၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိခဲ့ပြီးသည့်အချိန်မှစ၍ နှစ်ပေါင်း၇၀နီးပါး ပြည်တွင်းစစ်ခရီးကြမ်းကို ဖြတ်သန်းခဲ့ ရသော မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဟူသည့်စကားရပ်ကိုပင် ကြောက်စရာကောင်းပြီး တိုင်းပြည်ပြိုကွဲရေးဆီသို့ တွန်းပို့သည့် အတွေးအခေါ်၊ အသုံးအနှုန်းတခုဟု အစိုးရအဆက်ဆက်က ပုံဖော်ခဲ့ကြသည်။
ကျောင်းစာသင်ခန်းများထဲ၌ပင် ထိုကဲ့သို့သင်ကြားစေခဲ့ပြီး မျိုးဆက်ပေါင်းများစွာကို ဤစကားရပ်အပေါ်တွင် နားလည်မှု လွဲ ချော်စေခဲ့သည်။
သို့သော် ၂၀၁၂ခုနှစ် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားတပိုင်း အစိုးရတက်လာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် အပြောင်း အလဲများထဲတွင် ဖက်ဒရယ်အယူအဆပေါ်တွင် နားလည်မှုနှင့် ပို၍ ကျယ်ပြန့်စွာ လက်ခံလာခဲ့ကြခြင်းတို့ပါဝင်သည်ဆိုလျှင် မှားမည်မဟုတ်ပေ။
သာမန်ပြည်သူအတော်များများကပင်လျှင် ဖက်ဒရယ်ပြည်ထောင်စုဆိုသည့်ဝေါဟာရကို အပြုသဘောဖြင့် ပိုမို ကျယ်ပြန့်စွာ လက်ခံလာကြသည်ကို တွေ့ရပါသည်။ ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သော အစိုးရသစ်အနေဖြင့် လည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်သွားမည်ဟု အကြိမ်ကြိမ် ကတိပေးပြောဆိုခဲ့သည်။
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပင်လျှင် ဖက်ဒရယ်စနစ်ဆိုသည်ကို သူ၏မိန့်ခွန်းများ တွင် ထည့်သွင်းပြောကြားလာခဲ့သည်မှာ တကြိမ်ထက်မနည်းတော့ပေ။
၂၀၁၆ခုနှစ် ဩဂုတ်လကုန်ပိုင်းက နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၁ရာစုပင်လုံညီလာခံတွင် တပ်မတော်သားအစုအဖွဲ့မှ တင်ပြ ခဲ့သော စာတမ်းများအရ မြန်မာ့တပ်မတော်အကြီးအကဲများအနေဖြင့် ယခုလက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပင်လျှင် ဖက်ဒရယ်စနစ်ကို ပုံဖော်ပေးနေပြီးဖြစ်သည်ဟု ယူဆနေပုံရသည်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဘက်တွင်မူ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းများကို အကြိမ် ကြိမ်ရေးဆွဲခဲ့ကြပြီးဖြစ်သောကြောင့် ၎င်းတို့လိုချင်သော ဖက်ဒရယ်ပြည်ထောင်စုအသွင် ပုံသဏ္ဌာန်ကို ယေဘုယျအားဖြင့် မှန်း ဆနိုင်သည်။
ယခုလက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရအနေနှင့် ၎င်းတို့ရည်မှန်းထားသော ဖက်ဒရယ်ပြည်ထောင်စု ပုံသဏ္ဌာန်ကို တိုင်းပြည်သို့ တိတိကျကျချပြခဲ့ခြင်းမျိုးမရှိသေးပေ။
