နျူကလီးယား လက်နက် ထုတ်လုပ် တဲ့ နောက်ထပ် တနိုင်ငံ ဖြစ်လာမှာကိုပါ။”
ထိုအချိန်တွင် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည်မှာ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟု သိ ကြသော စစ်အစိုးရတခု ဖြစ်သည်။ ဖိနှိပ်ကန့်သတ်သော နိုင်ငံရေး နှင့် လူ့အခွင့်အရေး မူဝါဒများကြောင့် ကမ္ဘာ့ အသိုင်းအ ဝိုင်းမှ ဝေဖန်မှုများ လည်းခံနေရသည်။ စစ်အစိုးရက နျူကလီးယား လက်နက်နှင့် ဆိုင်သော လုပ်ဆောင်မှုများ မရှိကြောင်း စနစ်တကျ ညင်းဆိုခဲ့ခြင်းကလည်း နိုင်ငံတကာ၏ သံသယများကို ပိုတိုးစေခဲ့သည် ဟု David Santoro က ပြောသည်။
၂၀၁၁ ခုနှစ်တွင် SPDC ဖျက်သိမ်းပြီးနောက် စစ်တပ်ကျောထောက်နောက်ခံ ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရ အာဏာရရှိလာခဲ့ပြီး စီးပွားရေး အဆင့်မြင့်လာရေး အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ ပြုလုပ်ခဲ့သည့် အတွက် နောက်ဆုံးတွင် အမေရိ ကန်နိုင်ငံက အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့ပြီး ၂၅ နှစ် အတွင်းတွင် ပထမဆုံးသော လွတ်လပ်သည့် ရွေး ကောက်ပွဲတခု ပေါ်ပေါက်လာအောင် လမ်းခင်းပေးနိုင်ခဲ့သည်။
ဦးသိန်းစိန်၏ လက်ထက်တွင် မြန်မာအစိုးရက ၎င်းတို့၏ နျူကလီးယား သုတေသန အစီအစဉ်ကို စွန့်လွှတ်ခဲ့ပြီး မပြန့်ပွား ရေးကို ကိုင်စွဲခဲ့သည်။ မြောက်ကိုရီးယား နှင့် ဆက်ဆံမှုများကိုလည်း ရုပ်သိမ်းရန် ကတိပြုခဲ့သည်။ ဦးသိန်းစိန် အစိုးရက နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ(IAEA) ၏ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခြင်း အပါ အဝင် ၎င်းတို့၏ ကတိများ ခိုင်မာစေမည့် ဆောင်ရွက် မှုများ ပြုလုပ်ခဲ့သည်ဟု David Santoro က မှတ်ချက်ပြုသည်။
“နျူကလီးယား လက်နက်မပြန့်ပွားရေးဘက်ကို ပြန်လှည့်တာက စစ်တပ်က သူတို့နိုင်ငံကို ကမ္ဘာနဲ့ တံခါးဖွင့်တော့မယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အချိန်မှာ စတင်ခဲ့တဲ့ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတခု အနေနဲ့ နားလည် ပေးဖို့လိုပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးတွေရဲ့ နောက်ကွယ်က အဓိက တွန်းအားက အမေရိကန်နဲ့ ဆက်ဆံနိုင်ဖို့ ဖြစ်ပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ အမေရိကန် အစိုးရက နျူကလီးယား လက်နက် မပျံ့ပွားရေးကို သူတို့နဲ့ ဆက်ဆံရေးမှာ ညှိနှိုင်းလို့ မရတဲ့ အခြေအနေတခု သတ်မှတ်ထားလို့ ဖြစ်ပါတယ်။ မြန်မာ အစိုးရကလည်း လုပ်ခဲ့ပါတယ်” ဟု သူက ရှင်း ပြသည်။
ယခုအခါတွင် မြန်မာနိုင်ငံက နိုင်ငံခြားတိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုများအတွက် အဓိကနေရာတခု ဖြစ်နေပြီး အမေရိကန် အသင့်စား စားသောက်ဆိုင် လုပ်ငန်းများ နှင့် ကိုယ်ပိုင် စတော့ အိတ်ချိန်း တခုလည်း ရှိနေပြီ ဖြစ်သည်။
အဓိက သင်ခန်းစာ ၃ ခု
နျူကလီးယား လက်နက်မပြန့်ပွားရေး အတွက် မြန်မာနိုင်ငံက လုပ်ဆောင်ရန် များစွာကျန်နေသေးသော်လည်း ၎င်း၏ အ တွေ့ အကြုံက နျူကလီးယား လက်နက်မပြန့်ပွားရေး တောင်းဆို ဆောင်ရွက်နေသူများ အတွက် အရေးပါသည့် အမြင် ၃ ခုကိုပေးပါသည်။
“ကမ္ဘာ့စီးပွားရေးထဲကို ပူးပေါင်းပါဝင်လာဖို့ စိတ်ဝင်စားနေတဲ့ နိုင်ငံတွေ အပေါ်မှာ အမေရိကန် နဲ့ ကျန်တဲ့ အနောက် နိုင်ငံတွေက ကြီးမားတဲ့ တွန်းအားပေးနေနိုင်ဆဲပါပဲ။ သူတို့ အနေနဲ့ အဲဒီ အစွမ်းကို နျူကလီးယား လက်နက်မပြန့်ပွားရေး အောင်မြင်ဖို့ တွန်းအား အနေနဲ့ သုံးနိုင်ပါတယ်။ သုံးသင့်ပါတယ်” ဟု David Santoro က ထောက်ခံ ပြောဆိုခဲ့သည်။
ဒုတိယ အနေဖြင့် နျူကလီးယား လက်နက်မပြန့်ပွားရေးသည် ကမ္ဘာ့နှင့် ဆက်သွယ်လိုသော နိုင်ငံများတွင် လိုအပ်ချက် တခု အဖြစ် ဆက်လက်ရှိနေရမည် ဖြစ်သည်။ နောက်ဆုံး အချက်မှာ နျူကလီးယား လက်နက်မပြန့်ပွားရေးကို မြှင့်တင် လိုသူများ အနေဖြင့် အချိန်ကန့်သတ်ချက်ကို ရှည်ရှည်ပေးခြင်းကို ဆက်လက်ထားရှိရမည် ဖြစ်ပြီး ကျယ်ပြန့်သော အချိန် အတိုင်းအတာ တခုအတွင်းတွင် အဆိုပါနိုင်ငံနှင့် နက်ရှိုင်း၍ ရေရှည် ခိုင်မြဲသော ထိတွေ့ဆက်ဆံမှုကို ပေးရမည်ဟု David Santoro က ပြောဆိုခဲ့သည်။
(www.cnbc.com ပါ Nyshka Chandran ၏ How this country went from nuclear problem child to role model ကို ဘာသာပြန်သည်)