မြန်မာ့ လူမှုဝန်းကျင်၌ ကိုယ်အင်္ဂါတခုခု မသန်စွမ်းသူများအား ပုံမှန်သူများနှင့် တန်းတူအခွင့်အရေး ပေးရန် ရှောင်ဖယ် နေကြဆဲ ဖြစ်သည်။
ကိုယ်အင်္ဂါတခုခု ချွတ်ယွင်းနေသူများသည် အများနှင့်တန်းတူ ဉာဏ်ရည်ဉာဏ်သွေး တူနေသည့်တိုင် အလုပ်အကိုင် လျှောက်ထားရာတွင် ဖြစ်စေ၊ စာသင်ခန်း၌ ဖြစ်စေ၊ ခရီးသွားလာရာတွင် ဖြစ်စေ တန်းတူနေရာပေးမှု မခံကြရပေ။
ထို့အတူ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းသည့် အခါတွင်လည်း မျက်ကွယ်ပြုခြင်း ခံနေရကြောင်း မွေးရာပါ မျက်စိ အမြင်အာရုံ ချွတ်ယွင်း အားနည်းသူ ကိုခင်မောင်သန်း က ပြောပြသည်။
ကိုခင်မောင်သန်းတို့သည် မျိုးရိုးလိုက် အမြင်အာရုံ နည်းပါးကြသူများ ဖြစ်သည်။
၎င်းတို့ မိသားစုဝင်များ အကြောင်းကို သိရှိသူနည်းပါးခဲ့သော်လည်း ရိုက်နှက်မှုတခု ဖြစ်ပွားခဲ့ပြီးနောက် လူအများ က သတိပြုမိလာကြသည်။
ကိုခင်မောင်သန်းက “ကျနော့်ကို ရိုက်တဲ့အမှုတခုကို ရဲစခန်းမှာ တိုင်ထားတာ တနှစ်ကျော်ပြီ၊ ဒါပေမယ့် ရဲစခန်းက တရားရုံးကို လုံးဝ တင်မပေးဘူး၊ ကျနော်က မျက်စိမမြင်တဲ့သူ ဖြစ်လို့လား၊ ကျနော်တို့ မသန်စွမ်းသူတွေဟာ ဥပဒေရဲ့ အကာအကွယ်ပေးမှုကို တခြားလူတွေနဲ့ တန်းတူမခံရဘူးလို့ပဲ ခံစားရတယ်” ဟု ပြောဆိုသည်။
ကိုခင်မောင်သန်းသည် ၂၀၁၆ ခုနှစ်အတွင်းက လူတစု၏ အုပ်စုဖွဲ့ ရိုက်နှက်မှုကို ခံခဲ့ရပြီး ၎င်းအား စတင် ရိုက်နှက် သူကို တရားစွဲဆိုထားခြင်း ဖြစ်သည်။
အလားတူ ကိုခင်မောင်သန်းအား စတင်ရိုက်နှက်သူ ကိုဟန်ထွန်း ဆိုသူကလည်း ကိုခင်မောင်သန်းကို ရဲစခန်း၌ ပြန်လည် တိုင်ကြားထားသည်။
ကိုခင်မောင်သန်းက “ကျနော်ကစပြီး ရိုက်ပါတယ် ဆိုပြီးတော့ ရဲစခန်းမှာ ပြန်တိုင်ထားတယ်၊ ကျနော့်လို မျက်စိ မမြင် တဲ့ သူက ဘယ်လိုလုပ်ပြီး ရိုက်မှာလဲ၊ တွေးကြည့်ရင် လူတိုင်းသိနိုင်တဲ့ ကိစ္စပါ၊ ကျနော့်ကို ပုဒ်မ ၃၂၅ (ပြင်းထန်းစွာ ထိခိုက် ဒဏ်ရာရစေမှု) နဲ့လည်း တိုင်ထားတယ်”ဟု ပြောသည်။
ကိုခင်မောင်သန်းသည် လှိုင်မြို့နယ် ၁၀ ရပ်ကွက်တွင် နေထိုင်သူ ဖြစ်သည်။ ၎င်းနှင့် အငြင်းပွားသည့် ကိုဟန်ထွန်း ဆိုသူ သည်လည်း ကိုခင်မောင်သန်း နေထိုင်သည့် အထပ်မြင့် အဆောက်အအုံတွင် နေထိုင်သည်။
ထိုတိုက်၏ မြေညီထပ်တွင် ကိုခင်မောင်သန်းက တယ်လီဖုန်း ပြုပြင်ဆိုင် ဖွင့်ထားသည်။ ထိုဆိုင်၏ အပြင်ဘက်တွင် အမိုး အကာ အတွက် ထောင်ထားသည့် ထီးနေရာ ပြောင်းရွှေ့ရာမှ စကားများပြီး ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြခြင်း ဖြစ် သည်။
၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော်လည်း တနှစ်ကျော်ကြာသည့်တိုင် တရားရုံးမတင်သည့် အတွက် သတင်းစာ ရှင်းလင်းပွဲ တခုကို ကိုခင်မောင်သန်း မိသားစုက၂၀၁၇ ခုနှစ် မေလဆန်းက ပြုလုပ်ခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ရက်အနည်းငယ်အကြာတွင် တရားရုံးသို့ တင်ပေးမည်ဟု ရဲစခန်းက အကြောင်း ကြားလာကြောင်း ကိုခင်မောင်သန်း၏ မိသားစုဝင်များ က ပြောသည်။
တရားရုံးသို့ စောလျှင်စွာ တင်မပေးခြင်းသည် ကိုခင်မောင်းသန်း ဘက်မှ ခိုင်မာသည့် မျက်မြင်သက်သေ မရှိခြင်း ကြောင့်ဟု လှိုင်မြို့နယ် ရဲစခန်း အာဏာပိုင်များက တုံ့ပြန် ပြောဆိုထားသည်။
ကိုခင်မောင်သန်းက တိုင်ကြားထားသည့် ပုဒ်မတချို့အား ရဲစခန်းက ဖြုတ်ထားခဲ့ကြောင်း၊ ထိုကိစ္စကို တရားရုံးချိန်း ရောက်မှသာ ရှေ့နေကတဆင့် မေးမြန်းသွားမည် ဖြစ်ကြောင်း ကိုခင်မောင်သန်း၏ ဇနီးဖြစ်သူ မနှင်းဝေလင်းက ပြော သည်။
ပထမဆုံးအကြိမ် ရုံးချိန်းအား ၂၀၁၇ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ချိန်းဆိုထားသည်။
မနှင်းဝေလင်း က “ကျမတို့ဘက်က တိုင်ထားတဲ့ ပုဒ်မတချို့ကိုတော့ ဖြုတ်ပစ်တယ်၊ ဟိုဘက်က ပြန်တိုင်ထားတဲ့ အချက်တွေထဲမှာ ဆိုရင် ကိုခင်မောင်သန်း အတွက် ပြစ်မှုတွေ ကြီးနေတယ်၊ သူတို့ဘက်က တိုင်ထားတဲ့အမှုတွေမှာ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရမှုဆိုတဲ့ ပုဒ်မ(၃၂၅) လည်း ပါနေတယ်” ဟု ပြောဆိုသည်။
ထိုတိုင်ကြားမှုကြောင့်ပင် ကိုခင်မောင်သန်းတို့ သားအမိသည် ယခုအခါ အာမခံဖြင့် နေထိုင်နေရကြောင်း လည်း မနှင်းဝေလင်းက ပြောသည်။
ကိုခင်မောင်သန်း၏ အမှုနှင့်ပတ်သက်၍ တရားမျှတမှု ဖြစ်စေရန် မြန်မာနိုင်ငံ မသန်းစွမ်းသူများအသင်းက ကူညီ ဆောင် ရွက် ပေးသွားမည်ဟု မသန်စွမ်းသူများ အဖွဲ့မှ ဒေါ်ငယ်ငယ်ဝင်း ကလည်း ဧရာဝတီ ကို ပြောပြသည်။
ကိုခင်မောင်သန်းတို့ ဖြစ်ပွားသည့်ရက်က အိမ်နီးချင်းအခန်းများက ဝိုင်းဝန်းဖြန်ဖြေပေးခဲ့ ကြသော်လည်း ရန်ပြုခံရ မည်ကို စိုးရိမ်၍ သက်သေမထွက်ရဲကြဟု ကိုခင်မောင်သန်းက ပြောသည်။
ကိုခင်မောင်သန်းနှင့် အငြင်းပွားသူ ကိုဟန်ထွန်းသည် တက္ကစီကား မောင်းသူဖြစ်ပြီး ပတ်ဝန်းကျင်တွင် အငြင်းပွားမှု မကြာခဏ ဖြစ်လေ့ရှိသူဟု သိရသည်။
ကိုခင်မောင်သန်းက “ကိုဟန်ထွန်းကလည်း ကျနော်တို့နဲ့ တတိုက်တည်း နေကြတာဆိုတော့ တချို့က သက်သေ မထွက် ရဲ ကြဘူးဗျ၊ ကျနော့်ကို ဝိုင်းရိုက်ကြတုန်းက ဒုတိယထပ်၊ တတိယထပ်က လူတွေက မလုပ်ကြပါနဲ့လို့ ပြောခဲ့ ကြသေးတယ်၊ ကျနော့်ဘဝမှာ တခါမှ ရန်မဖြစ်ဖူးဘူး၊ ဒါပထမဆုံးအကြိမ် အရိုက်ခံရတာပါ”ဟု ပြောဆိုသည်။
ကိုခင်မောင်သန်းသည် တယ်လီဖုန်း ပြုပြင်ဆိုင်ဖွင့်၍ အသက် မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်သည်။ မျက်စိ အားနည်း ခြင်းကြောင့် တယ်လီဖုန်း ပြုပြင်ရာတွင် ဆော့ဝဲလ် အပိုင်းကိုသာ ပြုပြင်နိုင်သည်။
မြန်မာစာ မဖတ်တတ်သော်လည်း၊ မျက်မမြင်သူများ အတွက် သင်္ကေတများဖြင့် တီထွင်ထားသည့် အင်္ဂလိပ်စာလုံး များကို ဖတ်တတ်သည်ဟု ပြောသည်။
အခင်းဖြစ်ပွားပြီး နောက်ပိုင်းတွင် တယ်လီဖုန်း ပြုပြင်ဆိုင်အား ပိတ်သိမ်း၍ တခြားရပ်ကွက် တခုသို့ ပြောင်းရွှေ့ နေထိုင် ခဲ့ကြသည်ဟု သိရသည်။
အပြင်ထွက်မည်ဆိုပါက လူအကူပါမှ သွားဖြစ်ကြောင်း၊ သို့သော် တခါတရံတွင် မြို့ထဲသို့ တယောက်တည်း သွားကြည့် ဖူးကြောင်း ပြောသည်။
မြို့ထဲသို့သွားရာတွင် အမှတ်အသားများဖြင့် သွားသည်ဟုလည်း ကိုခင်မောင်သန်းက ပြောသည်။
ဥပမာ- ဆူးလေဘုရားလမ်း ပြီးလျှင် ဘားလမ်း၊ ဘားလမ်းပြီးပါက ၃၅ လမ်းစသည်ဖြင့် အမှတ်အသားများဖြင့် သွား ကြည့်ဖူးသည်ဟု ဆိုသည်။
ကိုခင်မောင်သန်းက “တခါတလေ လမ်းမှားပြီးတော့ ဆိုင်ထဲတွေ ဝင်သွားတာမျိုး ဖြစ်ဖူးတယ်ဗျ၊ ဆိုင်ထဲကလူတွေက ဘာကိစ္စရှိလဲ ဆိုမှပဲ ဆောရီးဆိုပြီး ခပ်တည်တည်နဲ့ ပြန်ထွက်လာတယ်၊ သူတို့ကတော့ ကျနော့်ကို ကြောင် တောင် တောင် နဲ့ ဘာကောင်လဲဟ ဆိုပြီးထင် မှာပေါ့” ဟု သူ၏ အဖြစ်အပျက်အား ပြန်ပြောင်း ရှင်းပြသည်။
ကိုခင်မောင်သန်းသည် မွေးရာပါ မျက်စိအားနည်းသူ တဦးဖြစ်ပြီး ၎င်း၏ မိခင်၊ အဒေါ်များ၊ ဦးလေးများ အပြင် ဦးလေး ဖြစ်သူ မွေးထားသည့် သားသမီးများအထိ မျိုးရိုးလိုက် အမြင်အာရုံအားနည်းကြသည်။
ထိုဖြစ်ရပ်သည် ကိုခင်မောင်သန်း၏ မိခင်ဘက်မှ အဘွား တော်စပ်သူက စတင်ခဲ့သည်။
ကိုခင်မောင်သန်း၏ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဝင်းက “ကျမရဲ့ အမေ လက်ထက်ကစပြီးတော့ အမြင်အာရုံ အားနည်း တာပါ၊ အမေကတော့ ပြောခဲ့ဖူးတယ်၊ သူဟာ အရင်ဘဝက အရမ်းဆိုးတဲ့ ယောကျ်ားလေး ဖြစ်ခဲ့တယ်လို့ ပြောပြ ဖူး တယ်၊ အဲဒါကြောင့် အမေကမွေးတဲ့ ကလေးတွေအားလုံး အမေ့လိုပဲ ဖြစ်မယ်လို့ ဗေဒင်က ပြောတယ်လို့ အမေက ပြောခဲ့ဖူးတယ်” ဟု ဆိုသည်။
ဒေါ်သန်းသန်းဝင်းတို့တွင် မွေးချင်း ၇ ဦးရှိပြီး အငယ်ဆုံးတဦးတည်းသာ မျက်စိပုံမှန်ဖြစ်သည်။ အငယ်ဆုံး ညီမဖြစ်သူ က မွေးသည့် သားသမီးနှစ်ဦးသည် မျက်စိပုံမှန်ဖြစ်သော်လည်း၊ တခြားမွေးချင်းများက မွေးသည့် သားသမီးများသည် ၎င်းတို့ကဲ့သို့ပင် အမြင်အာရုံ အားနည်းကြသည်။
အမြင်အာရုံ အားနည်းခြင်းသည် အတွင်းတိမ်ကြောင့်ဟု ဆိုကာ ခွဲစိတ်ကုသမှု တချို့ လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု သိရသည်။
ဒေါ်သန်းသန်းဝင်းတို့ ဇနီးမောင်နှံသည် သားနှစ်ဦး မွေးပြီးနောက် သမီးလေးတဦး လိုချင်ခဲ့သော်လည်း သားနှစ်ဦး ကဲ့သို့ အမြင်အာရု ံနည်းပါးမည်ကို စိုးရိမ်၍ သားသမီး ထပ်မယူဖြစ်ခဲ့ဟု ဒေါ်သန်းသန်းဝင်း က ပြောသည်။
ဒေါ်သန်းသန်းဝင်း က “ငါ့သားတွေက သူများသားသမီးတွေနဲ့ မယှဉ်နိုင်ဘူးလေ၊ အဲဒီတော့ သမီးလေး မွေးလာရင် လည်း သားတွေလိုပဲ ဖြစ်မှာ စိုးရိမ်းတယ်၊ အမျိုးသားကတော့ သမီးလေး တယောက်လောက် ဆက်မွေးပါဦးလို့ ပြောပေမယ့် မယူဖြစ်ခဲ့ဘူး” ဟု ပြောပြသည်။
ကိုခင်မောင်သန်းသည် အိမ်ထောင်သည် တဦးဖြစ်ပြီး သူ၏ ဇနီးသည် သူငယ်ချင်းဖြစ်သူ၏ ညီမဟု ပြောသည်။
ကိုခင်မောင်သန်းက “သူ့အိမ်ကို ကျနော်က ခဏခဏ သွားလည်ဖြစ်တယ်၊ ရုပ်ကို မမြင်ရပေမယ့် အသံတော့ အမြဲ ကြားနေရတာပေါ့၊ နောက်ပိုင်းမှာတော့ ဖုန်းနဲ့ အမြဲတမ်းစကားတွေ ပြောဖြစ်တယ်၊ ရည်းစားဖြစ်ပြီး တနှစ်ကျော်ကြာတဲ့ အခါ ကျနော်တို့ လက်ထပ်ဖြစ်ကြတယ်” ဟုလည်း ပြောပြသည်။
ကိုခင်မောင်သန်းသည် ၁ ပေအကွာအထိ အနည်းငယ်မြင်ရသည်ဟုလည်း ပြောသည်။ အိမ်ထောင်ရှင်ဖြစ်၍ မိဘ တဦး ဖြစ်ချင်သည့် ဆန္ဒရှိကြောင်း၊ သို့သော် မွေးလာမည့် ကလေးသည် ဖခင်၏ မျိုးရိုးလိုက်မည်ကိုလည်း ကိုခင်မောင်သန်း က စိုးရိမ်နေသည်။
သူက“ကလေးတော့ လိုချင်တယ်၊ ယူဖို့ဆန္ဒလည်း ရှိပါတယ်၊ ဒါပေမယ့် ကျနော့်လိုဖြစ်မှာကိုလည်း စိုးရိမ်တယ်၊ အဲဒါ ကြောင့် ကလေးမွေးလာရင် သူ့အမေနဲ့တူပါစေဆိုပြီး ကျနော် အမြဲတမ်း ဘုရားမှာ ဆုတောင်းဖြစ်တယ်” ဟု ဆိုသည်။
ကိုခင်မောင်သန်းတို့တွင် ညီအစ်ကို နှစ်ယောက်ရှိပြီး နှစ်ဦးစလုံးသည် မိခင်ဘက် မျိုးရိုးလိုက်သည်။ မွေးရာပါ အမြင် အာရုံ အားနည်း၍ ငယ်စဉ်က ကျောင်းမနေခဲ့ရသော်လည်း ဆရာအား အိမ်သို့ခေါ်၍ သင်ယူခဲ့ကြသည်။
ယခုအခါ ညီဖြစ်သူ မွေးထားသည့် ၅ လသားအရွယ် ကလေးငယ်သည်လည်း ၎င်းတို့ကဲ့သို့ အတွင်းတိမ် ပါရှိသည်ဟု ဆရာဝန်က ပြောဆိုထားကြောင်း ကိုခင်မောင်သန်းက ပြောသည်။
ဒေါ်သန်းသန်းဝင်းနှင့် ကိုခင်မောင်သန်းတို့ သားအမိသည် မျက်စိဆရာဝန်နှင့် ပြသဖူးခဲ့ကြောင်း၊ သို့သော် ပုံမှန် ဖြစ်နိုင်ခြေ မရှိဟု ဆရာဝန်များက ပြောဆိုထား၍ ဆက်လက် ကုသရန် ဆန္ဒမရှိတော့ကြောင်း၊ ခွဲစိတ် လိုက်ပါက ပိုမို ဆိုးသွားနိုင်သည်ဟု ဆရာဝန်များက မှတ်ချက် ပေးထားကြောင်းလည်း ကိုခင်မောင်သန်းက ရှင်းပြသည်။
ဒေါ်သန်းသန်းဝင်းတို့ မိသားစုသည် မွေးရာပါ အမြင်အာရုံ နည်းပါးခြင်းကြောင့် အများနည်းတူ အပြင်ထွက် သွားလာမှု နည်းပါးပြီး မိမိတို့ နေအိမ်၌ပင် တနိုင်တပိုင် အလုပ်များလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုကြကြောင်း သိရသည်။
ဒေါ်သန်းသန်းဝင်း က “ကျမတို့က သူများတွေနဲ့ မယှဉ်နိုင်တော့ ကိုယ့်အိမ်မှာပဲ တယောက်ကိုတယောက် ကူညီပြီး တော့ နေထိုင် စားသောက်ကြရတယ်၊ ချွေးမက မျက်စိကောင်းသူဆိုတော့ သူကပဲအရာရာ ကူညီပေးတယ်” ဟု ပြောဆိုသည်။ ။