ရက်ရှည် အချိန်အများကြီးမပေးနိုင်ပဲ ၂ ညအိပ် ၃ ရက်ခရီးလောက် အပန်းဖြေလို့ ရအောင် ထွက်ချင်တဲ့ ရန်ကုန်က မိသားစုတွေဆိုရင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဟာ သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ တော်တော် ပေါ်ထွက်လာပါပြီ။ အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းမွန်နေပြီဆိုတော့ သဘာ၀ ရှုခင်းတွေနဲ့ လေကောင်းလေသန့် ရှုဖို့ နေရာကောင်းလေးတွေ သွားဖို့ လိုနေပြီပေါ့။
ပြီးခဲ့တဲ့ အပတ်က မိသားစုနဲ့ မြဝတီ-မဲဆောက်ဘက်သို့ အပျော်ခရီးတခုထွက်ဖြစ်ခဲ့၏၊ ပဲခူးတိုင်းကိုအကျော်၊ စစ်တောင်းတံတားတစ်ဘက်ကမ်း မွန်ပြည်နယ်သို့ စဝင်ဝင်ခြင်းကပင် အဝေးပြေးလမ်းများ၏ ကျယ်ပြန့်ပြီး ကတ္တရာလမ်းပြောင်ပြောင်တွေကို စတွေ့တာနဲ့ပင် ကားလမ်းတစ်လျှောက် အဆင်ပြေပြေ ခရီးသွားရတဲ့အရသာကို အပြည့်အ၀ ခံစားရပါတော့တယ်။
အရင် ၃-၄ နှစ်လောက် အထိ လမ်းကျဉ်းပြီး ကားကြီးတွေ ဖြတ်သန်းတာများတာကြောင့် သွားလာရ ခက်ခဲခဲ့တဲ့ ဒီလမ်းကြောင်းဟာ ခုတော့ တော်တော်လေးကို ပြောင်းလဲသွားခဲ့ပါပြီ။ ရန်ကုန်ကနေ သထုံမြို့အထိ အနည်းဆုံး ငါးနာရီကျော် မောင်းခဲ့ရတဲ့ လမ်းကြောင်းဟာ ခုဆိုရင် သုံးနာရီခွဲသာသာ လောက်ပဲ မောင်းရတော့တာကြောင့် နောင် ဒါထက် ပိုစည်ကား ပိုသက်သောင့်သက်သာ ရှိတဲ့ ခရီးလမ်း ဖြစ်လာမှာလည်း မလွဲပါ။
မွန်ပြည်နယ်ထဲကို ဝင်ပြီဆိုတာနဲ့ မျက်စိထဲ ပြေးမြင်မိတာက ဆံတော်ရှင် ကျိူက်ထီးရိုး စေတီပါ၊ ကားမောင်းချိန် ၂ နာရီခွဲ၊ ၃ နာရီ သာသာလောက်အတွင်း ကင်မွန်းစခန်းကို ရောက်နိုင်အောင် ပို့ပေးမယ့် လမ်းတွေက တော်တော် ဖြောင့်ဖြူးနေပါတယ်။ အဲ့ဒီဘက်က ကျော်လာရင်တော့ သထုံရွှေစာရံဝင်ဖူးပြီးတာနဲ့ ဘားအံဘက်လမ်းခွဲအတိုင်း သွားပါမယ်။
ကရင်ပြည်နယ်ထဲ ရောက်သွားပြီမို့ လမ်းတွေ ကောင်းပါ့ဦးမလား၊ အတွေးတွေက ဘားအံထိ သွားတဲ့ လမ်းတွေရဲ့ အရင်နဲ့ မတူတော့တဲ့ အနေအထားတွေကို မြင်တွေ့ပြီးတဲ့နောက်မှာ အမြင်တွေပါ ပြောင်းလဲသွားရပါတယ်။ ထိုင်း-မြန်မာ နယ်စပ် မြဝတီအထိ သွားမယ့်လမ်းမကြီးဟာ၊ အာရှဟိုင်းဝေးလမ်းမကြီးရဲ့ တစ်စိတ်တဒေသမို့ ကားကြီးကားငယ်တိုင်းအတွက် မောင်းရလွယ်ကူကောင်းမွန်နေပါပြီ။
ကရင်ပြည်နယ်ထဲကို ချိူးကွေ့ဝင်လိုက်တာနဲ့ ထုံးကျောက်တောင်ကြီးတွေဝိုင်းရံနေတဲ့ ကားလမ်းဘေးတစ်ချက်စီဟာ မျက်စိမှိတ်အိပ်မလိုက်ချင်လောက်အောင် ဆွဲဆောင်မှုရှိတာကို ဒီလမ်းကြောကို ဖြတ်သန်းသွားလာခဲ့ဖူးသူတွေ သိကြမှာပါ။ ဘားအံလမ်းခွဲထဲဝင်ပြီး မိနစ်ပိုင်းအတွင်း ရောက်နိုင်တဲ့ ဘုရင့်ညီဂူလို့ခေါ်တဲ့ ထုံးကျောက်လိုဏ်ဂူကြီးဟာ သဘာဝတွေ၊ ရေပူစမ်းနဲ့ သာယာတဲ့ရေကန်၊ ပတ်ဝန်းကျင်က ဘုရားစေတီတွေကြောင့် လည်ပတ်ရရင်တောင် စိတ်ညစ်ညူးမှုတွေ ပျောက်စေမယ့်နေရာလို့ ပြောနိုင်ပါတယ်။
အဲဒီကနေ လမ်းတစ်လျှောက်မှာရှိတဲ့ အလှအပတွေခံစားလာရင်းနဲ့ ဇွဲကပင်တောင်ခြေနားရောက်လာပြီဆိုရင် ပတ်ဝန်းကျင်ဟာ ပိုပြီး ကြည့်ပျော်စရာဖြစ်လာပါပြီ။ ဇွဲကပင်တောင်ခြေကနေ တောင်ပေါ်တက်နိုင်မယ့် အစီအစဉ်တွေ၊ အနားယူအပန်းဖြေနိုင်မယ့်နေရာတွေရှိတာကို ခုဆိုရင် ခရီးသွားလုပ်ငန်းတွေက နေ့ချင်းပြန်ခရီးတွေ အဖြစ် ဖန်တီးပေးနေကြပါပြီ။
ဒီလမ်းတစ်လျှောက်မှာပဲ နာမည်ကျော် ကော့ဂွန်းဂူတို့၊ ဆဒ္ဒန်ဂူတို့၊ ရသေ့ပျံဂူတို့ စတာတွေကိုပါ တစ်ခါတည်း ရောက်နိုင်အောင် စီစဉ်ပေးနေကြပါပြီ။ ဒါတွေက နေ့ချင်းပြန်အစီစဉ်ထဲ ထည့်သွင်းနိုင်တာတွေပေါ့။
ကျမတို့ မိသားစုကတော့ မြဝတီကို ခရီးဆက်မှာမို့ အများကြီး ဝင်မလည် ဖြစ်တော့ပဲ၊ ရှေ့ဆက်ချီတက်ခဲ့ပါတယ်။
ဘားအံမြို့ထဲကို ဝင်တာနဲ့ ဘေးတလျှောက်က သံလွင်မြစ်အလှကို ကြည့်ရင်းနဲ့ မြစ်ကမ်းနဖူးက ရွှေရင်မျှော်စေတီကို ဝင်ဖူးလိုက်ကြပါသေးတယ်။ မြစ်ဘက်က တိုက်ခတ်လာတဲ့ လေအေးရယ်၊ မြစ်ကမ်းကို ကျော်ပြီးရင် တွေ့ရမယ့် မုန့်စိမ်းပေါင်းပုံ တောင်ကြီးတွေရယ်၊ မြစ်ထဲက လှေလေးတွေရယ်က ကဗျာဆန်ဆန် လှပနေပါတယ်။
ဘားအံမြို့ကနေ ထွက်ပြီးတော့ အိန္ဒုစံပြကျေးရွာတိုင်အောင် ဒီလမ်းမကြီးက အခြေအနေကောင်းပါတယ်။ အဲဒီ နောက်ပိုင်းကစပြီး ခု လူပြောများတဲ့ ဘားအံနဲ့ ကော့ကရိတ်မြို့ကြားက လမ်းကတော့ ကျဉ်းလည်းကျဉ်းသေးပြီး၊ အဖာအထေးအချို့လည်းရှိနေသေးတာမို့ ၄၆ မိုင်လောက်သာသာကို ၂နာရီနီးပါးမောင်းကြရတာကတော့ တော်တော် အခက်အခဲရှိပါတယ်။ လမ်းကျဉ်းတာကြောင့် ကားကြီးနှစ်စင်းရှောင်မောင်းလို့မရနိုင်တာဟာ ဒီလမ်းရဲ့ အားနည်းချက်ကြီးဖြစ်နေပါတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံ ကုန်စည်စီးဆင်းရာ အဓိက လမ်းကြောင်းမှာ ခုလို အခက်အခဲရှိနေသေးတာကြောင့် အစိုးရဘက်ကလည်း ဒီနေရာကို ပြင်ဆင်ချဲ့ထွင်ဖို့ နိုင်ငံတကာအကူအညီနဲ့ လုပ်ဆောင်ဖို့ စီမံကိန်းရှိကြောင်းတော့ သိရပါတယ်။ ဘယ်တော့ စတင်မလဲ မသိရပါ။
ကော့ကရိတ်မြို့ကိုရောက်တဲ့အခါမှာ မြို့တွင်းကိုဝင်တဲ့လမ်းနဲ့ ဒေါနတောင်တန်းကြီးကို ဖြတ်ကျော်မယ့် အာရှ လမ်းမကြီးကို တွေ့ရပါတယ်။ အရင် ဒေါနတောင်တန်းကြီးကိုဖြတ်ကျော်ခဲ့ရတဲ့ လမ်းဟောင်းဟာ ကော့ကရိတ် မြို့ထဲကနေ ဖြတ်ခဲ့ရတာမို့ လွမ်းမိရပါသေးတယ်။ လမ်းသစ်ကြီး မဖောက်ခင်အချိန်က နယ်စပ်မြဝတီမြို့ကို ရောက်ဖို့ဟာ ၃-၄ နာရီ စီးခဲ့ရတဲ့ ဒေါနတောင်တန်း ဖြတ်ကျော်ခရီးဟာ မေ့မရတဲ့ အချိန်တွေပါ။
လမ်းကျဉ်းလွန်းပြီး အန္တရာယ်များတဲ့ ချောက်တွေနဲ့ လမ်းဟောင်းဟာ ကားကြီးတွေ ၂ စီးဆင်းမရတာမို့ အတက်ရက်၊ အဆင်းရက် သတ်မှတ်ပြီး ဖြတ်ကျော်ခဲ့ရတဲ့ အချိန်ကာလများနဲ့ အခုလို လမ်းသစ်ကြီး အပြီး မိနစ် ၄၀ နဲ့ ကော့ကရိတ်က မြဝတီမြို့ကို ရောက်သွားတာဟာ အရင်က အဖြစ်တွေဟာ ပုံပြင်များလား ထင်ရမယ့် အနေအထားပါ။
ထိုင်းနိုင်ငံရဲ့ နည်းပညာပံ့ပိုးမှုနဲ့ ဖောက်လုပ်ထားတဲ့ ဒီ အာရှလမ်းမဟာဖွင့်လိုက်တာ ၂ နှစ်ကျော်ခန့်ပဲ ရှိပါသေးတယ်။ ညက်ညောနေတဲ့လမ်းနဲ့ တိမ်းရှောင်ရလွယ်ကူတဲ့လမ်းမမှာ ဘာကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ရတာလဲ ဆိုတာကိုလည်း စဉ်းစားလိ့ုတော့ မရပါဘူး။
မြဝတီမြို့ဟာ နယ်စပ်မြို့ ပီပီလူမျိူးပေါင်းစုံနဲ့ ရှုပ်ထွေးနေပေမယ့် မြို့ပြ ရန်ကုန်ထက်တော့ နေရတာ ပိုကောင်းမယ်လို့ အတွေးပေါက်မိ ပါသေးတယ်။ နယ်စပ်ဂိတ်ကနေ တရားဝင် ဝင်ရောက် အလုပ်လုပ်ကိုင်ကြမယ့်သူတွေနဲ့၊ ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့ကို သွားလည်ပတ်ကြမယ့်သူတွေနဲ့ အမြဲစည်ကားနေတဲ့နေရာဖြစ်တာကြောင့် ကိုယ်မသိတဲ့ ဗဟုသုတ အစုံကတော့ လေ့လာလို့ကောင်းတဲ့ အရပ်ပါပဲ။
မြဝတီမြို့မှာ လည်ပတ်စရာ ရှားပါးပေမယ့် တဘက် မဲဆောက်မြို့မှာတော့ မြန်မာနိုင်ငံဘက်ခြမ်းက လာတဲ့ သူတွေ အတွက် တနေကုန် လည်ပတ်စရာ ၁၂ နေရာလောက် ရှိတာကြောင့် အခုနောက်ပိုင်း မြန်မာခရီးသွား တော်တော် များများ လည်ပတ်နေကြတာကို မြင်ရပါတယ်။ ခရီးသွားကားတွေ၊ စင်းလုံးငှားယာဉ်တွေနဲ့ မြဝတီမြို့ဘက် ကတော့ စည်ကားနေတာပါပဲ။
မြဝတီမြို့မှာ ညအိပ်ပြီး နောက်တရက်လုံးလုံး မဲဆောက်မြို့ပေါ်လည်ပတ်ကြတဲ့ ကျမတို့ မိသားစုက ဒီခရီးစဉ်ကိုတော့ ကျေနပ်မိကြပါတယ်။ ၁၀ ဦးလောက်ဆံ့တဲ့ အန်စာတုံးလို့ အများခေါ် commuter စင်းလုံးငှားယာဉ်ဟာ တနေကုန် သုံးပါမှ (တဘက်နိုင်ငံအဝင်၊ ဝင်ကြေးအပါအဝင်) ကျပ် ၁၂၀၀၀၀ ခန့်သာ ကုန်ကျပါတယ်။ မနက်အစောပိုင်း ၈ နာရီ လောက်ကနေ ည ၈ နာရီအထိဟာ အချိန်ကုန်လို့ ကုန်မှန်း မသိအောင် လည်စရာတွေနဲ့ ပြီးသွားပါတယ်။
နောက်ရက်မှာ ကျမတို့ဟာ မြဝတီမြို့ကနေ ပြန်လည် ထွက်ခွာပြီးတော့ လာလမ်းအတိုင်း ပြန်ထွက်ပါတယ်။ ဒီအခါမှာ မွန်ပြည်နယ်ထဲကို ပြန်ဝင်ဖို့ အတွက် လမ်းကြောင်းသုံးခု ရှိတာကို သိရပါတယ်။ ကျုံဒိုးမြို့ကနေ တလမ်း၊ အိန္ဒုရွာဘက်ကနေ တလမ်းနဲ့ ဘားအံဘက်ကနေ တလမ်းပါ။ ကျမတို့က ပိုကောင်းမယ်လို့ ယူဆရတဲ့ အိန္ဒုလမ်းဆုံ ကနေ မော်လမြိုင်ဘက်ကို တက်ခဲ့ကြပါတယ်။ လမ်းဆုံ ၂ ခုဟာ ၂၇ မိုင်ရှည်လျားပါတယ်။
ကျမတို့ ရွေးချယ်လိုက်တဲ့ ဒီလမ်းကြောဟာ မထင်မှတ်လောက်အောင်ပဲ လမ်းသားက ချောမွေ့တာ၊ မောင်းရကောင်း တာ၊ လမ်းရှင်းတာတွေကြောင့် တော်တော်လေးကို အဆင်ပြေတာ တွေ့ခဲ့ရပါတယ်။ ဂျိုင်းမြစ်နဲ့ အတ္တရံမြစ်တွေကို ကူးတဲ့ တံတားတွေဟာ ကြိုးတံတားပုံစံ ဖြစ်တာကြောင့် အမြင် တမျိူးလေး ဆန်းနေပါသေးတယ်။ လမ်းတလှျှောက် မှာလည်း သဘာဝတွေက ဆင့်ကဲပြီး လှပနေတာတွေကြောင့် ရပ်လိုက်၊ နားလိုက်၊ ဓာတ်ပုံဆင်းရိုက်လိုက်နဲ့ အလုပ်ကို ရှုပ်နေခဲ့တာပါပဲ။
ဒီလမ်းကြောမှာ ရာမညရဲ့ နာမည်ကျော် ထန်းပင်တွေ ယှက်ဖြာဝိုင်းနေတဲ့ ကျိုက်မရောမြို့ရှိပါတယ်။ ကျိုက်မရော- မော်လမြိုင် လမ်းဆုံကနေ၊ ကျမတို့ ဘယ်ဘက်ခြမ်းကို ကွေ့ဝင်သွားတာနဲ့ သိပ်လှတဲ့ ထန်းပင်ကြီးတွေ အုပ်နေတဲ့ လမ်းကလေးကို မြင်ရတော့တာ ပါပဲ။ အရင်က လမ်းမကောင်းတာမို့ ကျိုက်မရောမြို့ထဲ ရောက်ဖို့ တော်တော်မောင်း ယူရတဲ့ လမ်းဟာ ခုတော့ ဖြူးလို့ ပေါ့။
လမ်းမကြီးတလျှောက် ထန်းပင်တွေ အုပ်နေတာကြောင့် ဒီသဘာဝကပေးတဲ့ အလှကိုလည်း အလွတ်မပေးပဲ ဓာတ်ပုံတွေ ရိုက်ကြရပြန်ပါတယ်။ ကျိုက်မရောမြို့ထဲမှာတော့ နာမည်ကျော် ကျိူက်မရော ဆုတောင်းပြည့် ဘုရားကြီးကို ဝင်ဖူးခဲ့ကြပါတယ်။ ခြေဆင်း ထိုင်တော်မူ ရုပ်ပွားတော်ကြီးဟာ ကျိုက်မရောမြို့လေးရဲ့ အထင်ကရ တခုပါပဲ။
ကျိူက်မရောက ပြန်ထွက်လာတဲ့ အခါ နေ့လယ်စာ စားချိန်ရောက်နေပြီ ဖြစ်လို့ ကျမတို့ မော်လမြိုင်ကို မြန်မြန် မောင်းပြီး နေ့လယ်စာ စားကြပါတယ်။ မူလအစီအစဉ်မှာကို ကျမတို့က မော်လမြိုင်ကနေ ပြန်ကြမှာ ဖြစ်လို့ ဘယ်ကို ဝင်လည် ကြမလဲလို့ တိုင်ပင်ထားကြပြီးသားပါ။ နာမည်သမုတ်ရာမှာ နာမည်ကျော်ခဲ့တဲ့ ဘီလူးကျွန်း ဖြတ်ကျော် ဗိုလ်ချုပ်အောင်ဆန်း တံတားကို ဖြတ်သန်းသွားကြဖို့ ပေါ့။
ကျမ ၂၀၀၇ ခုနှစ်က ဘီလူးကျွန်းကို မော်လမြိုင် တဘက်ကမ်းကနေ စက်လှေနဲ့ ကူးပြီး သွားလည်ခဲ့ဖူး ပါတယ်။ အင်မတန် ခက်ခဲတဲ့ လမ်းကြောတခုပါ။ နာရီဝက်ကျော် စက်လှေစီးပြီး၊ ဘီလူးကျွန်းထဲက ရွှာတွေထဲ ရောက်ဖို့ မြင်းလှည်းနဲ့ ထပ်သွားခဲ့ရတာကို မမေ့သေးပါဘူး။ လမ်းကြမ်းလွန်းတာကြောင့် မြင်းလှည်း ယိုင်တိုင်တိုင်ပေါ် ကနေ ရွာလွတ်၊ မုဒွန်းစတဲ့ ရွာတွေကို တော်တော်လေး အချိန်ကြာကြာ ယူပြီး သွားခဲ့ရတာပါ။
ခု ၁၀ နှစ်အကြာမှာ ပြန်ရောက်တဲ့ အခါ၊ အရာရာက ပြောင်းလဲနေပါပြီ။ မေလ ၉ ရက်နေ့က ဖွင့်ခဲ့တဲ့ တံတားသစ်ကြီးကို ၂ ပတ် အကြာ ဖြတ်သန်းလိုက်ရတော့ စိတ်ထဲမှာ မြန်လှချည့်ပေါ့။ တံတားကနေ အဆင်း ဘီလူးကျွန်းထဲကိုအဝင် လမ်းဟာ ဖြူးလို့။ ချောင်းဆုံမြို့ထဲဘက်သွားတဲ့ ဘယ်ဘက်ခြမ်းနဲ့ မုဒွန်းရွာဘက်သွားတဲ့ ညာဘက်ခြမ်း အလယ် လမ်းဆုံမှာ အထိမ်းမှတ်အဝိုင်းနဲ့ သပ်ရပ်လှပနေပါတယ်။
ကျမတို့က ချောင်းဆုံဘက်ကနေ ကွေ့သွားမယ် ဆိုပြီး ဘယ်ဘက်ကို ချိူးဝင်ခဲ့ပါတယ်။ ဘီလူးကျွန်းမှာ ချောင်းဆုံ မြို့နယ် တခုပဲ ရှိပြီး အရင်ကတော့ ရွာပေါင်း ၆၄ ရွာနဲ့ ဖွဲ့စည်းထားတယ် လို့ သိရပါတယ်။ ခုတော့ ဒေသခံတွေ အပြောအရ ရွာပေါင်း ၇၀ ကျော် နီးပါးဖြစ်လာတယ် လို့ ဆိုပါတယ်။ ဘီလူးကျွန်းကြီးကို ပတ်ပြီး ဖောက်ထားတဲ့ လမ်းမကြီးဟာ ခုတော့ ကားတဝီဝီ သွားလို့ ရနေပါပြီ။ အရင်က ဒီလမ်းတွေဟာ ဆိုင်ကယ်၊ မြင်းလှည်းနဲ့ တုတ်တုတ် ဆိုင်ကယ်တွေသာ သွားခဲ့တဲ့ နေရာတွေပါ။
ချောင်းဆုံမြို့ဘက်ကနေ တပတ် ပတ်ကြည့်ပြီး ကျမတို့ဟာ ဘီလူးကျွန်းရဲ့ နာမည်ကျော် ဆေးတံ၊ တုတ်ကောက်၊ ဆေးလိပ်ပြာခွက်စတဲ့ လက်မှုပစ္စည်းတွေ ထုတ်လုပ်တဲ့ ရွာလွတ် (ရလွတ်) ကို ရောက်ပါတယ်။ ရွာလွတ်ရွာ အလယ် မှာတော့ မကြာသေးခင်ကမှ စိုက်ထူလိုက်ပုံရတဲ့ ဆေးတံ အကြီးကြီးနဲ့ အဝိုင်းကို မြင်ရပါတယ်။ ဒါဟာ ဒီရွာရဲ့ သင်္ကေတ တခုပါပဲ။ Made In Ywalut လို့ ရေးထားတဲ့ ဆေးတံကြီးဟာ ခရီးသွားတွေကို တော်တော် ဆွဲဆောင် ပါတယ်။
ခရီးသွားကားတွေပေါ်က လူတွေ ဆင်းလာကြပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြနဲ့ ဒီဒေသဟာ မကြာခင်မှာ ခရီးသွားလုပ်ငန်း ဖွံဖြိုးလာမယ့် အလားအလာက မျက်ဝါးထင်းထင် ဖြစ်နေပါပြီ။ ကျမတို့ ရောက်တဲ့ နေ့ဟာ တနင်္ဂနွေနေ့ ဖြစ်တာကြောင့် ရွာလွတ်ရဲ့ နာမည်ကျော် ဆေးတံနဲ့ လက်မှုလုပ်ငန်းတွေ နားကြပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်တွေကို လေ့လာခွင့် မရခဲ့ပေမယ့် လက်ရှိ စီးပွားရေး အနေအထားကိုတော့ လေ့လာသုံးသပ်ခွင့် ရခဲ့ပါတယ်။ လက်မှုလုပ်ငန်းကို ဆက်ခံမယ့်သူတွေ ရှားလာတာရော၊ အသုံးပြုမှု နည်းလာတာကြောင့် လုပ်ငန်းတွေ တဖြည်းဖြည်း လျော့ပါးလာပေမယ့် ခရီးသွား လုပ်ငန်းတွေကို အမှီပြုပြီးတော့ ထုတ်လုပ်နေရမှုတွေတော့ ရှိနေပါသေး တယ်။
ရွာလွတ်က နာမည်ကျော် ဆေးတံဟာ ပြည်ပတင်ပို့ ရတဲ့အထိ ဈေးကွက်ရှိပေမယ့် ဒါဟာလည်း လောက်လောက် လားလားတော့ မဟုတ်ပါဘူး။ ရွာလွတ် ဆေးတံတွေရဲ့ တန်ဖိုးဟာ အနိမ့်ဆုံး ၂၅၀၀ ကျပ်ကနေ နဂါးပုံ၊ မြင်းရုပ်ပုံ စသဖြင့် အနုပညာ လက်ရာမြောက် ထုတ်လုပ်ထားတဲ့ ဆေးတံဆို ၁၅၀၀၀ ကျပ်နဲ့ အထက် ရှိပြန်ပါတယ်။ ဆေးတံ လုပ်တဲ့ သစ်သားအမျိူးစားပေါ် မူတည်ပြီးတော့လည်း ဈေးက ကွာခြားသွားပါသေးတယ်။ Made in Ywalut ဟာ ဘယ်လိုပဲ ပြောပြော ရှင်သန်မှုကတော့ ရှိနေပါသေးတယ်။
ရွာလွတ်ကနေ ကျော်လာတဲ့အခါ ကျောက်သင်ပုန်းတွေ ကျောက်တံတွေ ထုတ်လုပ်တဲ့ မုဒွန်းရွာကို ရောက်ပါတယ်။ အဲဒီမှာလည်း လုပ်ငန်းတွေ ပိတ်ရက်မို့ ထုတ်လုပ်တဲ့ နေရာထိ သွားမရပေမယ့် ရွာလည်လမ်းမ တလျှောက် ကျောက်သင်ပုန်းတွေ ရောင်းတဲ့ ဆိုင်လေးတွေကို လိုက်လေ့လာကြည့်ခဲ့ပါတယ်။ ခုနောက်ပိုင်း ကျောက်သင်ပုန်းနဲ့ စာရေးသူ မရှိတော့ပေမယ့် ဆက်ပြီးထုတ်လုပ်နေတာကတော့ ဒေသထွက်ကုန် အဖြစ် လာရောက် လည်ပတ်ကြသူ တွေက ဝယ်ယူမှုတွေ ရှိနေကြသေးလို့ ပါပဲ။
ခေတ်မီတဲ့ ရွာသားတွေက အိုင်ပက်၊ တက်ဘလက် စသဖြင့် ကျောက်သင်ပုန်းကို နာမည်ပေးထားကြပြီးတော့ အသေးဆုံး ကျပ် ၅၀၀ တန်ကနေ ၂၅၀၀ တန်လောက် အထိ အစားစား ရှိပါတယ်။ ကျောက်တံကိုလည်း တစီးကို ကျပ် ၅၀၀ လောက်နဲ့ ရောင်းပေးပါတယ်။
အနီးအနားက ကျောက်သင်ပုန်းတောင်က ကျောက်တွေကို အချောသတ်သွေးယူပြီး ထုတ်လုပ်ထားတဲ့ ကျမတို့ရဲ့ ကျောက်သင်ပုန်းလေးတွေ ကျောက်တံလေးတွေကိုတော့ဖြင့် ပျောက်ပျက် မသွားစေချင်သေးပါဘူး။ ခရီးသွား လုပ်ငန်းကို ဆွဲဆောင်တာပဲ ဖြစ်ဖြစ် ထုတ်လုပ်မှု တိုးမြှင့်နေစေချင် ပါသေးတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ တရွာ တပုဒ်ဆန်း ထွက်ကုန်လေးတွေ ရှိနေဆဲပါပဲ။ ဒါလေးတွေကို အစိုးရက မပျောက်ပျက် သွားရအောင် ရေရှည် ထိန်းသိမ်းပေးဖို့ အစီအမံတွေနဲ့ ပိုတွန်းအားပေး ဆောင်ရွက်ပေးဖို့တော့ လိုအပ်နေပါတယ်။
ဘီလူးကျွန်းက ပြန်အထွက် မော်လမြိုင်မြို့ကို ပြန်ရောက် အပြီး ကျမတို့ အိမ်ပြန်လမ်းကို သံလွင်တံတားကြီးကို ဖြတ်လို့ ပြန်လာခဲ့ပါတယ်။ စိတ်ထဲမှာတော့ ကျမတို့ တိုင်းရင်းသား ပြည်နယ်တွေရဲ့ ချစ်စရာ အလေ့အထတွေ၊ သဘာဝတွေ၊ လူနေမှုဓလေ့တွေ စုံလင်နေတာတွေကို မြင်ယောင်မိပါတယ်။ စီးပွားရေးအရ အချက်အချာ ကျလာမယ့်ဒေသ၊ သဘာဝတွေ မပျက်စီးသေးတဲ့ ဒေသတွေ ဖြစ်တာကြောင့် အချိန်ရရင်ဖြင့် ကိုယ့်တိုင်းရင်းသား နယ်မြေတွေကို မြတ်မြတ်နိုးနိုး သွားရောက် လည်ပတ်ကြရင် အချင်းချင်း စာနာနားလည်မှုနဲ့ အပြန်အလှန် နားလည်မှုတွေပါ ရရှိစေနိုင်မယ်လို့ တွေးမိပါတယ်။ ။
(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦးဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။)