စာရေးသူသည် သင်္ကြန်ပွဲတော် မတိုင်မီက ကရင်ကျေးရွာများ၊ ကရင်ပြည်နယ် အပိုင်းရှိ စစ်တောင်းမြစ်ရိုးရှိ မြို့ငယ်များမှ မိသားစုများ ဆွေမျိုးများနှင့် တပတ်တာမျှ အတူနေထိုင်ခဲ့သည်။
အရှေ့ဘက်တွင် ပဋိပက္ခ ဖြစ်ပွားနေသော ဒေါန တောင်တန်း ရှိနေပြီး ထိုနေရာတွင် အစိုးရထိန်းချုပ်သည့် မြေနိမ့်ဒေသ တောင်ခြေအထိ ရောက်ရှိနေကာ ထိုနေရာတွင် ကရင်အမျိုးသား အစည်းအရုံး (Karen National Union – KNU) နှင့် မြန်မာစစ်တပ်တို့ ကာလကြာရှည်စွာ အပြန်အလှန် သိမ်းပိုက်နေသော ဒေသ ဖြစ်သည်။
ထိုနေရာမှ အထက် တောင်တန်းများကိုမူ ကရင်လွတ်မြောက်ရေး တပ်မတော် (National Liberation Army) ၏ တပ်မဟာ ၂၊ ၃ နှင့် ၅ တို့က ကျယ်ပြန့်လှသော နယ်မြေကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။
စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းတွင်မူ လွန်ခဲ့သော ၂ နှစ်ခန့် အထိပင် နိုင်ငံခြားသားများ သွားရောက်ခွင့် မရှိသော၊ အစိုးရ အာဏာပိုင်များနှင့် KNU သြဇာ ရောထွေးနေသော ဒေသများရှိသည်။ သို့သော် မြစ်ဝှမ်း၏ အများစု ဒေသများ မှာမူ အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေပြီး ၁၉၅၀ ခုနှစ်များမှ စ၍ တိုက်ပွဲဖြစ်ပွားခြင်း မရှိသလောက်ပင် ဖြစ်သည်။ ကရင်လူမျိုးစု လက်နက်ကိုင်များသည် ပဲခူးရိုးမမှ အနောက်ဘက် အထိ ဒေသများကို ၁၉၇၀ ခုနှစ်များ အလယ်အထိ ဆက်လက် ထိန်းချုပ်နိုင်ခဲ့ကြသည်။
မည်သို့ပင် ဆိုစေကာမူ ဒေသခံ ကရင်လူမှု အသိုင်းအဝန်းသည် ၎င်းတို့၏ လူမျိုးရေး၊ ဘာသာရေး လက္ခဏာ အတွက် သက်သက် ဖိနှိပ်မှုများကို ၁၀ စုနှစ် များစွာ ခံနေရသဖြင့် ထိုဒေသ အများအပြားကို ပဋိပက္ခ သက်ရောက်ရာ ဒေသများ အဖြစ် သတ်မှတ်နိုင်ဆဲ ဖြစ်သည်။
စာရေးသူနှင့် အဖွဲ့သည် တောင်ငူ (စကောကရင် ဘာသာဖြင့် တော်ဦး) နှင့် သံတောင်ကြီး အကြားရှိ ကရင်ကျေးရွာများ၊ မြို့ပြ ရပ်ကွက်များသို့ သွားရောက်ခဲ့သည်။ သံတောင်ကြီးတွင် စာရေးသူနှင့် အဖွဲ့သည် ကျော်ကြားလှသော နော်ဘူးဘော် ဝတ်ပြုတောင်၊ ကျောက်ကြီး (လာဒို့) နှင့် ညောင်လေးပင် (ကလားလွီထူး) တို့သို့ သွားရောက်ခဲ့သည်။
ယခင်နှစ် ထိုအချိန်က အနည်းငယ် ပိုမို အေးသည်ဟု ထင်မိသော်လည် ယခု ပူလောင်လှပြီး တခါတရံတွင် ဖုန်ထူသည်။ စာရေးသူတို့ သွားရောက်ခဲ့သော အိမ်များမှာ ခမ်းနားလှသော ကျွန်းသစ်မာများ၊ ပလာစတာ နံရံများနှင့် ကြီးမား ကျယ်ဝန်းပြီး နှိုင်းယှဉ်ချက်အားဖြင့် ပိုမို အေးမြကြသည်။
