အရုဏ်တက်ပြီး မကြာမီ မျက်လုံး မှုန်ဝါးဝါးနှင့် ပုဆိုး တထည်သာ ဝတ်ဆင်ထားသော ကိုဝင်းမြင့်ဦး သည် မီးစက်ကို ဖွင့်ပြီး သံမဏိတိုင် သုံးချောင်းနှင့် ဝါးလုံးများကို ကြိုးဖြင့်ချည်နှောင်ကာ ပစ္စည်းမျိုးစုံနှင့် တည်ဆောက်ထားသော ပေ ၄၀ ရှိ ရေနံ တွင်းတူးစင်တွင် တွဲလောင်းချထားသော ဝါးစင်မြင့်ပေါ်၌ ဆောင့်ကြောင့်ထိုင်လိုက်သည်။
မီးစက်သည် မြေအောက် ပေ ၁၅၀၀ နက်သော ကျင်းအတွင်း အပြာရောင် ပလပ်စတစ်ပိုက် ချပြီးနောက် မည်းနက်သော ရေနံစိမ်း အပြည့်ပါသော ထို ပလပ်စတစ်ပိုက်ကို ပြန်လည်ဆွဲတင်ပေးသော တွင်းတူးစက်ကို ဓာတ်အားပေးနေသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး စည်းကမ်းထိန်းကွပ်မှုမဲ့ ရေနံမြေမှ ရေနံစိမ်းများ ထုတ်ယူရန် ကြိုးစားနေသည့် အခြားသော သူများကဲ့သို့ပင် အသက် ၂၄ နှစ် အရွယ်ရှိ ကိုဝင်းမြင့်ဦးသည် ရေနံတွေ့ပြီး ချမ်းသာ ကြွယ်ဝလိုသော အိပ်မက်ဖြင့် ဤရေနံမြေသို့ ရောက်လာခဲ့သည်။
“ကျနော်လည်း သူဌေးကြီးဖြစ်ဖို့အခွင့်အလမ်း ရှိမယ်လို့ မျှော်လင့်ပါတယ်။ ကံကောင်းရင်တော့ ကားအရောင်းပြခန်း တခန်းလောက် ဖွင့်ချင်တယ်။ တနေတော့ ဖော်မြူလာ ဝမ်း ကားမောင်းချန်ပီယံ ဖြစ်ရင်လည်း ဖြစ်လာမှာပေါ့” ဟု သူက ပြောသည်။
သို့သော် ဖြစ်ရပ်မှန်မှာ ထိုအိပ်မက်နှင့် မတူ ဖြစ်နေသည်။ ထောင်နှင့် ချီသော အခြား ကျပန်း ရေနံရှာဖွေသူများနှင့် အပြိုင်အဆိုင် လုပ်ကိုင်ရင်း တနေ့လျှင် ရေနံ ၁ ပေပါရ ဒေါ်လာ ၅၀ ကျော်မျှ ဝင်လျှင်ပင် ကံကောင်းလှပြီ ဖြစ်သည်။

ထိုပမာဏမှာ လယ်သမားအများစုတို့ မသေရုံတမယ်သာဝင်ငွေရသော ကျေးလက်ဒေသတွင် မြိုးမြိုးမြက်မြက် ရသည်ဟုဆိုနိုင်သည်။ ငနောင်မုန်းတွင် ရေနံတူးသူအများစုမှာ လုပ်ငန်းစတင်သည့် စရိတ်အတွက် နှစ်ပေါင်းများစွာစုစောင်း သို့မဟုတ် မိသားစုဝင်များထံမျ ငွေချေးငှားကြရသည်။ လုပ်ငန်းထူထောင်စရိတ်မှာ လယ်သမားထံမှ မြေဝယ်ရန်၊ ကိရိယာများ ဝယ်ယူရန်နှင ့်တွင်းတူးသမားငှားရန် စုစုပေါင်း ဒေါ်လာ ၇၃၀၀ ခန့်ဖြစ်သည်။
“ရေနံ မတွေ့ရင် သူတို့ ဒီငွေကို ဆုံးတာပဲ။ ဘယ်နားမှာ ရေနံရှိတယ် ဆိုတာကို သိဖို့ ကျနော်တို့မှာ နည်းပညာ မရှိတာက ပြဿနာပဲ။ ဒီတော့ လူတွေက ဒီတိုင်းပဲ သွားပြီး တူးနေရတယ်” ဟု ရေနံ ရှာဖွေသူများထံမှ ရေနံစိမ်း ဝယ်ယူပြီး ထရပ်ကားဖြင့် ရေနံချက်စက်ရုံသို့ ပို့ဆောင်သော စိန်တံခွန် ရေနံကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ကိုခင်မောင်မြင့်က ပြောသည်။
“ကံကောင်းရင် တူးရင်းနဲ့ ရေနံတွေ့ရင် ချမ်းသာမှာပဲ။ ဒါ ကံတရားပဲ” ဟု သူက ဆက်ပြောသည်။

ထို့အပြင် ရေနံ စတင်တွေ့ရှိသည်မှာ ၅ နှစ်ခန့်ရှိပြီ ဖြစ်သောကြောင့် ဤ ရေနံမြေတွင် လာရောက် တူးဖော်သူ လွန်စွာ များပြားနေပြီး ရေနံသိုက်မှာလည်း ခန်းခြောက် လာနေသည်။
ငနောင်မုန်းသည် မြန်မာနိုင်ငံ အလယ်ပိုင်း မင်းလှမြို့အနီးရှိ ရေနံမြေ ၃ ခုအနက်မှ တခုဖြစ်ပြီး လက်ရှိ အချိန်အထိ အကြီးမားဆုံး ဖြစ်သည်။ အခြားသော ဒဂျင်နှင့် ဒဟတ်ပင်တို့မှာ ၎င်းထက် သေးငယ်ပြီး ထုတ်လုပ်မှုလည်း နည်းသည်။
ယခုမူ ဤရေနံမြေတွင် လူထောင်နှင့်ချီ နေထိုင်လုပ်ကိုင်နေကြပြီး ရေနံမြေများတွင် တွင်းတူးစင်များဖြင့် ပြည့်ကာ တခုနှင့် တခု ၁၀ ပေခန့်သာ ဝေးတော့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က တနေ့လျှင် ၂၄ နာရီ ရေနံ ထုတ်လုပ်နိုင်ပြီး ၁ တွင်းလျှင် ရေနံစိမ်း ၁၅ ပေပါ ထုတ်လုပ်နိုင် သော်လည်း ယနေ့တွင်မူ ၁ တွင်းလျှင် ပျှမ်းမျှ ပေပါဝက်သာ ထွက်တော့သည် ဟု ငနောင်မုန်းတွင် ရောက်နေသည်မှာ ၄ နှစ်ကြာပြီး ရေနံတွင်းပေါင်း ၅၀ ကျော်ပိုင်သော အသက် ၄၄ နှစ်အရွယ် ဦးဝင်းကိုက ပြောသည်။
အပူပိုင်းဒေသ အပူဒဏ်ကို အန်တုနိုင်ရန် လုပ်ငန်းများကို နေထွက်ပြီး မကြာမီ စောစီးစွာ စတင်ကြရကာ လေထဲတွင် မီးစက်သံများ ဖုံးလွှမ်းနေသည်။
တွင်းတူးသူ အများစုသည် ၎င်းတို့ ရသမျှကို ပေပါများတွင် သိုလှောင်ထားကြသည်။ တွင်းတူးစင် အများအပြား ပိုင်ဆိုင်သူများသည် များများ သိုလှောင်နိုင်ရန် တာပေါလင်စ ခံထားသော ကျင်းများတွင် သိုလှောင်ထားကြသည်။

မိုးကုပ်စက်ဝိုင်းတွင် နေစတင် ငုတ်လျှိုးလာပြီး တွင်းတူးစင်များကို ပမီမသသာ မြင်ရတော့သည့် အချိန်တွင် ထရပ်ကားများ၊ နောက်တွဲ ထွန်စက်များနှင့် နွားလှည်းများသည် ဝင်္ကပါသဖွယ် ဖြစ်နေသော တွင်းတူးစင်များကိုပတ်ကာ သက်တမ်းရင့်ရော် ပိန်ချိုင့်နေသာ ပေပါများမှ ရေနံစိမ်းများကို စိန်တံခွန် ရေနံ သိုလှောင်ရုံများသို့ သယ်ဆောင်ကြသည်။

၁၁၀ ဒီဂရီ ဖါရင်ဟိုက်အထိ ပူသော နွေရာသီတွင် ကျပမ်း ရေနံရှာဖွေသူ အများစုသည် နံနက် ၉ နာရီပတ်ဝန်းကျင်တွင် အပူဒဏ်မှ အကာအကွယ် ရရန် ၎င်းတို့၏ တဲများရှိရာသို့ ပြန်လည် ဆုတ်ခွာကြပြီး နေ့လည်ခင်းနှောင်းပိုင်း အလုပ် လုပ်နိုင် လောက်အောင် အပူဒဏ်ကျဆင်းသည် အထိ အနားယူကြရသည်။

အလုပ်ချိန်မှာ ညနေ ၆ နာရီခွဲ ခန့်တွင် ပြီးဆုံးသည်။ အချို့သော တွင်းတူးသူများက ရေမိုးချိုးပြီး ၎င်းတို့၏ တဲများ၏ ပြင်ပတွင် ညစာ ချက်ပြုတ် ပြင်ဆင်ကြပြီး အချို့က ခြင်းလုံးကစားကြသည်။

ငနောင်မုန်းတွင် လူ ၃၀၀၀ ခန့် နေထိုင်ပြီး အများစုသည် တွင်း ၁ တွင်း၊ ၂ တွင်း ပိုင်ဆိုင်ကာ ထိုတွင်းများ အနီးတွင်ပင် တဲထိုး နေထိုင်ကြသည်။ အချို့တွင် ဇနီးများနှင့် ကလေးများပါ လိုက်ပါနေထိုင်ကြသည်။

တွင်းတူးသူများ လိုအပ်သည်များကို ဖြည့်ဆည်းပေးသည့် ရွာငယ်တခု ရေနံမြေ အနီးတွင် ပေါ်လာသည်။
ညဘက်တွင် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများသည် လမ်းတလျှောက် လမ်းလျှောက် ထွက်ကြပြီး ဝါးတဲကြီးများမှ ကုန်စည်နှင့် တွင်းတူး ကိရိယာဆိုင်များကို ကြည့်ကြသည်။ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် အနည်းငယ်လည်း ရှိပြီး အချို့က တိုက်ရိုက်လွှင့်သော ဘောလုံးပွဲများ ပြသ ကြသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များလည်း ဝင်ရောက် လုပ်ကိုင်ကြပြီး ဖိတ်စင်ကျသော ရေနံစိမ်းများကို အဝတ်စုတ်ဖြင့် စုတ်ယူကာ ပုံးများ အတွင်း ပြန်ညှစ်ထည့်ကြရသည်။ တနေ့လျှင် ၄ ဒသမ ၅ ဒေါ်လာခန့် ရသည်။

ငနောင်မုန်း ရေနံမြေ၏ သက်တမ်းမှာ ရေနံစိမ်း မကုန်မီ ၂ နှစ်ခန့်သာ ကျန်တော့သည် ဟု တွင်းတူးသမား အများစုက ခန့်မှန်းသည်။ ထိုအခါ သူတို့သည် သူတို့၏ တွင်းတူးစင်များနှင့် အိပ်မက်များကို ထုတ်ပိုးကာ ခရီးဆက်ကြရဦးမည်။

ကိုဝင်းကို သည် မိုင်ရာချီဝေးသော မြိုင်မြို့ အနီးရှိရေနံမြေတခုကို မျက်စောင်းထိုးနေပြီး ထိုရေနံမြေတွင် သူသည် တွင်း ၆ တွင်း ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

(nytimes.com တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Adam Dean ၏ Drilling for a Dream in Myanmar ကို ဘာသာပြန်သည်။)