ဆောင်းပါး

ကျမ၏ ဒဏ္ဍာရီဆန်သော အမေ သို့မဟုတ် အလှဘုရင်မ နော်လွီဇာ ဘင်ဆင်

Want create site? Find Free WordPress Themes and plugins.

ကျမ မြန်မာစကား မပြောတတ်ပါ။ သို့သော် ကွယ်လွန်သူ မိခင်ထံမှ နားလည်ထားသည့် ဘာသာပြန်ရန် မဖြစ်နိုင်သော စကားလုံးများထဲမှ တခုမှာ “ဘုန်း” ဟုသောစကားဖြစ်ပြီး၊ မိခင်က “သြဇာအာဏာ၊ ပညာ၊ ကံကြမ္မာ နှင့် ထိုးထွင်းမြင်နိုင်မှု” ဟု တခါ က မရေမရာ ရှင်းပြဖူးသည်။

“မင်းရဲ့ ဘုန်းကံ မြင့်တက်နေပြီဆိုရင် ကိုယ့်ကိုယ်ကို အမြင့်ကြီးမှာ ရှိတဲ့ လေယာဉ်ပေါ်ရောက်နေတယ်လို့ မင်းတွေးမယ်။ ဘုန်းကို မှတ်ဉာဏ်လို့လဲ ပြောလို့ရတယ်။ မင်းကို မွေးတုန်းက ဒီလိုပုံစံမျိုးတွေ အများကြီးပါတယ်”

ယခုလိုပြောခဲ့သည်မှာ လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖြစ်ပါသည်။ ထိုအချိန်က ကျမသည် မြန်မာနိုင်ငံမှ မိခင်ကြီး၏ အကြောင်းများကို အခြေခံသော ဝတ္တုတပုဒ် အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် သူ့ကို စတင်၍ အင်တာဗျူး လုပ်ခဲ့သည်။

ကျမမိခင်ကို မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပါသည်။ သူပြန်ပြောချင်ပုံ မရသည့် အတိတ် အကြောင်းများကို ပြောပြဖို့ အမြဲတမ်း ဖိအားပေးခဲ့ရပါသည်။ ကျမကို ထိုအမှတ်တရများနှင့် အတူ မွေးဖွားခဲ့သည်ဟု ဘာကြောင့်ပြောသည်ကိုလည်း မေးခဲ့ပါသည်။

“မင်း တနှစ် သမီးလောက်တုန်းကပေါ့၊ ကလေးသေးခံတောင် မလွတ်သေးဘဲနဲ့ စကားပြောတယ်။ တချိန်တုန်းက မင်းက ငါ့ရဲ့ အမေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို ငါယုံအောင် လုပ်ခဲ့တယ်” ပြောရင်းနှင့် သူ၏ အကြည့်ကို လွှဲလိုက်သည့် ပုံက အတွေး ကို အဝေးသို့ နှင်ထုတ်လိုက်သည့် နှယ်။

ကျမ၏ အတိတ်ဘဝကို မေ့ပျောက်သွားစေရန်၊ ကျမ၏ “ဘုန်း”ကို ပျောက်ပျက်သွားစေရန် ရိုးရာဓလေ့ အစီအရင်များဖြင့် သိသိသာသာ ကြိုးပမ်းခဲ့သလို မျိုးပင် ဖြစ်သည်။ အစီအရင်က ရိုးရှင်းပါသည်။ ကျမ ကလေးဘဝက စလောင်းဖုံးတွင် ထည့် ထားသော ထမင်းကို လှေခါးအောက်တွင် ကျွေးခဲ့ခြင်းဖြစ်သည်။

မိခင်၏ ဒဏ္ဍာရီဆန်သော ဘဝမှ အမှန်တရားများကို ရှင်းပြဖို့ အတွက် အတင်းတောင်းဆိုခဲ့ခြင်းမှာ ကျမ၏ မှတ်ဉာဏ် များကို သူကဖျောက်ဖျက်ခဲ့ခြင်းကြောင့်လားတော့ မသိပါ။

အမေရိကန်နိုင်ငံ Bakersfield မြို့မှသည် ပြင်သစ်နိုင်ငံ ပါရီမြို့တိုင် နေထိုင်ကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူများက ကျမကို ကောက်ကြောင်းဆွဲပြခဲ့သည့် မိခင်၏ ဘဝအကြောင်းများက ခမ်းနားကြီးကျယ်ခဲ့ပါသည်။

သူတို့က ကျမ မိခင်၏ ပုံရိပ်ကို အလှမယ်တယောက် အနေနှင့်သာမက တော်လှန်ရေးသမား တယောက် အဖြစ်ပါ အလေး အနက်ထားခဲ့ကြသည်။ “သူက ဘောင်းဘီတွေဝတ်ခဲ့အခါ ငါတို့လဲ ဘောင်းဘီတွေ ဝတ်ခဲ့တယ်။” သို့မဟုတ်“ သူ့ဆံပင် တွေက ကောက်နေလို့ ငါတို့လဲ ဆံပင် လိုက်ကောက်ခဲ့တယ်” ဆိုတာမျိုးကို တကြိမ်မက ကြားခဲ့ရပါသည်။

မြန်မာအစိုးရက ကျမအမေ ဦးခေါင်းအတွက် ဆုငွေထုတ်ထားကြောင်း အမေရိကန်နိုင်ငံသား ဖခင်က ကျမကို မကြာခဏ သတိပေးလေ့ရှိပါသည်။

ကျမ တက္ကသိုလ် ကျောင်းသူဘဝက အာရှမှ လောလောလတ်လတ် ပြန်လာသော ဓာတ်ပုံပညာ ပါမောက္ခတဦးက မိခင် နေသည့်နေရာကို ကျမက လိမ်ညာပြောဆိုခဲ့ကြောင်း သွယ်ဝိုက်၍ စွပ်စွဲသည်၊ ကျမမိခင် လော့စ်အိန်ဂျယ်လိစ် မြို့တွင်ရှိ နေခဲ့သည်မှာ ကြာပြီ ဖြစ်ကြောင်း ရှင်းပြသည့် အခါ သူက ကျမ မျက်လုံးကို စိုက်ကြည့်၍ ဟန်ဆောင်တာတွေ ရပ်တန့်ဖို့ ပြောပါသည်။

“သူက တောထဲမှာ မြင်းဖြူကြီး တကောင်ကို စီးပြီး လျှောက်သွားရင်း သူ့လူတွေကို ကာကွယ်နေတယ်” ဟု ပါမောက္ခက ပြောသည်ကို ကျမ မှတ်မိနေပါသည်။

အလွန်ငယ်ရွယ်သေးသည့် ကလေးဘဝကပင်လျှင် အမေရိကန် မဟုတ်သည့် အခြားတနေရာရာရှိ နိုင်ငံတခုမှ ပြည်သူ များက ကျမ၏ မိခင်ကို ဘုရင်မလိုမျိုး သဘောထားကြကြောင်း သတိပြုမိခဲ့ပါသည်။ ကယ်လိဖိုးနီးယားမှ ကျမတို့ အိမ်သို့ ရောက်လာသော သူစိမ်းများက အမေကို ကျမ၏ ကလေးထိန်း သို့မဟုတ် မိသားစု၏ အိမ်ဖော်အဖြစ် ယူဆကြသည့်အခါ၌ မူကြေကွဲရပြန်၏။

သို့သော်လည်း ကျမမိခင်က မြန်မာနိုင်ငံသားများကြားမှ သူ၏ အနေအထားအတွက် ဂုဏ်ယူဝင့်ကြွားခြင်း မရှိခဲ့ပါ။ သူ၏ ပုံရိပ်နှင့် ရေပန်းစားမှုကို အလေးမထားခြင်းက ကျမအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု သင်ခန်းစာတခု ဖြစ်ခဲ့သည်။

၁၉၉၀ နှစ်များအတွင်းက ရုပ်ရှင်နှင့် ရုပ်မြင်သံကြားတွင် အောင်မြင်စ ပြုနေပြီ ဖြစ်သည့် အလုပ်ကို စွန့်ခွာရာတွင် ကျမကို အထောက်အကူ ဖြစ်စေခဲ့ပါသည်။ ထိုစဉ်က ကျမကို အာကာသမှ လာသည့် ဂြိုဟ်သားများနှင့် ထူးခြားသော ပုံစံများတွင် သရုပ်ဆောင်ရန် အများဆုံး ကမ်းလှမ်းခံခဲ့ရသည်။ သို့သော် စာရေးခြင်းက ကျမကို ဂုဏ်သိက္ခာရှိစေခဲ့သည်။

မိခင်၏ အပျိုဘဝ နာမည်က လွီဇာဘင်ဆင်ဖြစ်ပြီး ၊ သူ၏ ဖခင်မှာ စပိန်အနွယ် ဂျူးလူမျိုးတဦး ဖြစ်ကာ မိခင်မှာ ကရင်တိုင်းရင်းသူတဦးဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြိုကာလ မြန်မာနိုင်ငံသို့ စစ်မရောက်မီအချိန်မှာ မိခင်ကို မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ စစ်အတွင်း၌ သူ၏ ဖခင် က မိသားစုကို ရန်ကုန်မြို့နှင့် ဝေးရာ မြန်မာပြည်မြောက်ပိုင်းသို့ ခက်ခဲကြမ်းတမ်းသော မိုင် ၉၀၀ ခရီးကို ဖြတ်ကာ ဦးဆောင်သွားခဲ့သည်။

စစ်ပြေးရာ လမ်းတလျှောက် အစုလိုက်အပြုံလိုက် အသတ်ခံထားရသည့် ရုပ်အလောင်းများကို တွေ့ရသည်မှာ ကြောက်စရာကောင်းလှသည်၊ အဖိုးမှာ ဖမ်းဆီးခံရသော်လည်း ပြန်လည်လွတ်မြောက်လာသည်။

စစ်ပြီးခေတ်တွင်မူ ကျမအဖိုးမှာ ကုန်တင်ကားများ၊ ရေခဲစက်များနှင့် အအေးပုလင်း စက်ရုံများ ပါဝင်သည့် စီးပွားရေး အင်ပါယာတခု ထူထောင်နိုင်ခဲ့သည့် အတွက် မိသားစု ပြန်လည်အဆင်ပြေလာခဲ့သည်။ မြန်မာနိုင်ငံမှ အချမ်းသာဆုံး လူများထဲတွင် အဖိုးလည်း တဦးအပါအဝင် ဖြစ်ခဲ့သည်။

သူတို့၏ ဧည့်ခန်းထဲတွင် စတိန်းဝေး စန္ဒယားကြီးတလုံးရှိပြီး သရက်ပင်တန်းများကြားမှ သူတို့၏ ဆင်ဝင်သို့သွားသည့် လမ်းက နေစဉ်လိုပင် ဈေးသည်များကို ကြိုဆိုနေသည်။

အဖိုး၏ စီးပွားရေးလုပ်ငန်းများမှာကဲ့သို့ပင် သူ့အိမ်က ဝန်ထမ်းများမှာလည်း ကရင်တိုင်းရင်းသားများ ဖြစ်ကြပြီး စစ်အတွင်း က သူ့ကို ကာကွယ်ပေးခဲ့သူများကို ကျေးဇူးသိသည့် အနေဖြင့် ကရင်တိုင်းရင်းသားများကို အလုပ်ပေးထားခြင်း ဖြစ်သည်။

၁၉၄၆ ခုနှစ် အင်္ဂလန်သို့သွား၍ ဗြိတိသျှ အစိုးရထံ ကရင်တိုင်းရင်းသားများ အရေး တောင်းဆိုသော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကို သူက ငွေကြေးထောက်ပံ့ခဲ့သည်။ ထိုအစီအစဉ် အလုပ်မဖြစ်သည့်အခါ ကျမအဖိုးက အခြား ကရင်လူမျိုးများနှင့် ပူးပေါင်း၍ မြန်မာပြည်သူများ အားလုံး အခွင့်အရေးတန်းတူ ညီမျှစွာရရှိရေးကို ငြိမ်းချမ်းစွာ တောင်းဆို ခဲ့သည်။ သို့သော်လည်း ဗမာများ လွှမ်းမိုးထားသည့် အစိုးရက အခြားအစီအစဉ် တခု ရှိနေကြောင်း ပြသခဲ့သည်။

၁၉၄၉ ခုနှစ် အစောပိုင်း ပြည်တွင်း စစ်ပေါ်ပေါက်လာသည်။ ထိုတည သူ့မိဘများ၏ ပါတီပွဲမစမီ အသက် ၇ နှစ် အရွယ် အမေက ဖန်ခွက်ငယ် တခုအတွင်းမှ ပရုပ်နံ့ပါပြီး အရသာချိုသော အရက် တမျိုးကို အနည်းငယ်ခိုးသောက်ခဲ့ပြီး ထိုည က အစေခံများက မည်ကဲ့သို့ အားစိုက်ခွန်စိုက် အလုပ်လုပ်ကြရပုံ၊ ကြမ်းပြင်ကို မှန်လို အရောင်ထွက်လာအောင် တိုက်ကြ ရခြင်း၊ သူတို့ အိမ်အတွင်းသို့ ဧည့်သည်များ မည်ကဲ့သို့ တသီတတန်း ဝင်လာကြပုံ နှင့် လည်ပင်းတွင် ပဝါစည်း ထားသော သူတို့ မိသားစု၏ မိတ်ဆွေ တဦးက သူ့ကို ပွေ့ချီ၍ Nat King Cole ၏ တေးသံ အတိုင်း လှည့်ကာ လှည့်ကာ ခေါ်သွားပုံ တို့ကို ကျမမိခင် မှတ်မိနေပါသည်။

နောက်ညမှာတော့ သူတို့ ရပ်ကွက်အတွင်းတွင် သေနတ်ပစ်သံတွေကြားရသည်။ သူတို့ မိသားစုအတွက် ဒုတိယ အကြိမ် မြောက် ဆုံးရှုံးမှုများနှင့် ထွက်ပြေးရခြင်းဖြစ်ပြီး၊ အဖိုးသည် နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး နှစ်အနည်းငယ် ထောင်ထဲတွင် နေခဲ့ရ သလို အဖွားသည်လည်း လအနည်းငယ် ပျောက်ဆုံးသွားခဲ့ပြီး၊ အင်းစိန်တိုက်ပွဲကာလ အဖိုး၏ စောဘင်ဆင်ခြံသည်လည်း စစ်မြေပြင်ဖြစ်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် သူတို့ မိသားစု ရန်ကုန်သို့ ပြန်ရောက်လာသည့်အခါ ပစ္စည်းများ ခိုးယူခံထားရသည့် သူတို့အိမ်၏ နံရံပေါ်တွင် သွေးများဖုံးလွှမ်းနေသည်။ မိုးရွာတိုင်း သစ်ပင်တွေပေါ်က ကျည်ဆံတွေ ကျလာတတ်သည်။

အလှပြရသည့် လောက အတွင်းသို့ ကျမ မိခင် ဝင်ရောက်သည့် အချိန်တွင် အသက် ၁၀ နှစ်သာ ရှိသေးပြီး ထောင်ကျ နေသော သူ၏ ဖခင်အတွက် ဖြစ်သည်။ သူ့မိခင်က ရေးဆွဲခဲ့သော ထိုအစီအစဉ်မှာ အရေးပိုင်၏ ဇနီးကို ဆွဲဆောင်ရန် ဖြစ်သည်။

မြန်မာဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသည့် အရုပ်ကလေးနှင့် တူသော မိန်းကလေးက အဆိုပါ အမျိုးသမီး၏ သနား ကြင်နာမှုရရှိအောင် ဆွဲဆောင်နိုင်ခဲ့သောကြောင့် ကျမ၏ အဖိုး ချက်ချင်းလွတ်ခဲ့ပါသည်။ သို့သော်လည်း မကြာမီမှာပင် သူ့ကို နေအိမ် အကျယ်ချုပ်ချထားခြင်း ခံခဲ့ရသည်။

