နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ဖွင့်ပွဲနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ရက္ခိုင့်တပ်မတော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ညီလာခံ တက်ရောက်သူ ကိုယ်စားလှယ်တွေ အကြား ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
“သူ့အနေနဲ့ ဘာဖြစ်လို့ အဲဒီဝတ်စုံနဲ့ ဖွင့်ပွဲကို တက်လာသလဲဆိုတာ စဉ်းစားလို့မရဘူး” လို့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေသူတဦးက ဝေဖန်ပါတယ်။
ဒေါက်တာ ညိုထွန်းအောင် ဟာ မေလ ၂၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ဖွင့်ပွဲကို အားကစား သမားတွေ အဝတ်များလေ့ရှိတဲ့ Adidas အနွေးထည်၊ မိုးပြာရောင် Sport Shirt ၊ ဂျင်းဘောင်းဘီနဲ့ Walking Shoe တို့ကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။
ဖွင့်ပွဲမှာ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်း၊ လေ့လာသူ စတဲ့ ပုံစံတွေနဲ့ တက်ရောက်သူအများစုက သက်ဆိုင်ရာ အမျိုးသားဝတ်စုံတွေဝတ်လာကြတဲ့ ကြားမှာ ရခိုင်အမျိုးသား ဖြစ်တဲ့ ဒေါက်တာညိုထွန်းအောင်ရဲ့ ညီလာခံတက် ဝတ်စုံဟာ ဝေဖန်စရာ ဖြစ်သွားတာပါ။
ဒေါက်တာ ညိုထွန်းအောင် အပါအဝင် တရုတ်- မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့က ကိုယ်စားလှယ် တွေလည်း အခက်အခဲ၊ အကြပ်အတည်းတွေ ကြားကနေ ၂၁ ရာစု ပင်လုံကို တက်ရောက်ခွင့် ရရှိခဲ့ကြပါတယ်။
၂၁ ပင်လုံကို တက်ရောက်ခဲ့ကြတဲ့ မြောက်ပိုင်း ၇ ဖွဲ့ထဲက “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင် တွေ ဖြစ်တဲ့ ဦးပေါက်ယူရိ၊ ဦးကျောက်ကော်အန်း နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လ တို့ကိုယ်တိုင် အမျိုးသားဝတ်စုံတွေဝတ်ပြီး တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။
၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးမှာ ထင်ရှားတဲ့ ရခိုင်နိုင်ငံရေးသမားတွေဖြစ်တဲ့ ဦးအေးသာအောင်၊ ဒေါက်တာ အေးမောင်၊ ဦးခိုင်စိုးနိုင်အောင်နဲ့ ဒေါ်စောမြရာဇာလင်း တို့လည်း ရခိုင်အမျိုးသား ဝတ်စုံတွေကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးဖွင့်ပွဲမှာ တခြားတိုင်းရင်းသားတွေက သူတို့ရဲ့ အမျိုးသားဝတ်စုံတွေကို အခုတ်တရ ဝတ်ဆင် တက်ရောက်နေချိန်မှာ ရခိုင်လူထုတွေရဲ့ ထောက်ခံမှုကို ရရှိနေတဲ့ AA တပ်မတော်ရဲ့ အကြီးအကဲတဦး အနေနဲ့ ရခိုင် ဝတ်စုံကို ဝတ်ပြီး တက်စေလိုကြောင်း ၂၁ ပင်လုံကို တက်ရောက်လာတဲ့ ရခိုင်တိုင်းရင်းသား တဦး က ပြောပါတယ်။
သူက “ကျနော်တို့ ရခိုင်အမျိုးသား ဝတ်စုံက ထည်ဝါပါတယ်။ သူတို့ကို ဖိတ်ကြားမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမပြေလည်မှုတွေ ရှိပါစေ။ ဒီလိုပွဲမျိုးမှာ သူ့အနေနဲ့ ကျနော်တို့ရဲ့ ရခိုင်အမျိုးသားဝတ်စုံကို ဝံ့ဝံ့ထည်ထည် ဝတ်ပြီး တက်စေချင်ပါတယ်” လို့ ဆိုပါတယ်။
မြောက်ပိုင်း ၇ ဖွဲ့အနက် AA အပါအဝင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ကို ၂၁ ပင်လုံကို မူလက တက်ခွင့်မပေးခဲ့လို့ အဖုအထစ် တွေတော့ ရှိခဲ့ပါတယ်။
ဒါပေမယ့် တရုတ်အစိုးရက ကြားဝင်ဖြေရှင်းပေးခဲ့လို့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး နေပြည်တော်ကို ပထမဆုံး အကြိမ် ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။
“သူ့ အနေနဲ့ ရည်ရွယ်ချက် တစုံတရာ ပါချင်မှလည်း ပါပါလိမ့်မယ်။ ဒါပေမယ့် ဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် အခုလို တဘက်နဲ့ တဘက် ပစ်ခတ်နေကြတဲ့သူတွေ ဒီလို ခန်းမထဲမှာ အတူထိုင်ခွင့်ရရှိနေတဲ့ အခွင့်အရေး ကို အမိအရ ဖမ်းဆုပ်ပြီး အသုံးချရမယ့် အချိန်ပါ” လို့ ၂၁ ပင်လုံကို နိုင်ငံရေးပါတီဘက်မှ တက်ရောက်ခဲ့သူ တဦးက ပြောပါတယ်။
ဒေါက်တာ ညိုထွန်းအောင်ရဲ့ ကိုုယ်ရေးအရာရှိ ကတော့ “အဲဒီနေ့က နှာစေးချောင်းဆိုးဖြစ်နေတာ၊ ညီလာခံထဲမှာလည်း အေးမယ်ထင်လို့ အနွေးအကျီဝတ်ထားတာပါ” လို့ ရှင်းပြပါတယ်။
“ကျနော်တို့က ဖိတ်စာရတာက အရမ်းကပ်ပြီးတော့မှ ရတာဆိုတော့ ညီလာခံ တတ်ရမယ်လို့လည်း မထင်ဘူး။ အဲ့တာကြောင့် အဝတ်အစားတွေကလည်း ပြင်ဆင်ပြီး မလာခဲ့ရဘူး။ ရုတ်တရက် ဖိတ်တယ် တတ်ရမယ်ဆိုတော့ လာခဲ့တာဆိုတော့လေ။ အဆင်ပြေတဲ့ အဝတ်အစားနဲ့ပဲ ရှိတဲ့ဟာကို အကောင်းဆုံးဝတ်ပြီး တတ်လာရတာ ” လို့ သူကဆက်ပြောပါတယ်။
ဒေါက်တာ ညိုထွန်းအောင်ဟာ မေလ ၂၆ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံရာမှာလည်း အနောက်တိုင်းဝတ်စုံကိုသာ ဝတ်ဆင်ပြီး တက်ရောက်ခဲ့တာတွေ့ရပါတယ်။