နောက်တခါ လာပြန်ပြီဟေ့ဆိုတဲ့သီချင်းစာသာလေးလို ဝါးတားပါတီ ရေပါတီ အဲလေ ယောင်လို့ သင်္ကြန် ပြီးနောက် သိပ်မကြာခင်မှာ YBS ကောက်ရိုးမီးလေး ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ပဲအသက်ငင်နေချိန် မောင်ကေတို့ ရွှေမြို့တော် မှာ ဝါးတာတက်စီတွေ ရန်ကုန်မြစ်၊ လှိုင်မြစ်တို့အတွင်း ပြေးဆွဲမယ့် (Water Taxi) လာပါတော့မယ်လို့ ဟိုတလောလေးက သတင်းစာရှင်းလင်းပွဲ လုပ်သံ ကြားလိုက်ရပါတယ်။
နောက်တခါလာပြန်ပြီဟေ့လို့ မောင်ကေတို့ဆိုတာ မလွန်လောက်ပါဘူးနော့။ ခဲမှန်ဖူးတဲ့ စာသူငယ်လိုပေါ့။ မဟာရန်ကုန်သူ ရန်ကုန်သားများ YBS ရွှေကိုယ်တော်ကြောင့် ခုထိ အခက်အခဲတွေဖြစ်၊ လမ်းတွေ ပိုပိတ်၊ အလုပ်တွေ အိမ်ပြန်ချိန်တွေ ပို နောက်ကျ။
YBS နဲ့ ပတ်သက်ပြီး ကွီးကို မောင်ကေတို့ အကြံပြုချင်တာ ရည်ရွယ်ချက်က ကောင်းပါတယ်။ လုပ်ဆောင်ချက်တွေက ညံ့ဖျင်းတော့ ပြည်သူတွေက အစမ်းသပ်ခံတွေဖြစ်သွားပြီး အဆင်မပြေလို့ပြောကြရေးကြတော့ ဟိုးတလောကဆို တာဝန်ရှိ ပုဂ္ဂိုလ်မတဦးက နိုင်ငံရေးပယောဂကြောင့် မအောင်မြင်တာပါတဲ့။ သေပြီဆရာလို့ မောင်ကေ ညည်းချင်တော့တာ။
မောင်ကေတောင် “ကိုယ့်လုပ်ရပ် အသုံးမကျတိုင်း ဟိုလူ့လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုး လူတွေကို သားသိပ်မုန်းတာပဲ မေမေ” လို့တောင် ဖေ့ဘုတ်ပေါ် ရေးလိုက်သေးတယ်။ အရင်အစိုးရတုန်းကလို နေပြည်တော်အမြန်လမ်းမကြီး ယာဉ်တိမ်း မှောက်မှုတွေနဲ့ ပတ်သက်ပြီး စုန်း၊ကဝေပယောဂတွေကြောင့်လို့ မဖြေတာဘဲ ကျေးဇူးတင်ရမလို။
မောင်ကေတို့ ခုဆို အလုပ်သွားရင် မြောက်ဥက္ကလာကနေ ဆူးလေစီးတာ ဘယ်လိုမှ အဆင်မပြေ၊ သတ်မှတ်ထားတဲ့ ယာဉ် လိုင်းကလည်း တစီးသာရှိတာကြောင့် လာရင်လည်း ခွေးပြေးဝက်ပြေး ပြေးရပါသေးတယ်။ ၅ မိနစ်၊ ၁၀ မိနစ်ခြား တစီးပြီး တစီးလာပါရဲ့။ လာတဲ့ ၃စီးလုံးပေါ် ရုံးချိန်ဆိုတော့ ကားအပေါက်ဝမှာတင် မတ်တပ်ရပ်မရ၊ ပြည့်သိပ်ကျပ်ညှပ်နေတဲ့ကားက လမ်းမှာ ထပ်ကားကျပ်ပုံနဲ့ဆိုတော့ ဆူးလေအရောက် ကားစီးချိန်က ၁နာရီခွဲကျော် အနည်းဆုံးပဲ။
ရထားပြောင်းစီးတော့ တနာရီကြာပေမယ့် ပုဇွန်တောင်ဘူတာမှာ အသားလွတ် ၁၅ မိနစ်၊ မိနစ် ၂၀ ကျောက်ချထားပြန်ရော။ မောင်ကေလည်း ရထားပေါ်က တာဝန်ရှိသူကို မေးမြန်းကြည့်တော့ အလံမပြသေးလို့တဲ့။ ဘုဆက်ဆက်လေး ဖြေရှာတယ်။ ရ ထား မစီးဖူးဘူးလားဆိုတဲ့ မိုက်ကြည့်လေးနဲ့ပေါ့လေ။
တရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ်တော့ ဘာပြုလို့ မောင်ကေတို့ရထားကို ဘူတာကြီးဝင်လာဖို့ အလံမချိုး၊ မပြ တာ လဲ၊ နေ့တိုင်းကြီးဆိုတော့ လိုအပ်တာတွေ ပြင်ထားဆင်ထားပါလားလို့ မောင်ကေ မေးရဲမယ်ထင်လို့လား။ ယောင်လို့မှ မဟရဲ ခဲ့။ အော် ဒမိုဂယေစီ၊ ဒမိုဂယေစီ။
YBS လုပ်လိုက်လို့ ဘုံပျောက်သွားရတဲ့ မောင်ကေတို့ဝန်ထမ်းလေးတွေခမျာ၊ ရထားလည်း လင်လုပ်မရ၊ အိမ်က စောနိုင် သမျှ စောထွက်ပြီး ကွီးရဲ့YBS ကြီးကို တောင့်ခံထားချိန်မှာ ကွီးကတော့ ခွင့်လေးတိုင်လိုက်၊ ပယောဂလို့ပြောခိုင်းလိုက်၊ ဖွင့်ပွဲတွေ အားပေးလိုက်နဲ့ ဟန်ကျနေတာကို သတင်းတွေထဲ မြင်မြင်နေရတယ်။
ခုလည်း ကွီးရဲ့မဟာစီမံချက်ကြီးတခုဖြစ်တဲ့ ဝါးတားတက်စီ ဇွန်လအမီ ပြေးဆွဲတော့မည်ဆိုတော့ မောင်ကေတို့ဆိုတဲ့ နောက် တခါလာပြန်ပြီဟေ့ဆိုတာ မလွန်လောက်ပါဘူးနော့။ ညဈေးတန်း၊ YBS၊ ဝါးတားတက်စီ။ အင်း…ဘာတွေဖြစ်ကြဦးမည်လဲ ပေါ့။
ဒီဖြစ်ရပ်တွေ သံဝေဂရပြီး မောင်ကေတယောက် ငယ်ငယ်ကနားထောင်ခဲ့တဲ့ ဘိန်းစားဘမောင်ဆိုတဲ့ ပုံပြင်လေး သွားသတိ ရတယ်။ ဘမောင်ဟာ တနေ့တနေ့ ဘိန်းလေးရှူလိုက်၊ ဘိန်းကောင်းနေတုန်း ရတဲ့စိတ်ကူးလေးတွေကို သူ့မိန်းမ ထုတ် ပြောလိုက်၊ ဘိန်းပြယ်သွားချိန် တရှောင်ရှောင်ပြန်လုပ်လိုက်နဲ့။ တခါထပ်ရှူလိုက် စိတ်ကူးလိုက်နဲ့ တသက်လုံး မိန်းမ လုပ် စာထိုင်စားရင်း မိန်းမကတော့ တရက်လုပ်နိုး လုပ်နိုး၊ သူ့စိတ်ကူးတွေဖြစ်မလာဘဲ ဘမောင်သာ ဘိန်းစားဘဝနဲ့သေသွားပါ တယ်။
ကွီးကို ဘိန်းစားနဲ့မနှိုင်းရဲပါဘူး။ တော်ကြာ ဟိုနာရီကိစ္စလို တရားစွဲလိုက်မှ ကြောက် ကြောက်။ ဒါပေမယ့် စိတ်ကူးပေါ်တိုင်း ထလုပ်မယ်ဆိုလည်း နှိုက်နှိုက်ချွတ်ချွတ် ထဲထဲဝင်ဝင် သိတတ်တဲ့ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ လုပ်စေချင်တာ။
အပြင်မှာ မောင်ကေ ကြားသလို ပြန်ပြောရရင် ခရိုနီတွေ ခိုင်းသမျှ အကျိုးမျှော်လုပ်နေတယ်ဆိုတဲ့စကားကိုလည်း ကွီးကြား စေချင်တယ်။ အဲဒီလောက်တော့ မောင်ကေတို့ ပြောခွင့်ရှိရဲ့၊ လက်သန်းလေး မင်စွန်းခံပြီး ကွီးကို တင်ထားရတာလေ။ မောင် ကေက ပရောဂကင်းကြောင်း ရဲရဲပြောဝံ့တယ် သိလား။