မယုံနိုင်စရာ ကောင်းသည်မှာ မိသားစု လွတ်လပ်ခွင့်နှင့် ငွေကြေးပိုင်ဆိုင်မှုတို့ ဆုံးရှုံးရသော်လည်း ကျမ မိခင်၏ ကျော်ကြားမှုက တရှိန်ထိုးတက်လာခြင်း ဖြစ်သည်။ ရိုးသားမှုနှင့် အများနှင့် မတူသော ဂျူး-ကရင် အလှအပ(ကောက်ကွေ့ သောအနက်ရောင် ဆံပင်ရှည်များ၊ ရွှန်းစိုသော မျက်လုံးကျယ်ကျယ်များ နှင့် ဆိုဖီယာ လော့ရင့် ကဲ့သို့ နှစ်လိုဖွယ်ရာ ကောက်ကြောင်းများ) ပေါင်းစပ်ထားသည့် ကျမမိခင်က အများသတိထားမိချင်စရာ မိန်းကလေး တယောက်ဖြစ်လာသည်။

အသက် ၁၅ နှစ်တွင် ပထမဆုံး မယ်ဗမာဘွဲ့ကို ရရှိခဲ့သည်။ အသက် ၁၇ နှစ်တွင် ဒုတိယအကြိမ် ရရှိခဲ့သည်။ သို့သော် လည်း သူက ရှက်ရွံ့တတ်သည့် အလှမယ် ဖြစ်သည်။ “ဒေါက်ဖိနပ်နဲ့ လမ်းလျှောက် တတ်အောင်၊ ကိုယ်ဟန် ပြ တတ် အောင် ငါ သင်ခဲ့ရတယ်။ အဲဒါက စိတ်ပျက်စရာကောင်းတယ်။ အဲဒီလို လုပ်မယ့် အစား ငါက ရွှံ့တောထဲမှာ ဘောလုံး ကန်ချင်တယ်။ ဒါမှ မဟုတ် သစ်ပင်တွေ ပေါ်လျှောက်တက်နေချင်တယ်” ဟု သူက ကျမကိုပြောပါသည်။

နောက်ဆုံးတွင် အမေရိကန်၌ ပညာသင်နေသော သူ့အကိုအတွက် ငွေကြေးထောက်ပံ့နိုင်ဖို့ မြန်မာရုပ်ရှင် ဇာတ်ကား တကားတွင် ပါဝင်သရုပ်ဆောင်ရန် ကျမ မိခင် သဘောတူခဲ့ရပါသည်။ ထိုရုပ်ရှင်က သူ့ကို အောင်မြင်မှုဆီသို့ တွန်းပို့ ခဲ့သလို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနေချင်သူ တယောက်အတွက် စိတ်အနှောက်ယှက်ဖြစ်စရာ အောင်မြင်မှုမျိုး ဖြစ်သည်။

အမေရိကန်တွင် အချိန်အနည်းငယ် လာရောက်ပညာသင်ခဲ့ (ထိုအချိန်တွင် ကျမ၏ ဖခင်ဖြစ်လာမည့်သူ နှင့် တွေ့ဆုံ ရင်းနှီး ခဲ့သည်) ပြီးနောက် နောက်ထပ် ရုပ်ရှင်ဇာတ်ကားတကားတွင်ပါဝင် သရုပ်ဆောင်ခဲ့ပြန်သည်။ သူ့မှာ ထည့်စဉ်းစားရမည့် မိသားစု အရေးက ရှိသေးသည်။ ထို့ကြောင့် နာမည်ကျော် တယောက်၏ ဘဝမှာ အသားကျဖို့ သူကြိုးစားခဲ့ပါသည်။

ကျော်ကြားမှုက သူ့ဘဝကို ပြဌာန်းနေဆဲ ဖြစ်ပြီး ဗိုလ်ချုပ်ကြီးနေဝင်း၏ ဇနီးဖြစ်သူ ကစ်တီနေဝင်း(ကစ်တီဘသန်း) အပါ အဝင် တိုင်းပြည်၏ နိုင်ငံရေးမှ ထိပ်တန်းလူများ၏ အာရုံစိုက်ခြင်းကိုလည်း ခံခဲ့ရသည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် မြန်မာ နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်ပြီး ကျမ၏ အဖိုးဖြစ်သူကို ဖမ်းဆီးထောင်ချရာတွင် တာဝန် ရှိသော စစ်တပ် ခေါင်းဆောင် လည်း ဖြစ်သည်။ ပြည်သူများကို ဆယ်စုနှစ်များစွာ ကြမ်းတမ်းရက်စက်စွာ အုပ်ချုပ်ခဲ့သူလည်း ဖြစ်ပါသည်။

ကစ်တီနေဝင်းက အပျော်အပါး မက်မောသူ ဖြစ်ပြီး သူ့အနားတွင် နာမည်ကျော်ကြားသူများက ခြံရံနေခြင်းကို သဘောကျ နှစ်ခြိုက်သူ ဖြစ်သည်။ သူ၏ အရှိန်အဝါကို အသုံးချဖိအားပေး၍ ကျမမိခင်ကို သူပြုလုပ်သည့်ပါတီပွဲ များသို့ တက်ရောက် စေခဲ့သည်။

