မြန်မာနိုင်ငံတွင် လူမျိုးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရန် အလွန်ပင် ခက်ခဲ နိုင်သည်။ နိုင်ငံတဝှမ်း မတူကွဲပြားသောလူမျိုးနွယ်စုများ ရောယှက်နေထိုင်နေခြင်းကြောင့်ဖြစ်သည်။
လူမျိုးစုအမည်နာမဖြင့် လူမျိုးတမျိုးစီကို ကိုယ်စားပြုသော ပြည်နယ်များ ထူထောင်ရန်ပင် အခက်အခဲများစွာ ရှိနေသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ကရင်လူမျိုးများသည် လက်ရှိ ကရင်ပြည်နယ်တွင်းသာမက ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း အများအပြားနေထိုင်ကြသည်ကို တွေ့ရသည်။
ယခုရှမ်းပြည်နယ်တွင် ကချင်လူမျိုးအပါအဝင် ပအိုဝ်း၊ ပလောင်၊ ဝနှင့်လားဟူ အစရှိသည့်လူမျိုးများစွာ နေထိုင်ကြခြင်းမှာ မြန်မာနိုင်ငံ၏ ပကတိအခြေအနေဖြစ်သည်။ ထို့အပြင် ဗမာလူမျိုးအများအပြားတို့သည်လည်း လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်အတွင်း အကြောင်းအမျိုးမျိုးဖြင့် တိုင်းရင်းသားဒေသများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ လက်ရှိ ကရင်ပြည်နယ် တွင် ဗမာလူမျိုးများကပင် လူဦးရေအများစုဖြစ်နိုင်သည်ကို သတိပြုရန် လိုအပ်သည်။
သို့သော် လူမျိုးစုများ၏အမည်နာမဖြင့် ဖွဲ့စည်းထားသောပြည်နယ်များကို အလွယ်တကူ ဖျောက်ဖျက်ရန်မှာလည်း အလွန် ထိလွယ်ရှလွယ်သော လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွင် မဖြစ်သင့်၊ မဖြစ်နိုင်သေးသော ကိစ္စတရပ်ဖြစ်သည်။ လတ်တလောအပြောင်းအလဲကာလတွင် ထိုအမည်များကို ပြောင်းလဲရန် သို့မဟုတ် ဖယ်ရှားရန် ကြိုးစားမည်ဆိုပါက နိုင်ငံရေးအရ ပေးဆပ်ရမည့်အဖိုးအခ ကြီးမားနိုင်သည်။
နိုင်ငံတဝှမ်းလုံးနီးပါးတွင် လူမျိုးစုများရောယှက်၍နေထိုင်ကြသည်ဆိုသည့်အချက်ကို ထည့်သွင်းစဉ်းစားကာ ပြည်နယ်များ၏ အမည်နှင့်နယ်နိမိတ်များ သတ်မှတ်ခြင်းကိစ္စကို ညှိနှိုင်းဆွေးနွေးသင့်သည်။ ဥပမာ – ကရင်ပြည်နယ်ဟုခေါ်တွင်မည့် အစား ကော်သူးလေပြည်နယ်ဟူ၍ လည်းကောင်း၊ ကယားပြည်နယ်ကို ပြည်နယ်တွင်း မှီတင်းနေထိုင်ကြသော လူမျိုးအ များစုအား ကိုယ်စားပြုသည့် ကရင်နီပြည်နယ် သို့မဟုတ် ကန္တာရဝတီတိုင်း ဟူ၍လည်းကောင်း ခေါ်ဆိုသတ်မှတ်ရန် စဉ်းစားနိုင်သည်။
အကယ်၍ လူမျိုးကို အခြေခံသော ပြည်နယ်များမရှိသင့်ဟုယူဆပါက ပြည်ထောင်စုကြီးတခုလုံး၏အမည်နာမကိုလည်း ပြန်လည်စဉ်းစားရန် လိုအပ်လာမည်ဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရာတွင် ပါဝင်ကြမည့်ပြည်နယ်နှင့်တိုင်း ဒေသကြီးများအားလုံးမှ ဤအမည်နာမများကို သဘောတူဆုံးဖြတ်ကြရန် လိုအပ်သည်။
ထို့အပြင် တိုင်းရင်းသားလူမျိုးစုများ၏ လူမျိုးစုအလိုက်အခွင့်အရေး (ethnic rights)နှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့၏ ဆန္ဒသဘောထားများ (collective desire)ကိုပါရယူပြီး ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ရေးတွင်သာမက ပြည်ထောင် စုနှင့် ဆက်စပ်သော အမည်နာမများ သတ်မှတ်ခေါ်ဆိုခြင်းတို့တွင်လည်း ထည့်သွင်းစဉ်းစားရန် လိုမည်ဖြစ်သည်။
အချုပ်ဆိုရလျှင် လူမျိုးနှင့် ပထဝီအနေအထားနှစ်ခုစလုံးကို အခြေခံသောပြည်ထောင်စုကို တည်ဆောက်ရန် သဘောထား ကြီးစွာဖြင့် စဉ်းစားကြရန် လိုအပ်ပါသည်။
ဖက်ဒရယ်စနစ်ကြောင့် နိုင်ငံတော်လုံခြုံရေး အားနည်းသွားနိုင်မည်လော
ဖက်ဒရယ်စနစ်ကြောင့် နိုင်ငံတော်လုံခြုံရေးအားနည်းသွားနိုင်မည်လောဟူသည့်စိုးရိမ်ပူပန်မှုများကိုလည်း တပ်မတော်ဘက် မှ အကြိမ်ကြိမ်ဖွင့်ဟပြောဆိုခဲ့ဖူးသည်။ ပြည်နယ်အစိုးရများသို့ အာဏာခွဲဝေပေးခြင်းဖြင့် တိုင်းပြည်ပြိုကွဲသွားနိုင်သည်ဆို သည့် အယူအဆပေါ်တွင် အခြေခံသော စိုးရိမ်မှုဖြစ်သည်။
ဤအယူအဆမှာ တိုင်းပြည်၏အာဏာသည် အစိုးရတရပ်တည်းတွင် တည်ရှိရမည်ဟူသော အယူအဆမှ လာခြင်းဖြစ် သည်။ လူမျိုးတမျိုးတည်းသာ အများစုနေထိုင်ပြီး တပြည်ထောင်စနစ်ကို ကျင့်သုံးသော နိုင်ငံများနှင့်သာ ကိုက်ညီသည့် အယူအဆ ဖြစ်ပါသည်။
နိုင်ငံတော်အချုပ်အခြာအာဏာ၏ဇာစ်မြစ်သည် ပြည်သူသာလျှင်ဖြစ်သည်ကို အသိအမှတ်ပြုပါက ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေခြင်းကို စောဒကတက်စရာအကြောင်းမရှိပေ။ ပြည်သူလူထုမှ ပေးအပ်သော အာ ဏာကို ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော အစိုးရအရပ်ရပ်တို့အကြား ခွဲဝေသုံးစွဲခြင်းသာလျှင်ဖြစ်သည်။ ပြည် နယ်များအကြား သဘောတူညီမှုစာချုပ်တခုအပေါ်တွင် အခြေခံ၍တည်ထောင်ထားသော ဖက်ဒရယ်ပြည်ထောင်စုအစစ် အမှန်ဖြစ်မည်ဆိုပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားမည်ကို စိုးရိမ်စရာမလိုပေ။
ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်ထောင်စုတည်တံ့ရေးအတွက် ပြည်နယ်များအကြား သဘောတူညီမှုရရှိထားသော အချက်များ၊ တနည်းအားဖြင့် ပြည်ထောင်စုပဋိညာဉ်ကို လိုက်နာလေးစားရန်သာ ပို၍အရေးကြီးပေသည်။
ထို့အပြင် ပြည်ထောင်စု၏လုံခြုံရေးနှင့် နိုင်ငံ၏အချုပ်အခြာအာဏာတည်တံ့ရေးအတွက်တာဝန်မှာ (တပ်မတော်တခုတည်း အပေါ်တွင် တည်ရှိရမည်မဟုတ်ပေ။) ပြည်ထောင်စုတွင်းရှိ ပြည်နယ်များအားလုံး၏ တာဝန်ဖြစ်သည်။ ဤတာဝန်ကို နိုင်ငံသူ၊ နိုင်ငံသားအားလုံးက ဝိုင်းဝန်းထမ်းရွက်ယူကြရမည်ဖြစ်သည်။
