ဆောင်းပါး

အနာဂတ် အတွက် အိမ်လည်ကြူးတဲ့သား နှင့် ကိုကိုးကျွန်း ကဗျာ

Want create site? Find Free WordPress Themes and plugins.

ကျနော် ရှာနေသော ကဗျာ စာအုပ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် ထွက်ရှိပြီး ဇန်နဝါရီလ မန္တလေး ရောက်သော အခါ ထိုစာအုပ် ထုတ်သော ပိတောက် ရနံ့ စာအုပ်တိုက်မှ ရရှိခဲ့လေသည်။

ထိုစာအုပ်မှာ တင်မောင်အေး ဘာသာပြန်သည့် ဗားတော့ဗရက် ၏ အနာဂတ်အတွက် ကဗျာ ဆိုသော စာအုပ် ဖြစ်ပါသည်။

ထိုစာအုပ်ကို ယခင်ထွက်ခဲ့စဉ်က ကျနော် အလွန် သဘောကျ၏။ နောက် စစ်အစိုးရ စာပေ စိစစ်ရေးက ထိုစာအုပ်ကို ပြန်လည် ထုတ်ဝေခွင့် မပြုတော့ပါ။

ယခုအခါ ဒုတိယ အကြိမ် ထုတ်ဝေခြင်း ဖြစ်သည်။ ကျနော်တို့ နိုင်ငံအကြောင်း ဗားတော့ဗရက် က ရေးဖွဲ့ထားလေသလား ဟု ထင်ရလောက်အောင် ဖြစ်သောကြောင့် ထိုစာအုပ်ကို ကျနော် တပ်တပ် မက်မက် ဖြစ်ခဲ့ရပါသည်။

ထို ကဗျာစာအုပ် ပထမဆုံး ကဗျာ ဖြစ်သော အနာဂတ်အတွက် ကဗျာ တွင် –

တကယ်တော့ ငါ့ ခေတ်ဟာ အမှောင်ခေတ်ကြီးပါ။ ရိုးရိုးမှန်မှန် ပြောလို့ မဖြစ်ဘူး။

မျက်မှောင် မကြုတ်တဲ့ လူဟာ ခေတ်ရဲ့ ဒုက္ခတွေကို ခံစားတတ်ဖို့ပဲ….။ ရယ်မောနေတဲ့ လူဟာလည်း ကြောက်စရာကောင်း တဲ့ ခေတ်ရေစီးရဲ့ ဝါးမြိုမလို တက်လာတဲ့ အသံကို မကြားသေးသူသာ ဖြစ်တယ်…..။

ငါတို့ ခေတ်မှာ ဘယ်လမ်းကို ဆုံးအောင်လိုက်လိုက် ရွှံ့ဗွက်အိုင်ကြီးတွေက ပိတ်ဆီးပြီး ရောက်လာသူကို မြိုပစ် နေတာ ပဲ….။ စကားပြောရင်လည်း အသတ်ခံရမှာ ကြောက်နေရတယ်။

ငါ မဖြစ်စလောက်ဘဲ လုပ်နိုင်၊ တတ်နိုင်တယ်….။

ဒါပေမယ့် ငါ မရှိခဲ့ရင်…..။

ငါတို့ခေတ် အစိုးရဟာ ခုလောက် ပြုတ်အကျ မြန်မှာ မဟုတ်ဘူး….။

ကဗျာဆရာကြီး တင်မိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ လက်ရွေးစင် ကဗျာစာအုပ် မျက်နှာဖုံး

ငါကတော့ ပြုတ်ကျစေမယ့် ရည်မှန်းချက်နဲ့ လုပ်ခဲ့ပါ တယ်။ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ…..။

ငါတို့ လုပ်နိုင်တာ ဒါပဲ ရှိတော့တာကိုး…..။

ဟု ရေးထားသည်။

ထိုစာအုပ်တွင် ကဗျာ အပုဒ်ပေါင်း ၁၂ ပုဒ် ပါရှိသည်။ စာအုပ်မှာ ခပ်ပါးပါးသာ ရှိ၏။ သို့သော် ထိုခပ်ပါးပါးသည် နှလုံးသား ထဲ နစ်မြုပ်လောက်အောင် ရင်ကို ထိခတ်သွားသော ကဗျာများ ဖြစ်လေသည်။ ထို ကဗျာများသည် လူသား၏ နှလုံးသား ကို စွဲကိုင် လှုပ်ခတ် သွားစေပါသည်။

