ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဦးညီပု တာဝန်ရယူတာ ၁ နှစ်ကျော် သက်တမ်း ရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီလို ၁ နှစ်ကျော် သက်တမ်းမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လုပ်ဆောင် ချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေကြား ဝေဖန်မှုတွေ ရှိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ ရခိုင်ပြည်နယ် ဂွမြို့နယ် အမှတ် (၂) ပြည်နယ်လွတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရခိုင်ပြည်နယ် ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာလည်း ရခိုင်အမျိုးသားပါတီ (ANP) ဟာ ရခိုင်ပြည်နယ်တွင် မဲအများဆုံး အနိုင်ရရှိတာကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တောင်းဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် မရရှိရင် အတိုက်အခံအဖြစ် ရပ်တည်မယ် လို့ တရားဝင် ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။ အဲဒီ အတွက်ကြောင့် ပါတီ ၂ ခုကြား ပြင်းထန်တဲ့ သဘောထားတင်းမာမှုတွေ ရှိနေပါတယ်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဦးညီပု တာဝန်ယူပြီးနောက် ရက် ၁၀၀ အတွင်း ရေရှားပါးတဲ့ အရပ်ဒေသတွေမှာ ရေ ပေးဝေမှုတွေ၊ ရေကြီးမှုကြောင့် အခက်အခဲကြုံတွေရတဲ့ ရခိုင်ပြည်သူတွေကို အထောက်အပံံ့တွေ၊ ပြန်လည် နေရာချထားရေးတွေ နဲ့ မြေပုံ၊ ကျောက်ဖြူမြို့ တွေမှာရှိတဲ့ မွတ်စလင် ဒုက္ခသည် စခန်းတွေမှာ နိုင်ငံသားစိစစ်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအချိန် ကလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေ အတွက် ပြောင်းလဲ တိုးတက်လာမှု မရှိတာကြောင့် ဝေဖန်မှု များစွာ ထွက်ပေါ် ခဲ့ပါတယ်။
ပြောင်းလဲမှုတွေနဲ့ အောင်မြင်မှုတွေ
ရခိုင်ပြည်နယ်ဟာ ယခင်စစ်အစိုးရ အဆက်ဆက်တွေရဲ့ နှစ်ပေါင်းမြောက်များစွာ လျစ်လျူရှုမှုကြောင့် မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ် ၁ ခု ဖြစ်နေခဲ့ရပါတယ်။ ဒါ့အပြင် အလွန်တရာမှ ရှုပ်ထွေး နက်ရှိုင်းတဲ့ ရခိုင်ပြည်နယ်အရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ ဒေသဖွံ့ဖြိုးမှု မရှိခြင်း၊ ပြည်ထောင်စု အစိုးရပေါ် မယုံကြည်မှု စတဲ့ ပြဿနာ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။
ပြီးခဲတဲ့နှစ် မေလ ၃၀ ရက်စွဲနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အကောင်အထည် ဖော်ရန် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော် မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ၎င်းကော်မတီတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ယူထားတာ ဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု လက်ထက် ပထမဆုံး တိုးတက်ပြောင်းလဲမှု ကတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်း အဂတိလိုက်စားမှု လျော့နည်း ပျောက်ကွယ် သွားတာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရဲ့ အစိုးရအဖွဲ့ဟာ ယခင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း လက်ထက်နဲ့ မတူဘဲ လာဘ်ပေး လာဘ်ယူမှုတွေ၊ ရင်းနှီးကျွမ်းဝင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေကသာ အစိုးရရဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ရရှိတာ မဟုတ်ဘဲ ကျန်တဲ့ တခြား စီးပွားရေး လုပ်ငန်းရှင် တွေလည်းပဲ လုပ်ပိုင်ခွင့် ရရှိလာကြပါတယ်။
ဒါအပြင် အစိုးရရဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ရရှိဖို့ ပြည်နယ်ဝန်ကြီးတွေကို သတ်မှတ်ထားတဲ့ ရာခိုင်နှုန်း ပေးရတဲ့ ပုံစံတွေ ပျောက်ကွယ်သွားတာဟာ ပြောင်းလဲမှု တခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှုနဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် အကူအညီ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ အေဂျင်စီတွေ၊ နိင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသခံလူမှုအဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလို ကုလသမဂ္ဂ အေဂျင်စီနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောက်ရွက်မှု ရရှိတာဟာလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ တိုးတက်မှု တခုလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ရခိုင်ပြည်နယ် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ၅ နှစ်တာ စီမံကိန်း တရပ်ကို ရေးဆွဲ နိုင်ခဲ့ပါတယ်။ အဲဒီအချက်တွေ ထဲမှာတော့ စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ရေလုပ်ငန်း၊ သဘာ၀ ပတ်ဝန်းကျင် ရေရှည် တည်တံ့ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူစွမ်းအား အရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အဦ၊ ခရီးသွားလာရေး၊ အသေးစားအလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စက်မှုဇုန် ပေါ်ထွန်းရေး စတဲ့ အချက်တွေကို ပါဝင်ပါတယ်။ ဒီအချက်ကိုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ တိုးတက်လာမှု တခုလို့ မှတ်ယူရပါမယ်။
မအောင်မြင်တာတွေ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တနှစ်ကျော် ကာလတွင် မအောင်မြင်တဲ့ အချက်ကတော့ ဒေသတွင်း စီပွားရေးဖွံ့ဖြိုး တိုးတက်မှု ရှိမလာသေးတာ ဖြစ်ပါတယ်။ မကြာသေးမီက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အထည်ချုပ်လုပ်ငန်း တခုနဲ့ ရက်ကန်းထည် လုပ်ငန်းတခု ဖန်တီးနိုင်ခဲ့ ပေမယ့် ရင်းနှီးမြုပ်နှံမယ့် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အသေးစား အလတ်စား လုပ်ငန်းရှင်တွေ ပေါ်ထွန်းလာဖို့ အခင်းအကျင်း တခုကို ယနေ့ အချိန်ထိ မဖန်းတီးပေးနိုင်သေးပါဘူး။
အဲဒါကြောင့် ရခိုင်ဒေသခံ ပြည်သူတွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့ ရန်ကုန်၊ မလေးရှား၊ ထိုင်း စတဲ့ နေရာဒေသ အသီးသီးကို သွားရောက် အလုပ် လုပ်ကိုင်နေ ကြရတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ရိုးသားတယ် ဆိုတာ လူအများ အသိအမှတ်ပြုစရာ ဖြစ်ပါတယ်။ ဒါပေမယ့် မအောင်မမြင် ဖြစ်နေတဲ့ အချက်ကတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုဟာ အစိုးရအဖွဲ့ကို နိုင်ငံရေး ဦးဆောင်မှု မပေးနိုင်တာပါ။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေ အသုံးချပြီး လုပ်သင့် လုပ်ထိုက်တာကို မလုပ်နိုင်တာရယ်၊ ရခိုင်ပြည်သူ အတွက် အကျိုးဖြစ်ထွန်းမယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်တာရယ်၊ မူဝါဒဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်လာနိုင်သေးတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အသေးအမွားက အစ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ လမ်းညွန်မှုတွေနဲ့ပဲ လုပ်ကိုင် ဆောင်ရွက်မှုဟာ မအောင်မမြင် ဖြစ်စေတဲ့ အချက် ဖြစ်ပါတယ်။
နောက် တချက်ကတော့ ရခိုင်ပြည်နယ် လွှတ်တော်ကို တာဝန်ခံမှု အားနည်းတယ် ဆိုတဲ့ အချက်ပါ။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူတွေဟာ ရခိုင်ပြည်နယ် လွတ်တော်ကိုယ်စား လှယ်များရဲ့ မေးခွန်းတွေ ဖြေကြားရာမှာ တိကျတဲ့ ဖြေဆိုမှု မရှိတာတွေ၊ အတည်ပြုခဲ့တဲ့ အဆိုများကိုလည်း အကောင်အထည် ဖော်နိုင်မှု မရှိတာတွေ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး လွှတ်တောက်ကို လာရောက် ရှင်းလင်းမှု မရှိတာကို တွေ့ရပါတယ်။ အခုလို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော ပြည်နယ်အစိုးရ အဖွဲ့ရဲ့ ရခိုင်ပြည်နယ် လွတ်တော်အပေါ် တာဝန်ခံမှု မရှိတာဟာ အောင်မြင်မှု မရရှိသေးတဲ့ အချက် ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဟာ ပြည်ထောင်စုအစိုးက ချမှတ်ထားသည့် မူဝါဒများနဲ့ မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွတ်တော်ရဲ့ သဘောတူညီချက် ရယူရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရဟာ တရားရေးမဏ္ဍိုင်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ စည်ပင်သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦ၊ ရေကြောင်းသွားလာရေး၊ ခရီသွားလုပ်ငန်း၊ ရေလုပ်ငန်း စတဲ့ နယ်ပယ် တွေမှာလည်း သိသာတဲ့ အောင်မြင်မှု ရရှိအောင် မစွမ်းဆောင်နိုင်သေးပါဘူး။
ခြုံငုံပြီး ပြောရမယ် ဆိုရင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရရဲ့ တနှစ်ကျော် သက်တမ်းမှာ လက်ညှိးထိုးပြစရာ သိသာတဲ့ အောင်မြင်မှု မရရှိသေးပါဘူး။ ဒါအပြင် အစိုးရရဲ့ မူဝါဒဆိုင်ရာ ပြုပြင် ပြောင်းလဲမှုလည်း မရှိသေးဘူးလို့ သုံးသပ်မိပါတယ်။
အဲဒီအတွက်ကြောင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး ၅ နှစ်တာ စီမံကိန်းကို ထိထိရောက်ရောက်နဲ့ အောင်အောင်မြင်မြင် ဖြစ်ဖို့ ဘယ်လောက် လုပ်ရည်ကိုင်ရည် ရှိတယ်၊ ဘယ်လောက် စွမ်းဆောင်ရည်ရှိတယ် ဆိုတာကို ဖော်ပြဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း သုံးသပ်ရပါတယ်။
(ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေး နှင့် မူဝါဒရေးရာ သုံးသပ်ချက်ဆောင်းပါးများကို ရေးသားနေသူ တဦးဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာ စီမံကိန်းရေးဆွဲရေးနှင့် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ ရရှိခဲ့သည်။)