တနည်းအားဖြင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်၏လုံခြုံရေးအတွက် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ အား လုံးတွင် တာဝန်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။
လက်တွေ့တွင် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းနိုင်ခြင်းကြောင့် ပြည်ထောင်စု၏ ကာကွယ်ရေးနှင့် လုံခြုံရေးမှာ ပို၍ပင် အား ကောင်းလာမည်ဟု ယူဆနိုင်စရာအကြောင်းရှိပါသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ တာဝန်များကို စုပေါင်းတာဝန်ယူစေခြင်းဖြင့် ရရှိနိုင်သောအကျိုးရလဒ်တခု ဖြစ်သည်။ ယခုလက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည်လည်း အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု၏ ကာကွယ်ရေးတာဝန်ကိုယူနိုင်ရန် ပြင်ဆင်ထားရမည်ဖြစ်သည်။
ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ရန် သဘောတူညီမှုကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ရယူရန် ကြိုးပမ်းနေစဉ် ကာလ၌ပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်များ၏အခန်းကဏ္ဍကိုပါ ကြိုတင်စဉ်းစား ညှိနှိုင်းထားရန် လိုအပ်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စု၏ကာကွယ်ရေးတာဝန်ကို သမားရိုးကျအတိုင်း လက်ရှိမြန်မာ့တပ်မတော်တခုတည်းကသာလျှင် ထမ်းရွက်ပိုင်ခွင့်ရှိသည်ဟု မယူဆသင့်ပေ။ ပြည်ထောင်စုကို ပြည်ပရန်မှ ကာကွယ်ရန်အတွက် တပ်မတော်တခုတည်း ရှိရမည် ဆိုသည်ကို အငြင်းပွားဖွယ်ရာအကြောင်းမရှိသော်လည်း ၎င်းတခုတည်းသော တပ်မတော်ကို မည်သို့သော ပုံစံဖြင့် ဖွဲ့စည်းရမည်ကို ဆုံးဖြတ်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင်တိုင်းရင်းသားအားလုံး ပါဝင်နိုင်ရန် အလွန်ပင် အရေး ကြီးသည်။
သို့မှသာလျှင် ပြည်ထောင်စု၏လုံခြုံရေးအတွက် ပြည်ထောင်စုတပ်မတော်ဟူ၍ လက်ခံနိုင်ကြမည်ဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေး၏တာဝန်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်များကိုလည်း တခန်းတကဏ္ဍ ယူစေခြင်းဖြင့် နိုင်ငံ၏အချုပ် အခြာအာဏာတည်တံ့ရေးအတွက်ကိုပါ တန်းတူပါဝင်ဆောင်ရွက်စေနိုင်မည်ဖြစ်သည်။
ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးတခု တည်ထောင်ရန် အမှန်တကယ်ဆန္ဒရှိသည်ဆိုပါက တပ်မတော်ဘက်မှ လည်း နိုင်ငံရေးအင်စတီကျူးရှင်းများ၏ ပြောင်းလဲမှုနှင့်လိုက်လျောညီထွေသော အပြောင်းအလဲများကို ပြုလုပ်ရန်လိုပါသည်။ တနည်းအားဖြင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနှင့် အင်အားတောင့်တင်းသော ပြည်ထောင်စုတပ်မတော်ကြီး တရပ် တည်ထောင်နိုင်ရန် ယနေ့မြန်မာ့တပ်မတော်၏ဆန္ဒနှင့် သဘောထားကြီးမှုအပေါ်များစွာ မူတည်နေသည်။
ယခု လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည့်အခါ၌ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲ ရေး(Security Sector Reform)နှင့် နှစ်ဖက်တပ်များ လျှော့ချဖျက်သိမ်းရေးအပါအဝင် တပ်များအား ပြောင်းလဲဖွဲ့စည်းခြင်း နှင့် ပြန်လည်နေရာချထားရေး (Demobilization Disarmament and Reinte-gration)ကိစ္စရပ်များကို ဆွေးနွေးရာတွင် လည်း ဤအချက်များပေါ်တွင် အခြေခံရန် အလွန်အရေးကြီးပေသည်။
နိဂုံး
ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးကို ဦးတည်၍ နိုင်ငံရေးအပြောင်းအလဲများအတွက် ဆွေးနွေးညှိနှိုင်းမှု များ အောင်မြင်နိုင်ရန်မှာ လက်ရှိ မြန်မာ့တပ်မတော်၏အမြင်နှင့် သဘောထားများအပေါ်တွင် များစွာမူတည်နေသည်။
အထူးသဖြင့် တိုင်းရင်းသားပြည်နယ်အတော်များများတွင် တပ်မတော်တပ်စခန်းများ အခိုင်အမာတည်ဆောက်ကာ မြန်မာ့ တပ်မတော်သာလျှင် တိုင်းပြည်၏အချုပ်အခြာအာဏာကို ပိုင်ဆိုင်၍ ကာကွယ်ပိုင်ခွင့်ရှိသည်ဆိုသည့် အတွေးအခေါ်သည် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေသည်။
နိုင်ငံရေးအင်စတီကျူးရှင်းများ မည်သို့ပင် ပြောင်းလဲနေစေကာမူ တပ်မတော်အနေဖြင့် ပြုပြင်ပြောင်းလဲရန် မလိုအပ်ဟု တရားသေ ယူဆနေပါကလည်း နိုင်ငံ၏အနာဂတ်နှင့်ရှေ့ဆက်ရမည့်ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် အဟန့်အတားနှင့် စိန်ခေါ်မှုများ ပိုမို ရှိလာနိုင်သည်။
လက်ရှိဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းများတွင်လည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုပင် ဦး တိုက်ဆွေးနွေးသွားကြရမည်ဖြစ်ရာ ပြည်ထောင်စုဖွဲ့စည်းမှု ပုံသဏ္ဌာန်နှင့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကိစ္စရပ် များ အပါအဝင် နိုင်ငံတော်ကာကွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိသည့် အခန်းကဏ္ဍများအားလုံးကို ဆွေးနွေး သည့်အခါတွင် ဖယ်ဒရယ်စနစ်အပေါ် ဘုံနားလည်မှု မူဘောင်တခုအတွင်း ဆွေးနွေးညှိနှိုင်းကာသဘောတူညီမှု တစုံတရာ ရရှိနိုင်ပါက တိုင်းပြည်၏အနာဂတ်နိုင်ငံရေးခရီးအတွက် မျှော်လင့်ချက်ကောင်းများပို၍ ရရှိလာနိုင်မည်ဟု ယုံကြည်ပါသည်။
(စောကပီသည် Salween Institute for Public Policy (www.salweeninstitute.org) ကို၂၀၁၂ခုနှစ်တွင် စတင်တည် ထောင်ခဲ့သူတဦးဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းအဖွဲ့၏ဒါရိုက်တာလည်းဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန် – ဖက်ဒရယ်စနစ် ဘယ်မူနှင့် သွားမည်နည်း (အပိုင်း-၁)