ကဗျာသည် စာပေ ယဉ်ကျေးမှု၏ အစောဆုံးသော လက်ရာ ဖြစ်၏။ စကားပြေထက် စော၍ ကဗျာက ပေါ်ပေါက်လာသည်။ ထိုကဗျာမှ နေ၍ စကားပြေများ ပေါ်ထွန်းလာသည်။

ရှေးခေတ် စာဆိုများသည် ကဗျာချည်း ဖြစ်ပါသည်။ ဟိုးရေ့စ် (Horace) ၏ Odes ကဗျာသည် စာပေ ပေါ်ထွန်းမှုတွင် အစောဆုံး ရှိခဲ့သည်ဟု သုံးသပ်ကြ၏။

စာပေပညာရှင်များက ဝတ္ထု စကားပြေ ပေါ်ပေါက်လာသည်မှာ အနှစ် ၂၀၀ ကျော်ပင် ရှိသေးသည်ဟု ဆိုကြသည်။ မြန်မာ စာပေ လောကတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။

မိတ္ထီလာ ကန်တော် အောက်က ဖားကောက် ခဲ့ပါ။ ဆိုသော ကဗျာဖြင့် ကျနော်တို့ ကြီးပြင်းခဲ့ပါသည်။ ကဗျာသည် နှလုံးသား ရေးရာ သက်သက် မဟုတ်ဘဲ ခေတ်ကို ဖော်ပြနိုင်သော ကဗျာများမှာ ထင်ရှားကြလေသည်။ ပြည်သူ ကလည်း သူတို့ ရင်ထဲကို ထင်ဟပ်သည့် ကဗျာများကို သဘောကျကြ၏။

ကျနော့် ရင်ကို လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကတည်းက ယခုထက်တိုင် ထိခတ်စေပြီး ယနေ့အထိ မမေ့သော ကဗျာ တပုဒ် ရှိသည်။ ထိုကဗျာ ရေးသူကိုလည်း မမေ့နိုင်ပါ။
ကဗျာ ရေးသူမှာ မန္တလေး တက္ကသိုလ် ကျောင်းသား သမဂမှ ကိုလေးမောင် ဖြစ်သည်။ သူသည် ကိုကိုးကျွန်း အစာငတ်ခံ ဆန္ဒပြပွဲတွင် အသက်ပေးသွားသည့် အတိုင်း ကဗျာကို ရေးဖွဲ့ခဲ့သူ ဖြစ်သည်။

သည်မှာ ပင်လယ်ပြာ
သည်မှာ ငွေလွှာ သဲသောင်
သည်မှာ ကျောက်ဆောင် မဟူရာ
သည်မှာ ဆတ်သွားတော၊ ဘိစပ်တော
ရှည်မြော သောင်ကမ်း
အုန်းတန်း ယှက်မိုး၊ ကျွန်း ကိုကိုးမှာ
ကမ္ဘာရှည်ထွန်း မော်ကွန်း အစဉ်
သွေးနှင့် တင်မယ်….။

ဆိုသော ကဗျာ ဖြစ်သည်။

သူ့ဘဝ နှင့် အတူ ထိုကဗျာကို ရေးဖွဲ့ခြင်း ဖြစ်သလို ထိုကဗျာနှင့် အတူ တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သောကြောင့် ထိုကဗျာကို မမေ့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

နောက်ကဗျာ တပုဒ်မှာ ကဗျာဆရာ တင်မိုး ၏ အိမ်လည်ကြူးတဲ့သား ဆိုသော ကဗျာ ဖြစ်လေသည်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ကာလ အသတ်ခံရ၊ အပစ်ခံရသော ကျောင်းသား ရဲဘော်များ၊ ပြည်သူများကို ရေးဖွဲ့ထားသော ကဗျာ ဖြစ်သောကြောင့် ရင်ထဲနင့်အောင် ခံစားရလေသည်။

ထိုကဗျာမှာ –

ကာရန်ချိုမြ သွေးစ စွန်းနေတယ်၊ တယောကြိုးလည်း တီးတိုး ငိုကြွေးတယ်
ဂစ်တာ တလက် အုတ်ခုံထက်မှာ၊ အသက် မရှိရှာတော့ဘူး…။

အမေ့အိမ်နား ဒီညများမှာ၊ စစ်သား ဖိနပ် တခွပ်ခွပ်နဲ့
ရပ်လို့ စောင့်နေတယ်…။

အိမ်လည်ကြူးတဲ့သား၊ မိုးစက်တွေကြားမှာ
ငှက်ဖျား မိနေရော့သလား…။

အမေ့နားမှာ
သား ခေါ်သံများ တိုးတိုးကြားလျှင်၊ နားကို လှည့်စား ဒီညများ
ဘယ်သွားနေလဲ လူလေးရယ်….။

သားတို့ကျောင်းက ခွပ်ဒေါင်းလံကလေး၊ ရေမြောင်းဘေးမှာ
သွေးတွေ စွန်းလျက်၊ ညနေဘက်က
ရပ်ကွက်ထဲက လူတွေ တွေ့ခဲ့သတဲ့…။

အမေ့သား စကား တိုးတိုး ပြောလှည့်ပါ….။

ထိုကဗျာသည် ၁၉၈၈ ခုနှစ်များက ဆရာ တင်မိုး ရေးဖွဲ့ခဲ့သော ကဗျာများတွင် ကျနော် အခံစားရဆုံး ကဗျာ ဖြစ်၏။ ထို ကဗျာနှင့် အတူ နောက်ထပ် အကျေနပ်ဆုံး နှင့် သဘော အတွေ့ဆုံး ကဗျာမှာ ကွန်မြူနစ် ဆန့်ကျင်ရေး လူကြီးမင်းများ ဆိုသော ကဗျာ ဖြစ်ပါသည်။

NLD ပါတီ ဖွဲ့စက NLD တွင် ကွန်မြူနစ်များ လွှမ်းမိုးနေပြီဟု ဗိုလ်အောင်ကြီး က စွပ်စွဲပြီး ကွန်မြူနစ်များ ဆန့်ကျင်ရေး အတွက် လှုပ်ရှားနေစဉ်တွက် ကဗျာဆရာ တင်မိုးက ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။

ဖောက်ပြန်ရေးသမား အဆက်ဆက်သည် ထိုကဲ့သို့ စွပ်စွဲလေ့ ရှိကြောင်း၊ ပြည်သူလူထု အုံကြွလာလျှင် ကွန်မြူနစ်များ မြှောက်ပေး၍ ဖြစ်သည်ဟု စွပ်စွဲလေ့ ရှိကြောင်း ဆရာ တင်မိုး က ပီပီပြင်ပြင် ရေးဖွဲ့ထား ပါသည်။

ပြည်ထောင်စု ပြိုကွဲပြီး ဖရိုဖရဲ မဖြစ်အောင်တဲ့
မျိုးချစ်စိတ်ဓာတ် တခွဲသားနဲ့၊ စကားကို တရားလုပ်
လွှင့်ထုတ်နေကြ ဓာတ်ပြားဟောင်း အတိုင်း အပ်သွားကြောင်း ထပ်ပြီး အဓမ္မ ပါးစပ်နဲ့
ကျားကျား မီးယပ် လုပ်ကြပြန်ပြီ…..။

ကျောင်းသားနဲ့ ပြည်သူ
ဆူပူအောင်လုပ်တာ ဗကပ လို့ တမျိုး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ အတွင်း
ကွန်မြူနစ်တွေ စီးနင်းလေဟန် သတင်းတွေ ချဲ့ကား
အတင်း လိမ်လည် လှည့်စားလို့ တမျိုး
မဟားတရား ကြံစည်ပြီး ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ…..။ ဟု ရေးဖွဲ့ခဲ့သည်။

အိမ်လည်ကြူးတဲ့သား ကဲ့သို့ပင် စစ်ပွဲ၏ ကြေကွဲစရာ ကောင်းလှပုံကို ဗားတော့ဗရက် ကလည်း ကလေးတွေ အမေပျောက် စဉ်က ဆိုသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။
၁၉၃၉ ခုနှစ်က ပိုလန်နိုင်ငံကို ဖက်ဆစ် နာဇီများ ဝင်ရောက် ကျူးကျော် တိုက်ခိုက်စဉ်က ပိုလန်ပြည်သူများကို တွေ့သမျှ နေရာတွင် ပစ်သတ်ခဲ့သည်။ ကလေးငယ်များမှာ မိဘမဲ့များ ဖြစ်ကျန်ကာ နေစရာမရှိ၊ သွားစရာမရှိ မိဘမဲ့များ အဖြစ် စားစရာ ရှာရင်း၊ အိပ်စရာ နေရာရှာရင်း လှည်လည်သွားလာ နေပုံကို ကြေကွဲစရာ၊ ရင်နင့်စရာကောင်းအောင် ရေးဖွဲ့ ထားခြင်း ဖြစ်သည်။

နှင်းသည်းထန်တဲ့ ဆောင်းလယ်မှာပဲ
ပိုလန်ပြည် အရှေ့ပိုင်းက မြို့လေး တမြို့မှာပဲ
ကြုံခဲ့ပုံလေးလေ….။

ကလေးတွေ အမေပျောက်တော့ ကလေးချင်း စုကာ
အမေ သို့မဟုတ် ခိုကိုးရာ လိုက်လို့ ရှာကြပါတယ်တဲ့…။

တာလမ်းမကြီးတွေ တလျှောက်မှာ
ငတ်ပြတ်နေတဲ့ ကလေးတွေဟာ အစုအဝေးနဲ့ ခိုကိုးရာ ရှာတယ်….။

အိမ်ပျက်တွေနား ရောက်တော့
အိမ်ထဲက ကလေးတချို့ ထွက်လာပြီး
အဲဒီ အစုအဝေးထဲကို လိုက်လာပြီး
ဖေဖေ မေမေ တို့ကို ရှာဖို့ လိုက်ခဲ့တယ်….။

………………………
အဲဒီနှစ် ဇန်နဝါရီလမှာ
ပိုလန်လူမျိုး တချို့ဟာ အစာ ငတ်ပြတ်နေတဲ့
ခွေးတကောင် ဖမ်းမိတယ်
ခွေးရဲ့ လည်ပင်းမှာ စာတမ်း ကတ်ကလေး တခု
ကြိုးနဲ့ချည်ပြီး တန်းလန်း ဆွဲထားတာ တွေ့တယ်….။

စာကတော့
ကျေးဇူးပြု၍ ကူညီပါ ခင်ဗျား
ကျနော်တို့ ဘယ်ကိုရောက်နေသလဲ မသိတော့ပါဘူး….။

ကျနော်တို့ ကလေး ၅၅ ဦး ရှိရာသို့
ဤခွေးက ခင်ဗျားကို လမ်းပြပေးပါလိမ့်မည်
တကယ်လို့ ခင်ဗျား ကျနော်တို့ကို လာမကယ်အားပါက
ဒီခွေးကို လွှတ်လိုက်ပါ….။

ခွေးကို ပစ်မသတ်ကြပါနဲ့၊ ကျနော်တို့ ရှိရာကို ဒီခွေးကလွဲလို့
ဘယ်သူမှ လမ်းရှာလာတတ်မှာ မဟုတ်ပါဘူး….။

ကလေး လက်ရေးလေးနဲ့ပဲ…၊ လယ်သမားတွေက ဒါကို ဖတ်မိကြပါတယ်….
အဲ့ဒီ နောက် ၂ နှစ်လောက်ကြာတော့
အစာ ငတ်နေတဲ့ အဲဒီခွေးဟာ လှည့်လည်ရင်း သေသွား ပါတယ်….။ ဟူ၍ ရေးဖွဲ့ထားသည်။
ထိုကဗျာများကို ကျနော် ဘယ်တော့မှ မမေ့နိုင်တော့ပါ။

ကဗျာများသည် ခေတ်ကို ထင်ဟပ် ဖော်ပြနေသလို သမိုင်းကိုလည်း ပြောနေကြပါသည်။ ။

ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading