တရုတ်နိုင်ငံ အင်အားကောင်းလာခြင်းက ကျနော်တို့ အားလုံး (အထူးသဖြင့် အရှေ့တောင်အာရှမှ လူများ) ကို အပျော် တမ်း သမိုင်းလေ့လာသူများ အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
ယုံချင်ယုံ မယုံချင်နေပါ။ တရုတ်သမ္မတ ရှီကျင်ဖျင့်၏ အမှတ်တံဆိပ်ဖြစ်သော ခေတ်သစ်ပိုးလမ်းမ (One Belt One Road -OBOR) စီမံကိန်းက အတိတ်ကတည်းက အမြစ်တွယ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သင်က သမိုင်းကို ဥပေက္ခာပြုထားသူ တဦး ဖြစ်ခဲ့မည် ဆိုလျှင် ပြီးခဲ့သည့် အပတ်က ဘေဂျင်းမြို့တွင် ကြီးကျယ်သော အခန်းအနား၊ ပြောင်မြောက်သော စကားလုံးများဖြင့် ကျင်းပခဲ့ပြီး အဆင့်မြင့် ပုဂ္ဂိုလ်များ တက် ရောက်ခဲ့ကြသော Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို နားလည်နိုင်လိမ့်မည် မဟုတ်ပါ။
တရုတ်နိုင်ငံ၏ ချိုင်းကြားတွင် နေထိုင်ကြရသည့် ကျနော်တို့ အရှေ့တောင်အာရှအတွက် ရွေးချယ်စရာ မရှိပါ။ ကမ္ဘာ့အလယ်ဗဟိုတွင် ရှိသော ဘုရင့်နိုင်ငံ (Zhonggou သို့မဟုတ် Middle Kingdom) ဟု တချိန်က သူ တို့ကိုယ်သူတို့ ခေါ်ဝေါ်သမုတ်ခဲ့ကြသည့် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး လေ့လာရုံမှ လွဲ၍ ကျနော်တို့တွင် ရွေးချယ် စရာ မရှိပါ။
OBOR က ပင်လယ်ရေကြောင်း ဆက်သွယ်ရေးကို အခိုင်အမာ အလေးပေးထားခြင်းမှာ ဟန်၊ တန် နှင့် မင် မင်းဆက် များခေတ်မှသည် နိုင်ငံခြားသားများကို ကြောက်သည့် မန်ချူးမင်းဆက်အထိ တရုတ်နိုင်ငံတွင် အကြိမ်ကြိမ် ကြုံခဲ့ရ သော ပင်လယ်ရေကြောင်းမှ စီးနင်းတိုက်ခိုက်မှုများကြောင့် ဖြစ်သည်ကို နားလည်ထားရန် အရေးကြီးပါသည်။
ထိုကိစ္စ နှင့် ပတ်သက်၍ Lincoln Payne ၏ စာမျက်နှာ ၇၄၄ မျက်နှာပါ “The Sea and Civilization: a Maritime History of the World” စာအုပ်တွင် ပင်လယ်မှ လာသည့် စိန်ခေါ်မှုများကို ယဉ်ကျေးမှုမြင့်မားသော မဟာ နိုင်ငံကြီးများ မည်ကဲ့သို့ ရင်ဆိုင်ခဲ့ရခြင်းနှင့် ပတ်သက်သည့် အကောင်းဆုံးအမြင်တခုကို ပေးပါသည်။
တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း ထိတွေ့ဆက်ဆံမှုမှ အနိမ့်အမြင့် အတက်အကျများကို ခြေရာကောက်ရင်း အဓိက ကျသော အချက် ၅ ချက်ကို ကျနော် တွေ့ရှိခဲ့ပါသည်။
ပထမဆုံး အချက်မှာ တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှ ဆက်ဆံရေးက ထင်ထင်ရှားရှား မရှိခဲ့ခြင်း ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံက ပြင်ပသို့ စိတ်ဝင်စားခြင်းကို သီးခြားနေထိုင်ခြင်းဆီသို့ ရုတ်တရက် ပြောင်းလဲခဲ့ခြင်းများ ရှိခဲ့သည်။