ဗိုလ်ချုပ်ကြီး နေဝင်း၏ မိသားစုနှင့် ကျမမိခင်တို့၏ နီးကပ်မှုကြောင့် သူ့ကို ဂုဏ်သိက္ခာ ထိခိုက်အောင် စွပ်စွဲပြောဆိုမှုများ နှင့် ရင်ဆိုင်ခဲ့ ရသည်။ ဗိုလ်ချုပ်ကြီး နေဝင်း၏ ချစ်သူ အဖြစ်စွပ်စွဲခံခဲ့ရပြီး ဟောင်ကောင် သို့ ထွက်ပြေး၍ ကိုယ်ဝန်ဖျက်ချခဲ့ သည်ဟု ကောလာဟလ ပြောဆိုမှုများ ထွက်ပေါ်ခဲ့ရသည်။ နောက်ပိုင်းတွင် အူအတက်ခွဲစိတ် ရန် ဆေးရုံသို့ အရေးပေါ် တက်ရသည့် အခါတွင်လည်း ကစ်တီနေဝင်းက ဒါးနှင့် ထိုးသည်ကို တက်ရောက်ကုသဖြင်း ဖြစ်သည်ဟု အပြောခံခဲ့ရ သည်။

တပ်မဟာမှူး ဗိုလ်မှူးချုပ် လင်းထင်သည် ကျမမိခင်ထက် အသက် ၁၆ နှစ်ကြီးသည့် ကရင်လူမျိုး တယောက်ဖြစ်ပြီး မြန်မာနိုင်ငံတွင် နာမည်ဆိုးနှင့် လူသိအများဆုံး တိုင်းရင်းသား လက်နက်ကိုင် တဦးလည်း ဖြစ်ပါသည်။ သူ၏ ဦးခေါင်းခွံထဲ တွင် ကျည်ဆန် တခုရှိသည်။ မြန်မာနိုင်ငံ အနှံအပြားတွင် သူ၏ တရားမဝင် ကလေးများလည်း ပြန့်နှံ့စေခဲ့သူ ဖြစ်သည်။ သူ အသတ်ခံ လိုက်ရပြီဆိုသည့် ကောလာဟလများ မရေမတွက်နိုင်အောင် ထွက်ခဲ့သူလည်း ဖြစ်ပြီး ဗိုလ်မှူးချုပ် လင်းထင် က ကျမ၏ မိခင်ကို လက်ထပ်ခွင့် တောင်းခံခဲ့သည်မှာ ၁၉၆၄ ခုနှစ်တွင် ဖြစ်သည်။ ထိုစဉ်က ကရင်တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးရန် အတွက် ရန်ကုန်သို့ သူရောက်ရှိနေခဲ့ ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုညှိနှိုင်းမှုများက မကြာမီမှာပင် ပျက်စီးခဲ့ရသည်။ သူတို့၏ လက်ထပ်မှုက စိတ်လှုပ်ရှားစရာ ဖြစ်သည်။

နော်လွီဇာ ဘင်ဆင်၏ သမီး Charmaine Craig

မကြာမီမှာပင် သူတို့နောက်သို့ လိုက်နေသည့် ထောက်လှမ်းရေး အရေအတွက်က ၁၀ ယောက် အယောက် ၂၀ ခန့်ရှိလာ သည်။ ကျမ၏ မိခင် နှင့် ဗိုလ်မှူးချုပ် လင်းထင်တို့လည်း မြေအောက်သို့ ပုန်းခိုရင်း စစ်ပွဲဇုန်ဖြစ်သည့် တောတွင်းသို့ ဝင်ရောက်ခဲ့ရသည်။ “ညဘက် ငါ မျက်လုံး ဖွင့်ကြည့်ရင် ဗိုလ်မှူးချုပ်ကို ငါ့ဘေးမှာတွေ့တယ်။ မျက်နှာကျက်ကို ကြည့်ရင်း သူက စစ်ဗျုဟာတွေ စဉ်းစားနေတယ်” ဟု ကျမမိခင်က ပြန်ပြောပြပါသည်။

သူတို့ လက်ထပ်ပြီး ၁ နှစ်ကြာသည့် အခါ ဗိုလ်မှူးချုပ်နှင့် ကျမ မိခင်တို့သည် သူတို့၏ တဦးတည်းသော သားလေးကို ဆုံး ရှုံးခဲ့ရသည်။ မွေးကင်းစမှာပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ပါသည်။ ထို့နောက် ဗိုလ်မှူးချုပ်သည်လည်း ပျောက်ဆုံးသွားခဲ့သည်။

နောက်တကြိမ် ငြိမ်းချမ်းရေးဆွေးနွေးရန် အတွက် ကျမ၏ မိခင်ကို တောတွင်းတွင် ထားခဲ့ပြီး ထွက်ခွာမသွားမီအချိန်တွင် သူ အသတ်ခံလိုက်ရပြီ ဆိုသည့် ကောလာဟလများ ထွက်လာပါက လုံးဝ မယုံကြည်ရန် သတိပေးခဲ့သည်။ တနေ့နေ့ တွင် သူပြန်ပေါ်လာမည် ဖြစ်သည်ဟုလည်း ကတိပေးခဲ့သည်။ သူ ပြန်မလာခဲ့သည့် အချိန်တွင် ကျမမိခင်ကို ရန်ကုန်မှ အာဏာ ပိုင်များက ဆက်သွယ်၍ ဗိုလ်မှူးချုပ်လင်းထင် သေဆုံးသွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မိသားစုနှင့် ပြန်လည်ဆုံဆည်း ရန်အတွက် ရန်ကုန်သို့ ပြန်ရန် တိုက်တွန်းခဲ့သည်။ သို့သော်လည်း သူ၏ ယောက္ခမ ဖြစ်သူက ရေဒီယိုဖြင့် ဆက်သွယ်၍ သတင်းပေးခဲ့သည်။ “ပြန်မသွားနဲ့။ နင့်ကို သူတို့က အပိုင်းအစ တထောင်လောက် ဖြစ်သွားအောင် ခုတ်ထစ်ပစ်လိမ့်မယ်။”

နောက်တနှစ်ကတော့ ကျမမိခင် ပြန်မပြောပြချင်သော ကာလတခု ဖြစ်ခဲ့သည်။ သို့သော်လည်း ကျမမိခင် ကွယ်လွန်ပြီး ရက်သတ္တပတ် အနည်းငယ်ကြာသော အခါ သူ၏ ကျန်ရစ်သော ညီမများထဲမှ တယောက်က ပြီးခဲ့သည့် နှစ် ပေါင်းများစွ ာကထဲက ကျမမိခင် ရေးသားမှတ်တမ်းတင်ခဲ့သော စာမျက်နှာ ၂၆ မျက်နှာကို ကျမထံသို့ ပို့ပေးခဲ့သည်။ သူ မပြောချင် ခဲ့သော ကာလမှ အကြောင်းများ ဖြစ်ပါသည်။

ထိုစာထဲတွင် ဗိုလ်မှူးချုပ်လင်းထင် ပျောက်ဆုံးသွားပြီးနောက် မည်သို့ ဖြစ်ခဲ့သည်ကို တပိုင်းတစ ဖော်ပြထားသည်။

ကျမမိခင်သည် ရှည်လျားကောက်ကွေ့သော ဆံပင်များကို ဖြတ်ပစ်လိုက်ပြီး စစ်ဝတ်စုံ ပြောင်းဝတ်ခဲ့သည်။ ထို့နောက် ဗိုလ်မှူးချုပ်၏ တပ်မဟာကို အခြား ကရင်တပ်ဖွဲ့တခု ရှိရာ တောင်တန်း တခုသို့ ဦးဆောင် ခေါ်ယူသွားခဲ့သည်။

ဗိုလ်မှူးချုပ်လင်းထင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးစားစဉ်က ဆန့်ကျင်ခဲ့သည့် အဖွဲ့လည်း ဖြစ်ပါသည်။ “ဗိုလ်မှူးချုပ်ရဲ့ လူတွေက ငါ့ကို သူတို့တွေ ဝါးမျို မခံရအောင် ညှိနှိုင်းပေးမယ့် ခေါင်းဆောင် တဦးလို ကြည့်ကြတယ်။” ကျမမိခင်က ပြိုင်ဘက် တပ်မဟာရုံးချုပ်သို့ သာမန်ရွာသားများကို စေလွှတ်၍ ဖြတ်ကျော် ခွင့်တောင်းခံခဲ့ရာ သူ့ကို ကိုယ်ရံတော် တဦးနှင့် အတူ ရှေ့ပြေးလာရောက်ခွင့် ရခဲ့သည်။

သူတို့ နှစ်ယောက် သံလွင်မြစ်ကို ဖြတ်ကျော်၍ ပြိုင်ဘက် တပ်မဟာ ဌာနချုပ်သို့ ရောက်သည့် အခါ သူ့ကို ရိုးရာ ကရင် အမျိုးသမီး ဝတ်စုံ လက်ဆောင်ပေးခဲ့သည်။ “ဒါပေမယ့် ငါ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလိုက်တယ်။ အမျိုးသမီး တယောက်လို ဝတ်ထားရင် ညှိနှိုင်းတဲ့ အခါမှာ အားသာချက်ရမှာ မဟုတ်ဘူး” ဟု သူက ရေးသားခဲ့သည်။

ကျမမိခင် ရေးသားခဲ့သည့် မှတ်တမ်းက ဤမျှနှင့် ရပ်တန့်သွားခဲ့သော်လည်း သူကိုယ်တိုင်နှင့် အခြားသူများ၏ ပြောပြချက် များအရ ကျမမိခင်သည် ပြိုင်ဘက် တပ်မဟာမှူးကို ပြန်လည်သင့်မြတ်ရေးအတွက် အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီး တိုင်းရင်းသား လူမျိုးစုများကြား ငြိမ်းချမ်းရေး အစီအစဉ်တခု ဖြစ်လာအောင်ဆွဲဆောင်နိုင်ခဲ့သည်။

အစိုးရက တိုင်းရင်းသား လူနည်းစု အဖွဲ့များကြားတွင် သွေးခွဲထိန်းချုပ်သည့် စာနာမှုကင်းမဲ့သော အစီအစဉ်ကို ပြန်လည် စတင်နေသည့် အချိန်တွင် အလွန်ထူးခြား အရေးပါသော ဆောင်ရွက်မှုတခုဖြစ်ခဲ့ပါသည်။ ထိုင်း- မြန်မာ နယ်စပ်တွင် စစ်သားတယောက်လို သူနေထိုင်ခဲ့သည်။ တိုင်းရင်းသား ခေါင်းဆောင်များကြားတွင် ဆက်သွယ်ပေးသူတဦး အဖြစ် ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်းနှစ်များအတွင်း သူ ဖြတ်သန်းခဲ့ရသည်များ (၁၉၆၇ ခုနှစ်တွင် သူ့လူများကို ခွဲခွာခဲ့ရသည့် အကြောင်းရင်းများနှင့် သူ့ကို ၈ နှစ်ကြာ တိတ်တခိုး ချစ်နေခဲ့သည့် ကျမ ဖခင်နှင့် လက်ထပ်ခဲ့ခြင်း) က ကျမအတွက် တိမ်မြှုပ်နေသော လျှို့ဝှက် ဆန်းကျယ်မှုများ အဖြစ်ရှိနေဆဲ ဖြစ်ပါသည်။

ကျမ ဖခင်က (ယခုအခါ အများစုက အမေရိကန် နိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သော) ကျမမိခင်၏ မိသားစု နှင့် ဆက်သွယ် ခဲ့ပါသည်။ နောက်ဆုံးတွင် ကျမမိခင်ထံ စာတစောင်ရေးသား၍ သူ၏ အချစ်ကို ဖွင့်ဟ ဝန်ခံခဲ့ပြီး သူတို့ ဘန်ကောက်မြို့ တွင် ပြန်လည် ဆုံဆည်းခဲ့ကြသည်။ ထို့နောက် အမေရိကန်နိုင်ငံသို့ သူ၏ ဇနီးသည် အဖြစ်ဝင်ရောက်နိုင်ရန် စီစဉ်ပေး ခဲ့ပါသည်။

“မင်း တခုခု လုပ်မယ်ဆိုရင် ကိုယ့်အတွက်ရော တခြားသူတွေ အတွက်ပါ စဉ်းစားရမယ်။ တကယ်လို့ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားမယ် ဆိုရင် မင်းက နွားမ တကောင်ထက်တောင် သာမှာ မဟုတ်ဘူး” ဟု ကျမမိခင်က မကြာခဏပြော လေ့ရှိပါသည်။

ကျမကို မွေးဖွားခဲ့ပြီး နောက်ပိုင်းတွင် မိခင်တယောက်၏ ဘဝထဲတွင် သူ နစ်မြုပ်သွားခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ တွင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုမှုကို စစ်တပ်က ဖြိုခွဲလိုက်သည့် အချိန်တွင် မြန်မာ့ ဒီမိုကရေစီအရေး နှင့် လူ့ အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် တယောက် အဖြစ် သူပြန်လည်ပေါ်ထွက်လာခဲ့ပါသည်။

တိုင်းရင်းသားများကြားတွင် ဆွေးနွေးညှိနှိုင်းရေး၊ ကလေးသူငယ်များ နှင့် စစ်ရှောင်ဒုက္ခသည်များကို ကာကွယ်ပေးရေးတို့ အတွင် တက်ကြွစွာ တောင်းဆိုလှုပ်ရှားခဲ့သည်။ နောက်ဆုံးတွင် ဒုက္ခသည် ၅၀၀၀၀ ကျော် အမေရိကန်နိုင်ငံတွင် အခြေချ နေထိုင် ခွင့်ရရှိရေး အတွက်လည်း ဆောင်ရွက်ခဲ့သည်။

ကျမမိခင်၏ ဘဝအကြောင်းကို အခြေခံရေးသည့် ကျမ၏ ဝတ္တု (ပထမ version) ကို စွန့်လွှတ်ခဲ့ပြီး များမကြာမီ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကျမမိခင် ကွယ်လွန် ခဲ့ပါသည်။
နောက်ရက် အနည်းငယ်ကြာသည့် အခါ လော့စ်အိန်ဂျယ်လိစ်မြို့ Baldwin Park တွင် မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း အဖြစ်ပြုလုပ်ထားသည့် အဝါရောင် အိမ်တလုံးသို့ ကျမ ရောက်ရှိ ခဲ့ပါသည်။ ကျမမိခင်ကို ဂုဏ်ပြုသည့် အခမ်း အနားသို့ တက်ရောက်ရန် ကျမကို ဖိတ်ကြားခဲ့၍ ဖြစ်ပါသည်။

ဘုန်းကြီးကျောင်းသို့ အရင်က ကျမတကြိမ်မျှ မရောက်ဖူးပါ။ သို့သော်လည်း ဗုဒ္ဓဘာသာဝင် တယောက်မဟုတ်သည့် ကျမ မိခင်က အားပေးနှစ်သိမ့်မှုများ သွားရောက်ပြုလုပ်သလို သူကိုယ်တိုင်လည်း နှစ်သိမ့်မှု ခံယူသည့် နေရာတခု ဆိုသည်ကို မူသိပါသည်။

ထိုနေရာတွင် ကျမမိခင်က “ဘုန်းဘုန်း” ဟု ချစ်ခင်ရင်းနှီးစွာ ခေါ်ဝေါ်သော ဘုန်းတော်ကြီး တပါး ရှိပါသည်။

မြန်မာနိုင်ငံတွင် ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်လုပ်စဉ် အတွင်း စစ်တပ်က သောင်းနှင့်ချီသော ကျေးလက်ပြည်သူများကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း ၊ သတ်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်း သို့မဟုတ် နှိပ်စက် ညှဉ်းပမ်းခြင်းတို့ ကို ယူနိုကယ် ကော်ပိုရေးရှင်းက မျက်ကွယ်ပြုခဲ့သည့် အတွက် မြန်မာနိုင်ငံမှ အမည်မသိ တရားလိုများ၏ ကိုယ်စား ကျမ မိခင်က နိုင်ငံတကာသိ တရားရင်ဆိုင်ပေးရန် ကြိုးစားစဉ်က အဆိုပါ ဘုန်းတော်ကြီး နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အမှတ်တရများက ကျမထံက အလွယ်တကူ ပျောက်ပျက်မသွားပါ။ ယခု မေလအတွင်းတွင် ထုတ်ဝေမည့် ဝတ္တု၏ နောက်ဆုံး version ကို ရေးသားသည့် အချိန်အထိဖြစ်ပါသည်။

ဘုန်းကြီးကျောင်းတွင် “ဘုန်းဘုန်း” အပါအဝင် ဘုန်းတော်ကြီးများက တရားစာများကို အထပ်ထပ် ရွတ်ဆိုနေစဉ် ကျမမိခင်၏ ဝိဉာဉ် အရိပ်အယောင် ကို နေရာအနှံ့ အပြားတွင် ရှာဖွေကြည့်မိပါသည်။ အလေးအမြတ်ထားသော ပစ္စည်းများထည့်ထားသည့် ဘီရိုတခုမှ အလင်းပြန်နေသည့် မှန်ထဲတွင်၊ ဖွင့်ထားသည့် ပြတင်းပေါက်မှတဆင့် အဖြူရောင်နေ့ခင်းထဲတွင်၊ ပုလ္လင်ထက်မှ ဗုဒ္ဓ၏ မျက်နှာ ပေါ်တွင်၊ ဘုန်းဘုန်း၏ အံ့အားသင့်ဖွယ်ရာ အပြစ်ကင်းစင်သော မျက်လုံးများထဲတွင် ရှာကြည့်မိပါသည်။

အခမ်းအနားပြီးသည့် အချိန်တွင် ပုလ္လင်နား၌ ကျမနှင့် ဘုန်းဘုန်းတို့ ၂ ယောက်ထဲ ထိုင်နေခဲ့ကြသည်။ နံရံတွင်တန်းစီ၍ ခေါက်ထားသည့် ကုလားထိုင်များထဲမှ တခုကို သူကညွှန်ပြပြီး၊ “သူအဲဒီမှာ ထိုင်ခဲ့တယ်” ဟု ဘုန်းဘုန်းက ပြောသည်။

ထို့နောက် နေရာတိုင်းကို လက်ညိုးထိုးပြ၍ “သူအဲဒီမှာ ထိုင်တယ်။ နောက်တခါကျတော့ ဟိုမှာထိုင်တယ်။ ငါ့ကို ပြောစမ်း ပါ။ သူက ငါတို့နဲ့ အတူ ဒီမှာ ရှိနေတယ်လို့ မင်းထင်သလား။”

“ဘုန်းဘုန်း ဘယ်လို ထင်သလဲ” ဟု ကျမက ပြန်မေးလိုက်သည်။

“ငါက မင်းကို အရင်မေးတာပါ” ဟု သူက တုန့်ပြန်သည်။ “မင်းဒီကို လာမယ်လို့ ငါကြားတော့ သူက မင်းနဲ့ အတူလာမယ် လို့ ကိုယ့်ကိုယ်ကို ပြန်ပြောခဲ့တယ်။ သူဒီကို လာကောင်းလာနိုင်တယ်လို့” မရေရာသော သူ့မျက်လုံးများက ကျမထံမှ နေ၍ ကျောင်း၏ အစွန်းများဆီသို့ ရွေ့လျားသွားသည်။ “သူသေပြီ ဆိုတာ ငါမယုံနိုင်ဘူး။ ငါမယုံဘူး”

ခနကြာမျှ ကျမတို့ ငြိမ်သက်စွာ ထိုင်နေကြသည်။ သက်သေအထောက်အထား နှင့် ယုံကြည်မှု၊ စိတ်ပျက်ခြင်း နှင့် မယုံကြည်ခြင်း တို့ အကြောင်းကို စဉ်းစားနေမိကြသည်ဟု ကျမထင်ပါသည်။

နောက်ဆုံးတွင် ဘုန်းဘုန်းက ဆက်ပြောသည်။ “မင်းသိလား။ သူက ငါ့မိတ်ဆွေပါ။ ငါ့မိတ်ဆွေ အကြောင်းပြောရင် ငါ ငိုချင်တယ်။ သူက စိတ်ထားကောင်းတယ်။ သူက ငါတို့မျှော်လင့် ချက်ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တယ်။”

ကျမ၏ ကလေးဆန်သော စိတ်က သူ(ကျမ၏မိခင်) ၏ ကမ္ဘာကို ကျမနှင့် စ၍ ကျမနှင့်ပဲ ဆုံးဖို့ ပြင်းပြစွာ တောင့်တနေဆဲ ဖြစ်ပါသည်။ သို့သော်လည်း ကျမသိခဲ့ပါသည်။ အမြဲတမ်းလည်း သိခဲ့ပါသည်။ သူ့ကို မြန်မာနိုင်ငံကသာ ပိုင်ဆိုင်ပါသည်။

(Los Angeles Times သတင်း၌ ဖော်ပြသည့် Charmaine Craig ၏ My Mysterious Mother: Beauty Queen, Rebel Leader, National Icon ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading