အာဆီယံနိုင်ငံများထဲတွင် ဗီယက်နမ်နိုင်ငံက ကျနော် သဘောအကျဆုံး ဖြစ်သလို ဒုက္ခအရောက်ဆုံးလည်း ဖြစ်ပါသည်။ ဟနွိုင်းနှင့် ဟိုချီမင်းစီးတီးတို့က စိတ်လှုပ်ရှားစရာကောင်းသလို ခြေကုန်လက်ပန်းလည်းကျစေသည်။
စစ်ပွဲနှင့် ဆင်းရဲနွမ်းပါးခြင်းများထဲတွင် နှစ်ပေါင်း ၃၀ နေခဲ့ပြီးနောက် ဗီယက်နမ်လူမျိုးများက ဘဝကို အကောင်းဆုံး လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပုံရသည်။
ဒေသတွင်းမှ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ဗီယက်နမ် လူမျိုး အများအပြား၏ ဖြစ်သည့်နည်းဖြင့် အောင်မြင်ရေး ဆိုသော စိတ်ဆန္ဒနှင့် ယုံကြည်မှု အတိုင်းအတာကို ကျနော် စိုးရိမ်ပါသည်။
အာဆီယံ၏ အဦးဆုံး အဖွဲ့ဝင် ၅ နိုင်ငံမှ ပြည်သူများက စီးပွားရေးတိုးတက်မှု ပေါက်ကွဲထွက်ခြင်းကို ဖြတ်ကျော်ခဲ့ကြ ပြီး ဖြစ်သည်။
ယခုအခါ ကျနော်တို့မှာ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်နေကြပြီ ဖြစ်သည်။ အထူးသဖြင့် မလေးရှား နှင့် စင်ကာပူတို့ ဖြစ်သည်။ လူငယ်မျိုးဆက်များအတွက် ဘဝရပ်တည်ရှင်သန်ရေးက ပိုမိုခက်ခဲလာတော့မည် ဖြစ်ကြောင်း ကျနော်တို့ ရုတ်တရက် သတိထားမိလိုက်ရသည်။
ဗီယက်နမ်များက ညှာတာမှု မရှိသော ယှဉ်ပြိုင်သူများ ဖြစ်သော်လည်း တိုင်းပြည်၏ အခြေခံ အဆောက်အဦး အထူးသဖြင့် ပညာရေးစနစ်က ကျန်သည့် အာဆီယံ နိုင်ငံများ၏ နောက်တွင် အလင်းနှစ်နှင့်ချီ၍ ကျန်နေသည် ဟု မူဝါဒ ချမှတ်သူများက ထောက်ပြကြပါလိမ့်မည်။

သို့သော်လည်း နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး အဖွဲ့ (Organisation for Economic Co-operation and Development -OECD) ၏ ၂၀၁၆ ခုနှစ် နိုင်ငံတကာ ကျောင်းသားများ အကဲဖြတ် အစီအစဉ် (PISA) က ဗီယက်နမ် ဆယ်ကျော်သက်များသည် ဒေသတွင်းမှ သက်တူရွယ်တူများကို ကျော်ဖြတ်သွားကြောင်း ပြသခဲ့သည်။ သူတို့က သချာၤ နှင့် သိပ္ပံတွင် အမေရိကန်၊ ဗြိတိန်တို့နှင့် တန်းတူ စွမ်းဆောင်နိုင်ကြပြီ ဖြစ်သည်။
လက်တွေ့တွင်လည်း ဗီယက်နမ်နိုင်ငံတွင် ကျနော် မည်သည့် နေရာသို့သွားသည်ဖြစ်စေ သာမန်လူတန်းစားများက သူတို့ကိုယ်ကိုယ်နှင့် သူတို့၏ တိုင်းပြည်ကို ထိုင်ဝမ်၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်ကဲ့သို့သော မြောက်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်၍ တန်ဖိုးဖြတ်သည်ကို ကျနော် မှတ်သားမိခဲ့ပါသည်။
ဒေသတွင်းမှ ကျနော်တို့က ဗီယက်နမ်နိုင်ငံကို အရှေ့တောင်အာရှ၏ အစိတ်အပိုင်းတခုအဖြစ် မြင်ကောင်းမြင်ကြမည် ဖြစ်သော်လည်း သူတို့က အလားတူ အမြင်မျိုး ရှိမည်လားဆိုသည်မှာ ကျနော့်အတွက် မသေချာပါ။
PISA ရလဒ်တွင်လည်း ဗီယက်နမ်နိုင်ငံ၏ အဆင့်က ဇာတ်လမ်း၏ တစိတ်တပိုင်းသာ ဖြစ်ပါသည်။ လက်တွေ့အခြေအနေက ပိုရှုပ်ထွေးသည်။
အရှေ့တောင်အာရှ နိုင်ငံ အများစုကဲ့သို့ပင် ဗီယက်နမ်နိုင်ငံ၏ ပညာရေးစနစ်က အပြစ်အနာအဆာ မကင်းပါ။ အဓိက စွဲနေသည်မှာ အလွတ်ကျက်မှတ်ခြင်းနှင့် စံနှုန်းသတ်မှတ် စစ်ဆေးခြင်းတို့ဖြစ်သည်။
နည်းပညာ အကြီးအကျယ် ပြောင်းလဲနေသည့် ခေတ်တွင် ကျောင်းသားများအနေဖြင့် တီထွင်ဆန်းသစ် တွေးခေါ်နိုင်ရေး သင်ကြားပေးရန် လိုအပ်နေခြင်းက ဒုတိယမြောက် ကြီးမားသော ပျက်ကွက်မှုဖြစ်သည်။ အဓိက အကြောင်းမှာ ဗီယက်နမ်နိုင်ငံက အခြေခံအားဖြင့် ကွန်မြူနစ်နိုင်ငံတခု ဖြစ်နေဆဲ ဖြစ်ပါသည်။
လူများထက် ရှေ့တန်းရောက်ရေး သို့မဟုတ် အတန်းထဲမှာ ထိပ်ဆုံးဖြစ်ရေးဆိုသည့် အမြင် ဗီယက်နမ် ပညာရေး စနစ် တွင် ရင်ဆိုင်နေရသည့် ပြဿနာများထဲမှ တခုဖြစ်သည်။
အစိုးရက အနာဂတ် စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်နေချိန် ပညာရေး မူဝါဒများက အဓိက စမ်းသပ်ချက်ဖြစ်လာသည်။
နိုင်ငံခြား ဘာသာစကားများ သင်ကြားခြင်းကို အစိုးရက မည်သို့ ကိုင်တွယ်နေပါသနည်း။ ဘာသာရေး နှင့် ပတ်သက်သော (စာရိတ္တနှင့် ကျင့်ဝတ် နှင့် ပတ်သက်သော) သင်တန်းများက မည်သို့ ရှိပါသနည်း။ နည်းပညာ၏ အခန်းကဏ္ဍက မည်သည့် အတိုင်းအတာ ရှိပါသနည်း စသည့် မေးခွန်းများ ရှိနေသည်။
မလေးရှား၊ အင်ဒိုနီးရှားနှင့် မြန်မာ အစိုးရများက တင်းကျပ်သော ဘာသာရေး အယူဝါဒများ၏ သြဇာလွှမ်းမိုးမှု တိုးလာသည်ကို ခုခံရန် အထူးကြိုးစားနေကြသည်က ရှင်းပါသည်။
သို့သော်လည်း အရှေ့တောင်အာရှမှ မိဘအများစုက အင်္ဂလိပ်ဘာသာသည် ကမ္ဘာသုံးစကား ဖြစ်သည့် အတွက် စနစ်တကျ သင်ကြားနိုင်ပါက ကျောင်းသားများ အတွက် ကြီးမားသော အလုပ်အကိုင် အခွင့်အလမ်း ရရှိစေနိုင်မည်ဟု မြင်ကြသည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ ကျန် အာဆီယံ နိုင်ငံများကဲ့သို့ မဟုတ်ဘဲ ဗီယက်နမ်နိုင်ငံတွင် မန်ဒရင်း တရုတ်စကားကို အရေးကြီးသည့် ဘာသာစကားတခုအဖြစ် မမြင်ကြခြင်း ဖြစ်သည်။
မကြာသေးမီက ဟနွိုင်းမြို့ ဆင်ခြေဖုံးမှ အင်္ဂလိပ်ဘာသာ သင်သည့် မူလတန်းဆရာမ တယောက်ဖြစ်သည့် မစ္စ ဒန်သိဒွမ်ထရန်နှင့် ကျနော် စကားပြောခဲ့ပါသည်။ သူက အသက် ၄၃ နှစ် အရွယ်ရှိပြီး ဖျတ်ဖျတ်လတ်လတ် နှင့် ဆွဲဆောင်မှုရှိသူ ဖြစ်သည်။
မစ္စ ဒန်သိဒွမ်ထရန်က “တရုတ်စကားလား၊ ကျမတို့က ဘာ ကြောင့် တရုတ်စကား သင်ချင်ရမှာလဲ” ဟု ပြောသည်။ သူတို့၏ မြောက်ပိုင်းမှ အင်အားကြီး နိုင်ငံနှင့် သူတို့ နိုင်ငံ၏ ဆက်ဆံရေးကို ရောင်ပြန်ဟပ်နေခြင်း ဖြစ်မည်။
အင်္ဂလိပ်စာကိုတော့ မစ္စ ဒန်သိဒွမ်ထရန်က သဘောကျသည်။ “အစပိုင်းတုန်းက အင်္ဂလိပ် စကားလုံးတွေရဲ့ အသံကို ကျမ ကြိုက်တယ်။ ကျမကျောင်းသူ ဘဝတုန်းက ရုရှားဘာသာ သင်ခဲ့ရတယ်။ ဒါပေမယ့် ၁၉၉၃ ခုနှစ်မှာတော့ အင်္ဂလိပ်စာကို ပြောင်းနိုင်ခဲ့တယ်။ အင်္ဂလိပ်စာက ပိုပြီး အရေးကြီးတယ်ဆိုတာသိလို့ ကျမ ပြောင်းခဲ့တာပါ။ အင်္ဂလိပ်စာ သင်တာ ကျမရဲ့ ဝါသနာပါ။ ပိုက်ဆံ အတွက်လုပ်နေတာ မဟုတ်ပါဘူး။”
လုပ်သက် ၁၉ နှစ်ရှိပြီ ဖြစ်သော မစ္စ ဒန်သိဒွမ်ထရန်က ကန်ထရိုက်ဖြင့် လုပ်သော ဆရာမတယောက် ဖြစ် သည်။ အစိုးရဝန်ထမ်း မဟုတ်ပါ။ ထို့ကြောင့် သူ၏ လစာက စာသင်နှစ်ဝက် (semester တခု) ကာလအတွက် သူ သင်ရသည့် အတန်းချိန် အရေအတွက်အလိုက် ဗီယက်နမ်ဒေါင်ငွေ ၁,၂၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅၆ ဒေါ်လာ ခန့်) မှ ဒေါင်ငွေ ၄,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၇၆ ဒေါ်လာခန့်) အတွင်းသာ ရသည်။ ပျမ်းမျှထက်နည်းသော နှုန်းထားဖြစ်ပြီး အငြိမ်းစားယူသည့် အခါတွင်လည်း ပင်စင် ခံစားရမည် မဟုတ်ပါ။
သို့သော်လည်း ဆရာအများစုက (ဒေသတွင်းမှ သူတို့၏ လုပ်ဖော်ကိုင်ဖက်များ ကဲ့သို့ပင်) တဘက်တလမ်းမှ ကျူရှင် သင်ခြင်းဖြင့် မက်မောလောက်စရာ ဝင်ငွေများ ရရှိကြသည်ဟု မစ္စ ဒန်သိဒွမ်ထရန်က ဝန်ခံပါသည်။
တဖက်မှာမူ စိုးရမ်စရာများ ရှိနေသည်။ “အတန်းတွေက အရမ်းလူကျပ်တယ်။ ကျမအတန်းမှာ ဆိုရင် ၄၄ ယောက်ရှိတယ်။ တပတ်ကို ၄ ချိန်၊ တချိန်ကို မိနစ် ၄၀ သင်ရတယ်။ အဲဒါက လုံလောက်တယ်လို့ ကျမမထင်ဘူး။ ကျူရှင်သင်ပေးဖို့ ကျမကိုလာပြောတဲ့ မိဘတွေ အများ ကြီး ရှိတယ်။ ဒါပေမယ့် ကျမမှာ အချိန်မရှိဘူး။”
“ကျွမ်းကျင်မှု ၄ ခု (နားထောင်တာ၊ ပြောတာ၊ ရေးတာ၊ ဖတ်တာ) အပေါ်မှာ တန်းတူ အရေးပေးသင့်တယ်။ ဒါပေမယ့် အများစုက အရေးကို ဂရုမစိုက်ကြဘူး။ အထက်လူကြီးတွေကတော့ မူလတန်းကျောင်းသားတွေ အတွက် သင်ရိုးက နားထောင်တာနဲ့ ပြောတာကိုပဲ အလေးပေးရမယ်လို့ ပြောကြတယ်။ ဒါပေမယ့် အသုံးပြုတဲ့ ပြဌာန်းစာအုပ်တွေကျ တော့ ဆီလျော်မှုမရှိဘူး။ သင်ပြီးတဲ့ အချိန်မှာ ကျောင်းသားတွေ လုံးဝ မပြောနိုင်တာက သက်သေပဲ။”
အဓိက စိန်ခေါ်မှုမှာ အသံထွက် ဖြစ်သည်။ “အဲဒါ အရမ်းဆိုးတယ်။ ကျောင်းသားတွေက အသံထွက်မှားတဲ့ စကား လုံးတွေ အများကြီးပဲ။ ရေချိုးခန်း(bathroom) ဆိုတာ သူတို့ အတွက် အခက်ဆုံးစကားပဲ။ သူတို့ အလယ်တန်း ကျောင်းရောက်ပြီး နိုင်ငံခြားသား ဆရာတွေနဲ့ တွေ့တဲ့ အခါ သူတို့ တလုံးမှ မပြောနိုင်တော့ဘူး။ အပြင်သင်တန်းတွေ တက်မှ ကောင်းကောင်းပြောနိုင်ကြတယ်။ သင်ရိုးက တကယ့် လက်တွေ့လိုအပ်ချက်တွေကို မဖြေရှင်းနိုင်ဘူး။”
“ပညာရေးဌာနက ဗျူရိုကရက်တွေက ကျောင်းသားတွေ အတွက် သင့်တော်သလား မသင့်တော်ဘူးလားဆိုတာ မသိဘဲနဲ့ သင်ရိုးညွှန်းတန်း အလွယ်တကူ သတ်မှတ်တယ်။ သူတို့ ကျောင်းတွေကို မကြာခဏ လာကြည့်သင့်တယ်လို့ ကျမ ထင်ပါတယ်။”
ထို့ပြင် ကမ္ဘာ့ဘဏ်၏ ၂၀၁၀ ခုနှစ် အစီရင်ခံစာ အရ ဗီယက်နမ်နိုင်ငံမှ အလယ်တန်း အဆင့်ထက်မြင့်သော ကျောင်း များတွင် ပျမ်းမျှ ကျောင်းအပ်နှုန်း (ကျောင်းအပ်ရမည့် အသက်အရွယ်ရှိသူ အရေအတွက်နှင့် ကျောင်းအပ်သူ အရေအ တွက် အချိုး) က ၆၅ ရာခိုင်နှုန်းသာ ရှိရာ ၉၅ ရာခိုင်နှုန်း ရှိသည့် တောင်ကိုရီးယားနိုင်ငံ နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါ သည်။ PISA တွင် ဗီယက်နမ်နိုင်ငံက အထင်ကြီးလောက်စရာ အမှတ်များနေခြင်းမှာ ဆင်းရဲနွမ်းပါးသော မပြည့်စုံသော ကလေးငယ် အများအပြား ကျောင်းထွက်သွားခြင်းကြောင့်လား။
သို့သော်လည်း ဗီယက်နမ် မိဘများက ကလေးပညာရေး ဂရုမစိုက်ကြခြင်းတော့ မဟုတ်ပါ။ “အခုဆိုရင် ရင်းနှီးမြှုပ်နှံဖို့ လာတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အများကြီး ရှိတယ်။ စက်ရုံ အလုပ်သမားတောင်မှ အင်္ဂလိပ်လို တတ်ဖို့လိုတယ်ဆိုတာ သူတို့ သိတယ်။ မိဘတွေက သူတို့ ကလေးတွေ အင်္ဂလိပ်စာသင်ဖို့ အရမ်းကို စိတ်အားထက်သန်ကြတယ်။ ကျမတို့ ခရိုင်မှာဆိုရင် လှုပ်ရှားမှုတခုလိုပဲ။ အင်္ဂလိပ်စာသင်ဖို့ သိပ်အရေးကြီးတယ်လို့ လူတိုင်းက ထင်ကြတယ်။ မူလတန်း မှာတင် မဟုတ် ဘူး။ သူငယ်တန်းမှာရောပဲ။”
“အသိပညာဆည်းပူးတာက ကျမတို့ အတွက် အစဉ်အလာ တခုလိုပါပဲ။ ပညာရေး မကောင်းဘဲနဲ့ သူတို့ကလေး တွေ အနာဂါတ်မှာ အလုပ်ကောင်းကောင်း ရမှာ မဟုတ်ဘူး။ ကံမကောင်းစွာနဲ့ဘဲ ပညာရေး ဝန်ကြီးဌာနက မိဘတွေရဲ့ တုန့် ပြန်မှုကို ဘယ်တော့မှ မမေးဘူး။”
မျှတစွာ ပြောရလျှင် ဗီယက်နမ် အစိုးရက စိန်ခေါ်မှုများကို သတိပြုမိသည့် အသွင်ရှိပါသည်။
တိုင်းပြည်အတွင်းမှ အင်္ဂလိပ်စာ ဆရာတို့၏ အရည်အသွေးကို မြှင့်တင်ရေးက အလွန်အရေးကြီးကြောင်း ဗီယက်နမ် ပညာရေးဝန်ကြီး ဖုန်ရွှင်နက အသိအမှတ်ပြုခဲ့သည်။ “ညံ့တဲ့ ဆရာတယောက်ဆီက သင်ရတာနဲ့စာရင် ဘာမှ မသင်တာက ပိုကောင်းတယ်” ဟု သူက မှတ်ချက်ပြုသည်။
PISA စစ်ဆေးမှုတွင် ဗီယက်နမ်ကျောင်းသားများက အမှတ်ကောင်းကောင်းရခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနက ၂၀၂၀ တွင် ဦးတည်ထားသော သူတို့၏ နိုင်ငံခြား ဘာသာစကား သင်ကြားရေး စီမံချက်ကို ပြန်လည်သုံးသပ်မှုများ ပြု လုပ်နေသည်။ အဆိုပါ စီမံချက်ကို ၂၀၀၈ ခုနှစ်တွင် ဘတ်ဂျက် ဗီယက်နမ်ဒေါင် ၁၀ ထရီလီယံ ဖြင့် စတင်ခဲ့ခြင်း ဖြစ် သည်။
တိုးတက်သော ရလဒ်များရရှိလာရေး အပြောင်းအလဲများ လုပ်နိုင်စွမ်းက ဗီယက်နမ်နိုင်ငံကို လေးစားလောက်သည့် ပြိုင်ဘက်တဦး ဖြစ်လာစေမည် ဖြစ်သည်။
လိုအပ်သော ပြုပြင်ပြောင်းလဲရေးများ နှင့် ပြည်သူများ၏ အနာဂတ်အတွက် ပြင်ဆင်ခြင်းကို သူတို့၏ ခေါင်းဆောင်များက အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီကို အသုံးပြုခြင်း မရှိပါ။
ကျဆင်းနေသော စနစ်တခုအဖြစ် သူမြင်သည့်အတွက် မစ္စ ဒန်သိဒွမ်ထရန်က စိတ်ပျက် အားလျော့နေသော်လည်း သူ့ ဝေဖန်မှုများက နိုင်ငံခြားဘာသာစကား သင်ကြားရေးအတွက် အနာဂတ်တွင် တုန့် ပြန်မှုဖြစ်လာမည်များကို ပုံဖော်ပြနေသည်။
အကယ်၍ ကျနော် တွေးထားသည့်အတိုင်း ဗီယက်နမ် ပညာရေးဝန်ကြီးဌာနက အပြောင်းအလဲများကို မည်ကဲ့သို့ အကောင်အထည်ဖော်ရမည် ဆိုသည်ကို တွေ့ရှိသွားခဲ့မည် ဆိုလျှင် အရှေ့တောင်အာရှ၏ စွမ်းအားအပြည့်ဆုံး ကုန် ပစ္စည်း ထုတ်လုပ်မှု အချက်အချာနေရာအဖြစ် အလျှင်အမြန် ဖွံ့ဖြိုးလာနေသည့် ဗီယက်နမ်နိုင်ငံသို့ စက်ရုံများ ပိုမို ရွှေ့ပြောင်း အခြေချလာသည်ကို ကျနော်တို့ မြင်ကြရဖွယ် ရှိပါသည်။
(ကာရင်မ်ရတ်စ်လန်သည် အရှေ့တောင်အာရှရေးရာများကို အထူးပြုလေ့လာရေးသားနေသည့် မလေးရှား စာရေးဆရာတဦး ဖြစ်သည်။)