စာရေးသူကို တခါတရံ သတိပေးခဲ့သည့် အတိုင်း အထူးသဖြင့် ခရစ်ယာန် ကရင်လူမှုအသိုင်းအဝန်းမှာ အောင်မြင် ကြွယ်ဝခဲ့သည့် ဗြိတိသျှခေတ် နေ့ရက်များမှ ခေတ်ကောင်းမီခဲ့သော သစ်လုပ်ငန်း မိသားစုနှင့် မှေးမှိန်သွားခဲ့ပြီ ဖြစ်သော လူနေမှု အဆင့်အတန်း မြင့်မားခြင်း စသည်တို့ကို စာရေးသူ ခံစားမိသည်။
အားလပ်ရက်ခရီးလည်း ဖြစ်၊ လူမှုရေးသက်သက် လည်ပတ်ခြင်းလည်း ဖြစ်သောကြောင့် ယခုရေးသားသည့် ပြန်ပြောင်း သတိရမိသည် များသည် စာရေးသူတို့ကို ဧည့်ခံခဲ့ကြသော ဒေသခံ အိမ်ရှင်များ၏ နေ့စဉ်လုပ်ငန်းဘဝကို ကိုယ်စားပြု နိုင်မည် မဟုတ်ပေ။ စာရေးသူတို့ တွေ့ဆုံခဲ့သူများတွင် စကောကရင် မဟုတ်သူ၊ ခရစ်ယာန်ဘာသာဝင် မဟုတ်သူ နည်းပါး လှသောကြောင့် အံ့သြမိသည်။ ကျေးလက်နှင့် တောတပိုင်း မြို့တပိုင်းဖြစ်နေသော မြန်မာနိုင်ငံ၏ ထိုဒေသများကို ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေး အရာရှိ တဦးဖြစ်သည့် ဂျေအက်စ်ဖာနီဗယ်၏ လူမျိုးစုံ လူ့အဖွဲ့အစည်း ဟူသော စကားနှင့်ပင် ဝိသေသပြု ပြောနိုင်သေးသည်။
ကိုလိုနီခေတ် မြန်မာ့လူ့အဖွဲ့အစည်းသည် (အနည်းဆုံး မြိုတော်ရန်ကုန်သည်) တူညီသော အမျိုးသား စရိုက် လက္ခဏာ မရှိသော (လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ရှိနေပြီး) တဦးနှင့် တဦး ဈေးတွင်တွေ့မှ ဆက်ဆံကြသော လူမျိုးစု အသိုင်းအဝန်းများ၏ ကွဲပြာခြားနားသော အစိတ်အပိုင်းများ ၏ အစုအဝေးမျှသာ ဖြစ်သည် ဟု “သတ္တဝါကြီးကို ပုံသွင်းခြင်း- မြန်မာနိုင်ငံတွင် ဗြိတိသျှအုပ်ချုပ်ရေးအစ (The Fashioning of Leviathan: The Beginnings of British Rule in Burma)” အမည်ရှိ စာအုပ်တွင် သူ ရေးသားခဲ့သည်။
အနောက်တိုင်း ယဉ်ကျေးမှုတွင် တွေ့ရတတ်သော ရှပ်ထွေးလွန်ကျူးသည့် နည်းလမ်းဖြင့် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကူညီမှုများဖြင့် ၎င်းတို့ အချင်းချင်းကြား ဖော်ပြကြသည့် အချင်းချင်း စောင့်ရှောက် ကူညီကြသည့် မေတ္တာ တရားကြောင့်လည်း စာရေးသူ တုန်လှုပ်မိသည်။ ဥပမာဆိုရပါက မြစ်အနောက်ဘက်ကမ်းရှိ ရွာတရွာတွင် ယောက်ျားအားလုံး နီးပါး လုပ်အားပေးပွဲတွင် ပါဝင်ဆောင်ရွက်နေခြင်း မျိုး ဖြစ်ပါသည်။
ယခင်ကဆိုလျှင် ထို လုပ်အားပေး ဟူသော ဝေါဟာရသည် ယခင် စစ်အစိုးရ၏ ကျယ်ပြန့်လှသော အတင်းအကျပ် လုပ်အားပေး စေခိုင်းမှုကို ဖုံးကွယ်သော စကားအဖြစ် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သို့သော် လုပ်အားပေးသည် ဟူသော အယူအဆမှာ ကရင်များတွင်သာမက မြန်မာတနိုင်ငံ တဝန်းလုံးရှိ ကျေးလက် ဒေသများတွင် နက်ရှိုင်းရှည်ကြာစွာ တည်ရှိနေသာ အစဉ်အလာ ဖြစ်သည့် ရပ်ရွာလုပ်အား ဓလေ့မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို ခရစ်ယာန် ကျေးရွာလေးတွင် အမျိုးသားများသည် ဆေးပေါ့လိပ်ကို အားရပါးရ ဖွာကြရင်း မိုးရာသီ မစတင်မီ ကျေးရွာလမ်းကို ပူးပေါင်း အဆင့်မြှင့်တင်ကြသည်။
သူတို့၏ လုပ်အားများကို အမှန်တကယ် အခမဲ့ ပေးကြပုံရသည်။ ထိုလုပ်အားကို အသုံးပြုစေရာတွင် ပါဝင် ပတ်သက်သော ဆက်ဆံရေးစနစ်နှင့် အချင်းချင်းအကြား ဖိအားတို့ကို စာရေးသူ မသိနိုင်သော်လည်း ၎င်းတို့ လုပ်ကိုင်နေကြပုံမှာ ချွေးတလုံးလုံးကြား သဘောရိုး နောက်ပြောင်စကားများဖြင့် ချစ်ချစ်ခင်ခင် ရှိလှသည်။ “ဒါကို ကျနော်တို့ဘာသာ ကျနော်တို့ လုပ်ရမှာပဲ။ အစိုးရက ကူညီတာကိုသာ စောင့်နေရင် တသက်လုံး စောင့်နေရမှာ” ဟု ရွာသားတဦးက စာရေးသူကို ရှင်းပြသည်။
အထူးသဖြင့် အရှေ့ဘက်ကမ်းရှိ ပဋိပက္ခ သက်ရောက်မှု ပိုမိုကြီးမားစွာ ခံရသော ရွာများနှင့် စာရေးသူ သွားရောက် ခဲ့သော ရွာများ အားလုံးနီးပါးတွင် ရွာသားများက အစိုးရအပေါ် အယုံအကြည် ကင်းမဲ့မှုနှင့် ကင်းကင်းရှင်းရှင်း နေလိုသည်ကို ဖော်ပြကြသည်။ စနစ်တကျ အတင်းအကျပ် စေခိုင်းခြင်း၊ ရွာသားများကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ လနှင့်ချီကာ ရှေ့တန်းစစ်မြေပြင်သို့ ပေါ်တာဆွဲခြင်းများ အပါအဝင် ဆယ်စုနှစ်ပေါင်း များစွာ အခွင့်အရေး ချိုးဖောက်မှုများကြောင့် ထိုအချက်မှာ အံ့သြဖွယ်ရာတော့ မဟုတ်ပါချေ။
စာရေးသူ သိသလောက် ပြောရလျှင် ထို ကရင်ခရစ်ယာန်များသည် KNU ကို လေးလေးနက်နက် လေးစားမှုနှင့် ကရင်လူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် လက်နက်ကိုင်တိုက်ပွဲကို ထောက်ခံမှု ရှိကြသည်။ သို့သော် ၎င်းတို့ အနက် အနည်းငယ်သာ KNU နိုင်ငံရေးနှင့် ၂၀၁၂ ခုနှစ်မှ စတင်သော အပစ်အခတ် ရပ်စဲရေး သို့မဟုတ် မြန်မာအစိုးရ၊ စစ်တပ်တို့နှင့် လုပ်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သိနားလည်သည်၊ သို့မဟုတ် စိတ်ဝင်စားကြသည်။ ထို့အတူ လူအများအပြားတို့က KNU ထိန်းချုပ်ဒေသများတွင် သစ်ထုတ်လုပ်ခြင်းနှင့် ရွှေတူးဖော်ခြင်း လုပ်ငန်းများကြောင့် သဘာဝသယံဇာတနှင့် လူမှုစနစ်အပေါ် ထိခိုက်မှုများ အတွက်လည်း စိုးရိမ်မကင်းကြောင်း ဖော်ပြကြသည်။
ဒုတိယ ကမ္ဘာစစ်အပြီးတွင် မြန်မာနှင့် ကရင်ကို စွန့်လွှတ်ခဲ့ခြင်း အတွက် အင်္ဂလိပ်၏ တာဝန်ရှိမှုကို ထုတ်ဖော် ပြောဆိုသူ တဦးမက ရှိသည်။ မြန်မာနိုင်ငံကို ထောက်ပံ့ရန်နှင့် ကရင်များကို ခွဲခြားဆက်ဆံမှုနှင့် အခွင့်အရေး ချိုးဖောက်မှုများမှ ကာကွယ်ရန် အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်လာမလား ဟုလည်း စာရေးသူကို မေးကြသည်။
လက်ရှိစိုးရ၏ သက်တမ်းနှင့် ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ရွေးယောက်ပွဲ နောက်ပိုင်း အပြောင်းအလဲ မရှိသလောက်ပင် ဖြစ်သည် ဟု ပြောကြသည်။ ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်၏ ယခင်အစိုးရ အာဏာရလာပြီးနောက် ပိုမို လွတ်လပ်စွာ သွားလာ၊ ပြောဆို၊ ဖွဲ့စည်းနိုင်ခြင်းတို့ အပါအဝင် တိုးတက်မှုအချို့ကို တွေ့ခဲ့ရသည်။
စာရေးသူ၏ ဇနီးသည်နှင့် ဆွေမျိုးများသည် အခွင့်အရေးချိုးဖောက်ခံရမည်ကို ယခင်ကလောက် စိုးရိမ်စရာ မလိုဘဲ တဦးနှင့် တဦး ပိုမို လွယ်ကူစွာ သွားရောက် လည်ပတ်နိုင်ခဲ့ကြသည်။ သို့သော် အသက်မွေးဝမ်းကျောင်းများမှာ မျာများစားစား ပြောင်းလဲခြင်း မရှိဘဲ လက်ရှိအစိုးရသည် ကရင်အသိုင်းအဝန်းကို ကူညီရန် လုပ်ဆင်မှု မရှိသလောက်ပင် ဖြစ်နေသည် ဟူသော ထင်မြင်ချက်များ ရှိနေသည်။
ထိုသို့သော အတွေးအတွက် မည်သူမျှ အံ့သြပုံ မရကြပေ။ အစိုးရမှာ ဝေးကွာလွန်းနေပြီး မြန်မာ ဗုဒ္ဓဘာသာများက လွှမ်းမိုးထားသည်။ ကရင်လူမှု အသိုင်းအဝန်းများ လုပ်ဆောင်နိုင်သော အကောင်းဆုံးအရာမှ အခွင့်အရေး ချိုးဖောက်မှုများ မကြုံတွေ့ရရန် ရှောင်ရှားခြင်းနှင့် ခေါင်းငုံ့ အရှုံးပေးရန်သာ ဖြစ်သည်။
မည်သည်တို့ ပြောင်းလဲသွားသနည်း ဟု မေးသောအခါ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးနောက် တရားဥပဒေ စိုးမိုးရေး အခြေအနေမှာ သိသိသာသာ ပျက်စီးယိုယွင်းလာသည်ဟု အရှေ့ဘက်ကမ်းရှိ ရွာများမှ ဒေသခံများက ဖြေကြသည်။ ယခု ကျေးလက်နှင့် ကျေးလက်တပိုင်း ဒေသများတွင် သူခိုးများ ပိုမို များပြားလာသည်။ ဒေသခံများ၏ အဆိုအရ ထိုသူများမှာ ပြင်ပမှလူများ၊ တခါတရံ မြန်မာစစ်သားဟောင်းများ စနစ်တကျဖွဲ့စည်းထားသည့် ဂိုဏ်းများ ဖြစ်သည် ဟု သိရသည်။
ရာဇဝတ်မှု အတိုင်းအတာမှာ သေးငယ်သေးသော်လည်း ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းနှင့် စိတ်ချလုံခြုံမှု အပေါ် အဓိက သက်ရောက်မှုကို ဖြစ်စေသည်။ အချို့သော နေရာများတွင် မြို့စွန်များရှိ ခြံငယ်များတွင် စိုက်ပျိုး ထားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးအများအပြား ဂိုဏ်းဖွဲ့ခိုးယူခံကြရပြီး ဒေသဈေးများတွင် ရောင်းချခံကြသည်။ ညဉ့်နက်သန်းခေါင် ၎င်းတို့ကို လက်ပူးလက်ကျပ် မိသည်ဆိုလျှင် ပြန်လည်အကြမ်းတိုက်ခိုက်မှု သို့မဟုတ် အနည်းဆုံး ခြိမ်းခြောက်မှုများ ဖြစ်လာတတ်သည်။
ထိုသို့မဟုတ်လျှင်လည်း ဈေးသွားသောလမ်းတွင် ခိုးရာပါပစ္စည်းနှင့် အတူ မိလျှင်လည်း သူခိုးများသည် အတင့်ရဲစွာဖြင့် ၎င်းတို့၏ ခိုးရာပါ သီးနှံများကို မည်သည့်နေရာမှ ရလာသည်ကို မပြောဘဲ နေကြသည်။ အပစ်အခတ် မရပ်စဲမီက ၎င်းတို့ စိုက်ခင်းသို့ လာသော ရွာသားများသည် အငြင်းပွားဖွယ်ရာ အကြမ်းဖက်မှု သို့မဟုတ် အခွန် ကောက်ခံခြင်း သို့မဟုတ် တိုက်ပွဲများကြားတွင် ညပ်ကြရသည်။ ယခုအခါ ၎င်းတို့သည် စိုက်ခင်းများသို့ ပိုမိုကောင်းမွန်စွာ သွားလာနိုင် ကြသော်လည်း သူခိုးရန်ကို ကြောက်နေရပြန်သည်။
“ငွေမပေးနိုင်ရင် ရဲကို သွားတိုင်လည်း ဘာအဓိပ္ပာယ်မှ မရှိဘူး။ အန္တရာယ်တောင် များသေးတယ်။ တရားမျှတမှု အတွက် ပေးစရာ ငွေမရှိဘူး။ ဒါကြောင့် တိတ်တိတ်လေး နေပြီး သီးနှံတွေ အခိုးခံနေရတယ်” ဟု စာရေးသူကို ပြောသည်။
မကြာသေးမီကမှ ကြီးထွားလာသော အခြားပြဿနာ တခုမှာ မူးယစ်ဆေး အလွဲသုံးမှု ဖြစ်သည်။ ယခင်က အသက်အရွယ် ကြီးသူအချို့သာ ဘိန်းနှင့် ဂန်ဂျာ သုံးစွဲကြသော်လည်း ယခု ယာဘ ခေါ် မက်သာအမ်ဖက်တမင်းကို လူငယ် အများအပြား သုံးစွဲနေကြပြီး ဘိန်းဖြူသုံးစွဲမှုလည်း မြင့်တက်လာနေသည်။
ယခု ပြန်လည်သုံးသပ်ခြင်း အနည်းငယ်မျှသည် စစ်တောင်းမြစ်ဝှမ်းမှ ခရစ်ယာန် ကရင် အသိုင်းအဝန်းများ၏ ဘ၀ ရှုပ်ထွေးမှုနှင့် ကြွယ်ဝသော ဖွဲ့စည်းမှုတို့ကို ခြုံငုံမိရန် မဖြစ်နိုင်ပါ။ ထို အံ့သြဖွယ်ရာ လူများနှင့် ရက်အနည်းငယ် နေထိုင်ခွင့် ရခြင်းမှာ ထူးခြားသော အခွင့်အရေးဖြစ်သည် ဟု မြင်မိသည်။ သူတို့ကိုယ် သူတို့ ဆင်းရဲသည်၊ ပိုမို ဆင်းရဲလာသည်၊ ပိုဆိုးသည်မှာ နိုင်ငံတော်က သူတို့ကို လျစ်လျူရှုထားသည် ဟု မြင်နေကြသည်။ သို့တိုင် ကရင် ကျေးလက်နှင့် ကျေးလက်တပိုင်း ဒေသများမှ လူများသည် ဖွံ့ဖြိုးပြီး လူ့အဖွဲ့အစည်းများတွင် မရှိတော့သည့် နည်းများဖြင့် တဦးနှင့် တဦး စောင့်ရှောက် ကူညီကြသည်။ ထိုအချက်ကို ပညာရှင်များက လူမှုအရင်းအနှီးဟု ခေါ်ကောင်း ခေါ်နိုင်ပေသည်။ ။
(Dr. Ashley South သည် ချင်းမိုင်တက္ကသိုလ်၊ လူမျိုးစုနှင့်ဖွံ့ဖြိုးရေးဌာနမှ သုတေသီတဦး ဖြစ်သည်။ ၎င်း၏ Karen Communities Along the Sittaung River ကို ဘာသာပြန်ဆိုသည်။)