ဆောင်းပါး

ကျမ ဆရာဝန် မဖြစ်ခဲ့ပေမယ့် ….

Want create site? Find Free WordPress Themes and plugins.

“ငါကြီးလာရင် လူတွေရဲ့ အသက်တွေကို ကယ်နိုင်တဲ့ ဆရာဝန်မကြီးလုပ်မယ်” ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်ကို မက်ခဲ့တဲ့ မိန်းကလေးငယ်တဦးဟာ သူ့မရဲ့ရည်မှန်းချက်ကိုရောက်အောင် အေးအေးချမ်းချမ်းနဲ့ ပညာသင်ခွင့်ရရှိခဲ့သူတဦးတော့ မဟုတ် ပါဘူး။

ပြည်မနဲ့ မြို့ရန်ကုန်က ကလေးတွေ ကျောင်းစာသင်ခန်းတွေထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ပညာသင်ကြားခွင့်ရနေချိန်မှာ သူမကတော့ သေနတ်သံ၊ ဗုံးသံတွေနဲ့ စစ်ပွဲတွေအကြားမှာ အသက်လုပြေးနေခဲ့ရသူပါ။

“အဲဒီအချိန်မှာ ပြေးနေလွှားနေရတယ်လေ။ ရွာထဲမှာ နေလို့ ဘယ်ရဲမလဲ။ ကိုယ့်အသက်က အဲဒီသေနတ်ပြောင်းဝမှာ ရှိနေတာ ကိုး” လို့ အသက် (၄၃) နှစ်ရှိပြီဖြစ်တဲ့ ဆရာမနန်းထွေးကြည်က သူမ (၅)နှစ်သမီးအရွယ်ကတည်းက စစ်ပြေးခဲ့ရတဲ့ အတိတ်က အကြောင်းတွေကို ပြန်ရှင်းပြပါတယ်။

လူ့အသက်တွေကို သေစေနိုင်တဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ စစ်သားကြီးတွေရဲ့ရှေ့မှာ ရွာသူရွာသားတွေနဲ့အတူ အ ကြိမ်ကြိမ် အသက်လုပြေးရင်း ပြုတ်ကျခဲ့တဲ့ ကစားစရာအရုပ်တွေကို မေ့ပစ်နိုင်ခဲ့ပေမယ့် သူမရဲ့ ရင်ထဲမှာ အမြစ်တွယ်နေတဲ့ ဆရာဝန်အိပ်မက်ကိုတော့ ဘယ်တော့မှ မမေ့ပစ်နိုင်ခဲ့ပါဘူး။

ဒါဟာ လွန်ခဲ့တဲ့ ၁၉၈၀ ဝန်းကျင်က ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တပ်မတော်တို့ နှစ်ဘက် အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ စစ်ပဋိပက္ခတွေအကြား လူမှန်းသိတတ်စအရွယ်ကတည်းက ပြေးလွှားခဲ့ရတဲ့ နန်းထွေးကြည် ရဲ့ စိတ်ကူးယဉ်မျှော်လင့်ချက်တခုပါ။

သူငယ်တန်းကျောင်းသားဘဝကနေ (၈) တန်းကျောင်းသားဘဝအထိ နှစ်တိုင်းလိုလို ရွာထဲကို စစ်ကြောင်းတွေ ဝင်လာလိုက်၊ ကျောင်းတွေပိတ်ပြီး ထွက်ပြေးလိုက်ဆိုတဲ့ အခြေအနေတွေ ကြိမ်ဖန်များလာတော့ သူ့ရဲ့ဆရာဝန်အိပ်မက်ဟာ မှေးမှိန်လာခဲ့ ရပါတယ်။

မိသားစုနဲ့အတူ နန်းထွေးကြည်တယောက် စစ်ဘေးရှောင်ဖို့ မြန်မာ – ထိုင်းနယ်စပ် မဲဆောက်မြို့ကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး ထိုင်းကျောင်းမှာ ပညာဆက်လက် ဆည်းပူးခွင့် ရရှိခဲ့ပါတယ်။ အခွင့်သာတဲ့အချိန်တွေမှာ သူစွန့်ခွာခဲ့ရတဲ့ စစ်ပဋိပက္ခဇုံထဲက ဇာတိရွာလေးကို မကြာခဏဆိုသလို ပြန်ဖြစ်ပါတယ်။

လူနာတွေကို ဆေးကုပေးချင်တဲ့အိပ်မက် အမြစ်တွယ်ရှင်သန်နေဆဲဖြစ်တဲ့ နန်းထွေးကြည်အတွက် ၂၀၀၀ ခုနှစ်ဝန်းကျင်မှာတော့ ကံကြမ္မာက အလှည့်အပြောင်းတခုကို တွန်းပို့သလို ဖြစ်လာခဲ့ပါတယ်။ ဒီအခြေအနေကလည်း မွေးရပ်မြေကို ပြန်ရင်းက အစပြု ခဲ့တယ်လို့ ဆိုရမှာပါ။

ရွာပြန်ရောက်တော့ ရွာရဲ့အခြေအနေက အပြောင်းအလဲမရှိ၊ ထူးခြားတိုးတက်မှုမရှိ။ KNU နဲ့ တပ်မတော်တို့ အကြားမှာလဲ တိုက် ပွဲတွေက ဆက်ဖြစ်နေဆဲ။ လမ်းပန်းဆက်သွယ်ရေးတွေက အရင်အတိုင်း ထူးမခြားနား၊ အဆိုးဆုံးက ဆေးရုံ၊ ဆေးပေးခန်းတွေနဲ့ အလှမ်းဝေးတဲ့အတွက် ရွာထဲမှာ မသေသင့်ပဲ သေနေကြတဲ့ လူနာတွေလည်း စဉ်ဆက်မပြတ်ရှိနေခြင်းပါ။

မြေနိမ့်ရာ လှံစိုက်ဆိုသလို ဆေးရုံ၊ ဆေးပေးခန်းတွေနဲ့ အလှမ်းဝေးပြီး ကျန်းမာရေး စောင့်ရှောက်မှု လုံးဝမရှိတဲ့ နန်းထွေးကြည် တို့ရွာအပါအဝင် အိမ်နီးချင်း (၄) ရွာကို ဝမ်းရောဂါဝင်ပါတော့တယ်။

ကပ်ဆိုက်တဲ့အလား ပျမ်းမျှတရက်ကို ဝမ်းရောဂါကြောင့် သေဆုံးသူ (၂) ဦးလောက် သင်္ဂြ ိုဟ်ပေးနေရတဲ့အထိ ဖြစ်လာပါတယ်။ ကုသပေးမယ့်သူလည်းမရှိ၊ ဆေးရုံ၊ ဆေးပေးခန်းကလည်းဝေးပြီး ရိုးရာကုထုံးတွေ အားကိုးကြပေမယ့်လည်း အလုပ်မဖြစ်ခဲ့ပါဘူး။ မျက်စိရှေ့မှာတင် ဝမ်းရောဂါကြောင့် အနည်းဆုံး ရွာသူ၊ ရွာသား (၃၀)ကျော် အသက်ဆုံးပါး သွားခဲ့ရပါတယ်။

ဝမ်းရောဂါကပ်ဆိုးနှုတ်ယူသွားတဲ့ အသက်တွေထဲမှာ နန်းထွေးကြည်တို့မိသားစုရဲ့မဏ္ဍိုင်ဖြစ်တဲ့ ဖခင်ဖြစ်သူလည်း ပါသွားပါ တော့တယ်။ ဖခင်ဖြစ်သူ ခံစားနေရတဲ့ ရောဂါဝေဒနာကို ရပ်တန့်သွားအောင် ကုသပေးချင်ခဲ့တဲ့ ဆန္ဒတခုသာရှိခဲ့ပြီး ဘာမှ မတတ် နိုင်ခဲ့ပါဘူး။

“ကျမက အဖေကို သိပ်ချစ်တာ” လို့ ဆရာမ နန်းထွေးကြည်ကပြောရင်း တိမ်ဝင်သွားတဲ့ အသံနဲ့အတူ မျက်ဝန်းအိမ်မှာ ရစ်ဝဲလာ တဲ့ မျက်ရည်ကို ပြုတ်မကျအောင် ခေါင်းမော့ပြီး ပြန်ထိန်းလိုက်ပါတယ်။

အဖေဖြစ်သူ ဝေဒနာခံစားရပြီး ဆုံးသွားတာကို ကယ်တင်ဖို့ မစွမ်းနိုင်ခဲ့တဲ့ ဆရာဝန်ဖြစ်ချင်သူတယောက်ရဲ့ နာကျင်မှုက တွန်းပို့ လိုက်တဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တခုနဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့ကို ပြန်လာခဲ့ပါတယ်။

မဲဆောက်ပြန်ရောက်တော့ မြန်မာ မာသာထရီဆာလို့ လူအများက လေးစားသမှုနဲ့ ကင်ပွန်းတပ်တင်စားကြတဲ့ ဂရုဏာရှင် ဆရာ မကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ကျောင်းသားဆေးခန်း(မယ်တော်ဆေးခန်း)က ပေးနေတဲ့ ဆေးသင်တန်းတွေကို တက် ရောက်ခွင့် ရရှိခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ ဒေါက်တာစင်သီယာမောင်တည်ထောင်ခဲ့တဲ့ “နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့” ခေါ် “Back Pack Health Worker Team – (BPHWT)” ရဲ့ ကျန်းမာရေးဝန်ထမ်းအဖြစ်နဲ့ အမိမြေဖာပွန်မြို့နယ်မှာ ပြန်ပြီး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ ရည်ရွယ်ချက်ကလည်း ဝေးလံသီခေါင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်း မမီနိုင်တဲ့၊ အားနည်းတဲ့နေရာတွေအတွက် ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်လို့ နန်းထွေးကြည်ရဲ့ ဖာပွန်မြို့နယ်အတွက် တော့ အားတက်စရာဖြစ်ခဲ့ရပါတယ်။

နန်းထွေးကြည်အတွက်လည်း ငယ်စဉ်က စိတ်ကူးအိပ်မက်တွေ တကယ်အကောင်အထည်ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့်လည်း ဆေးတက္ကသိုလ်ကျောင်းဆင်း ဆရာဝန်ဘွဲ့ရ ဆရာဝန်မတဦးအဖြစ်တော့ မဟုတ်ပါဘူး။ ကြမ်းတမ်းလှတဲ့ စစ်ပဋိပက္ခဇုံထဲမှာ ေ၀ ဒနာသည်တွေကို ကုသရမယ့် ကျန်းမာရေးဆရာမတယောက်အဖြစ်ရယ်ပါ။

စစ်ပွဲတွေအကြား ပြေးလွှားခဲ့ရတဲ့ မိန်းကလေးငယ်တဦးရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာတယ်ဆိုပေမယ့် လူတ ယောက်ကို ပုရွက်ဆိတ်တကောင်သတ်သလို ဥပဒေမဲ့သတ်ဖြတ်နေတဲ့နေရာ၊ ပျားအုံတအုံကို မီးတိုက်သလို အကြင်နာမဲ့ ရွာလုံး ကျွတ် မီးရှို့ခံရတဲ့ စစ်ပဋိပက္ခဇုံကြီးထဲမှာ ဆေးကုနေရမယ်လို့ ဆရာဝန်ဖြစ်ချင်တဲ့ ဘယ်မိန်းကလေးကမှ စိတ်ကူးယဉ်မက်ခဲ့ကြ မှာ မဟုတ်ပါဘူး။

အန္တရာယ်တွေအကြား ကျန်းမာရေး စောင့်ရှောက်မှုတွေပေးရင်း ချိုမြိန်တဲ့ပီတိတွေလည်း ရရှိခဲ့ဖူးပါတယ်။ သူမအတွက် ပထမဆုံး အမှတ်တရ ဖြစ်စေခဲ့တာကတော့ ရွာထဲမှာ လက်သည်နဲ့ ကလေးမွေးရာက အခြေအနေ ဆိုးဆိုးရွားရွား သွေးသွန်နေတဲ့ အမျိုးသမီးတဦးကို အသက်အန္တရာယ်ကနေ ကင်းဝေးအောင် ကုသပေးနိုင်လိုက်တဲ့အတွက်ပါ။

“ဒီအခြေအနေမတိုင်မီ အရင်(၂)ရက်ကလည်း ရွာထဲက အမျိုးသမီးတယောက် သူ့လိုလက်သည်နဲ့မွေးရာက သွေးသွန်ပြီး ဆုံး သွားတဲ့အတွက် ရွာကလူတွေက ကျမလူနာကိုလည်း အသက်ရှင်မယ်လို့ သိပ်မမျှော်လင့်ကြဘူးလေ” လို့ သူ့ရဲ့ ပထမဆုံးပီတိ အတွေ့အကြုံကို ရှင်းပြပါတယ်။

ဆရာမနန်းထွေးကြည်ဟာ သူ့ရဲ့လက်တွေနဲ့ အနာဂတ်ရဲ့ ရင်သွေးငယ်တွေကို မွေးဖွားပေးနိုင်ခဲ့သလို မိခင်တွေရဲ့ အသက် တွေကို ကယ်တင်နိုင်သူ ဖြစ်လာခဲ့ပါပြီ။ ကြမ်းတမ်းတဲ့ တောတောင်ခရီးကြမ်းတွေကို ကျော်ဖြတ်ပြီး တရွာဝင် တရွာထွက် ဆေးကုသမှုတွေ ပေးနေရပေမယ့် သူ့ရဲ့အလုပ်အပေါ်မှာ စိတ်အားထက်သန်မှုကြောင့် သူ့ကိုယ်သူ အမျိုးသမီးတယောက်ဆို တာကို အချိန်တိုင်းမှာ သတိမရနိုင်လောက်အောင်ပါဘဲ။

ဒီဒေသမှာ အဖြစ်များတဲ့ ငှက်ဖျားရောဂါ၊ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ၊ သွေးအားနည်း၊ သွေးတိုး၊ အသက်ရှုလမ်းကြောင်းရောဂါ တွေအပါအဝင် ထိခိုက်ရှနာကအစ သူလက်လှမ်းမီတဲ့ ကျေးရွာတွေမှာ ရောဂါမျိုးစုံကို ကုသမှုပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆရာမနန်းထွေးကြည်အတွက် စစ်ပြေးနေရတဲ့ဘဝကတော့ ဝဋ်ကြွေးတခုလို ကပ်ပါလာတာလားလို့ မေးရမလို ပါ။ လူမှန်းသိတတ်စ အရွယ်ကစလို့ အခုလို ကျန်းမာရေးဆရာမတယောက်အဖြစ်နဲ့လိုက်ပြီး ဆေးကုသနေတဲ့ အချိန်အထိ ပြေး လွှားပုန်းရှောင်နေရဆဲပါ။

လူနာတွေရှိနေတဲ့ ရွာတွေကို လုံလုံခြုံခြုံနဲ့သွားပြီး ဆေးကုသပေးနိုင်ဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU)က လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ထည့်ပေးပါတယ်။ လူနာတွေ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ သက်သာစေရေးနဲ့ မသေသင့်ဘဲ သေသွားနိုင်တဲ့ အသက်တွေကို ကယ်တင်နိုင်သမျှ ကယ်တင်နိုင်ဖို့အတွက် KNU လုံခြုံရေးအဖွဲ့တွေရဲ့ အကူအညီမပါဘဲ ဆရာမနန်းထွေးကြည် တဦးတည်း လုပ်ဆောင်နိုင်ဖို့ မလွယ်ပါဘူး။

“ကျမဆေးသွားကုတဲ့လမ်းခရီးမှာ စစ်တပ်နဲ့တွေ့မှာဘဲကြောက်တာ။ တခြားလူကို ကျမကြောက်စရာမလိုဘူး။ အိတ်ထဲမှာ ဆေး ပြားတပြားမိတာနဲ့ ငပွေး (KNU) သတင်းပေး ဆရာမဆိုပြီး နှိပ်စက်တာတွေက ရှေ့မှာနမူနာတွေအများကြီး” လို့ ဆရာမ နန်း ထွေးကြည်က သူစိုးရိမ်ခဲ့ရတာကို ရှင်းပြပါတယ်။

တခါတရံမှာ လုံခြုံရေးယူပေးတဲ့ KNU ရဲဘော်တချို့ရဲ့ စကားပြောစက်က တဆင့်ဖြစ်စေ၊ အရပ်သတင်းအရဖြစ်စေ အစိုးရစစ် ကြောင်းတွေ သတင်းရသွားပြီး လိုက်ဖမ်းလို့ ပြေးခဲ့ရပြီး၊ တချို့ရွာတွေမှာ လူနာတွေရှိနေပေမယ့် လုံခြုံရေးအရ သွားရောက် ကုသခွင့်မရရှိခဲ့တာတွေလည်း အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပါသေးတယ်။

“စစ်တပ်လိုက်လို့ ပြေးရတာကတော့ ကျမအတွက် အထူးအဆန်းမဟုတ်ပါဘူး။ အကြိမ်ရေလည်း မမှတ်မိတော့ဘူး” လို့ ဆို ပါတယ်။

သူကဆက်ပြီး “အစိုးရစစ်တပ်တွေနဲ့နီးတဲ့ ကျမဝင်ကုလို့မရတဲ့ တချို့ရွာတွေဆိုရင် ရွာပြင်ကနေ ချုံထဲပုန်းပြီး စောင့်နေရတယ်။ လူနာကလည်း တောထဲဆင်းတဲ့ပုံစံလုပ်ပြီး လာကုရတယ်” လို့ဆိုပါတယ်။

တခါတရံ အစိုးရဆေးရုံအထိ အပ်ရမယ့် လူနာတွေ ရှိလာခဲ့ရင် ကိုယ်တိုင်လိုက်အပ်ပေးခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒီလို အခြေအနေမျိုးမှာ လူနာကြုံတွေ့နေရတဲ့ ရောဂါအခြေအနေကို အစိုးရဆေးရုံက ဆရာဝန်တွေကို ရှင်းပြတဲ့အခါ ဆရာဝန်တွေက “မင်းကဆေးကုသမှုနဲ့ပတ်သက်ပြီး ဘာနားလည်လို့လဲ” ဆိုတာမျိုး အငါက်ခံရတာတွေလည်း ကြုံခဲ့ရဖူးပါတယ်။

အစိုးရက ခန့်အပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်း မဟုတ်တော့ သူ့အနေနဲ့လည်း လူနာတွေကို ဆေးကုသပေးနေသူတယောက် ဖြစ်တာကို တုန့်ပြန်ပြောဆိုတာမျိုး မလုပ်တော့ဘဲ လူနာလိုက်ပို့သူ ရွာသားတဦးအနေနဲ့သာ ဖာသိဖာသာနေခဲ့ရပါတယ်။

“သူတို့ဟောက်တဲ့အခါမှာ စိတ်ထဲတော့ မကောင်းဘူး။ သူတို့ကိုပြန်ပြောချင်တဲ့ စကားတခွန်း ကျမမှာရှိတယ်။ အဲဒါက ရှင်တို့ရော ကျမလိုတောတောင်တွေထဲမှာ ဒုက္ခခံပြီး လိုက်ကုသနိုင်သလားလို့ ပြန်မေးလိုက်ချင်တယ်။ ဒါပေမယ့် ကျမပြောမထွက်ခဲ့ပါဘူး” လို့ ဆိုပါတယ်။

ခုဆိုရင် ဆရာမ နန်းထွေးကြည်တယောက် ကျန်းမာရေးဆရာမအဖြစ်နဲ့ ဖာပွန်မြို့နယ်ထဲက ကျေးရွာတွေမှာ ဆေးကုသမှုပေး လာခဲ့တာ (၁၃) နှစ်သက်တမ်းရှိလာခဲ့ပြီ။ သူဆေးကုသနေတဲ့ ဒေသမှာလည်း KNU နဲ့ တပ်မတော်အကြား ၂၀၁၀ ခုနှစ်လောက် ကတည်းက တိုက်ပွဲတွေ မဖြစ်တော့ပါဘူး။

၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ KNU နဲ့ တပ်မတော်တို့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တဲ့အတွက် ဒေသခံတွေရင်ထဲမှာ အရင်လို တိုက်ပွဲတွေ အမြဲဖြစ်နေမှာ စိုးရိမ်တဲ့ စိုးရိမ်မှု တွေ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

ဆရာမ နန်းထွေးကြည်ဆေးကုသခဲ့တဲ့ သက်တမ်းတဝက်က KNU နဲ့ တပ်မတော်တို့အကြားမှာ တိုက်ပွဲပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ကာလဖြစ်ပြီး ကျန်တဲ့တဝက်ကတော့ တိုက်ပွဲတွေ မရှိတော့ပါဘူး။ သေနတ်သံ၊ ဗုံးသံတွေတိတ်သွားပြီဖြစ်တဲ့ သူတို့ဒေသ လေးဟာ လမ်းပန်းဆက်သွယ်ရေးတွေ အနည်းငယ်ပွင့်လာသလို ကျေးရွာအချို့မှာ ဆေးဆိုင်တွေတောင် ရှိနေပါပြီ။

အခုဆိုရင် ဖာပွန်မြို့နယ်ထဲက စာသင်ကျောင်းတွေဟာ အရင်တုန်းကလို ခဏခဏပိတ်ပြီးထွက်ပြေးစရာလည်း မလိုတော့ဘူး။ စာသင်ကျောင်းတွေထဲမှာ ကျောင်းသူ၊ ကျောင်းသားလေးတွေ လွတ်လပ်စွာ စာသင်နေကြတဲ့အသံတွေ ဆရာမနန်းထွေးကြည် စိတ်ချမ်းမြေ့စွာ ကြားခွင့်ရနေပြီဖြစ်ပါတယ်။

ဒါကြောင့် အဲဒီကျောင်းကလေးတွေမှာ စာသင်ကြားနေကြတဲ့ ကလေးငယ်တွေရဲ့ အနာဂတ် စိတ်ကူးယဉ်အိပ်မက်တွေဟာ လည်း သူကလေးဘဝတုန်းကလို မှေးမှိန်ဝေဝါးသွားရတဲ့ အခြေအနေမျိုး ဖြစ်မှာမဟုတ်ဘူးလို့ သူယုံကြည်နေပါတယ်။

“တိုက်ပွဲတွေဖြစ်ရင် အရင်ဆုံးက ရွာသားတွေပဲ ခံရတာလေ။ ငြိမ်းချမ်းရေးကို စစ်စစ်မှန်မှန်ဖြစ်စေချင်တယ်” လို့ ပြောလိုက်တဲ့ ဆရာမ နန်းထွေးကြည်ရဲ့ မျက်ဝန်းအစုံကတော့ တောက်ပတဲ့ အနာဂတ်တခုကို ကြုံတွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ရှိနေပုံပါပဲ။

ခုတော့ သူကိုယ်တိုင်လည်း ဖာပွန်မြို့နယ်ထဲက တောခေါင်ခေါင် ရွာလေးတွေရှိရာ ပြန်သွားပါပြီ။ ဆရာဝန်မတယောက် မဟုတ် ပေမယ့်လည်း ဆေးကုသမှုတွေ လက်လှမ်းမမီနိုင်သေးတဲ့ တောရွာလေးတွေက လူနာတွေအတွက်တော့ ဆရာမနန်းထွေးကြည် က တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာပါပဲ …။

Hiburma.net မှ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading