၁၉၈၀နဲ့ ၉၀ ကြား ဆယ်စုနှစ်တခုဟာ မြန်မာ့ဝတ္ထုတိုတခေတ်လို့ဆိုရလောက်အောင် ဖြစ်ထွန်းခဲ့တဲ့နှစ်များ ဖြစ်ပါတယ်။ ရီရယ်လစ်ဇင်း၊ မော်ဒန်အစုံ ဝတ္ထုတိုလက်ရာများကို အားကောင်းမောင်းသန် ဖတ်ရှုရတဲ့ အချိန်အခါများ ဖြစ်ပါတယ်။
ထိုအချိန်ကာလတွေက ဝတ္ထုတိုဆရာများဖြစ်ကြတဲ့ သဲအိမ်မောင်နေဝါ၊ ဝင်းစည်သူ၊ ညီပုလေး၊ သိုက်ထွန်းသက်၊ ဂျိုဇော်၊ ကျော်စွာထက်၊ ကြည်ဇော်ဝင်း၊ ကိုငြိမ်း(မန္တလေး)၊ ညိုထွန်းလူ၊ ကြူးနစ်၊ နေမျိုး၊ စိုးအောင်(မန္တလေး)၊ နိုင်ဝင်းသီ၊ ဂျူး၊ မေ မောင်၊ မဝင့် (မြစ်ငယ်)၊ ခက်မာ၊ မေငြိမ်း၊ အစရှိတဲ့ စာရေးဆရာမများရဲ့လက်ရာတွေကို အုံနဲ့ကျင်းနဲ့ ဖတ်ရှုရတဲ့ အချိန်တွေ ပဲဖြစ်ပါတယ်။
ခုတော့ ထိုဝတ္ထုတို စာရေးဆရာများပင် သက်လတ်ထက် ကျော်လွန်ပြီး အသက်အရွယ် အတော်အတန်ရလာကြပြီဖြစ်ပါ တယ်။ ဝတ္ထုတိုရွှေခေတ်ကို ကျော်လွန်လာတဲ့နောက်ပိုင်း ဝတ္ထုတိုရေးသူများကို အုံနဲ့ကျင်းနဲ့ သိပ်မတွေ့ရတော့ဘဲ တယောက် စ နှစ်ယောက်စလောက်သာ ကလောင်နဲ့စာကို တွဲမှတ်မိပါတော့တယ်။
မဂ္ဂဇင်းများ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေချိန် ယခုလိုကာလများမှာလည်း ဝတ္ထုတို လုံးချင်းရယ်လို့ အတွေ့ရကျဲလာပါတယ်။ ယခုစာအုပ်ကတော့ ဝတ္ထုတိုသမား နီဟိန်းမော်ရဲ့မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြပြီး ဝတ္ထုတို ၂၉ ပုဒ်ကို စုစည်းထုတ်ဝေထားတာ ဖြစ်ပါတယ်။
ဝတ္ထုတိုဖတ်ချင်သူများအတွက် ရေငတ်တုန်းရေတွင်းထဲကျဆိုသလို စကားပြေသမားတယောက်တည်းရဲ့ဝတ္ထုတိုတွေကို အားရပါးရ ဖတ်ရှုရနိုင်မယ့် စာအုပ်တအုပ်ဖြစ်ပါတယ်။
ပါဝင်တဲ့ဝတ္ထုတိုများမှာ လူ ဆိုပြီး စီးရီးသဘောမျိုးနဲ့ နာမည်အသစ်နဲ့လူ၊ လေသေနတ်နဲ့ ဆင်ဖမ်းမယ့်လူ၊ ကမ္ဘာပြားသွား မှန်း မသိတဲ့လူ၊ ဂျူးလီယက်ဆီဇာကို မုန်းတဲ့လူ၊ အသားတံဆိပ်မပါတဲ့လူ၊ ရောဂါအသစ်နဲ့လူ ဆိုပြီး လူ၆ပုဒ် ပါဝင်ပါတယ်။
ဆက်လက်ပြီး ဂမ္ဘီရဆော့ဝဲ၊ အဘွားလေးတို့အမျိုး၊ နက္ခတ်နဲ့ချေတဲ့ယတြာ၊ ခရစ္စတယ်ပူစီနံရတု၊ ဘဦးဖတ်ရမယ့်စာမျက်နှာ၊ ထိုးမြဲလက်မှတ်၊ ဇာတိစိတ်ဖြင့် ကခုန်ကြသူများ၊ ဝင်.. ထွက်..ဝင်…ထွက်၊ ဓာတ်ပုံတစ္ဆေ၊ မျက်ရည် မျက်လှည့်၊ ကမ်းဖျက် တဲ့ စုန်ရေ၊ ကြွက်ထောင်တဲ့ ကြွက်၊ အစိတ်လွန်အလွမ်း၊ ကျွန်တော်သည် စာကလေးတကောင် ဖြစ်သည်၊ လောကီသူပေမို့၊ ကော လာဟလနက္ခတ်၊ ဂလိုဘယ်ကရောင်း၊ သွေးကွဲည၊ စံလွဲ၊ တန်ဖိုးဖြတ်သီအိုရီ၊ လူနာအမှတ် ၁၀၉၊ ၁၁၀၊ ချစ်လို့ရယ်တဲ့ ခင်မင် ယဉ်ရှာရော့သလား၊ ညီမလေးသောက်တဲ့ လက်ဖက်ရည် အစရှိတဲ့ ဝတ္ထုတိုများပဲ ဖြစ်ပါတယ်။
ဝတ္ထုအများစုက သရော်ဟန်ပါတဲ့ အရေးအသားများကို ဖတ်ရသလို တချို့အပုဒ်များမှာတော့ ရင်နင့်ဖွယ် ဇာတ်လမ်းများနဲ့ စဉ်းစားဖွယ် အချက်များကို ရစေတဲ့ ဇာတ်လမ်းမျိုးလည်း ပါဝင်နေတာကို သတိထားမိပါတယ်။
စာအုပ်ရဲ့အဖွင့်တပုဒ်ဖြစ်တဲ့ နာမည်အသစ်နဲ့လူမှာတော့ ရပ်ကွက်တွေမှာ မြင်ရ ကြားရဖူးတဲ့ လှမောင်ကြီး ဆိုသူအကြောင်း ဖြစ်ပါတယ်။ လူတကာကို ကူညီတတ်ပြီး ကိုယ့်အသက်ကိုယ် မသိရှာတဲ့သူတယောက် အကြောင်းကို အခြေတည်ပြီး ရပ် ကွက်တခုရဲ့သရုပ်မှန်ကို ရေးသားထားတာဖြစ်ပါတယ်။
စာအုပ်ရဲ့ Tittle အပုဒ်ဖြစ်တဲ့ လေသေနတ်နဲ့ဆင်ဖမ်းမယ့်လူ ကလည်း ဆင်ခြေဖုံးရပ်ကွက်လေးတခုအတွင်းက လက် ဖက်ရည်ဆိုင်၊ ဆိုင်နာမည်က ရိုတွန်းကဖေး၊ လက်ဖက်ရည်ဆိုင်လေးမှာ ပင်တိုင် ထိုင်တဲ့ ပန်းချီဆရာ၊ ဒဿနိက နည်း ပြဆရာ၊ ကဗျာဆရာ၊ ဘာသာပြန်စာရေးဆရာတို့နဲ့ ဆိုင်ပိုင်ရှင်အပျိုကြီး၊ အဖျော်ဆရာစားပွဲထိုး အညာသားဆိုသူတို့ ပါဝင်ပါတယ်။
ရိုတွန်ကဖေးပင်တိုင်ကြီးများနဲ့ ဒိုင်ယာလော့တွေကို ဆိုင်ရှင်နဲ့အညာသားတို့ အကွာအဝေးကို ဖော်ပြပြီး ဆိုင်မှာ အရုဏ် ဆွမ်းကပ်ဖို့ ဘုန်းကြီးပင့်ဖို့ အကူအညီတောင်းလို့ သွားရာကနေ လမ်းမှာရှိတဲ့ တိုင်ငုတ်ကို ခဲလုံးများနှင့်ပစ်ပေါက်ကြရာ ဘုန်းကြီးပင့်ဖို့နဲ့ ကမ္ဘာကြီးကို မေ့လောက်အောင် ဖြစ်သွားကြပုံကို ရေးသားထားတာမို့ ဖတ်ပြီး စဉ်းစားစရာတော့ ဖြစ် သွားရပါတယ်။
ထိုးမြဲလက်မှတ်ဆိုတဲ့ အပုဒ်မှာတော့ ငယ်စဉ်ကစလို့ လက်မှတ်နဲ့ပတ်သက်ပြီး ရူးသွပ်စွာ ဝါသနာပါသူတယောက် ကုမ္ပဏီ တခုမှာ အထွေထွေမန်နေဂျာ တယောက်ဖြစ်လာချိန် သူကိုယ်တိုင်လက်မှတ်ထိုး အတည်ပြုပေးရတဲ့ ကိစ္စရပ်တိုင်းမှာ ထိုး လိုက်တဲ့လက်မှတ်တိုင်းဟာ ဂုဏ်သိက္ခာ ရှိသလား လိပ်ပြာလုံရသလားဆိုတာ စာဖတ်သူကို ပါဝင် ဆုံးဖြတ်စေထားပါ တယ်။
လက်မှတ်ထိုးပေးရတဲ့သူကိုယ်တိုင် စဉ်းစားခန်းမှာတော့ စစ်ကြေညာကြောင်း ထိုးပေးရတဲ့လက်မှတ်၊ ကုလသမဂ္ဂဖွဲ့ဖို့ ထိုးတဲ့လက်မှတ်၊ နျူကလီးယားမပြန့်ပွားဖို့ထိုးတဲ့လက်မှတ်၊ စစ်ရှုံးလို့ ထိုးပေးရတဲ့လက်မှတ် စသဖြင့် ဂုဏ်သိက္ခာရှိတဲ့ လက်မှတ်အမျိုးအစားများနဲ့ သိက္ခာမဲ့တဲ့ လက်မှတ်များကို နှိုင်းယှဉ်စဉ်းစားပြပြီး သူကိုယ်တိုင်ထိုးလိုက်တဲ့ လက်မှတ်က တော့ ဝန်ထမ်းများကို လစာနဲ့ပတ်သက်ပြီး လိမ်ညာထားတဲ့စာရင်းလိမ်တခု ဖြစ်နေပါတယ်ဆိုတာကို ဖတ်လိုက်ရတော့ ဖတ်သူကို အတွေးပွားစေပါတော့တယ်။
နောက်ထပ်ပြောချင်တဲ့ ဝတ္ထုတိုတပုဒ်ကတော့ ကောလာဟလနက္ခတ်ဆိုတဲ့ အပုဒ်ပဲဖြစ်ပါတယ်။ ကောလာဟလတခုကနေ လူကြားထဲ ပျံ့နှံ့လာကာ အဲဒီကောလာဟလကြောင့်ပဲ အကျင့်စရိုက်တွေ သိက္ခာသမာဓိ မရှိသူတို့အကြောင်း မြင်သာလာ အောင် ရေးထားနိုင်တာ တွေ့ရပါတယ်။
အဲဒီကောလာဟလကတော့ ဒီလရဲ့ညတညမှာ ဆယ့်ငါးခုမြောက်နက္ခတ်နဲ့ ယှဉ်တဲ့ မိုးစက်မိုးပေါက်တွေ ကျလာမယ်။ မိုးစက် မိုးပေါက်တွေဟာ မုတ်ကောင်ပါးစပ်ထဲရောက်သွားရင် ပုလဲဖြစ်သတဲ့။ ငှက်ပျောပင်ထဲရောက်ရင် ပရုတ်ဖြစ်မယ်တဲ့။ မြွေပါး စပ်ထဲရောက်ရင် အဆိပ်ဖြစ်သွားမယ်တဲ့။
အဲဒီကောလာဟလကိုပဲ မြို့မျက်နှာဖုံးများဖြစ်ကြတဲ့ မြို့အုပ်၊ ကျောင်းအုပ်၊ ရာဇဝတ်အုပ်၊ ဘုရားဂေါပကလူကြီး၊ အင်စပက် တော်တို့က မသောက်ဝံ့ကြပုံကို ဖတ်ရပြီး မြင့်မြင့်စန်းအမည်ရှိ လင်မရှိအပျိုကြီးကတော့ သူသောက်ဝံ့ကြောင်း ကြေညာ ပြီး သားဆုပါ ပန်ဦးမယ်လို့ ပြောလာပါတော့တယ်။
ဘာကြောင့် သားဆိုပန်ရသလဲဆိုတော့ အမျိုးသမီးက သူနဲ့ပတ်သက်ဖူးပြီး သူမကျေနပ်တဲ့ တယောက်ရဲ့မျက်နှာနဲ့ ချွတ်စွပ် တူအောင် ဆုပန်မယ်ဆိုတော့ တမြို့လုံးက အဲဒီအမျိုးသမီး ဘယ်သူ့မကျေနပ်တာ ဘာကြောင့်ဆိုတာ လူတို့သဘာ၀အရ ထပ်မံ သိချင်ကြပြန်တယ်။
မိုးရွာလာလို့ အဲဒီအမျိုးသမီး မိုးရေစက်တွေကို တကယ်သောက် မသောက် ဆိုတာကိုတော့ ရေးပြမထားဘဲ အမျိုးသမီးဖြစ် သွားတဲ့ ပုံပန်းသဏ္ဍာန်နဲ့ မဲ့ပြုံးပြုံးပုံကိုပဲ ရေးပြသွားခဲ့ပါတယ်။
အနှစ်ချုပ်ဆိုရရင် ဝတ္ထုတိုအားလုံးဟာ ကိုယ့်အနီးနားဝန်းကျင်က လူတို့စရိုက်များနဲ့သာ ဖွဲ့ထားပြီး တချို့အပုဒ်တွေမှာ လူ့အသိုင်းအဝိုင်းအတွင်း ကမောက်ကမဖြစ်ပုံများကို သရော်ထားပါတယ်။
စာအုပ်မှာ မောင်ရင့်မာ(ကျောင်းကုန်း)က အမှာစာ ရေးသားထားပြီး အမှာစာမှာ “မြန်မာစာပေနယ်သို့ နီဟိန်းမော်၏ ဝတ္ထုတို ပေါင်းချုပ်တစ်အုပ် ထည့်ဝင်လိုက်ခြင်းမှာ ‘ကောင်းသောကိစ္စ’တစ်ခုသာ ဖြစ်ပါသည်ဆိုသော အချက်ဖြစ်ပါ သည်”လို့ ရေးသားထားပါတယ်။