လက်စွဲလွှစက် တခုကို ပထမဆုံးအကြိမ် မြင်ဖူးချိန်ကို ဦးပြာအောင် မှတ်မိနေသေးသည်။ ထိုအချိန်က ၂၀၁၃ ခုနှစ်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ဝေးကွာလှသော သူ၏ ရွာအနီးသစ်တောတွင် လုပ်ကိုင်နေသော သစ်ထုတ်လုပ်ရေး ကုမ္ပဏီများအနက် တခုက အသုံးပြုသည့် ဂျာမဏီနိုင်ငံလုပ် လက်စွဲလွှစက် ဖြစ်သည်။
“အဲဒီပစ္စည်းက အားအရမ်းကောင်းပြီး အရမ်းမြန်တယ်” ဟု ‘မဟူ’ကျေးရွာငယ်လေးတွင် နေထိုင်သော အသက် ၅၀ အရွယ် ဦးပြာအောင်က ပြောပြသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ သူ့ကိုယ်ပိုင် လွှစက် မရှိသေးသော်လည်း ယခုသူ့တွင် သုံးခု ရှိသည်။
သူက တခုလျှင် ၁၂၄ ဒေါ်လာခန့်ကုန်ကျပြီး ဝယ်ယူထားသော်လည်း အပေါစား လွှစက်များကို မြို့ကြီးများတွင် ထိုထက် ၇ ဆ နည်းသော ငွေဖြင့်ပင် ဝယ်ယူနိုင်သည်။ ဥပဒေက တားမြစ်ထားသော်လည်း သူနှင့် သူ၏ ရွာသားများသည် လွှစက် ဝယ်ယူသည့်အခါတိုင်း ဝယ်ခွင့်ပြု စာရွက်စာတမ်းကို ပြသရန် မည်သည့်အခါကမျှ တောင်းဆိုခံရခြင်း မရှိဟု သူက ပြောသည်။
သစ်ခုတ်ခြင်းမှာ သူ၏ ရပ်ရွာတွင် အိမ်တွင်းမှု လုပ်ငန်းသဖွယ် ဖြစ်နေသောကြောင့် ထိုအချက်မှာ အံ့သြစရာဖြစ်နေသည်။ မိသားစု ၃၇ စုရှိသော သူ၏ ရွာသည် လွှစက်ပေါင်း ၇၀ ပိုင်ဆိုင်ကြသည်။ မြန်မာနိုင်ငံ၏ သစ်တောဦးစီးဌာနတွင် ၎င်းတို့၏ လွှစက်များကို မှတ်ပုံတင်ရန် လိုအပ်သည် ဟု ၂၀၁၆ ခုနှစ်က ချမှတ်ခဲ့သည့် စည်းကမ်းချက်သစ်ကိုလည်း သူတို့ မသိကြကြောင်း ထိုဒေသသို့ မကြာသေးမီက ရောက်ရှိခဲ့စဉ်အတွင်း ပြောသည်။
အစိုးရ၏ တရားမဝင်လွှစက် အသုံးပြုခြင်းနှင့် သစ်ခုတ်ခြင်းကို တိုက်ဖျက်သည့် လှုပ်ရှားမှုများသည် ထိုဒေသကဲ့သို့ ဝေးကွာသော နေရာများသည် လှုပ်ရှားမှု၏ ဗဟိုချက်တွင် ရှိနေသည်။
‘မဟူ’ကျေးရွာသည် မြို့ပြနှင့် အဆက်ပြတ်နေသော ကျေးလက်လူထုကို လွှစက်ပိုင်ဆိုင်အသုံးပြုမှု အကြောင်း ပညာပေးရာတွင် မြန်မာအစိုးရ ရင်ဆိုင်နေရသော အခက်အခဲများ အတွက် ထင်ရှားသော ဥပမာ ဖြစ်သည်။
ထိုကျေးရွာသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်၏ အစိတ်အပိုင်း ဖြစ်သော ပုထိုးလုံဘေးမဲ့တော အတွင်းရှိ အိမ်အစုအဝေးကလေး တခုသာ ဖြစ်သည်။ ထိုအမျိုးသား ဥယျာဉ်သည် အာစီယံ၏ အမွေအနှစ်စာရင်းတွင် ပါဝင်ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး အမျိုးသားဥယျာဉ်ဖြစ်ကာ ၆၁၉ စတုန်းမိုင် (၁၆၀၅ စတုရန်းကီလိုမီတာ) ကျယ်သည်။
လုံခြုံရေး ကိရိယာများ၊ လေ့ကျင့်မှုနှင့် လုပ်ထုံးလုပ်နည်းကို သိရှိခြင်း မရှိကြသော်လည်း မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော သစ်တောများတွင် လွှစက်များသည် စိတ်ကြိုက်အတွေ့ဆုံး သစ်ခုတ်ကိရိယာဖြစ် လူသိများလာနေသည်။
မြန်မာနိုင်ငံသည် ကမ္ဘာတွင် အကြီးဆုံးသော သဘာဝကျွန်းသစ် ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း လွှစက်တင်သွင်းမှု အနည်းငယ် တိုးတက်လာကြောင်း တွေ့ရသည်ဟု သစ်တောအရာရှိများက ပြောသည်။ ကိန်းဂဏန်း အတိအကျကို ကောက်ယူအတည်ပြုနိုင်ရန် လွန်စွာ ခက်ခဲသောကြောင့် ထိုအရေအတွက် တိုးပွားမှုမှာ နှစ်စဉ် ရာဂဏန်းမှ ထောင်ဂဏန်းအထိ ရှိနိုင်သည်။
ထိုအချက်မှာ မြန်မာနိုင်ငံ သစ်တောများ အတွက် သတင်းဆိုး ဖြစ်သည်။ လွှစက်တခုသည် သမားရိုးကျ ပုဆိန်များ၊ လက်စွဲလွှများ အသုံးပြုခြင်းထက် သစ် လေးဆ ပိုမိုခုတ်နိုင်သည်။
၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိင်ငံသည် သစ်တောနှင့် သစ်တောမြေ ဟက်တာပေါင်း ၁၅ သန်း ဆုံးရှုံးသည် ဟု တကမ္ဘာလုံးတွင် သစ်တောဖုံးလွှမ်းမှုကို စောင့်ကြည့်နေသော ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ဆိုသည်။ တနိုင်ငံလုံး သစ်ထုတ်လုပ်မှု တားမြစ်ထားခြင်းသည် ၂၀၁၆ ခုနှစ် နှစ်လယ်မှ ၂၀၁၇ ခုနှစ် ဧပြီလ အထိ ကာလအတွင်း သစ်တောဆုံးရှုံးမှု အပေါ် ရိုက်ခတ်မှု ရှိ-မရှိ တရားဝင် စာရင်း မရှိသေးပေ။
မယုံကြည်နိုင်လောက်အောင် ဝေးကွာပြီး ဝင်ငွေရလမ်း အကန့်အသတ် ရှိသည့် ‘‘မဟူ’’ ကဲ့သို့သော နေရာများ၏ ပထဝီ အနေအထားသည်လည်း တရားမဝင် သစ်ထုတ်လုပ်ခြင်းကို အားပေးနေသည်။ မိုးရာသီတွင် လမ်းများဆိုးလှသောကြောင့် ပြင်ပလောကနှင့် ၄ လခန့် လုံးဝအဆက်ပြတ်နေသည်။
အမျိုးသားပညာရေး စနစ် ထိုကျေးရွာသို့ လက်လှမ်းမီလာသည်မှာ လွန်ခဲ့သော ၅ နှစ်ကမှ ဖြစ်ပြီး လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး လိုင်းလည်း မရှိပေ။ ကျေးရွာသားများသည် အခြေခံစီးပွားရေး၏ တွန်းအားပေးခံရပြီး ၎င်းတို့ လုပ်ငန်း မြန်ဆန်စေရန် လွှစက်များ ပိုင်ဆိုင်လိုကြသည်။
ဝယ်လိုအားလည်း ရှိနေသည်
မြန်မာအစိုးရက လွှစက်ဝယ်ယူပိုင်ဆိုင်ခြင်းနှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်းများကို အစိုးရက ထုတ်ပြန်သည့် ကာလ ဖြစ်သော ၂၀၁၆ ခုနှစ်တွင် ပတ်ဝန်းကျင်ကျေးရွာများမှ ပွဲစားများ ‘‘မဟူ’’ ရွာသို့ ရောက်လာကြပြီး သစ်ရှာကြသည်။
သစ် တတန်လျှင် ၉၅ ဒေါ်လာခန့် ရသည် ဟု ဦးအောင်က ပြောသည်။ ထုံးစံအားဖြင့် တပတ်လျှင် သစ် ၁ တန်ခွဲမှ ၂ တန်ခန့် အထိ ရောင်းရန် ရှာဖွေသည် ဟု သူက ပြောသည်။ ရွာမှ အခြားသူများပါ ထိုနှုန်းအတိုင်း သစ် ထုတ်လုပ်ကြလျှင် ၎င်းတို့သည် တပတ်လျှင် သစ် ၄၆ တန် ထုတ်လုပ်ကြပြီး တလလျှင် တန်ချိန် ၁၈၀ ထုတ်လုပ်ကြသည်။
ဦးအောင် ပြောသည့် နှုန်းအတိုင်း ၎င်းတို့ သစ် ထုတ်လုပ်ရောင်းချကြပါက ထိုရွာသည် တလလျှင် ဒေါ်လာ ၁၇၅၀၀ ဝင်ငွေ ရသည်။ တရားမဝင် သစ်ထုတ်လုပ်ခြင်းမှ ရရှိသောကျေးရွာ၏ဝင်ငွေမှာ (မိုးရာသီမပါ) တနှစ်လျှင် ဒေါ်လာ ၁၄၀၀၀၀ ရှိသည် ဟု အနိမ့်ဆုံး ခန့်မှန်းချက်မှု တခု အရ သိရသည်။
ခေတ်အဆက်ဆက်က ရွာသားများသည် ဘ၀ ရပ်တည်ရေး အတွက် အကျိုးအမြတ် အနည်းငယ်သာ ရရှိသော စပါးစိုက်ပျိုးခြင်းနှင့် ဝါးဖျာရောင်းချခြင်း တို့ကဲ့သို့သော အခြား လုပ်ငန်းများဖြင့်သာ နေထိုင်ခဲ့ကြရသည်။ သစ် ထုတ်လုပ်ခြင်းမှာ ၎င်းတို့အတွက် ဝင်ငွေ တိုးတက်စေရန်နှင့် ချဲ့ထွင်ရန် အခြားစီးပွားရေး တခု ဖြစ်လာသည်။
“ကျနော်တို့ စပါးပဲ စိုက်ရင် ဘဝရပ်တည်ရေး အတွက် မလုံလောက်ဘူး။ ဒါကြောင့် သစ်ကို စခုတ်ကြတာ။ ဒါပေမယ့် ကျနော်တို့က ကျွန်းပဲ ခုတ်တယ်” ဟု ဦးအောင်က ပြောသည်။ ကျွန်းသစ်သည် ကမ္ဘာပေါ်တွင် အဖိုးအတန်ဆုံး အပူပိုင်း သစ်မာ ဖြစ်သည်။ “သစ်ဝယ်လိုအားက အရမ်းမြင့်တယ်” ဟုလည်း သူက ဆက်ပြောသည်။
လုပ်ထုံးလုပ်နည်းများနှင့် လိုက်နာ ဆောင်ရွက်စေခြင်း
၎င်းတို့၏ တရားမဝင် လွှစက်များနှင့် သစ်ထုတ်လုပ်မှုများ အတွက် ‘‘မဟူ’’ ကျေးရွာသားများ အနေဖြင့် မသိနားမလည်မှုကို အကြောင်းပြကောင်း ပြနိုင်သော်လည်း ၎င်းတို့၏ လုပ်ရပ်များက အခြားတဘက်သို့ ပြသနေသည်။ မကြာသေးမီ ဖေဖော်ဝါရီလက သစ်တောဦးစီးဌာနက လာရောက်စစ်ဆေးမည် ဟူသော သတင်းများ အရ တရွာလုံး သစ် ထုတ်လုပ်မှုရပ်နားပြီး လွှစက် အစိတ်အပိုင်းများကို တစစီဖြုတ်ကာ တောနက်ထဲတွင် ဝှက်ထားခဲ့သည်။
သူရိယဆန္ဒရာ ပတ်ဝန်းကျင်စောင့်ကြည့်လေ့လာရေး အဖွဲ့ တည်ထောင် ဦးကျော်မင်းထွဋ်သည် မှတ်ပုံတင်ထားခြင်း မရှိဘဲ တရားမဝင် ဝယ်ယူထားသည် ဟု သူ သေချာစွာသိသည့် ‘‘မဟူ’’ ကျေးရွာမှ လွှစက်များကို မှတ်တမ်း ပြုစုထားသည်။ သူနှင့် ရွာသားများအကြား ဆက်ဆံရေးမှာလည်း ရှုပ်ထွေးလှသည်။
“ဒီရွာအကြောင်း သစ်တောဦးစီးဌာနကို သတင်းပို့တာ ကျနော်ပဲ။ ဒါပေမယ့် သူတို့မှာ ဆောင်စရာ ဒဏ်ငွေ မရှိသလို သူတို့ရဲ့ လွှစက်တွေကို သိမ်းလိုက်ရင်လည်း သူတို့အသက် ဆက်နိုင်မှာ မဟုတ်တာကြောင့် သူတို့ကို ခွင့်လွှတ်ဖို့ သစ်တောဦးစီးဌာနကို ကျနော် ပြောထားတယ်” ဟု ရပ်ရွာအတွက် ခန်းမအဖြစ် အသုံးပြုသော ဘုန်းကြီးကျောင်းခန်းမတွင် ရွာသားများနှင့် အတူထိုင်ရင်း ပြောသည်။
သူသည် စစ်ကိုင်းတိုင်းဒေသကြီး ဇာတိဖြစ်ပြီး အသက် ၄၀ အရွယ်ခန့်ရှိကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ၂၀၀၃ ခုနှစ်မှ စတင် လုပ်ကိုင်နေသည်။ တရားမဝင် သစ်ထုတ်လုပ်ခြင်းကို ရှာဖွေဖော်ထုတ်ရာတွင် လွန်စွာ ဇွဲကောင်းသည်။ သူသည် တခါက သစ်ခုတ်ထားသော နေရာတခုမှ အမှတ်အသားမပါသော သစ်ငုတ်များကို ရေတွက်ရင်း တောထဲတွင် ၁၀ ရက်ခန့် နေထိုင်သည်။ အမည်ထုတ်ဖော် ပြောဆိုဖြင်း မရှိသော ကုမ္ပဏီတခုက သစ်ပင် ၅၇၂ ပင် ပိုမို ခုတ်သွားကြောင်း တွေ့ခဲ့သည် ဟု သူက ပြောသည်။
“ကျနော့် အစီရင်ခံစာကြောင့် မြန်မာ့သစ်လုပ်ငန်း အရာရှိ ၄ ဦးနဲ့ သစ်တောဦးစီးဌာန အရာရှိ ၃ ဦး အလုပ်ဖြုတ်ခံခဲ့ရတယ်” ဟု သူက ဆက်ပြောသည်။ သူ၏ အယူအဆမှာ သစ်တောပြုန်းတီးခြင်းသည် တဦးချင်း သစ်ခုတ်သူများကြောင့် မဟုတ်ဘဲ ထိုလုပ်ငန်းကို ကြီးကြပ်သော မြန်မာ့သစ်လုပ်ငန်းက ခွင့်ပြုထားသော သစ်ကုမ္ပဏီများကြောင့် ဖြစ်သည် ဟူသော အယူအဆ ဖြစ်သည်။
“လွှစက်တွေက ပြဿနာ မဟုတ်ဘူး။ ပြဿနာရဲ့ အရင်းအမြစ်က မူဝါဒတွေ ဥပဒေတွေပဲ။ လက်ရှိ မူဝါဒတွေက အများအပြား ထုတ်လုပ်တဲ့ အဖွဲ့အစည်းတွေ အတွက် ချမှတ်ထားတာ။ ပြည်သူတွေအတွက် ချမှတာ်ထားတာ မဟုတ်ဘူး” ဟု သူပြောသည်။
‘မဟူ’ ကျေးရွာမှ လုပ်ရှားမှုများနှင့် ပတ်သက်၍ ပြောရာတွင် ရွာသားများအနေဖြင့် သစ်ခုတ်ခြင်းမှ တရားဝင် ဝင်ငွေ ရအောင် ဆောင်ရွက်ပေးလိုသည် ဟု သူက ပြောသည်။ သူ၏ အကူအညီဖြင့် ရွာသားများသည် ရွာပတ်ဝန်းကျင်မှ သစ်တောများကို စီမံခန့်ခွဲ လာကြသော်လည်း သစ်တောဦးစီးဌာနမှ မည်သည့်သတင်းမျှ ပြန်လည် မကြားရပေ။ သူတို့သည် ထိုသို့ လုပ်အမြဲမည့်ပုံမပေါ်ပေ။
သစ်ခုတ်ခြင်းကိုရပ်ဆိုင်းမည့်သဘောလည်းမရှိပေ။
“ရွာသားတွေက သူတို့ အသက်ဆက်နိုင်ဖို့လောက်ပဲ ခုတ်ကြတာ။ ချမ်းသာအောင် လုပ်နေကြတာ မဟုတ်ဘူး။ နောက်တချက်က သူတို့တော့ လုပ်ခွင့်မရှိဘဲ ဒီဒေသနဲ့လုံး၀ မဆိုင်တဲ့သူတွေက ဒီက အဖိုးတန်သစ်တွေ အားလုံးကို လာခုတ်သွားမယ် ဆိုရင် သူတို့ ဘယ်လိုခံစားရမလဲ” ဟုလည်း သူက ဆက်ပြောသည်။
သစ်နှင့် ကုန်ပစ္စည်းများ၏ ဈေးကွက်နှင့် အနီးဆုံးမြို့ပြ ဖြစ်သော မန္တလေးတွင် ပြည်သူလူထုသည် လွှစက်များ ရောင်းချခြင်း၊ ပိုင်ဆိုင်ခြင်းတို့နှင့် ပတ်သက်သော စည်းမျည်းများကို ပိုမိုနားလည်ကြသည်။ မန္တလေးတွင် သံလမ်းဟု ခေါ်သော စက်ပစ္စည်းကိရိယာ အရောင်းဆိုင်တန်း တလျှောက်တွင် လမ်းပိုင်း ၄၀ ရှိ ၇ ဆိုင်အနက် တဆိုင်သာ လွှစက်များကို ပြသထားသည်။ အခြားသော ဆိုင်များကမူ စနစ်တကျ စာရွက်စာတမ်း မပါလျှင် အရောင်းအဝယ် ဆွေးနွေးမည် မဟုတ်ပေ။ ဖောက်သည် ဟန်ဆောင်ထားသော အရပ်ဝတ်ရဲများသည် ၎င်းတို့ အတွက် စိုးရိမ်စရာ အကောင်းဆုံးဖြစ်နေသည်။
အခြားသော ဆိုင် အများအပြားမှာမူ ပိုမိုတည်ငြိမ်သော နည်းကို သုံးကြသည်။ အချို့က လွှစက်အသွားကို တနေရာတွင် ထားပြီး ကျန်ပစ္စည်များကို နောက်ဘက်ရှိ သိုလှောင်ခန်းတွင် ထားကာ တောင်းဆိုမှ ထုတ်ပေးသည်။
“လွှစက်တွေကို အဖမ်းအဆီး ရှိတယ်။ လွှစက်ရောင်းချင်ရင် လိုင်စင်ရှိဖို့ လိုတယ်။ လွှစက်ဝယ်ချင်ရင်လည်း သစ်တောဦးစီးဌာနရဲ့ လိုင်စင် လိုတယ်” ဟု လွှစက်ဆိုင်ပိုင်ရှင် ဦးကိုကိုဝင်းက ပြောသည်။
လွှစက်ဝယ်ရန် လိုင်စင်ရရှိရန် အတွက် မည်သည့် အကြောင်းကြောင့် ဝယ်သည်၊ မည်သည့်အပင်မျိုးကို ဖြတ်မည်၊ မည်သည့် ဒေသတွင် သုံးမည် စသည့်မေးခွန်းများကို ဖြေဆိုရန် လိုသည် ဟုလည်း သူက ဆက်ပြောသည်။
“လုပ်ငန်းအဆင့်ဆင့်က တော်တော်ရှုပ်ထွေးတယ်။ ဘာကြောင့် ဒီလိုဖြစ်ရလဲ ဆိုတာ နားမလည်နိုင် တော့ဘူး။ အစိုးရသစ် အနေနဲ့ စည်းမျဉ်းအသစ် ထုတ်တာဖြစ်မှာ” ဟုလည်း ဆက်ပြောသည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ် များစွာအတွင်း ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်က ကျင်းပပြီး လူ့အခွင့်အရေး သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အာဏာရလာသည်။
၂၀၁၆ ခုနှစ် ဇွန်တွင် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနသည် သစ်တောဥပဒေများကို ပြင်ဆင်ပြီး လွှစက်မှတ်ပုံတင်ရေး မူဝါဒကို ထည့်သွင်းသည်။ ခွင့်ပြုချက် မရှိဘဲ လွှစက်အသုံးပြုသူ မည်သူမဆိုကို တရားစွဲဆိုနိုင်ပြီး ၂ နှစ်ထက် မပိုသော ထောင်ဒဏ်၊ သို့မဟုတ် ၁၅ ဒေါ်လာထက်မများသော ငွေဒဏ်ချမှတ်နိုင်သည်။
လွှစက်နှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်းများကို လိုက်နာစေရေး အတွက် ရဲအရာရှိများ၊ သစ်တောအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ကော်မတီများကိုလည်း ဖွဲ့စည်ခဲ့သည်။ မြို့နယ်၊ ခရိုင်၊ တိုင်းတခုစီရှိ သစ်တောဌာနများက နေပြည်တော်ရုံးချုပ်သို့ လစဉ် အစီရင်ခံစာ တင်ရန်လည်း လိုအပ်သည်။
တရားမဝင် သစ်ခုတ်ခြင်း၏ များပြားလှစွသော သွင်ပြင်လက္ခဏာများကို တိုက်ဖျက်ရေးမှာ အာဏာပိုင်များ အတွက် လွန်စွာ ကြီးမားသော လုပ်ငန်းဖြစ်နေသည်။ တနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဧပြီလလယ် အထိ တရားမဝင်သစ် တန်ချိန် ၅ သောင်း ၅ ထောင် ဖမ်းဆီးရမိခဲ့ပြီး၊ သယ်ယူယာဉ် ၂ သောင်း ၆ ထောင်နှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ တရားမဝင် သစ်ခိုးယူသူ နိုင်ငံခြားသား ၁၁ ဦးနှင့် မြန်မာ ၈၃၁၀ ဦးတို့ကို ဖမ်းဆီး အရေးယူခဲ့သည်။
တင်သွင်းမှုပြဿနာ
မြန်မာနိုင်ငံ၏ လွှစက် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ အထူးသဖြင့် ပြည်ပမှ တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းများနှင့် ပတ်သက်လျှင် ကနဦး အဆင့်တွင်သာ ရှိနေသေးသည်။
နေပြည်တော်ရှိ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဇင်မွန်နိုင်သည် လွှစက်မှတ်ပုံတင်ခြင်းကို ကြီးကြပ်ရသည်။ သူသည် လွှစက်မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သော ပြဿနာများကို ၂၀၁၃ ခုနှစ်မှ စတင်ကိုင်တွယ်နေပြီး ထိုအချိန် မတိုင်မီက လွှစက်နှင့် ပတ်သက်၍ မည်သည့် ဥပဒေစည်းမျဉ်းမျှ မရှိ ဟု တွေ့ဆုံမေးမြန်းခန်း တခုတွင် သူက ပြောသည်။ ၂၀၁၄ ခုနှစ်တွင် အစိုးရက လွှစက်သုံးသူများ ၎င်းတို့၏ ကိရိယာများကို မှတ်ပုံတင်ရန် စတင်ကျေညာသည်။
သို့သော် မှတ်ပုံတင်စနစ်မှာ ပြည့်စုံမှု မရှိသေးသကဲ့သို့ လိုက်နာစေအောင် လုပ်ဆောင်ရန်လည်း ခက်ခဲနေဆဲဖြစ်သည်။
တင်သွင်းမှုဆိုင်ရာ ဥပဒေများ အပါအဝင် လက်ရှိ လုပ်ငန်းအဆင့်ဆင့်ကို အစိုးရဌာနပေါင်းစုံနှင့် ဗဟိုအစိုးရတို့ ဆွေးနွေး ပြဋ္ဌာန်းခဲ့သည်။
ထိုရှုပ်ထွေးသော လုပ်ငန်းအဆင့်ဆင့်တွင် တင်သွင်းသူသည် လွှစက်တင်သွင်းခွင့် ခွင့်ပြုချက်အတွက် စစ်ဆေးချက်များကို တင်သွင်းရပြီး ၎င်းတို့်အတွက် သွင်းကုန်လိုင်စင်နှင့်ကုမ္ပဏီမှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ လျှောက်ထားရသည်။
ထိုနောက် စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထိုလျှောက်ထားခြင်းကို သစ်တောဦးစီးဌာနသို့ တင်ကာ ထောက်ခံစာ တောင်းခံသည်။ ထိုထောက်ခံစာကို ထုတ်ပေးရန် သစ်တောဦးစီးဌာနသည် လွှစက်အမျိုးအစား၊ ထုတ်လုပ်သည့် နိုင်ငံ၊ တင်သွင်းသည့် နည်းလမ်း၊ တင်သွင်းပြီး လွှစက် အရေအတွက်၊ လွှစက်တင်သွင်းသော ကုမ္ပဏီစာရင်းနှင့် အခြားလိုအပ်သော အသေးစိတ်များကို ဦးစွာစစ်ဆေးရသည်။ တင်သွင်းသူများသည် ၎င်းတို့၏ လစဉ် ရောင်းချမှုနှင့် လက်ကျန်ကို အစီရင်မခံပါက လွှစက် ရောင်းချခွင့် မပြုပေ။
လွှစက်တင်သွင်းသူများ၊ ဖြန်ချိသူများ၊ အသုံးပြုသူများကို ပစ်မှတ်ထားသော ထိုစနစ်သည် လက်တွေ့ကျသည် ဟု ဦးဖြိုးဇင်မွန်နိုင်က မြင်သည်။ ဥပမာ ဆိုရပါက သူတို့သည် တခါက ဆိုင်တဆိုင်မှ လွှစက် ၂ သောင်း တင်သွင်းခွင့် တောင်းခံသော်လည်း ပယ်ချခဲ့သည် ဟု ဆိုသည်။
“လက်ရှိ တနိုင်ငံလုံးမှာ တရားဝင် လွှစက် ၁၂၈၁ ခုပဲ ရှိတယ်။ စစ်ကိုင်းတိုင်းက ၄၂၃ ခု၊ ဒုတိယ မွန်ပြည်နယ်က ၁၇၈ ခု” ဟု သူက နောက်ဆုံးအကျဆုံး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ စာရင်းကို ကိုးကားလျှက် ဦးဖြိုးဇင်မွန်နိုင်က ဆိုသည်။
ထို ကိန်းဂဏန်းများသည် မတိကျကြောင်း ထင်ရှားသော်လည်း ‘မဟူ’ ကျေးရွာမှ လွှစက်များ အားလုံးကို မှတ်ပုံတင်လျှင်ပင် စစ်ကိုင်းတိုင်းတွင် လွှစက်မှတ်ပုံတင်မှု ၁၆ ရာခိုင်နှုန်း တိုးလာမည် ဖြစ်သည်။
‘မဟူ’ ကျေးရွာကဲ့သို့ သော နေရာများတွင် ဥပဒေသက်ရောက်မှု ကင်းမဲ့နေစေကာမူ ဦးဖြိုးဇင်မွန်နိုင်က သူ့ကိုယ်သူ ယုံသည်။
“အခု ကျနော်တို့ နိုင်ငံထဲက လွှစက်တွေကို ထိန်းချုပ်လာနိုင်ပြီ” ဟု ပြောရင်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကုန် အတွင်း တရားမဝင် လွှစက် ၇၄၆ ခုသိမ်းဆည်း နိုင်ခဲ့ပြီး အများစုမှာ တဦးချင်းသမားများ ထံမှ ဖြစ်ကာ မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပေးခဲ့သည် ဟု သူက ဆက်ပြောသည်။
ဥပဒေ အကောင်အထည်ဖော်ရေး အခက်အခဲများ
တရားမဝင် လွှစက်များအား ကြီးကြပ်ရေးနှင့် ပတ်သက်သော အဓိက ပြဿနာတခုမှာ အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နှင့် အချို့ ဒေသများတွင် အစိုးရ ထိန်းချုပ်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ ကချင်ပြည်နယ်သည် တရုတ်နိုင်ငံနှင့် ရှည်လျားစွာ နယ်နမိတ်ချင်း ထိစပ်နေပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့့် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ထားသည့် ဒေသများ ဖြစ်သည်။ ၎င်းတို့သည် အင်အား ၈၀၀၀၀ ကျော်ရှိကာ တရားမဝင် သစ်ထုတ်လုပ်ရေးတွင် ပါဝင်ပတ်သက်နေသည် ဟု ယုံကြည်ရသည်။
“သူတို့မှာ သစ်ထုတ်လုပ်မှု ပြဿနာ အမြားအပြား ရှိပေမယ့် ကျနော်တို့မှာ အသေးစိတ်ဘာမှ မရှိဘူး။ KIO မှာ လွှစက်မှတ်ပုံတင်ဖို့ ကျနော်တို့မှာ ဘာအဆက်အသွယ်မှ မရှိဘူး။ ဒါပေမယ့် တရားမဝင် သစ်ကို ဖမ်းဖို့ ကျနော်တို့နဲ့ စစ်တပ်မှာ အဆက်အသွယ် ရှိတယ်” ဟု သူက ဆက်ပြောသည်။
သုတို့သည် ပြဿနာများစွာ ရင်ဆိုင်နေရပြီး အချို့မှာ သေရေးရှင်ရေး ပြဿနာများ ဖြစ်သည်။
“ဒီအလုပ်က အရမ်းခက်ခဲပြီး အန္တရာယ်များတယ်။ သစ်တောအရာရှိတွေမှာ သေနတ် မရှိကြဘူး။ ကျနော်တို့ အတွက် လုံခြုံမှု မရှိဘူး။ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရ မလဲ။ ကျနော်တို့မှာ ဘောလ်ပင်ပဲ ရှိတယ်” ဟု သူက ပြောသည်။
မှတ်ပုံတင်ခြင်း လုပ်ငန်းမှာ ယခုမှ စတင်သော လုပ်ငန်းဖြစ်သဖြင့် ဖမ်းမိသော သစ်နှင့် မှတ်ပုံတင်ထားသော လွှစက်တို့ အကြား ဆက်စပ်မှု သိပ်မရှိ ဟု ဦးဖြိုးဇင်မွန်နိုင်က ထင်သည်။ သစ်တောဦးစီးဌာနမှာ ၎င်းတို့၏ ဝန်ထမ်းများနှင့် အခြား အစိုးရ ဌာနများကို မှတ်ပုံတင် အသုံးပြုခြင်းနှင့် ပတ်သက်၍ အရှိန်မြှင့် လုပ်ဆောင်နေရဆဲသာ ရှိသေးသည်။
ထိရောက်မှုရှိပါက အကျိုးရှိနိုင်
“လွှစက်တွေကို ထိန်းချုပ်လိုက်ရင် အနာဂတ်မှာ တရားမဝင် သစ်ခုတ်တာကို လျှော့ချနိုင်မယ်” ဟု ၎င်းက ပြောသည်။ ၎င်းတို့ အသုံးပြုနေသော နည်းလမ်းတခုမှာ ကွင်းဆင်းပြီး လွှစက်ကို မည်သို့ မှတ်ပုံတင်ရမည်ကို ရှင်းပြခြင်းနှင့် တရားမဝင် သစ်ခုတ်ခြင်း၏ ပတ်ဝန်းကျင် ဆိုးကျိုးများကို ရှင်းပြခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက နိုင်ငံတဝန်း လွှစက် ကွင်းဆင်း မှတ်ပုံတင်ခြင်း ၂၈၆ ကြိမ်ပြုလုပ်ခဲ့သည်။
လွှစက်ဝယ်ရန် ရှုပ်ထွေးသော လုပ်ငန်းအဆင့်ဆင့်နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှိသော်လည်း ဤနည်းလမ်းသည်သာ စံနှုန်းမီသော နည်းဖြစ်သည် ဟု ဦးဖြိုးဇင်မွန်နိုင်က ထင်သည်။
“ပြည်ပကနေ ကားတင်သွင်းရင် စာရွက်စာတမ်းတွေ လိုတာပဲ။ လွှစက်ကိုလည်း ဒီလိုပဲ သဘောထားသင့်တယ်” ဟု သူက ဆိုသည်။
သစ်တောဖုံးလွှမ်းမှု နှုန်းသည် လွှစက်အရေအတွက်နှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟု သူက ပြောသည်။ “သစ်တောဌာနမှာ ဝန်ထမ်း အရမ်းနည်း ပေမယ့် မြန်မာနိုင်ငံမှာ သစ်ခုတ်တဲ့သူက အရမ်းများနေတယ်၊ အခြေအနေကို ကျနော်တို့ ဘယ်လိုထိန်းမလဲ” ဟု သူက ပြောသည်။ ” လွှစက်တွေကို မှတ်ပုံတင်ရမှာပဲ” ဟု သူက ပြောသည်။
မျှော်လင့်ချက်ရှိသည့် အနာဂါတ်
‘မဟူ’ကျေးရွာတွင် လူတိုင်း လွှစက် မဝယ်နိုင်ကြသေး သော်လည်း သစ်ခုတ်ခြင်းသည် ကျေးရွာသားများ၏ ဘဝကို ဖြည်းဖြည်း ပြောင်းလဲသွားစေသည်။ အသက် ၃၂ နှစ်အရွယ် ကိုခင်မောင်ထွေးမှာ သစ်သယ်ယူသူ အဖြစ် မလုပ်ကိုင်မီ နှစ်ပေါင်းများစွာ လယ်လုပ်ခဲ့ရသောကြောင့် အသားမှာ နေလောင်ပြီးပိန်လှီနေသည်။
“လွှစက် ဘယ်လိုသုံးရလဲ ဆိုတာ ကျနော် မသိဘူး။ ကျနော် မဝယ်နိုင်သေးဘူး။ ဒါပေမယ့် သူတို့ သစ်ခုတ်လို့ ကျနော် သစ်ပို့ပြီး ဝင်ငွေရနေတာ ကျနော် ကျေနပ်တယ်” ဟု သူကိုခင်မောင်ထွေးက ပြောသည်။
အနီးဆုံး ကျေးရွာသို့ ခြေလျှင် ၄ နာရီ အသွားအပြန် ခရီးတွင် သစ်လုံးကို သူ၏နွား ၂ ကောင်တွင် ချည်နှောင်ပြီး သယ်ကာ တခါသယ်ပြီး ၂ ရက်နားသည်။ တကြိမ်လျှင် ၄ ဒေါ်လာ ဝင်ငွေရသည်။
ကလေး ၄ ယောက်၏ ဖခင် အသက် ၃၂ နှစ် အရွယ် ကိုသာကြည်ကို အခြားရွာသားများက လွှစက်ကျွမ်းကျင်သူ အဖြစ် သတ်မှတ်ကြသည်။ ကိုခင်မောင်ထွေးကဲ့သို့ပင် သူလည်း လွှစက် မပိုင်ပေ။ လွှစက်ပိုင်ရှင်များက သူ့ကို ငှားရမ်းကြပြီး တရက်လျှင် ၄ ဒေါ်လာရသည်။ ထိုသို့ လုပ်ရခြင်းမှာ မိသားစု တာဝန်ကြောင့် ဟု သူက ပြောသည်။
“ကလေးတွေ ကျောင်းတက်ဖို့ တယောက်ကို တလ ၅ ဒေါ်လာ ပေးရတယ်” ဟု ကိုသာကြည်က ပြောသည်။ မြန်မာနိုင်ငံတွင် အခြေခံ ပညာရေးမှာ အခမဲ့ ဟု ဆိုသော်လည်း ကျောင်းဝတ်စုံနှင့် စာအုပ်ဖိုးရရန် ကျေးလက်ဒေသမှ ဆရာ၊ ဆရာမများက အပိုငွေကြေး ကောက်ခံတတ်သည်။
သဘာဝပတ်ဝန်းကျင် အရေး လှုပ်ရှားသူ ဦးကျော်မင်းထွဋ်သည် သစ်တောထိန်းသိမ်းရေးနှင့် တရားမဝင် သစ်ခုတ်ခြင်းကို ဆန့်ကျင် သော်လည်း ရွာသားများကို ကရုဏာသက်သည်။
“သုတို့တွေ တခြား ဝင်ငွေရရာ ရကြောင်း နည်းလမ်း မပေးနိုင်ဘဲနဲ့ သစ်မခုတ်နဲ့ လို့ ကျနော် သူတို့ကို မပြောလိုဘူး။ သူတို့ စပါးစိုက်တဲ့ ဆီမှာ ပိုပြီး အာရုံ မစိုက်နိုင်သေးခင် သစ်ခုတ်ပြီး မိုးတွင်းမှာ စားဖို့ ဆန်ဝယ်ရတယ်” ဟု သူက ဆက်ပြော သည်။
လွှစက်မှတ်ပုံတင်ခြင်းကို တင်းကြပ်စွာလုပ်ဆောင်ခြင်းဖြင့် သစ်ခုတ်သူများကို တားဆီးနိုင်မည်ဟု သူက မယုံကြည်ပေ။
“သူတို့တွေက လွှစက် မရှိရင်လည်း ပုဆိန်တွေ၊ လွှတွေနဲ့ ပြန်လုပ်ကြမှာပဲ။ တရားမဝင် သစ်ခုတ်တာကတော့ ဆက်ရှိနေမှာပဲ။ အစိုးရဌာနတွေကို လာဘ်ပေးတာလည်း ဆက်ရှိနေမှာပဲ” ဟု သူက ပြောသည်။
(www.news.mongabay.com တွင် ဖော်ပြထားသော ဆောင်းပါးရှင် Ann Wang & Genevieve Belmaker ၏ A Fight to Control Chainsaws in Burma Could Turn the Tide on Illegal Logging ကို ဘာသာပြန်သည်။)