မည်သို့ပင်ဆိုစေကာမူ ရှေ့ဆက်ရမည့်မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်အတွက် ဖက်ဒရယ်စနစ်၏အနှစ်သာရနှင့် လက်တွေ့ကို မြန်မာနိုင်ငံတွင် ကျင့်သုံးနိုင်ရန်အတွက် အခြေခံဘုံသဘောထားနှင့် နားလည်မှုများရရှိထားရန် အလွန်အရေးကြီးပါသည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟု အမှန်တကယ်ခေါ်ဆိုနိုင်ရန်အတွက် မည်သည့်အခြေခံအချက်အလက်များပါဝင်သင့်သည်ကို ယေဘုယျအားဖြင့် သဘောတူညီမှုရှိထားမည်ဆိုပါက ပို၍လွယ်ကူနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ဒီမိုကရက်တစ်ဖက်ဒရယ် နိုင်ငံထူထောင်မည်ဟု ဆိုနေသော်လည်း မည်သို့သောအခြေခံများနှင့်ပြည်ထောင်စု ဖွဲ့စည်းပုံအသွင်သဏ္ဍာန်များကို ဆိုလို၍ မည်သို့အဓိပ္ပာယ်ဖွင့် ဆိုနေကြသည်ကို မသိရဘဲ နိုင်ငံရေးအရ ပြောဆိုရာတွင် အဆင်ပြေချောမွေ့မှု (political convenience) ရှိစေရေးအတွက်သာ ပြောဆိုသုံးနုန်းခြင်းမျိုးဖြစ်နေပါသည်။
ဤဆောင်းပါးတွင် ကမ္ဘာ့နိုင်ငံအတော်များများ၌ကျင့်သုံးနေကြသော ဖက်ဒရယ်ပြည်ထောင်စုအမျိုးအစားများကို ပိုင်းခြားလေ့ လာသုံးသပ်ရန် ရည်ရွယ်ချက်မရှိပါ။ မည်သို့ပင် ကောင်းမွန်ပြည့်စုံနေသည့် ဖက်ဒရယ်စနစ်ဖြစ်နေစေကာမူ ပုံတူကူးယူ၍ မရ သည့်အတွက် ဖက်ဒရယ်စနစ်အတော်များများ၏ ယေဘုယျအားဖြင့် တူညီသောအဓိကဝိသေသလက္ခဏာ အချို့ကိုသာ ခြုံငုံ တင်ပြ၍ မြန်မာနိုင်ငံ၏လက်ရှိအနေအထားဖြင့် ကိုက်ညီနိုင်မည့်အချက်များကိုသာ တင်ပြဆွေးနွေးသွားမည်ဖြစ်ပါသည်။
ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရန် သဘောတူညီမှု
ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတခု တည်ဆောက်နိုင်ရန် ထိုပြည်ထောင်စု၏အစိတ်အပိုင်းဖြစ်လာမည့်ပြည်နယ် သို့မဟုတ် တိုင်း ဒေသကြီးများအကြား သဘောတူညီမှု(Agreement to Establish a Federal Union)တခုရှိထားရန် လိုအပ်သည်။
နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ထိုပြည်နယ်နှင့် တိုင်းဒေသကြီးများအကြားရရှိထားသည့် ပြည်ထောင်စုဖွဲ့စည်း ပုံသဏ္ဌာန် (Structure of the Union) နှင့်ပတ်သက်သောသဘောတူညီချက်များကို ထည့်သွင်းစေပြီး ယင်းဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေ၏သြဇာသက်ရောက်မှု(constitutional supremacy)ကို အသိအမှတ်ပြုခြင်းသည်ပင်လျှင် ဖက်ဒရယ်ပြည် ထောင်စုစနစ်၏အရေးကြီးဆုံး ဝိသေသတခုဖြစ်သည်။
ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီးတခုခုမှ၊ အခြားသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်နှင့် တိုင်းဒေသများအပေါ် စိုးမိုးချယ် လှယ်ခြင်းမရှိစေရန် ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရန် သဘောတူစာချုပ် တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၌သာ ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို တည်စေရန် လိုအပ်ခြင်းဖြစ်သည်။
လုံလောက်သောနိုင်ငံရေးအရ ဆန္ဒပြင်းပြမှု (political will) ရှိပါက ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရန် သဘောတူစာချုပ်ကို ယခုဆက်လက်ကျင်းပရန်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်နိုင်သည့် ၂၁ရာစု ပင် လုံငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ တဆင့် ရရှိနိုင်သည်။
ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရန် ရရှိထားသော သဘောတူညီချက်များကို ထည့်သွင်းရေးဆွဲထားသောပြည်ထောင်စု ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ၏ အစိတ်အပိုင်းတခုခုအပေါ်တွင် အဓိပ္ပာယ်ဖွင့်ဆိုချက်ကွဲလွဲသည့်ကိစ္စတရပ်ရပ် ပေါ်ပေါက်လာပါက ဖြေရှင်းပေးနိုင်ရန်အတွက် လွတ်လပ်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဖွဲ့စည်းထားရမည်။
ဤဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို အခြေခံဥပဒေရေးရာများနှင့် ပတ်သက်သောအငြင်းပွားမှုများအား သီးသန့်ဖြေရှင်း ပေးနိုင်ရန်အတွက် ဆုံးဖြတ်ပိုင်ခွင့်အာဏာကို အပ်နှင်းထားရမည်။
သို့မှသာလျှင် အခြေခံဥပဒေမှ လွှမ်းမိုးဆုံးဖြတ်သောစနစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ တဆက်တည်း စဉ်းစားရန်လိုသည် မှာ ဤအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဖွဲ့စည်းရမည့်ပုံစံအဆင့်ဆင့်နှင့် မည်ကဲ့သို့သောအရည်အချင်းရှိသူများနှင့်ပါဝင် ဖွဲ့စည်းသင့် သည့် ကိစ္စဖြစ်သည်။ ပြည်ထောင်စု၏ အသက်ဝိညာဉ်တမျှ အရေးပါသောကိစ္စရပ်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စီရင်ဆုံးဖြတ်ခြင်း တာဝန်များကို အပ်နှင်းရမည်ဖြစ်သောကြောင့် ထိုခုံရုံးအဖွဲ့တွင် ပြည်နယ်နှင့်လူမျိုးစုများ၏ ကိုယ်စားပြုပါဝင်နိုင်မှုကို အလေးပေး ၍ စဉ်းစားရန်လိုသည်။
ပြည်ထောင်စု၏အချုပ်အခြာအာဏာကို လူတစု၊ ပြည်နယ်တခု သို့မဟုတ် တိုင်းဒေသတခုခုက မိမိတို့လက်ထဲတွင်ရှိသည်ဟု လည်း မယူဆရန် အရေးကြီးသည်။ ထိုနည်းတူစွာ ပြည်ထောင်စု၏အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတို့တွင် တာဝန်ရှိသည်ဟု ယူဆနိုင်မှသာလျှင် တန်းတူညီမျှမှုအပြည့်အဝရှိသော ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စုအဆင့် ဥပဒေပြုလွှတ်တော်နှစ်ရပ်နှင့် ပြည်နယ်လွှတ်တော်တရပ်
ပြည်ထောင်စုအဆင့်တွင် ဥပဒေပြုလွှတ်တော်နှစ်ရပ် ထားရှိရန် လိုအပ်ခြင်းအကြောင်းမှာ ပြည်နယ်များအကြား လူဦးရေ အချိုး အစားနှင့် ဖွံ့ဖြိုးမှုအနည်းအများတို့အပေါ် မူမတည်ဘဲ တန်းတူညီမျှကိုယ်စားပြုမှုရရှိရန်အတွက် ထားရှိသော အမျိုးသားလွှတ် တော်တရပ်ဖြစ်ပြီးနောက် လွှတ်တော်တရပ်မှာ ပြည်ထောင်စုနိုင်ငံသားတိုင်းကို ကိုယ်စားပြုနိုင်ရန်အတွက်ထားရှိသော ပြည်သူ့ လွှတ်တော်ဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးတခုစီအတွင်းရှိ လူဦးရေအချိုးအစားပေါ်တွင် မူတည်၍ ကိုယ်စားပြုနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို သတ်မှတ်ထားခြင်းကြောင့် နိုင်ငံသားအများစု၏ဆန္ဒနှင့် ကိုယ်စားပြုမှုကို ဦးစားပေး သည်ဟု ဆိုနိုင်သည်။
ထို့အပြင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အသီးသီးတို့တွင်လည်း သက်ဆိုင်ရာပြည်နယ် ဥပဒေပြုလွှတ်တော်များ ထားရှိရန် လိုအပ်သည်။ သက်ဆိုင်ရာပြည်နယ်သူပြည်နယ်သားများက တိုက်ရိုက်ရွေးချယ်တင်မြှောက်ထားသော ဤပြည်နယ်လွှတ်တော်မှ တဆင့် အမျိုးသားလွှတ်တော်အမတ်များကို အချိုးတူ ရွေးချယ်ပေးပါက ပြည်နယ်၏အကျိုးစီးပွားကို အမှန်တကယ် ကိုယ်စား ပြုနိုင်သောအမျိုးသားလွှတ်တော်တရပ်ဖြစ်လာရန် ပို၍ အလားအလာကောင်းနိုင်သည်။
လွှတ်တော်အသီးသီး၏ ဥပဒေရေးဆွဲပြဌာန်းပိုင်ခွင့်များကို နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲတွင် တိတိကျကျ ထည့် သွင်းပြဌာန်းရန် အရေးကြီးပေသည်။
ထိုကဲ့သို့ ထည့်သွင်းပြဌာန်းရာတွင် မည်သည့်အတိုင်းအတာအထိ ဖက်ဒရယ်ဖြစ်မဖြစ်ကို ပြည်နယ်လွှတ်တော်များက မည်သည့် အခန်းကဏ္ဍနှင့် အကြောင်းကိစ္စများအပေါ်တွင် ဥပဒေပြုခွင့်အာဏာရှိသည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်မည်ဖြစ်သည်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါရှိသော ဥပဒေပြုခွင့်အာဏာဇယား(၁)နှင့်(၂)တို့ကိုပြန်လည် သုံးသပ်ရန် လိုအပ်ပေလိမ့် မည်။ တနည်းအားဖြင့် ဆက်လက်ကျင်းပရန်ရှိသည့်ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခွင့် ရရှိကြမည့် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက ညှိနှိုင်းအဖြေရှာကြရမည့်ကိစ္စဖြစ်သည်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ အကြား အာဏာအရပ်ရပ်ကို ခွဲဝေခြင်း
ဖက်ဒရယ်ပြည်ထောင်စုဟုခေါ်ဆိုနိုင်ရန်အတွက်အနည်းဆုံးအစိုးရနှစ်ရပ် (ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်သို့မဟုတ် တိုင်း ဒေ သကြီးအစိုးရများဟူ၍) ရှိရန် လိုအပ်သည်။ ပြည်နယ်တွင်းရှိ ပြည်သူလူထု (ပြည်နယ်သူပြည်နယ်သားများ)မှ တိုက်ရိုက် ရွေးချယ် တင်မြှောက်ထားသောပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများ၏အရေအတွက်မှာ ပြည်ထောင်စုတွင် ပါဝင်သော ပြည်နယ်နှင့် တိုင်း ဒေသအစိတ်အပိုင်းများ၏အရေအတွက်ပေါ်တွင် မူတည်သည်။
ပြည်ထောင်စုအစိုးရအဖြစ် အစိုးရတရပ်သာရှိသော်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပေါင်းများစွာရှိနေနိုင်သည်။ ထို့ကြောင့် ပြည်ထောင်စု အစိုးရနှင့်ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအစိုးရများအကြား အာဏာခွဲဝေမှု(distribution of power)သည် ဖက်ဒရယ် ပြည်ထောင်စုတခု၏အရေးကြီးဆုံး “ဝိသေသလက္ခဏာ” တခုဟု ဆိုနိုင်သည်။
ပြည်ထောင်စုအစိုးရလက်ထဲတွင် မည်သည့်အာဏာများကို ထားရှိမည်၊ မည်သည့်အတိုင်းအတာအထိ ထားရှိမည်ကို ပြည်ထောင် စု၏အစိတ်အပိုင်းများဖြစ်လာမည့် ပြည်နယ်နှင့်တိုင်းဒေသများက သဘောတူ ဆုံးဖြတ်ရမည်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေခြင်းဆိုရာ၌ ဥပဒေပြုခွင့်အာဏာ၊ တရားစီရင်ရေး အာဏာနှင့် အုပ်ချုပ်ရေးအာဏာတို့ အားလုံးပါဝင်ရမည်ဖြစ်သည်။ တရားစီရင်ရေးအာဏာ (judicial power) ကိုပြည်နယ်များသို့ ခွဲဝေပေး ရန် လိုသကဲ့သို့ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်မှု(law enforcement) တွင် အရေးကြီးသည့် အခန်း ကဏ္ဍ၌ တာဝန်ယူရမည့် ရဲဌာနများကိုလည်း ပြည်နယ်အစိုးရ၏စီမံကွပ်ကဲမှုအောက်တွင် ထားရှိသင့်သည်။
ဤနေရာတွင် တရားဥပဒေသက်ရောက်စိုးမိုးရေးကို တာဝန်ယူရမည့်စနစ်(law enforcement system)နှင့် ၎င်းယန္တရား (mechanism)တခုလုံးကို ခြုံ၍စဉ်းစားပါက ပို၍ အကျိုးနိုင်ရုံသာမက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် မလွဲမသွေပြုလုပ်ရမည့် ဆွေးနွေးညှိနှိုင်းမှုများအတွက် များစွာ အထောက်အကူပြုနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စု အပါအဝင်ကမ္ဘာပေါ်ရှိ ဖက်ဒရယ်နိုင်ငံအတော်များများတွင် တရားဥပဒေ သက်ရောက်စိုးမိုးရေးတာ ဝန်ကို ပြည်နယ်အဆင့်သာမက ခရိုင်နှင့်မြို့နယ်အဆင့်များသို့ပင် ပေးအပ်ထားသည်ကို တွေ့ရသည်။
ပြည်နယ်များသို့အုပ်ချုပ်ရေးအာဏာကိုခွဲဝေရာတွင် ၎င်းတို့၏ရရှိပြီးသောဥပဒေပြုအခွင့် အာဏာများနှင့်လည်း အံဝင်ခွင်ကျမှု ရှိသင့်သည်။ ဥပမာ -ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ မြူနီစီပယ်အုပ်ချုပ်ရေး၊ စိုက်ပျိုးရေး၊သစ်တောနှင့် အိမ်ခြံ မြေခွန်ကိစ္စများ အပေါ် ပြည်နယ်များအား ဥပဒေပြုခွင့်အာဏာပေးထားပါက ထိုကဏ္ဍများတွင် ပြည်နယ်အစိုးရက အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲ ပိုင်ခွင့် ရှိသင့်သည်။
ဆက်သွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး၊ ပြည်ထောင်စု ကာကွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ငွေစက္ကူပုံနှိပ်ခြင်းနှင့် ဗဟိုဘဏ်လုပ် ငန်း အစရှိသည့် ကဏ္ဍများကိုမူ ပြည်ထောင်စုအဆင့်တွင်သာ ဥပဒေပြုခွင့်နှင့် စီမံအုပ်ချုပ်ခွင့် အာဏာများကို အပ်နှင်းထားရှိရန် ပို၍သင့်တော်သည်ဟု ဆိုနိုင်သည်။
အုပ်ချုပ်ရေးအာဏာခွဲဝေရေးနှင့်ပတ်သက်၍ အကြီးမားဆုံးစိန်ခေါ်မှုမှာ ယခုလက်ရှိအုပ်ချုပ်ရေးယန္တရားတွင် ကဏ္ဍပေါင်းစုံ၌ ပါ ဝင်နေသော အထွေထွေအုပ်ချုပ်ရေးဌာနများဖြစ်သည်။
အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဌာနများကို တိုက်ရိုက်ချုပ်ကိုင်နေခြင်းသည် ဖက်ဒရယ်ပြည်ထောင် စု၏ ပြည်နယ်အစိုးရများသို့ အုပ်ချုပ်ရေးအာဏာများကိုခွဲဝေပေးရမည်ဆိုသည့်အချက်နှင့် တိုက်ရိုက် ဆန့်ကျင်နေသည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်၍ ပြည်နယ်အစိုးရများသို့ တိုင်းပြည်၏အုပ်ချုပ်ရေးအာဏာကို စနစ်တကျ ခွဲဝေမည်ဆိုပါက ၎င်းအထွေထွေအုပ်ချုပ်ရေးဌာနများကို ဖျက်သိမ်းပစ်ရန် လိုအပ်မည်။ သို့မဟုတ်ပါက အထွေထွေအုပ်ချုပ်ရေး ဌာနများကို ပြည်နယ်အစိုးရများ၏တိုက်ရိုက်ကွပ်ကဲမှုလက်အောက်တွင် ပြောင်းရွှေ့ထားရှိရန် လိုအပ်မည်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်
(စောကပီသည် Salween Institute for Public Policy (www.salweeninstitute.org) ကို ၂၀၁၂ ခုနှစ်တွင် စတင်တည် ထောင်ခဲ့သူတဦးဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းအဖွဲ့၏ဒါရိုက်တာလည်းဖြစ်သည်။)