သမီးရည်းစား ဖြစ်သူ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ၂ နှစ်ကြာမျှ ခံစားရပြီး သေကြောင်းကြံစည်ရန်ပင် စဉ်းစားခဲ့သည်ဟု အသက် ၂၁ နှစ်အရွယ်ရှိ မသီရိအောင်တင် က ပြောသည်။
သူမ၏ ရည်းစားဖြစ်သူက ခိုးပြေးကြရန် ဖျောင်းဖျပြောဆိုပြီးနောက် ရက်ပေါင်းများစွာ တနေကုန် အမှောင်ခန်းအတွင်း ပိတ်ထားသည် ဟု မသီရိအောင်တင်က ပြောသည်။ ထိုအချိန်သည် ၂ နှစ်ကြာ အချုပ်အနှောင်ခံ ဘ၀ ခက်ခဲ ကြမ်းတမ်းသော ဘဝအတွေ့အကြုံနှင့် နှုတ်အားဖြင့် ညှင်းပမ်းနှိပ်စက်မှုများ၏ အစပင် ဖြစ်ဖြစ်ပြီး နောက်ဆုံးတွင် သူ့ကိုယ်သူ သေကြောင်းကြံစည်မိအောင် တွန်းအားပေးခဲ့သည်ဟု သူမက ပြောပြသည်။
သူမက ရဲတပ်ဖွဲ့သို့တိုင်ကြားပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီလက ဖမ်းဆီးခေါ်ဆောင်မှု၊ ဥပဒေမဲ့ ချုပ်နှောင်မှုများဖြင့် သူ အဖမ်းခံရသောအခါ သူ့ကို လုံလုံလောက်လောက် ပြင်းထန်သော ပြစ်ဒဏ်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။ သို့သော် သူ့ကို မတ်လတွင် အာမခံမပါဘဲ ပြန်လွှတ်ခဲ့ပြီး သစ္စာဖောက်သော အိမ်ထောင်ဘက်များကို စွဲဆိုသည့် အများဆုံး ထောင်ဒဏ် ၁ နှစ်သာ ကျခံရနိုင်သော မြန်မာနိုင်ငံ၏ ၁၉ ရာစု ရာဇဝတ်မှုဥပဒေမှ လိမ်လည်မှုပုဒ်မနှင့်သာ စွဲဆိုခဲ့သည်။ အမှုမှာ ပြီးပြတ်ခြင်း မရှိသေးပေ။
“ဒါဟာ လုံး၀ တရားမျှတမှု မရှိဘူးလို့ ကျမခံစားနေရတယ်” ဟု မသီရိအောင်တင်က အမှုတွင် အပြောင်းအလဲများနှင့် ပတ်သက်ပြီး ပြောသည်။
ဒီမိုကရေစီသို့ ကူးပြောင်းသောအခါ အပြောင်းအလဲများ မြန်မာနိုင်ငံသို့ ရောက်လာသည်။ သို့သော် အမျိုးသမီးများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးရေးနှင့် ပတ်သက်လျှင် ထိရောက်မှု မရှိသေးပေ။
ထိုပြဿနာနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ အကြား နောက်ကျကျန်နေသည် ဟု လူ့အခွင့်အရေး အဖွဲ့များက အိမ်ထောင်ဘက်ချင်း အလိုမတူ ပြုကျင့်ခြင်းကို အသိအမှတ် မပြုသော ရာဇဝတ်မှု ဥပဒေနှင့် မြန်မာနိုင်ငံတွင် အိမ်တွင်း အကြမ်းဖက်မှုနှင့် ပတ်သက်သော ဥပဒေ မရှိခြင်းတို့ကို ရည်ညွှန်း ပြောဆိုကြ သည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို သံတမန်များက တိတ်ဆိတ်သော အရေးပေါ် အခြေအနေဟု ခေါ်ကြပြီး ရာဇဝတ်မှု ဥပဒေ၏ လစ်ဟာမှုကို တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ တရားရုံးများတွင် အဂတိလိုက်စားမှုနှင့် အမျိုးသမီးများ အပေါ် မုန်းတီးမှု များပြားခြင်းတို့က ပိုမိုဆိုရွားစေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြသည်။
ဥပဒေများကို ခေတ်မီအောင် ပြုလုပ်ခြင်းဖြင့် အမျိုးသမီးများကို ပိုမိုအကာအကွယ်ပေးရန် ကြိုးစားသော ဥပဒေကြမ်း တခုကို ပြည်တွင်း လူ့အခွင့်အရေး အကျိုးဆောင်အဖွဲ့များနှင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် အများအပြားက ထောက်ခံကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရာစုနှစ် တဝက်နီးပါး ကြာသော စစ်အုပ်ချုပ်ရေးကို အဆုံးသတ်လိုက်သော ရွေးကောက်ပွဲ အောင်ပွဲအပြီးတွင် လွန်ခဲ့သောနှစ်က အာဏာ ရလာသည်။
သို့သော် ထိုဥပဒေကြမ်းမှာ ယခင်စစ်အစိုးရနှင့် အချိတ်အဆက်ရှိသော ရှေးရိုစဉ်လာဝါဒီနှင့် အမျိုးသားများ လွှမ်းမိုးသော စနစ်အဆောက်အအုံဟောင်းက ဥပဒေဝေါဟာရ အချို့၏ သက်ရောက်မှုကို အားပျော့ သွားစေရန် ကြိုးစားနေသောကြောင့် တုံ့ဆိုင်းနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် လူ့အခွင့်အရေး ဆော်သြသူများက ပြောသည်။
“သူတို့ဟာ အမျိုးသမီးရေးရာ ကိစ္စကို စဉ်းစားတယ် ဆိုတာနဲ့တင် လုံလောက်နေပြီ။ ဒီထက် ပိုပြီးလုပ်စရာ မလိုတော့ဘူးလို့ သူတို့က ထင်နေကြတာ” ဟု အကျိုးအမြတ် မယူသော ဥပဒေရေးရာ ကုစားမှု အဖွဲ့အစည်း ဖြစ်သည့် Legal Clinic Myanmar မှ ဒါရိုက်တာ ဒေါ်လှလှရီ က ပြောသည်။
အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်သော ခိုင်မာသည့် စာရင်းဇယာများမှာ ရှားပါးလှသော်လည်း မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းများ အရ ထိုပြဿနာမှာ ကျယ်ပြန့်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခဒေသများတွင် လိင်အရ အကြမ်းဖက်မှုများ အများအပြား တွေ့ရသည်ဟု ကုလသမဂ္ဂ၏ ၂၀၁၆ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြကာ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် ၆၁ ဦးကို လိင်အရ အကြမ်းဖက်မှုများ အတွက် စီရင်ခဲ့သည် ဟု မှတ်ချက်ချသည်။
အမျိုးသားများ အကြား အရက် မူးယစ်ဆေးဝါး သုံးစွဲမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု ခံရသူ အမျိုးသမီးများသည် တစုံတရာသော အတိုင်းအတာအထိ ထိုသို့သော ဆက်ဆံမှုနှင့် ထိုက်တန်သည် ဟူသော သဘောထားများ ကလည်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများကို ပိုမိုဆိုးရွားစေသည် ဟု အမျိုးသမီး အခွင့်အရေး ဆော်သြသူများက ပြောကြသည်။
“ဒါဟာ ခံရတဲ့သူကို ပြန်ပြီး အပြစ်ပုံချနေတာ” မြန်မာနိုင်ငံ၏ အဓိကကျသော မြို့ကြီးဖြစ်သည့် ရန်ကုန်မှ Strong Flowers Sexuality Education Services ကုမ္ပဏီ မှ မအိဗလင်းယုယုဆွေက ပြောသည်။ “သူတို့ပြောနေကျ စကားက ဒီမိန်မက ဆိုးတယ်။ ဒါကြောင့် သူ့ယောက်ျားက သူ့ကို ရိုက်တာ ဆိုတဲ့ စကားပဲ” ဟု သူက ပြောသည်။
ထိုသို့သော အမှုများနှင့် ပတ်သက်သော ဥပဒေများသည် ၁၉၄၈ ခုနှစ်တွင် ကုန်ဆုံးခဲ့သော ကိုလိုနီခေတ်က ပြဋ္ဌာန်းထားသော ဥပဒေများ ဖြစ်သောကြောင့် ခေတ်နောက်ကျ နေပြီး ညှဉ်းပန်းနှိပ်စက် ခံရသူများ အတွက် ဥပဒေကြောင်း အရ ရွေးချယ်စရာလည်း နည်းပါးသည် ဟု လူ့အခွင့်အရေး ဆော်သြသူများက ပြောသည်။
ရာဇဝတ်စွဲချက်တင်ရန် တရားရုံး၏ စံနှုန်းများအရ ပြည့်စုံသော ချိုးဖောက်ခံအမျိုးသမီးများသည်ပင် ရှေ့နေငှားခ၊ တရားရုံး စာရေးနှင့် ရဲများက မကြာခဏ တောင်းလေ့ရှိသော လာဘ်ထိုးရန် ကုန်ကျစရိတ် ပေးရန် မရှိကြကြောင်း ဒေါ်လှလှရီက ပြောသည်။ အိမ်ထောင်ရှင် အမျိုးသမီးများသည် ခင်ပွန်းဖြစ်သူကို တရားစွဲဆိုပါက မိသားစုအတွင်း ကဲ့ရဲ့ ပြစ်တင်ခံရသည့် ဆိုးကျိုးများဖြစ်လာမည်ကို စိုးရိမ်ကြသည် ဟုလည်း သူက ဆက်ပြောသည်။
“သူတိုက သူတို့ရဲ့ ကလေးတွေကို ရာဇဝတ်သားရဲ့ ကလေးတွေလို့ မြင်တာကို မခံချင်ကြဘူး” ဟု ပြောသည်။
အဆိုပြုထားသော အမျိုးသမီးများအား အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကြမ်း ကို နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး နှစ်ပေါင်းများစွာ ရေးဆွဲခဲ့ရသည်။
သို့သော် ထိုဥပဒေကြမ်းသည် အစိုးရ ကော်မတီ၏ လက်သို့ ရောက်သွားသော အခါ ဝန်ကြီးဌာန အများအပြားမှ ဝေဖန်သူများက လိင်အကြမ်းဖက်မှုကို ဖွင့်ဆိုပြီး ပဋိပက္ခ ဒေသများတွင် လိင်အကြမ်းဖက်မှုများ အတွက် စစ်သားများကို အရေးယူနိုင်သည့် ပြဋ္ဌာန်းချက် အများအပြားကို ဖြတ်တောက် ပစ်ခဲ့ကြသည်။ မကြာသေးမီက ထိုဥပဒေကြမ်းကို ပြန်လည် ပြင်ဆင်ခြင်းသည် ပြဿနာ ရှိကြောင်း ကုလသမဂ္ဂ၏ ယမန်နှစ်က အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
၁၉ ရာစု ရာဇဝတ်မှု ဥပဒေသည် အမျိုးသမီးများကို အကာအကွယ် ပေးထားပြီး ဖြစ်ကြောင်း၊ အဆိုပြု ဥပဒေကြမ်း သည် အမျိုးသားများကို မမျှမတ ပစ်မှတ်ထားသော ဥပဒေဖြစ်ကြောင်း ထိုဥပဒေကြမ်းကို ဝေဖန်သူများက တံခါးပိတ် အစည်းအဝေးများတွင် ဆွေးနွေးသည် ဟု ဆွေးနွေးပွဲများတွင် ပါဝင်သော လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
စစ်သားများကို လိင်အကြမ်းဖက်မှုများ အတွက် အပြစ်ပေးခြင်းအား ဆန့်ကျင်မှုမှာ စစ်တပ်က ထိန်းချုပ်ထားသော ပြည်ထဲရေး ဝန်ကြီးဌာနမှ လာသည် ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲမှ ဒေါ်နော်သာဝါး က ပြောသည်။ ၎င်းတို့၏ စဉ်းစားတွေးခေါ်ပုံမှာ ထိုကဲ့သို့သော ရာဇဝတ်မှုများကို စစ်တရားရုံးများက ကိုင်တွယ်နေသောကြောင့် အရပ်ဘက် တရားရုံးများသို့ လွှဲပေးရန် မလိုဟု ယူဆကြသည် ဟုလည်း သူက ဆက်ပြောသည်။
“စစ်တပ်က သြဇာကြီးတယ်၊ တချို့အရာရှိတွေက စစ်တပ်ရဲ့ ဒေါသကို ဆွ မပေးချင်ကြဘူး” ဟု ရန်ကုန်မှ အစိုးရ မဟုတ်သော အဖွဲ့အစည်းတခု ဖြစ်သော Triangle Women Support Group မှ ဒါရိုက်တာ ဒေါ်ခင်လေးက ပြောသည်။
ထိုဥပဒေကြမ်းကို ဆန့်ကျင်သော အုပ်စုတစုမှာ သဘောထား တင်းမာသော ဗုဒ္ဓဘာသာ အဖွဲ့အစည်းဖြစ်သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဖြစ်သည်။ မကြာသေးမီက ယင်းအဖွဲ့၏ ဆိုင်းဘုတ်များကို နိုင်ငံ၏ သံဃမဟာနာယကအဖွဲ့က ဖြုတ်ချခိုင်းထားသော်လည်း ထောက်ခံသူများက အခိုင်အမာ ဆက်ရှိနေသည်။
ထိုအဖွဲ့သည် စစ်တပ်ကျောထောက်နောက်ခံပြု အဖွဲ့အဖြစ် အများက မှတ်ယူထားကြပြီး အစိုးရက ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် “မျိုးစောင့်”ဥပဒေများဟု ခေါ်သည့် ဥပဒေ ၄ ခု ကို ထောက်ခံဆော်သြကြသည်။ ထိုဥပဒေများသည် တလင်တမယားစနစ်၊ ဘာသာခြားနှင့် လက်ထပ်ခြင်း၊ ဘာသာကူးပြောင်းခြင်း နှင့် မိသားစုစီမံကိန်းတို့နှင့် ပတ်သက်နေသည်။ ယခု အဆိုပြုသော ဥပဒေကြမ်းသည် ထို ဥပဒေများကို ထိခိုက်စေမည်ကို ထို အဖွဲ့ခေါင်းဆောင်များက ပူပန်ကြသည်။
အမျိုးဘာသာ သာသနာ ဥပဒေများ၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာ အမျိုးသမီးနှင့် မွတ်စလင် အမျိုးသားများ လက်ထပ်ခြင်းကို ကန့်သတ် ထိန်းချုပ်ရန်နှင့် မွတ်စလင် အသိုင်းအဝန်းတွင် လူဦးရေတိုးပွားခြင်းကို တားဆီးရန် ဖြစ်သည်ဟု ဆစ်ဒနီရှိ နယူးဆောက်သ်ဝေးလ် တက္ကသိုလ်မှ မြန်မာဥပဒေကျွမ်းကျင်သူ Melissa Crouch က ပြောသည်။ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံ၏ လူများစု ဗုဒ္ဓဘာသာများကို စည်းရုံးရန် ထိုဥပဒေများကို ထောက်ခံခဲ့သည် ဟုလည်း သူက ပြောသည်။
ဥပမာဆိုရပါက ၎င်းတို့၏ ဘာသာတူခြင်း လက်ထပ်ခွင့် ကျင့်သုံးနိုင်ရေးကို အာမခံခြင်းဖြင့် ဗုဒ္ဓဘာသာ အမျိုးသမီးများ ကို ကယ်တင်ရန် ထိုဥပဒေများ လိုအပ်သည် ဟု မဘသ ခေါင်းဆောင်များက ပြောကြသည်။ သို့သော် ထိုဥပဒေများ တွင် ဗုဒ္ဓဘာသာ သို့မဟုတ် အခြားမည်သည့် အမျိုးသမီးကိုမျှ အကြမ်းဖက်မှုမှ အကာအကွယ်ပေးသည့် တိကျသော ပြဋ္ဌာန်းချက်မပါဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ပြောကြသည်။
အဆိုပြု အမျိုးသမီး ဥပဒေကြမ်းသည် အမျိုးဘာသာ ဥပဒေများ၏ ပုဒ်မများကို ကန့်သတ် ပယ်ဖျက်ပစ်သည် ဟု အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲမှ ဒေါ်နော်သာဝါး က Frontier Myanmar မဂ္ဂဇင်းသို့ ဖေဖော်ဝါရီလက ပြောသည်။
ထို ၂၀၁၅ ခုနှစ် ဥပဒေများကို ထိန်းချုပ်ရန် မည်သည့်လုပ်ဆောင်မှု မဆို ၎င်းတို့ကို ထောက်ခံသူများ၏ ပြင်းထန်သော တုံ့ပြန်မှုနှင့် တွေ့ရမည်ဟု မဘသ ခေါင်းဆောင်များက သတိပေးထားသည်။ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီလိုလုပ်ဖို့ ကြိုးစားရင်တော့ ကျနော်တို့ရဲ့ထောက်ခံမှုကို သူတို့ ဆုံးရှုံးမယ်” ဟု ထိုအဖွဲ့၏ သာကီသွေး မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်လင်းနိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရည်ရွယ်ပြောသည်။
မဘသ သည် ထိုအဆိုပြု ဥပဒေကြမ်းကို မဲမခွဲရန် အစိုးရအတွင်းမှ ၎င်းတို့၏ မဟာမိတ်များကို ဖိအားပေးမည် ကို အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက စိုးရိမ်နေကြသည်။
ထိုဥပဒေကြမ်းကို အတည်ပြုနိုင်လျှင်ပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဗုဒ္ဓဘာသာများကို ပစ်ပယ်ရာ ရောက်မည် စိုး၍ အမျိုးဘာသာ ဥပဒေများကို ဖျက်သိမ်းမည် မဟုတ်ဟု ဒေါ်ခင်လေးက ပြောသည်။ အကောင်းဆုံးမှာ ဥပဒေသစ်က ဥပဒေဟောင်းများကို အသာအယာ ထိန်းချုပ်ရန် ဖြစ်သည်ဟု သူက ပြောသည်။
သို့သော် မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေစနစ်တွင် မည်သည့် ဥပဒေစနစ်တွင် မည်သည့် ဥပဒေက စီရင်ထုံး ဖြစ်သည်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မရှိဟု Ms. Crouch က ပြောသည်။ စစ်အစိုးရခေတ်က ဥပဒေတရပ်၏ အာဏာမှာ ထိုဥပဒေကို ကျားကန်ပေးထားသော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းပေါ် မူတည်သည်။ သို့သော် မြန်မာသည်ယခု ဒီမိုကရေစီ တပိုင်းနိုင်ငံ ဖြစ်လာသော်လည်း ရှင်းလင်းသော မည်သည့် လမ်းညွှန်ချက်မျှ ထွက်မလာသေးဟု သူက ဆက်ပြောသည်။
“တရားရုံးတွေက ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဆောင်ရွက်မှုမျိုး မတွေ့ရသေးဘူး” ဟု သူက ပြောသည်။
(The New York Times တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Mike Ivesmay ၏ As Myanmar Democratizes, Women’s Rights Lag Behind ကို ဘာသာပြန်သည်။)