လုပ်ပါ ရှင်တို့ရဲတွေပဲ အဲလေ ကွီးတို့က လုပ်ပိုင်ခွင့်ရထားသူတွေဆိုတော့ ဝါးတားတက်စီ မကလို့ မိုးပျံတက်စီပဲ လုပ်လုပ် မောင်ကေတို့က ခံရမှာ အဲလေ စီးရမှာ။ ဖွင့်ပွဲနေ့ကျရင်လည်း YBS တုန်းကလို လျှပ်ပြေးရေယာဉ်ပေါ် ချောင်ချောင်ချိချိ လေးစီး စလိုးမိုးရှင်းလေးနဲ့မောင်းပြ စီးကြဦးမှာ မောင်ကေ မြင်ယောင်မိသေးတယ်။
အဆိုးမြင်တဲ့ မောင်ကေ သူငယ်ချင်းတယောက်က ဝါးတားတက်စီနဲ့ပတ်သက်ပြီး ဘာပြောသလဲဆိုရင် ဟေ့ယောင် မောင်ကေ အဲဒါ လူလျှော့တဲ့ စီမံကိန်းကွတဲ့။
မောင်ကေ ရုတ်တရက် နားမလည်။ ဘာလဲဗျ ခများစကားက ဆိုတော့ ဒီလိုကွ ရန်ကုန်ရွှေမြို့တော်ကြီး လူဦးရေထူထပ် ကျပ်ညှပ်နေတာ မင်းလည်း အသိ။ YBS မှားတာက လမ်းပဲလျှောက်ရတာ၊ ဝါးတားတက်စီစနစ် မှားလိုက်ရင် အကုန်လုံး ရေထဲ ကာလနာတိုက် နစ်သေကုန်မှာလေတဲ့။ အနုနည်းနဲ့ လူလျှော့တာပေါ့ကွတဲ့။
သူကတော့ ရယ်ကျဲကျဲနဲ့ ပြောလိုက်တာဆိုပေမယ့် မောင်ကေ မရယ်နိုင်ပါ။ ရေဆိုရင် ရေချိုးခန်းလောက်နဲ့သာကြီး ပြင်းခဲ့ ရတဲ့ မောင်ကေတို့အတွက် ဝါးတားတက်စီအတိမ်းအစောင်းများ ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက မောင်ကေကို နှိပ်စက်လို့ နေပါ တယ်။
ဟုတ်တယ်လေ၊ ကွီး စဉ်းစားကြည့်၊ ရေလမ်းခရီးမှာ ရေမကူးတတ်တော့ အခြား ညဈေးတန်း၊ YBS တို့လို မှားယွင်းသွားရင် ဘယ်လိုလုပ်ရပ။
ခုလည်း မောင်ကေ ဒီစာလေးရေးနေတုန်း ကွီးက UBER တက္ကစီကိုလည်း စံပြအဖြစ် လုပ်ဆောင်ဦးမှာပါတဲ့။ မောင်ကေ ဘော်ဒါကြီး အငှားယာဉ်မောင်းတဦးကတော့ ယာဉ်ကျောကျပ်မှုကို မဖြေရှင်းဘဲ ကြိုက်တဲ့စနစ်ကိုလုပ် မအောင်မြင်နိုင်ပါ ဘူးတဲ့။ အားပေးကြမ်းတယ်နော့။ မောင်ကေကတော့ ယူဘာဆိုတာကိုက နိမိတ်လိုဖြစ်မှာ တွေးပူမိတယ်။
ဝါးတားတက်စီ ကိစ္စကတော့ ဘယ်သူအကောင်အထည်ဖော်ဖော် ကွီးပိုင်နက်ထဲမှာဖြစ်လို့ ကွီးမှာတာဝန်ရှိတယ်လို့ ဆိုချင်ပါ တယ်။ မောင်ကေကတော့လေ ခုကတည်းက အသက်ကယ်အကျႌ ဝယ်ထားရမလား၊ ဒါမှမဟုတ် ရေကူးသင်ထားရမလား၊ ရေနစ်မသေတဲ့ဂါထာတွေလည်း ရှာဖွေကျက်ဖို့ စဉ်းစားနေရပြီ။
ဟုတ်တယ်လေ။ မဟာရန်ကုန်မှာက မထသယာဉ်မောင်းများလို ဝါးတားတက်စီကို မောင်းကြရင်ဖြင့် မောင်ကေတို့ သေချင်း ဆိုးနဲ့ရေထဲ မသာပေါ်ရမယ့်အဖြစ်ကြီးလေ။ မမောင်းဘူးလို့ ကွီး အာမခံလား။
ပြီးတော့ ကွီးက အရေးရယ်အကြောင်းရယ် ရှင်းကြ လင်းကြပြီဆို ရှောင်တခင်ခွင့်က ယူတတ်ပါဘိ။