ရှေးမြန်မာမြို့ဟောင်း မြင်စိုင်းက ကျောက်ဆည်မြို့ရဲ့ အရှေ့တောင်ဘက်မှာ တည်ရှိတယ်။ မြင်စိုင်းမြို့ကို သွား ချင်ရင် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က ကျောက်ဆည်မြို့တော်ခန်းမ တောင်ဘက်ကပ်လျက်မှာ ရှိတဲ့ ၁၅ လမ်း အတိုင်း အရှေ့စူးစူးကို မောင်းဝင်ရမှာပါ။
ကျောက်ဆည် မြို့တော်ခန်းမကနေ ဆိုင်ကယ်နဲ့ ၅ မိနစ်လောက် မောင်းဝင်လိုက်ရင် လမ်းဆုံတခုကို ရောက်ပါလိမ့်မယ်။
လမ်းဆုံရောက်ရင် ညာဘက် တောင်ပတ်ကားလမ်းအတိုင်း ဆက်သွားရမှာပါ။ တောင်ပတ်လမ်းအတိုင်း ဆက်သွားရင် မိုင် တိုင်အမှတ် ဝ/၀ ကို ရောက်ပါလိမ့်မယ်။ အနည်းငယ်ဆက်သွားရုံနဲ့ တချိန်က ဘုန်းမီးနေလတောက်ပခဲ့တဲ့ ပဒေသရာဇ် မြို့ပြ နိုင်ငံတော် မြင်စိုင်းကို ရောက်ပါပြီ။
မြင်စိုင်းက အခုအချိန်မှာ ကျောက်ဆည်စက်မှုဇုန်ကိုသွားရာ ကားလမ်းနံဘေးက ရွာကြီးတရွာ မျှသာပါ။ တချိန်က မြို့ပြ နိုင် ငံတော်ဖြစ်ခဲ့ဘူးတယ်ဆိုတဲ့ သမိုင်းပုံရိပ်တွေက အတိတ်မှာ မှုန်ဝါးဝါး ကျန်ခဲ့ပါပြီ။
ရှမ်းရိုးမရဲ့တောင်စွယ်တောင်ထွတ်တွေက မြင်စိုင်းဘေးပတ်လည် လွင်ပြင်ထဲမှာ ထိုးထိုးထောင်ထောင် မြင်နေရတယ်။ မြင့် မားတဲ့တောင်ကုန်းကြီးတွေရှိသလို တောင်ပူစာလေးတွေလည်း နေရာအနှံ့မှာ တွေ့နေရတယ်။ မြင်စိုင်းက ကျောက်ဆည်မြို့ ရဲ့အရှေ့ တောင်ဘက်က လွင်ပြင်မှာ တည်ရှိတယ်။ မန္တလေးမြို့နဲ့ မိုင်လေးဆယ်ဝန်းကျင်အကွာမှာ တည်ရှိတယ်။
မြင်စိုင်းမြို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကျော် က တည်ထောင်ခဲ့ပေမယ့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာ မကြာ သေးပါဘူး။ ကျောက်ဆည်လွင်ပြင်ထဲက သာမန် အညာကျေးလက်လေးမျှသာဖြစ်ပါတယ်။
မြင်စိုင်း အနီးဝန်းကျင်က ပတ္တာ၊ ချောင်းနက်၊ ရှမ်းရွာ စတဲ့ ကျေးရွာတွေလို သူလိုကိုယ်လိုပါပဲ။ ၁၉၉၀ ပြည့်လွန်နှစ်တွေ ရောက်လို့ မြင်စိုင်းနယ်မြေကို စက်မှုဇုန်အဖြစ် ထူထောင်ပြီးမှ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာတာပါ။ မြင်စိုင်းရွာ က ကျောက်ဆည်စက်မှုဇုန်သွားရာ လမ်းမကြီးနံဘေးမှာ တည်ရှိတာပါ။
မြင်စိုင်းမှာ ဘာတွေပေါလဲလို့ တစုံတယောက်က မေးလာခဲ့ရင် လက်ဖက်ရည်ဆိုင်နဲ့ ကွမ်းယာဆိုင်တွေ ပေါတယ်လို့ မဆိုင်း မတွ ဖြေရပါလိမ့်မယ်။ မြင်စိုင်းသွားရာလမ်းတလျှောက်မှာ လက်ဖက်ရည်ဆိုင်တွေကို ခပ်စိပ်စိပ် တွေ့ရတယ်။ ကွမ်းယာဆိုင် တွေလည်း အစီအရီပါပဲ။
မြင်စိုင်းက လက်ဖက်ရည်ဆိုင်တွေက မြို့ပြက လက်ဖက်ရည်ဆိုင်တွေလို မခမ်းနားပေမယ့် သန့်ရှင်းသပ်ရပ်ပြီး နွားနို့နဲ့ ဖျော် ထားလို့ အရသာရှိတယ်။ တချို့လက်ဖက်ရည်ဆိုင်တွေမှာ sky net တပ်ဆင်ထားပြီး နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားတွေနဲ့ လာ သောက်သူတွေကို ဧည့်ခံတယ်။
မြင်စိုင်းက စက်မှုဇုန်သွား ကားလမ်းနံဘေးက ရွာကြီးတရွာဖြစ်လို့ အထိုက်အလျောက် ဖွံ့ဖြိုးပါတယ်။ ထမင်းဆိုင်တွေရှိ တယ်။ မူလတန်းလွန် ကျောင်းရှိတယ်။ ကျောက်ဆည် ခရိုင်ရုံးအချို့မြင်စိုင်းမှာ ရုံးစိုက်ကြတယ်။ နိုင်ငံရေး ပါတီဆိုင်းဘုတ် ချိတ်ဆွဲထားတဲ့ အိမ်တွေရှိတယ်။ လူမှုကူညီရေးအသင်း ရှိတယ်။
ဝါးကပ် ရက်လုပ်ကြသူတွေ၊ လေထိုးကျွတ်ဖာဆိုင်တွေ၊ ကုန်စုံဆိုင်တွေလည်း ရှိပါတယ်။ ပရဟိတ ဘုန်းတော်ကြီးကျောင်း လည်း တောင်ခြေမှာ ရှိပါတယ်။ မြင်စိုင်းအရှေ့၊ မြင်စိုင်း အနောက်၊ မြင်စိုင်း (၁၊၂၊၃)၊ မြင်စိုင်းတိုးချဲ့ဆိုပြီး အစဉ်လိုက်တည် ရှိတယ်။
မြင်စိုင်းရွာတွေလွန်တော့ ရှမ်းရွာကို ရောက်ပါတယ်။ ဆည်ရေပေးရေး လက်တံမြောင်းရှိပြီး ကားလမ်းနံဘေးက ရွာဖြစ် တယ်။ ရှမ်းရွာကို လွန်တော့ မြင်စိုင်းခေတ်ရဲ့တခုတည်းကျန်ရှိတဲ့ လက်ရာလို့ ဆိုနိုင်တဲ့ နန်းဦးစေတီကို ကားလမ်းမရဲ့ ညာ ဘက်မှာ ဖူးတွေ့နိုင်ပါတယ်။ ကားလမ်းမမှာ နန်းဦးစေတီရဲ့လမ်းညွှန်ဆိုင်းဘုတ် စိုက်ထူထားပါတယ်။
ကားလမ်းမကနေအတွင်းကို ၄ ဖာလုံလောက် ဝင်ရပြီး လမ်းဘေးဝဲယာမှာ ကန္တာရဆူးပင်တွေက အုံ့ဆိုင်းနေပြီး လမ်းက မြေလမ်းဖြစ်ပါတယ်။
စေတီတော်ရဲ့မဟာရံအုတ်တံတိုင်းရှေ့ထိ ကားလမ်းဖောက်လုပ်ထားပါတယ်။ စေတီတော်ရဲ့အထက်ပစ္စယံအထိ အုတ် လှေကားအတိုင်း အမျိုးသားတွေ တက်ရောက်ဖူးမြှော်နိုင်ပါတယ်။ အုတ်လှေကားက မက်စောက်ပြီး စတီးလက်ရမ်းတွေ တတ်ဆင်ထားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကျော်က စေတီတော်ကို ခေတ်ပေါ် စတီးလက်ရန်းပိုက် ဝင်းပြောင်နေတာ တွေ တပ်ဆင်လိုက်တာ ပနံမသင့်လှဘူး။
စေတီတော်ပေါ်က ကြည့်ရတဲ့ မြင်စိုင်းမြင်ကွင်းကျယ်က ရင်သပ်ရှုမောဖွယ်ပါပဲ။ ပတ်ဝန်းကျင်တခုလုံး တောတွေတောင် စွယ်တောင်တန်းတွေ လယ်ယာစိုက်ခင်းတွေ မီးခိုးတလူလူထွက်နေတဲ့ လယ်စောင့်တဲလေးတွေ တောင်ထွတ်တွေပေါ်မှာ တည်ထားတဲ့ ရွှေရောင်ဝင်းဝင်း စေတီလေးတွေ တွေ့မြင်ရမှာဖြစ်တယ်။
တက္ကသိုလ်ဝင်တန်း မြန်မာဖတ်စာ ကဗျာစာအုပ်ထဲကလို မြင်စိုင်းသည် တာဝတိံသာ နတ်ရွာလို့ ငါးစီးရှင်ကျော်စွာက ဖွဲ့ဆို ရေးသားခဲ့တယ်။
တာဝတိံသာ နတ်ရွာလော၊ နတ်ရွာလော။
ဟုတ်တည်း ရှင်ချင်း ရှင်ချင်း။
ဟုတ်တည်း ဆွေရင်း ဆွေရင်း။
ဟုတ်တည်း သည်ရင်း သည်ရင်း။
မြင်စိုင်းဟူသည် ရွှေပြည် ရွှေပြည်။
မြင်စိုင်းရွှေမြေ ပန်းသင်းခွေ
ပင်ခြေချုံထက်နွယ်၊ ချုံထက်နွယ်။
တောင်လေ ရှုန်းရှုန်း မိုးခက်အုန်း
ကင်ပုန်း ပွင့်ချီချယ် ပွင့်ချီချယ်။
နွယ်ပန်းခွာညို ပွင့်ပေလို
ပြာသို ဆောင်းလလယ် ဆောင်းလလယ် အစချီတဲ့ မြင်စိုင်းရွှေပြည်ကဗျာကို ရေးခဲ့တဲ့ ငါးစီးရှင်ကျော်စွာက ပင်းယဘုရင်။ သူ မင်းသားငယ်ဘဝမှာ မြင်စိုင်းမြို့ကို စားခဲ့ရသူဖြစ်တယ်။
တရုတ်ပြေးမင်း (နာရသီဟပတေ့ )နောက်ပိုင်း ပုဂံပြည်ပျက်ချိန်မှာ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း စတဲ့ မြို့ပြနိုင်ငံငယ်တွေ တည် ထောင်ခဲ့ကြတာပါ။ တိုင်းပြည်ကာကွယ်ရေးအချိန်ဖြစ်လို့ ကာချင်းကဗျာတွေ ခေတ်စားခဲ့တဲ့အခါသမယလည်း ဖြစ်တယ်။
အဲဒီအချိန်ကတော့ ကျောက်ဆည်လွင်ပြင်မှာ ဓားရေး လှံရေးပြလို့ ကာချင်းတွေ ရဲရဲတောက်ဟစ်ကြွေးသီဆိုကြမှာပေါ့။ အခု တော့ မြင်စိုင်းက လက်ဖက်ရည်ဆိုင်တွေမှာ ဗိုလ်အောင်ဒင်သီချင်းသံသာ ပျံ့လွင့်နေတယ်။
နန်းဦးစေတီက မြင်စိုင်းခေတ်ရဲ့တခုတည်းသော လက်ရာ။ မြင်စိုင်းနဲ့ ပတ်သက်လို့ ကျန်ကောင်းကျန်ရာ ဘာလက်စ လက် နမှ မရှိတော့သလောက်ဘဲ။ နန်းဦးစေတီရဲ့ပတ်လည်မှာ တပေပတ်လည် ကျောက်ဆစ်ပန်းတမော့လက်ရာတွေ မူလက ထည့် သွင်းခဲ့ပေမယ့် အခု တော်တော်များများ မရှိတော့ဘူး။
စေတီတော်ရဲ့ကျောဘက်မှာ ကျန်ကောင်းကျန်ရာ နှစ်ခုရှိတဲ့အထဲက တခုက ပဲ့နေပြီ။ တခုသာ အကောင်းပကတိရှိတော့ တယ်။ ရှေးဟောင်းသိုက်သမားတွေရဲ့ လက်ချက်မိသွားခဲ့ရင် မတွေးဝံ့စရာပဲ။ ကြာမှောက်ကြာလှန်ရဲ့အထက်မှာ ရွှေသင်္ကန်း ကပ်လှူထားလို့ အဝေးကပင် ဖူးတွေ့နိုင်ပါတယ်။
စိတ်အားလက်အားရှိတဲ့အခါ ကျောက်ဆည်မြို့နယ်ထဲက မြင်စိုင်းကို ရောက်အောင်သွားပါ။ မြင်စိုင်းရောက်တဲ့အခါ နွားနို့ နဲ့ဖျော်ထားတဲ့ မြင်စိုင်းလက်ဖက်ရည်စိမ့်စိမ့် သောက်ပါ။
နွေရာသီ လာဖြစ်ရင် ထန်းပင်ကျရည်များလည်း သုံးဆောင်နိုင်ပါတယ်။ စိမ်းလန်းတဲ့တောတန်းတွေ မြင့်မားတဲ့တောင်ကုန်း တွေက မိတ်ဆွေတို့ကို ညှို့ငင်လိမ့်မယ်ဆိုတာ သေချာပါတယ်။