မင်မင်းဆက်၏ ရေတပ်ဗိုလ်ချုပ်ကြီး ကျန်ဟဲ Zheng He လက်အောက်မှ ရေတပ်သင်္ဘောများ၏ နိုင်ငံခြားကုန်သွယ်မှုကို တင်းတင်းကျပ်ကျပ် တားဆီးခဲ့ခြင်းကို သက်သေအဖြစ် မြင်တွေ့နိုင်ပါသည်။ (ကျန်ဟဲသည် ၁၄၀၅ မှ ၁၄၃၃ ခုနှစ်အတွင်းတွင် အရှေ့တောင်အာရှ၊ တောင်အာရှ၊ အနောက်အာရှ နှင့် အရှေ့အာဖရိက တို့သို့ သင်္ဘောအုပ်စုကြီးဖြင့် လှည့်လည်သွားလာခဲ့သူဖြစ်သည်။)
ထို့ကြောင့် ကျနော်တို့ဒေသ အပေါ် တရုတ်နိုင်ငံ၏ ရေရှည်စိတ်ဝင်စားမှုကို မှန်း၍ မရဟု ဆိုနိုင်ပါသည်။
ထိုအကြောင်းက ကျနော့်ကို ဒုတိယ အချက်ကို တွေးမိစေခဲ့သည်။ တရုတ်နိုင်ငံ၏ ခေါင်းဆောင်များသည် ၎င်းတို့၏ ပြည်တွင်းရေး တည်ငြိမ်မှုကို ခြိမ်းခြောက်မှုများ ရှိလာခဲ့လျှင် အလွယ်တကူ အာရုံပြောင်းသွားတတ်သည်ကို သမိုင်းက ပြခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့ စိန်ခေါ်မှုများကို ဖြေရှင်းရန် လိုအပ်သည့်အတွက် သူတို့၏ ဘဏ္ဍာတိုက်များမှ ကြီးမားသော ယိုစီးမှုများ ရှိလာခဲ့ရသည်။
တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်း နယ်စပ်များ၏ အားနည်းချက်များနှင့် လယ်သမားတို့ ပုန်ကန်ထကြွခြင်း ကဲ့သို့ ခြိမ်းခြောက်မှုများ နှင့် အခြားသော အရင်းအမြစ်များ ရယူနိုင်ရေးတို့ကြောင့် အုပ်စိုးသူများ အနေဖြင့် စစ်ရေးအရ အမြဲတမ်း အသင့်ဖြစ်အောင် ပြုလုပ်ထားရန် လိုအပ်လာသည်။
အကျိုးဆက် အနေဖြင့် ပြည်တွင်းတွင် စောင့်ကြည့် ထိန်းသိမ်းရေးက အမြဲတမ်းပင် အရေးပါလာခဲ့သည်။ ရှီကျင်ဖျင့် ခေတ်မှာပင် အလားတူ ကိစ္စအချို့က ရှိနေဆဲ ဖြစ်သည်။
တတိယအချက်မှာ တရုတ်နိုင်ငံမှ မြစ်များ၏ ဗျူဟာမြောက် အရေးပါမှုကြောင့် ပြည်တွင်းကိုသာ အလေးထားမှုကို ဖြစ်စေခဲ့သည်။ မြစ်ကြီးများက ပြည်တွင်း ဆက်သွယ်သွားလာရေး၏ မရှိမဖြစ် အစိတ်အပိုင်းတခု ဖြစ်သလို ဒေသတွင်း လုံခြုံရေးနှင့် ကုန်သွယ်ရေး အတွက်လည်း အလားတူပင် ဖြစ်သည်။
ရာစုနှစ်များစွာအတွင်း မဟာမြစ်ကြီးများ ဖြစ်ကြသော ယန်ဇီ၊ ပုလဲနှင့် မြစ်ဝါ မြစ် တို့က ရေပေးဝေမှုကို ကောင်းမွန် စေခဲ့သည်။ ရေလွှမ်းမိုးမှုကို ကာကွယ်ပေးခဲ့သည်။ ကုန်စည်ပို့ဆောင်ရေး သွားလာရေးတို့ကို လွယ်ကူစေခဲ့သည်။ တူးမြောင်းများနှင့် ပြည်တွင်းရေကြောင်းလမ်းများ ကွန်ရက်တခုကို တည်ဆောက်ခဲ့ပြီး ၎င်းတို့ထဲမှ မဟာတူးမြောင်း (Grand Canal) က စိုက်ပျိုးရေးထွန်းကားအောင်မြင်သည့် တောင်ပိုင်းနှင့် ခြောက်သွေ့ ပူပြင်းသော မြောက်ပိုင်း ကို ဆက်သွယ်ပေးထားသည်။
လူသိနည်းသည့် ဥပမာတခု ဖြစ်သော်လည်း ပိုမို၍ ထူးဆန်း အံ့သြဖွယ်ရာကောင်းသည်မှာ ၃၆.၄ ကီလိုမီတာ ရှည်လျားသော Lingqu တူးမြောင်း ဖြစ်သည်။ ချင် Qin မင်းဆက်လက်ထက် ဘီစီ ၂၁၉ မှ ၂၁၄ အတွင်းတည်ဆောက် ခဲ့ရာတွင် လူ့အသက်ပေါင်းများသေဆုံးခဲ့ရသည်။
ဗျူဟာမြောက်သည့် အဆိုပါရေကြောင်းလမ်းက ယန်ဇီမြစ်နှင့် ပုလဲမြစ်ဝှမ်းဒေသကို ဆက်သွယ်ပေးထားပြီး ထိုစဉ်က မြို့တော်ဖြစ်သည့် ရှီအန်း Chang’an မှ ကွမ်ကျိုး Guangzhou သို့ သင်္ဘောဖြင့် သွားလာနိုင်စေခဲ့သည်။ ကီလိုမီတာ ၂၀၀၀ ကျော် ရှည်လျားသည့် ခရီးဖြစ်ပါသည်။
ကျနော်တို့အတွက် အမှတ်ရဖို့ အရေးကြီးသည်မှာ မြစ်တွင်းသွားလာသည့် ကိစ္စများကို အလေးပေးခဲ့ခြင်းကြောင့် ပင်လယ်ရေကြောင်းလုပ်ငန်းတခု အားကောင်းအောင် ဆောင်ရွက်ရန် အကြီးအကျယ် လိုအပ်ခြင်းကို တရုတ်နိုင်ငံက ဥပက္ခောပြုခဲ့သည့်အကြောင်း ဖြစ်သည်။ ထို့ကြောင့်လည်း ရာစုနှစ်များစွာအတွင်း တောင်ပိုင်း ပင်လယ်ပြင်များ နှင့် ကုန်သွယ်မှု တိုးတက်ရေး အတွက် အတားအဆီး ဖြစ်ခဲ့သည်။
စတုတ္ထအနေဖြင့် ရေနွေးငွေ့ အင်ဂျင်များ မပေါ်သေးမီက ပင်လယ်ရေကြောင်းသွားလာမှုများမှာ မုတ်သုန်လေ ပေါ်တွင် မှီခို အားထားကြရသည်။ ကုန်းမြေက ရေထက်ပိုအေးသည့် ဆောင်းရာသီ အချိန်တွင် အရှေ့မြောက် မုတ်သုန်လေက တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ တောင်ပိုင်းဘက်မှ ပင်လယ်သို့ တိုက်ခတ်မည် ဖြစ်သည်။ နွေရာသီ ရောက်သည့် အခါ ပြောင်းပြန်ဖြစ်သည်။ ကုန်းမြေက ပူနွေးလာသည့်အတွက် လေထုသိပ်သည်းမှု လျော့ပါးလာပြီး ပင်လယ်ဘက်မှ လေများ ကုန်းမြေဘက်သို့ တိုက်ခတ်မည် ဖြစ်သည်။ တောင်ပိုင်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းသည်။
ထို့ကြောင့် ရေကြောင်းသွားလာ ရွက်လွှင့်ခြင်း အစီအစဉ်ကို မုတ်သုန်လေက အဆုံးအဖြတ်ပေးပြီး တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ ကြားမှ ကုန်သွယ်မှုလမ်းကြောင်းများကို အချိန်ကာလ ကန့်သတ်ချက်ဘောင်တခု ဖန်တီးခဲ့ သည်။
အိန္ဒိယ သမုဒ္ဒရာတွင်းမှ မုတ်သုန်လေများနှင့် အချိန်ကိုက်ညီခြင်း မရှိသည့် အတွက် အိန္ဒိယနိုင်ငံမှ ချမ်းသာ ကြွယ်ဝသော Malabar ကမ်းရိုးတန်းသို့ သွားရောက်လိုများ သို့မဟုတ် ၎င်းထက်ကျော်လွန်၍ သွားလိုသူများသည် လေကြောင်းပြောင်းလဲချိန်ကို အရှေ့တောင် အာရှမှ ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေရခြင်းက အာရှတိုက် အတွင်း ကုန်သွယ်ရေး လမ်းကြောင်းများကို နှေးကွေးစေခဲ့သည်။
ထို့ကြောင့်လည်း ကွမ်ကျိုးရှိ ဆိပ်ကမ်းများသို့ မပြန်မီ အရှေ့တောင်အာရှတလွှားတွင် လနှင့်ချီ၍ စောင့်ဆိုင်းနေကြရသည့် တရုတ်ကုန်သည်များ တဖြည်းဖြည်း များပြားလာစေခဲ့သည်။
မှတ်သားထားရန် အရေးကြီးသည်မှာ တရုတ်ကုန်သည်များက သူတို့ရောက်ရှိသည့် ဆိပ်ကမ်းများကို သိမ်းပိုက်ရန်နှင့် လက်ဝါးကြီးအုပ်ရန် မည်သည့် အခါကမျှ မကြိုးစားခဲ့ခြင်း ဖြစ်သည်။ ကုန်သွယ်ရေးကို လွှမ်းမိုးရန် အတွက် ယမ်းများ (သေနတ် နှင့် အမြောက်များ) ကို အသုံးပြုတတ်သည့် ပေါ်တူဂီ၊ ဒတ်ချ် နှင့် အင်္ဂလိပ်များ နှင့် ဆန့်ကျင်ဖက် ဖြစ်သည်။
တရုတ်နိုင်ငံတောင်ပိုင်းမှ Hokkien ဟုတ်ကီယန့်မျိုးနွယ်များသည် ယခု Hangzhou ဟန်ကျူး မြို့တော် ဖြစ်လာမည့် နေရာတွင် အခြေစိုက် သည့် ကုန်သွယ်ရေးကို အားပေးသော တောင်ပိုင်း Song ဆွန်မင်းဆက် ထူထောင်ခြင်း နှင့်အတူ ၁၁ ရာစုနှင့် ၁၂ ရာစုများ အတွင်းတွင် အဓိက အကျိုးအမြတ် ရရှိခဲ့သူများ ဖြစ်ကြသည်။ သူတို့၏ ရေကြောင်း စွမ်းရည်နှင့် ကုန်သွယ်မှု စွမ်းရည်တို့ကြောင့် အာရှကုန်သွယ်ရေးကို လွှမ်းမိုးသည်အထိ တိုးတက် လာခဲ့ပြီး အရှေ့ အာဖရိက နှင့် ပါရှားပင်လယ်ကွေ့အထိ ခရီးသွားခဲ့ကြသည်။
နောက်ဆုံး အချက်မှာ တရုတ်လူမျိုး အတွေးအခေါ်ပညာရှင်ကြီးများ (အဓိကအားဖြင့် ကွန်ဖျူးရှပ်) က ကုန်စည် ကူးသန်း ရောင်းဝယ်မှုကို ဆန့်ကျင်ခဲ့ကြသည်။
သူ၏ အတွေးအခေါ်ကောက်နုတ်ချက်များထဲတွင် ကွန်ဖျုးရှပ်က “လူကြီးလူကောင်းက ဖြောင့်မှန်သော စာရိတ္တတွင် မွေ့လျော်ပြီး သိမ်ဖျင်းသောသူက အကျိုးအမြတ်တွင် မွေ့လျော်သည်” ဟု ပြတ်ပြတ်သားသားပင် ရှုတ်ချထားသည်။ ကွန်ဖျူးရှပ် ဝါဒီ ပညာရှင်များ နှင့် မန်ဒရင်း (mandarins) များက မင် မင်းဆက်ခေတ်တွင် များစွာအရာရောက်ခဲ့ကြပြီး ဧကရာဇ်နှင့် တွေ့ဆုံခွင့်ကို ထိန်းချုပ်ထားသည့်အခါ ကုန်သွယ်ရေး နှင့် သံတမန်ရေးရာကို ထိခိုက်စေခဲ့သည်။
ပင်လယ်ရပ်ခြားမှ ရောက်လာသည့် အယူဝါဒ တခု ဖြစ်သော ဗုဒ္ဓဝါဒက ကွန်ဖျူးရှပ် ဝါဒနှင့် လွှမ်းမိုးမှု အတွက် အဓိက စိန်ခေါ်မှု ဖြစ်ခဲ့သည်ကိုလည်း မှတ်သားရန် လိုအပ်ပါသည်။ ဗုဒ္ဓဝါဒနှင့် ကွန်ဖျူးရှပ် ဝါဒ ကြားမှ တင်းမာမှုများက မယုံ ကြည်မှု အတွက် အကြောင်းရင်းတခု ထပ်ဖြစ်လာသည်။ တခါတရံတွင် တောင်ပိုင်းပင်လယ်ဘက် ကုန်သွယ်ရေးကို ပင် ရပ်တန့်စေခဲ့သည်။
၉ ရာစု နှင့် ၁၀ ရာစုအတွင်းတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြားမှ ကုန်သွယ်မှု တိုးတက်လာခဲ့သည်။ ဘာသာ ရေး ပညာရှင်များ နှင့် ဘုန်းတော်ကြီးများက ဗုဒ္ဓစာပေ သင်ကြားလေ့လာရေး၏ အဓိကနေရာ ဖြစ်သော အိန္ဒိယ နိုင်ငံ ဂင်္ဂါ မြစ်ကမ်းမှ Nalanda တက္ကသိုလ် နှင့် တရုတ်နိုင်ငံကြားတွင် အပြန်အလှန် ကူးသန်း သွားလာမှုများ ရှိလာပြီး အရှေ့တောင် အာရှကို အကြီးအကျယ် တိုးတက်စေခဲ့သည်။ အထူးသဖြင့် ဆူမတြာ ကုန်သွယ်ရေးဆိပ်ကမ်း ဖြစ် သည့် Srivijaya ဖြစ်သည်။ ဘာသာရေးစာပေများ နှင့် ရှားပါးသော အသုံးအဆောင်ပစ္စည်းများကို ထိုလမ်းကြောင်း မှ တဆင့် တရုတ်နိုင်ငံသို့ သင်္ဘောများ ဖြင့်တင်ပို့ခဲ့ကြသည်။
မည်သို့ပင် ဖြစ်စေ ကွန်ဖျူးရှပ်ဝါဒီ မန်ဒရင်းများက အပူပိုင်းဒေသမှ အသုံးအဆောင် ပစ္စည်းများ(စန္ဒကူးသစ်များ၊ လေးညှင်းများ၊ လိပ်ခွံများ၊ ကြံ့ဂျိုများ)တင်သွင်းခြင်းကို ကျယ်ကျယ်လောင်လောင် ကန့်ကွက်ခဲ့ကြသည်။ အရေးမပါ သော အရာများအဖြစ် မြင်ခဲ့ကြသည်။
တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ပိုးထည်များနှင့် ကြွေထည်များက တင်သွင်းလာသည့် ပစ္စည်းများအတွက် ပေးချေရန် မလုံလောက်ခဲ့ပါ။ ဝယ်ယူမှုများကို ပေးချေနိုင်ရန် ကြေးဒင်္ဂါး အမြောက်အမြား သွန်းလုပ်ရခြင်းကြောင့် ဖြစ်ရသည့် ငွေကြေးဖောင်းပွမှုက တရုတ်နိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေခဲ့သည်။
ထို့ကြောင့် တရုတ်နိုင်ငံက ကမ္ဘာ့ကို လွှမ်းမိုးနိုင်သည့် နိုင်ငံတခု မလွဲမသွေဖြစ်လာမည်ဟု ယူဆပါက မှားယွင်းလိမ့် မည် ဖြစ်သည်။ ဒေသတွင်းတွင် လွှမ်းမိုးမည့် နိုင်ငံတခု ဖြစ်လာမည်ဟု ယူဆပါကလည်း ထိုနည်းတူ ဖြစ်သည်။
လက်ရှိ အချိန်တွင် တရုတ်နိုင်ငံ၏ သြဇာကို ကျနော်တို့ စိုးရိမ်နေရသည်မှာ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ အရည် အချင်း မပြည့်ဝမှုနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။
ရှီကျင်ဖျင့်က တည်ငြိမ်၍ ဂုဏ်သိက္ခာ ရှိသည့် ကမ္ဘာ့အဆင့် ခေါင်းဆောင် တဦးဖြစ်သည်။ သူ လုပ်ဆောင် ရမည့် တာဝန်များ၏ အတိုင်းအတာကိုလည်း ကောင်းကောင်း သိရှိထားသူ ဖြစ်သည်။ ဒေါ်နယ်ထရမ့်ကတော့ သူ နှင့် ဆန့် ကျင်ဖက် ဖြစ်သည်။ လူစိတ်ဝင်စားအောင် လုပ်ပြသည့် ရုပ်သံတင်ဆက်သူ တဦးထက် မပိုပါ။
သို့သော်လည်း တဘက်မှကြည့်ပြန်လျှင် တရုတ်နိုင်ငံ၏ အခြေခံအဆောက် အဦးဆိုင်ရာ အောင်မြင်မှုများ (ကား လမ်းများ၊ ရထားလမ်းများ၊ ဆိပ်ကမ်းများ နှင့် မြို့ကြီးများ) က အထင်ကြီးလောက်စရာ ဖြစ်သော်လည်း အပေါ်ယံ လျှပ်တပျက် အမြင်အတွက်သာ ဖြစ်ပါသည်။
နောက်ကွယ်မှ အမှန်တရားမှာ အကြွေးတင်နေပြီး မညီမျှမှုကြီးမားသည့် အတင်းကာရော တည်ဆောက်ထားသည့် လူ့ အဖွဲ့အစည်းတခု ဖြစ်သည်။ ကလေးတဦးသာ မွေးရမည့် မူဝါဒကို ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့သည့် အတွက် သူ၏ ကိုယ်ပိုင် လူဦးရေ ပြဿနာကိုလည်း အကြီးအကျယ် ကြုံနေသည်။
အဆိုပါ အံ့အားသင့်ဖွယ်ရာ ကိစ္စနှင့် ပတ်သက်၍ အကောင်းဆုံး ရှေ့နေလိုက်ပေးခြင်းဖြစ်သော်လည်း အလွန်တရာ ကျိုးကြောင်း ဆီလျော်စွာ ထောက်ပြနိုင်ခဲ့သည်မှာ New York Times သတင်းစာ၏ ရှန်ဟိုင်း ရုံးခွဲ အကြီးအကဲ ဟောင်း Howard French ရေးသားသော “Everything Under the Heavens: How The Past Helps Shape China’s Push for Global Power” အမည်ရှိ စာအုပ်ဖြစ်ပြီး ဖုံးကွယ်ထားသည့် လူဦးရေဆိုင်ရာ ပြဿနာများကို ပြောင်မြောက်စွာ ရှင်းလင်းဖော်ပြထားသည်။
Howard French က အဓိက ထောက်ပြသည့် အချက်မှာ တရုတ်နိုင်ငံက ၎င်း၏ လူဦးရေဆိုင်ရာ အားသာချက်ကို ရယူနိုင်ခဲ့ခြင်း မရှိခြင်း ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် ၁.၅၁ ရာခိုင်နှုန်း ဖြစ်မည်ဟု ခန့်မှန်းထားသော ကလေးမွေးဖွားနှုန်း က အစားထိုးနိုင်သည့် အဆင့်၏ အောက်သို့ နိမ့်ကျသွားခဲ့သည်။ ၂၀၅၀ တွင် ၄၉ နှစ်ရှိမည်ဟု ခန့်မှန်းထားသော ပျမ်းမျှ အသက်(median age) က လျှင်လျှင်မြန်မြန်တက်လာနေသည်။
ထိုအကြောင်းများကြောင့် တရုတ်နိုင်ငံသည် ချမ်းသာကြွယ်ဝမလာမီ အိုမင်းသွားလိမ့်မည် ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ အရင်းအမြစ်များကို သက်ကြီးရွယ်အိုများ (၂၀၅၀ တွင် အသက် ၆၅ နှစ်အထက် လူဦးရေ ၃၂၅ သန်း ရှိမည်ဟု ခန့်မှန်းရပြီး ထိုအရေအတွက်မှာ ပြင်သစ်၊ ဂျာမနီ၊ ဂျပန် နှင့် အင်္ဂလန် နိုင်ငံများ၏ လက်ရှိ လူဦးစုစုပေါင်းနှင့် ညီမျှသည်) ကို စောင့်ရှောက်ရေး အသုံးချရန် လိုအပ်လာမည်ဖြစ်သောကြောင့် နိုင်ငံတကာသို့ လွှမ်းမိုးမည့် ရည်ရွယ်ချက်ကို ထိခိုက်စေလိမ့်မည် ဖြစ်ပါသည်။
OBOR ညီလာခံက တရုတ်နိုင်ငံကို တိုးတက်လာနေသည့် မဟာအင်အားကြီး နိုင်ငံတခု အဖြစ် မြင်လာအောင် ပြုလုပ်ကောင်း ပြုလုပ်ပေးနိုင်မည် ဖြစ်သော်လည်း နောက်ကွယ်တွင် မမြင်ရသည့် အားနည်းချက်များ ရှိနေသည်ကို မြင်ကြဖို့ လိုပါသည်။
(ကာရင်မ်ရတ်စလန်သည် အရှေ့တောင်အာရှရေးရာများကို အထူးပြုလေ့လာရေးသားနေသော မလေးရှား စာရေးဆရာတဦး ဖြစ်သည်)