ဆောင်းပါး

အကြိတ်အနယ် ၂၁ ပင်လုံနဲ့ မကျေလည်သေးတဲ့ ခွဲမထွက်ရေးမူ

Want create site? Find Free WordPress Themes and plugins.

အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ၆ ရက်အကြာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးမှာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲ ကော်မတီ (UPDJC) က သဘောတူထားတဲ့ အချက် ၄၁ ချက်ကို ဆွေးနွေးခဲ့ပြီး အဲဒီ အထဲက ၃၇ ချက်ကို သဘောတူညီနိုင်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

၂၁ ရာစုပင်လုံမှာ နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍနဲ့ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ကဏ္ဍ စတဲ့ ကဏ္ဍ ၄ ခုက ရရှိတဲ့ သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း (၁) အဖြစ် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ နိုင်ငံရေးပါတီတွေက ို အစုအဖွဲ့ အနေနဲ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၂၁ ပင်လုံ မတိုင်ခင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခွင့် အဟန့်အတားတွေနဲ့ ရင်ဆိုင်နေရတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နဲ့ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP) တို့က ၂၁ ပင်လုံ ဒုတိယ အစည်းအဝေးမှာ ဆွေးနွေးမယ့် အချက်တွေကို လူထုအသံ ရယူနိုင်ခဲ့ခြင်းမရှိသေးဘူးဆိုပြီး လက်မှတ်မထိုးဖို့ မူလကဆုံးဖြတ်ခဲ့ကြပေမယ့်လည်း နောက်ဆုံးတော့ အစုအဖွဲ့ပုံစံနဲ့ လက်မှတ်ထိုးလိုက်ရတဲ့အခါ သဘောတူပေးခဲ့ရပါတယ်။

လက်မှတ်ထိုး သဘောတူနိုင်ခဲ့အချက်တွေကတော့ နိုင်ငံရေးကဏ္ဍမှာ ၁၂ ချက်၊ စီးပွားရေး ကဏ္ဍမှာ ၁၁ ချက်၊ လူမှုရေးကဏ္ဍမှာ ၄ ချက်နဲ့ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင် ကဏ္ဍမှာ ၁၀ ချက် စုစုပေါင်း ၃၇ ချက် ဖြစ်ပါတယ်။

အရေးကြီးတဲ့ လုံခြုံရေးကဏ္ဍကိုတော့ “တပ်မတော်ကို ဘယ်လို အမည်တပ်မလဲ” ဆိုပြီး သွေးပူလေ့ကျင့်ခန်း အဖြစ်သာ ဆွေးနွေးခဲ့ကြတာ ဖြစ်လို့ သဘောတူဆုံးဖြတ်ချက် ထွက်ပေါ်လာတာမျိုးတော့ မရှိပါဘူး။ လုံခြုံရေးကဏ္ဍကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်တွေမှာလည်း ဆွေးနွေးခွင့် ပြုမထားသေးပါဘူး။

ANP ဥက္ကဌ ဒေါက်တာ အေးမောင်ကတော့“ထိပ်တိုက်တွေ့မယ်ဟာမျိုး၊ ထိလွယ်ရှလွယ် ဖြစ်မယ့်ဟာမျိုးကို ဖြည်းဖြည်းချင်း လုပ်မယ်။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို နေရာတိုင်းမှာ ကျင်းပပြီးတော့ ဒီပြဿနာတွေကို အဖြေတခု ရလာနိုင်ဖို့ ကြိုးစားရမယ်”လို့ ဆိုပါတယ်။

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ဆွေးနွေးတဲ့ ကဏ္ဍ ၄ ခုအနက် နိုင်ငံရေးကဏ္ဍ အောက်မှာရှိတဲ့ “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတာ်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုတဲ့ ကိစ္စမှာတော့ အကြိတ်အနယ် ငြင်းခုန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ နောက်ဆုံးမှာတော့ “ခွဲမထွက်ရေး” ကိစ္စဟာ သဘောတူညီမှု မရခဲ့ဘဲ နောက်ပိုင်းမှာ ဆက်လက် ဆွေးနွေးမှုတေပြုလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။

“ခွဲထွက်တယ်၊ ခွဲမထွက်ဘူး။ တန်းတူ အခွင့်အရေး ရတယ်။ မရဘူး ဆိုတာကလည်း လောလောဆယ် ဆွေးနွေးလို့ မရတဲ့ အနေ အထားမှာပဲ ရှိနေတယ်။ ဒါပေမယ့် ဆွေးနွေးလို့မရဘဲ လုံးဝ ရပ်လိုက်တဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလိုဆွေးနွေးလာရင်တော့ တချိန်ချိန်မှာ လူထု လိုချင်တဲ့ အခြေအနေမျိုး ရလာမှာပါ”လို့ လွှတ်တော် အစုအဖွဲ့မှ ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ဧရာဝတီကို ပြောပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး လမ်းကြောင်းအရ အခု ၂၁ ပင်လုံ NCA လမ်းကြောင်း အတိုင်း သွားရမယ်လို့ ထင်ပြီး တဖက်ကလည်းပဲ ဒီထဲကို ပါဝင်ခွင့် မရတဲ့သူတွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးရာကနေ ဆွေးနွေးမှု ဖြစ်စဉ်ထဲကို အကုန်ပါဝင်လာအောင် လုပ်ဆောင်ဖို့ လိုတယ်လို့ သူက အကြံပြုပါတယ်။

မေလ ၂၈ ရက်နေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ချုပ် ဦးဇော်ဌေးက ဖက်ဒရယ် ပြည်ထောင်စုမူ ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှုမှာ “ခွဲမထွက်ရ” ဆိုတဲ့ သဘောတူညီမှု မရခဲ့တာဟာ ပါဝင်တဲ့ ဘက် ၂ ဘက် စလုံးရဲ့ စိုးရိမ် ပူပန်မှုကြောင့် ဖြစ်ပြီး ဒီအချက်ကို အခုချိန်မှာ ရှင်းရှင်းလင်းလင်း သဘောမတူနိုင်ခဲ့ရင် နောင်လာနောင်သားတွေအတွက် ပြဿနာတွေ ဖြစ်ကျန်ခဲ့မှာ စိုးရိမ်လို့ ဆက်လက် ဆွေးနွေးဖို့ ထားခဲ့ရတာလို့ ပြောပါတယ်။

တိုင်းရင်းသားတွေဘက်က ခွဲမထွက်ရဆိုတာကို သဘောတူပေမယ့် ၎င်းစာစုရဲ့ရှေ့မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိနေသမျှ ကာလပတ်လုံး ပြည်ထောင်စုမှ ခွဲမထွက်ရဆိုတဲ့ ပုံစံမျိုး ထည့်ချင်ခဲ့တာ ဖြစ်လို့ ဒီလို ဝါကျကို ခွင့်ပြုလိုက်ရင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့် ရှိ၊ မရှိကို ဘယ်သူက ဆုံးဖြတ်မလဲဆိုတဲ့ မေးခွန်း ပေါ်လာတယ်လို့ ဆိုပါတယ်။

“အဲဒီအချိန်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် မရလို့ တိုင်းရင်းသား အဖွဲ့အစည်းတခု ပြည်နယ်တခုခုက ခွဲထွက်မယ်ဆိုရင် ကိုယ်ပိုင် ပြဌာန်းခွင့် ရခြင်း၊ မရခြင်းကို ဆုံးဖြတ်ရတော့မယ်။ ခုံရုံးက ဆုံးဖြတ်ရတော့မယ်။ အဲဒီအပေါ်မှာ ဝိဝါဒတွေ ကွဲပြားလာတော့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် မရရင်တော့ ခွဲထွက်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားတယ်”လို့ ဦးဇော်ဌေးက သုံးသပ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ အဲဒီ “ခွဲမထွက်ရ”ဆိုတဲ့ စကားလုံးကို သဘောမတူနိုင်ခဲ့တာကြောင့် တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးတွေကလည်း တပါတည်းဆောင်ရွက်နိုင်မှာ မဟုတ်သေးပါဘူး။

“ခွဲမထွက်ရရှေ့မှာ တခုခုတပ်ပြီး သဘောတူညီခဲ့ရင် နောင်မှာ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ ယူဆပြီး ရှင်းရှင်းလင်းလင်း ပြောပြီး သူ(ဒေါ်အောင်ဆန်းစုကြည်)က ခွဲမထွက်ဘူးဆိုတဲ့ဟာလေးကို ထည့်ချင်တယ်။ ဒါကိုမှ သဘောမတူနိုင်ရင် ဟိုဘက်မှာ ဆွေး နွေးဖို့ Package က ဆက်သွားဖို့ ခက်သွားပြီ”လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ နောက်ပိုင်းကနေ စလို့ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး အဲဒီ တုန်းကတော့ နိုင်ငံရေး ဆွေးနွေးမှုတွေ စတဲ့အခါ ခွဲထွက်တာက လွဲရင် ကျန်တာ ဆွေးနွေးဖို့ လမ်းဖွင့်ပေးမယ်ဆိုပြီး အဲဒီအချိန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဦးဆောင်ရာမှာ ပါဝင်သူတွေက ပြောဆိုပါတယ်။

ဖက်ဒရယ်စနစ်မှာ ခွဲမထွက်ရေးကိစ္စ မညှိနိုင်တာက အဓိက ပြဿနာဖြစ်ပြီး ဒီလို မညှိနှိုင်းနိုင်တာပဲ ငြိမ်းချမ်းရေး လမ်းကြောင်းကို Deadlock (ရှေ့မတိုး နောက်မဆုတ်) အခြေအနေမျိုး ဖြစ်သွားစေတယ်လို့ ဒုတိယ အကြိမ် ၂၁ ပင်လုံ အစည်းအဝေးကို အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ကိုယ်စား တက်ရောက်လာသူ ဦးသွင်လင်းအောင်က ပြောပါတယ်။

“ခွဲထွက်ရေး မလုပ်ရဘူးဆိုတဲ့ စာပုဒ်နေရာမှာ အဲဒီအဓိပ္ပါယ်နဲ့တူတဲ့ သက်ရောက်တဲ့ တခြားစာသား ထည့်မယ်ဆိုတဲ့ ပုံစံမျိုး အဖွဲ့တွေ့ သဘောတူကြတယ်။ တပ်ကလည်း သဘောတူတယ်။ ဒါပေမယ့် UPDJC ကို ရောက်သွားတဲ့ အခါကျတော့ တပ်က ခွဲထွက်ရေး မလုပ်ရ ဆိုတဲ့ စာသား အတိအကျကို ပြန်ကိုင် ထားတယ်။ အဲဒါမျိုးပဲ ပြန်ထည့်မယ်ဆိုတာမျိုး ဖြစ်သွားတယ်။ အမှန်ဆိုရင် တခြားစာသား ပြောင်းထည့်မယ်ဆိုရင် တော်တော်လေး ကောင်းသွားမယ့်ကိစ္စ”လို့ သူက ဆိုပါတယ်။

ချင်းအမျိုးသား တပ်ဦး (CNF)ရဲ့ နာယက ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း ကလည်း တိုင်းရင်းသားတွေမှာ ခွဲထွက်လိုတဲ့ ဆန္ဒ မရှိဘူး ဆိုတာကို တပ်မတော်က သဘောပေါက် နားလည်လာတဲ့အချိန် ဆွေးနွေးပွဲတွေ အဆင်ပြေလာလိမ့်မယ်လို့ အပြုသဘော ရှုမြင်ပါတယ်။
ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း က “တပ်မတော်ဘက်ကလည်း ကျနော်တို့သဘောထားကို သိနေမယ်ဆိုရင် ဒီစာမှ ဒီစာ ဒီ Sentence မှ ဒီ Sentence မဟုတ်တော့ဘဲနဲ့ ကျနော်တို့ ဆန္ဒကိုလည်း တကယ်သိမယ်ဆိုရင်တော့ နောက်ဆွေးနွေးပွဲတွေမှာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်”လို့ သူက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး စနစ်အရ အရပ်သား အစိုးရရဲ့ တိုက်ရိုက် ထိန်းချုပ်မှု အောက်မှာ ရှိမနေတဲ့ တပ်မတော်ဟာ ဒီဆွေးနွေးပွဲတွေမှာ သူ့ရပ်တည်ချက်နဲ့သူ ရှိနေပြီး အများသိတဲ့ ဒို့တာဝန် အရေး ၃ ပါးကို တပြားမှ မလျှော့နိုင်ဘူးလို့ တပ်မတော် ခေါင်းဆောင်တွေက ဆိုနေပါတယ်။

“တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲစေချင်လို့ ခွဲမထွက်ခွင့်ကို ထည့်သင့်တယ်လို့ ပြောနေတာပါ။ ပြည်နယ်တွေမှာ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ ဆွဲခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပေးမယ်လို့ မူချထားတဲ့အတွက် အဲဒီလိုပေးတဲ့အခါမှာ ခွဲမထွက်ဘူး ဆိုတာနဲ့ မထိန်းချုပ်သင့်ဘူးလား”လို့ တပ်မတော်သား ဗိုလ်မှူးကြီး ဇော်လင်းထွန်းက မေးခွန်းထုတ်ပါတယ်။

အခု ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ တပ်မတော် ကိုယ်စားလှယ်နေရာကနေ အဓိက ပါဝင်သူ၊ UPDJC အဖွဲ့ဝင်လည်း ဖြစ်ပြီး တပ်မတော်ရဲ့ ပြောရေး ဆိုခွင့်လည်း ရှိသူ ဗိုလ်ချုပ်တဦးကတော့ ငြိမ်းချမ်းရေး လိုချင်ရင် ကိုယ်လိုချင်တာတွေကို နည်းနည်းစီ လျှော့ဖို့၊ ဆွေးနွေး သူတွေ အကုန်လုံးမှာ ပညာရေး မြင့်ဖို့နဲ့ အရာရာကို နားလည်လက်ခံနိုင်တဲ့သူမျိုးတွေ ဖြစ်ဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။

“အဲလို မဟုတ်ရင် ကိုယ်တို့ ငြိမ်းချမ်းရေးက မလွယ်သေးဘူး ထင်တယ်”လို့ သူက ဆိုပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်နိုင်ဖို့ ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာပဲ ပါဝင်သူတွေက အပေးအယူတွေ၊ အလျှော့အတင်းတွေ လုပ်သင့်ပြီး တဖက်ထဲ ဆွဲနေလို့ မရကြောင်း၊ ပြည်ထောင်စုအတွက် ငါဘာပေးရမလဲဆိုတဲ့ စိတ်မျိုး အစိုးရ၊ တပ်မတော်နဲ့ လက်နက် ကိုင် အဖွဲ့အားလုံးမှာ ရှိသင့်တယ်လို့ ရခိုင် အမျိုးသား ပါတီ (ANP) ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“အခုက သူ့ဘက်ကိုယ့်ဘက် တင်းနေကြတာပေါ့ဗျာ။ တပ်မတော်ဆိုတာလည်း ပြည်ထောင်စုကို မပြိုကွဲစေချင်ဘူး။ အသက်ပေးခဲ့ရတဲ့ သမိုင်းကြောင်းတွေ သူတို့မှာ ရှိတယ်။ ဒီဘက်ကလည်း ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေကို ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် မရှိလို့ဆိုတဲ့ ကိုယ့်ဒေသ အမျိုးသား လွတ်မြောက်ရေးအတွက် လက်နက်ကိုင်လာကြတယ်။ မှားသည်၊ မှန်သည်ကို ကျနော်တို့ မပြောလိုဘူး”လို့ ဒေါက်တာ အေးမောင်က ဆိုပါတယ်။

ခွဲထွက်ရေးနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းအရ ပြန်ကြည့်ရင်တော့ တိုင်းရင်းသား တန်းတူရေးကို မတည်ဆောက်နိုင်ခဲ့ရင် ၁၀ နှစ်အကြာ ပြည်ထောင်စုမှ ခွဲထွက်ခွင့်ကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံမှာ သဘောတူခဲ့ကြပေမယ့် တိုင်းရင်းသားတွေဟာ ခွဲထွက်ဖို့ မတောင်းဆိုခဲ့ပါဘူး။ ဒါပေမယ့် ရှမ်းပြည်နယ်က ဦးဆောင်ပြီး အဲဒီခေတ်က ဦးနုခေါင်းဆောင်တဲ့ အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းနေတုန်း ကာလမှာပဲ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တပ်မတော်က အာဏာသိမ်းခဲ့တာပါ။

အဲဒီလို ခွဲထွက်ခွင့်နဲ့ တန်းတူရေးက ဆက်စပ်တာဖြစ်လို့ တပ်မတေ်ာရဲ့ စိုးရိမ်ပူပန်မှု၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရရဲ့ ရပ်တည်ချက်တွေက ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ တိုက်ရိုက် အချိုးကျနေတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

“ပဋိပက္ခ ပြေလည်ဖို့က Key Player လို့ခေါ်တဲ့ Institution တွေပေါ့။ တပ်မတော်လို ဟာမျိုးပေါ့။ နောက်တခါ EAOs (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့) လိုဟာမျိုးတွေ အရေးကြီးတယ်။ ကျန်တဲ့သူတွေက အဲဒီနေရာမှာ နှိုင်းယှဉ်ချက်အရ ပဋိပက္ခ ပြေလည်ဖို့အတွက် ဝိုင်းတိုက်တွန်းကြတာ”လို့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်က ဆိုပါတယ်။

သူ့ရဲ့ အဆိုအရ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အချိန်များများ ယူသင့်ပြီး ပါဝင်သူ အဖွဲ့တွေကြားမှာလည်း အကြေအလည် ဆွေးနွေးဖို့ လိုကြောင်း၊ အခုက အပစ်အခတ်ရပ်စဲရေး စဉ်းစားပုံနဲ့ ပြည်ထောင်စု အခြေခံမူတွေ စဉ်းစားပုံက ရောနေပြီး မြန်မြန် ပြီးချင်တဲ့ သဘာမျိုးတွေ တွေ့နေရလို့ အခြေအနေက ခက်ခဲဦးမယ်လို့ဆိုပါတယ်။

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ ငြိမ်းချမ်းရေးအတွက် ရှေ့မှာ အဆင့်တွေ အများကြီး ရှိနေသေးလို့ ဒီဆွေးနွေးပွဲတွေကို မြန်မြန် ကျော်ဖြတ်နိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အခု ဆွေးနွေးပွဲ ပုံစံမှာလည်း ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာ အလိုက် ဆွေးနွေးမှုတွေက ဒေသအစုံက မပါနိုင်တာ၊ ပါဝင်သင့် ပါဝင်ထိုက် သူတွေလည်း အကုန်မပါနိုင်တာတွေ အပေါ်မှာ ဆွေးနွေးဆုံးဖြတ်နေရတာကိုလည်း မကျေလည်မှုတွေ ရှိနေတာပါ။

“မပြည့်စုံသေးတဲ့ အချက်အလက်တွေကို စုစည်းပြီး ဒီပေါ်မှာ ဆွေးနွေးပြီး ဆုံးဖြတ်ရတာက တမျိုးကြီး ဖြစ်နေတယ်။ လူတွေက ပါဝင် သာ ဆွေးနွေးရတယ်။ ဘယ်သူ့အသံကို ကိုယ်စားပြုရမှန်း မသိဘူး။ နိုင်ငံရေးပါတီဆိုလည်း ဒီတိုင်းပဲ။ သူတို့ရော ဘယ်လောက် အထိ လူထုကို ကိုယ်စားပြုနိုင်မလဲ။ ရွေးကောက်ပွဲရလဒ်အရ လူထုကိုယ်စားပြုမှုက အတိုင်းအတာ တခုပဲ ရှိမှာ”လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

အချို့ ဆွေးနွေးချက်များမှာ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့များကြား ကြိုတင်ညှိနှိုင်းပြီး ဖြစ်သော်လည်း ၂၁ ပင်လုံ အစည်းအဝေးသို့ ရောက်မှ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေက ပုံစံတမျိုးနဲ့ တင်ပြတဲ့အခါမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ချိတ်ဆက်မှု မရှိသည့် ပုံစံမျိုး ဖြစ်သွားရတယ်လို့ သိရပါတယ်။

“ကြားဝင်ပြီး လာပြောလိုက်တော့ အရင်က ညှိနှိုင်းခဲ့တာတွေက ကို့ရိုးကားယားတွေ ဖြစ်ကုန်ရော။ စနစ်တကျနဲ့ ဆွေးနွေးမှု ပုံစံတွေ နောက်ပြီးတော့ Data အချက်အလက်တွေ စုဆောင်းတဲ့ ပုံစံတွေ၊ ကဏ္ဍအလိုက်မှာ ဆွေးနွေးတဲ့ ဆွေးနွေးမှု ပုံစံလေးတွေက ကဏ္ဍတခုနဲ့ တခုက မတူကြဘူး”လို့ ဦးစိုင်းသီဟကျော် က ဆိုပါတယ်။

၂၁ ပင်လုံ ဒုတိယအစည်းအဝေး ဆွေးနွေးဆုံးဖြတ်မှုတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းအချို့ ခံစားချက်မကောင်းခဲ့တာတွေရှိသလို၊ နိုင်ငံရေး လေ့လာသူ အချို့ကလည်း ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေမို့ ဘာမှ မထူးဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် အစိုးရဘက်ကတော့ ရလာဒ် တချို့ ထွက်ရှိလာတဲ့ အထိ စားပွဲဝိုင်းမှာ ပထမဆုံး အကြိမ် ငြင်းခုန်ဆွေးနွေး မှုတွေ လုပ်နိုင်တာဟာ အောင်မြင်မှုတခုလို့ ဆိုပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးက ငြိမ်းချမ်းရေး ရှာပုံတော် လမ်းကြောင်းပေါ်သို့ လှမ်းတက်နိုင်ခဲ့ပြီ ဖြစ်၍ ငြိမ်းချမ်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆီကို တိုင်းပြည်က ဦးတည်နေပြီလို့ ညီလာခံ ပိတ်ပွဲမှာ ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ရဲ့ ငြိမ်းချမ်းရေး ရှာပုံတော် လမ်းကြောင်းပေါ်မှာ နောက်တလှမ်း လှမ်းခဲ့ပါပြီ။ ဒီအစည်းအဝေး ပြီးဆုံးခြင်းက ငြိမ်းချမ်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆီသို့ ဦးတည် တဲ့ နောက်ခြေလှမ်းရဲ့အစကို သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ကြားကနေ စည်းလုံးညီညွှတ်မှု ဘယ်လို ရယူနိုင်မလဲဆိုတာကို စပြီး သင်ယူနိုင်ခဲ့ပါတယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။

အာဏာရပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကိုယ်တိုင်က ဒီညီလာခံဟာ အထိုက်အလျောက် အောင်မြင်တယ်လို့သာ ပြောနိုင်ပြီး အလုံးစုံ အောင်မြင်တယ်လို့ ပြောရမှာ စောသေးတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading