ရခိုင်ပြည်နယ်၌ မိုရာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ အစိုးရ ထုတ်ပြန်ထားသည့် စာရင်းများသည် မြေပြင် တွင် လက်တွေ့ အဖြစ်အပျက်များနှင့် ကွဲလွဲနေကြောင်း သိရသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ အစောပိုင်း ထုတ်ပြန်ချက်များအရ ရခိုင်ပြည် နယ် တွင် အိမ်ခြေ ၁၀၀၀ ဝန်းကျင်သာ ပျက်စီးကြောင်း ဖော်ပြခဲ့သော်လည်း ဇွန်လ ၂ ရက်နေ့တွင် တသောင်းကျော် အထိ မြင့်တက်လာကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။
အလားတူ စာသင်ကျောင်း ၃၀၀ ကျော် ပျက်စီးပြီး ဘာသာရေး အဆောက်အအုံ ၄၈၃ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၂ လုံး၊ ဝန်ထမ်းအိမ်ရာ ၁၈ လုံး၊ ဆေးရုံဆေးခန်း ၂၇ ခု၊ ဒုက္ခသည် စခန်း ၅ ခု စသည်တို့ ပျက်စီးခဲ့ကြောင်း၊ အိမ်ခြေ ၁၆၀ ကျော်သည် လုံးဝ ပျက်စီးသွားခဲ့ကြောင်းလည်း အစိုးရ က ထုတ်ပြန်ထားသည်။
အစိုးရ ထုတ်ပြန်ချက်များသည် လက်ရှိ ပျက်စီးဆုံးရှုံးမှုများနှင့် များစွာကွဲလွဲနေကြောင်း ရသေ့တောင် မြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင် က ဧရာဝတီ ကိုပြောသည်။
ဦးသန်းနိုင် က “ကျနော်တို့ ရသေ့တောင်မြို့နယ် တခုတည်းမှာတောင် အိမ်ခြေ ၄၀၀၀ ကျော် ပျက်စီးသွားပါတယ်၊ ဒါကို အစိုးရ က ၃၀၀ ကျော်လို့ ထုတ်ပြန်ထားတယ်၊ စာသင်ကျောင်းတွေ အပါအဝင် တခြား အပျက်အစီးတွေ အများကြီး ရှိနေ ပါသေးတယ်၊ ဒါဟာ ရသေ့တောင်မြို့နယ် တခုတည်းအတွက်ပဲ ရှိသေးတယ်၊ ပြည်နယ်တခုလုံးနဲ့ဆိုရင် ဆုံးရှုံးမှုပမာဏ အရမ်းများပါတယ်” ဟုလည်း ဆိုသည်။
ရသေ့တောင်မြို့နယ်၌ ပျက်စီးသွားသည့် အိမ်ခြေ ၄၀၀၀ ကျော် အနက် လုံးဝ ပျက်စီးသွားသည့် အိမ်ခြေသည် ၄၀၀ ဝန်း ကျင်ရှိပြီး စာသင်ကျောင်း ၉၀ ကျော်လည်း ပျက်စီးသွားကြောင်း သိရသည်။
အစိုးရ အာဏာပိုင်များ အနေဖြင့်လည်း ထိရောက်သည့် ကူညီမှုလည်း မရှိသေးကြောင်း လွှတ်တော်ကိုယ် စားလှယ် ဦးသန်းနိုင် က ပြောဆိုသည်။
ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားရာတွင် ထိခိုက်ပျက်စီးမှုများနှင့် ကဏ္ဍအလိုက် ကူညီထောက်ပံ့နိုင်ရန် ကော်မတီ အသီးသီးဖွဲ့၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထား သည်။
မေ ၂၉ နှင့် ၃၀ ရက်တို့တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ စသည့် မြို့နယ် ၁၂ ခုတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုမြို့နယ်များ အနက် စစ်တွေ၊ ရသေ့တောင်၊ မောင်တောမြို့နယ်တို့သည် ထိခိုက်မှု အများဆုံးဟု သိရပြီး လမ်းတံတား များ၊ ပုစွန်ကန်များ၊ ရေလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လျှပ်စစ်မီးကြိုးများ၊ ဓာတ်တိုင်များ၊ အဆောက်အအုံများ၊ ဆေးရုံ၊ ဆေးပေးခန်း စသည်ဖြင့် ထိခိုက်ပျက်စီးမှု အများအပြား ရှိခဲ့သည်။
ထိုပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များအား စုဆောင်းနေဆဲဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုးများကို မသိရသေးကြောင်း၊ ပျက်စီးမှုများကိုလည်း သက်ဆိုင်ရာမြို့နယ်အလိုက် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဧရာဝတီ ကိုပြောသည်။
ဦးတင်မောင်ဆွေက“ဆုံးရှုံးမှု အများကြီးမရှိပါဘူး၊ အမိုးလန်တာတို့ ဘာတို့လောက်ပါပဲ၊ ဒါတွေကို ပြင်နေတာ အတော် များများ ပြီးစီးသွားပြီ၊ အမိုးလန်သွားတဲ့ ကျောင်းတွေကိုလည်း ကျောင်းချိန်အမီ ဖွင့်နိုင်ဖို့အတွက် အရေးပေါ် တာလဘတ် တွေနဲ့မိုးပြီး ဖွင့်လှစ်ပေးထားပါပြီ” ဟု ဆိုသည်။
မိုရာမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးမှု တချို့ရှိခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုနှင့် လူသေဆုံးမှုများ လုံးဝ မရှိခဲ့ဟုလည်း ပြည်နယ် အာဏာပိုင်အဖွဲ့က ပြောသည်။
ပြည်နယ် အတွင်းရေမှူး ဦးတင်မောင်ဆွေက “ဆုံးရှုံးမှုကို ကျနော်တို့က တန်ဖိုးတွက်ချက်ထားမှု မရှိဘူး၊ ဘာကြောင့်လဲ ဆိုတော့ ခန့်မှန်းတွက်တာတွေက ကိန်းဂဏန်းတွေပဲ ဖောင်းပွနေပြီး မှန်ကန်မှုလည်း မရှိဘူး” ဟု ဆိုသည်။
၂ ရက်တာ တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် တခုလုံးတွင် ပျက်စီးမှု ပမာဏာ များပြားလာနိုင်ကြောင်း၊ ထို အချက်အလက်များအား ကောက်ယူစုဆောင်းနိုင်ရန် ရခိုင်အမျိုးသား ပါတီ (ANP )မှလည်း လွှတ်တော် ကိုယ်စားလှယ်များ သည် သက်ဆိုင်ရာမြို့နယ်အလိုက် ဆောင်ရွက်နေကြကြောင်း ANP ဒုဥက္ကဌ ဦးခိုင်ပြည်စိုး က ဧရာဝတီ ကိုပြောသည်။
၎င်းက “လောလောဆယ်တော့ ကျနော်တို့က ထောက်ပံ့ရေးတွေ လုပ်ဖို့ဆောင်ရွက်နေပါတယ်၊ ပျက်စီးမှု ပမာဏကတော့ အစိုးရ ထုတ်ပြန်ထားတာနဲ့ မြေပြင် အခြေအနေက အတော်ကြီး ကွာနေတာတွေ့ရတယ်” ဟု ဆိုသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်း အဆောင်ပေါင်း ၈၀၀ ကျော်အနက် အများစုသည် အမိုးများလန်ထွက် သွားခြင်း၊ တဝက်တပျက် ပျက်စီးခြင်း၊ နံရံတချို့ကျိုးပျက်ခြင်း စသည်တို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ တဝန်းလုံး၌ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ကျောင်းအားလုံး ဖွင့်ရမည်ဟု သတ်မှတ်ထားသောကြောင့် ရခိုင် ပြည်နယ် တခုလုံးရှိ ကျောင်းများကိုလည်း ဇွန် ၁ ရက်နေ့တွင် ဖွင့်ခဲ့ကြောင်း၊ စာသင်ကျောင်းဆောင် နေရာမလုံလောက်၍ ဘုန်းတော်ကြီးကျောင်းများ၊ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး အဆောက်အအုံများတွင် သင်ကြားနေ ကြောင်း ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်း က ပြောသည်။
၎င်းက “ရခိုင် တပြည်နယ်လုံးက ကျောင်းတွေကိုဇွန် ၁ ရက်နေ့မှာ ဖွင့်နိုင်ပါတယ်၊ အမိုးလန်တဲ့ ကျောင်းတွေမှာ ကောင်းတဲ့ အဆောင်တွေမှာ စုပြီးတော့ ဖွင့်ပေးထားပါတယ်၊ ပိတ်ထားရတဲ့ ကျောင်းဆိုတာ မရှိပါဘူး” ဟု ပြောဆိုသည်။
ရခိုင်ဒေသခံများ၏ အဆိုအရ ကျောင်းများအားလုံး ဖွင့်လှစ်နေပြီဟု ပြည်နယ် အာဏာပိုင်များက ပြောဆိုသော်လည်း မြို့ နှင့်ဝေးလံသည့် ကျေးရွာများတွင် မဖွင့်နိုင်သေးသော ကျောင်းများ၊ ကျောင်းမတက်ရသေးသည့် ကလေး အများအပြား ရှိနေသေးကြောင်း သိရသည်။
ထို့အတူအစိုးရ၏ ကူညီမှု မရသေးသည့် အပြင် ဒေသအလိုက် အနိုင်ရထားသည့် လွှတ်တော် ကိုယ်စားလှယ်များသည် လည်း လာရောက်ကူညီမှု မရှိသေးဟု ရခိုင်ဒေသခံများ က ပြောဆိုကြသည်။
ပျက်စီးသွားသည့် ကျောင်းများအား အချိန်မီ ပြီးစီးနိုင်ရန်၊ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများအတွက် ကုန်ကျမည့် ငွေကို ပြည်နယ် ပညာရေးဦးစီးဌာနမှ ထုတ်ပေးရန် စီစဉ်ထားကြောင်းလည်း အာဏာပိုင်အဖွဲ့က ပြောသည်။
လတ်တလော အပျက်အစီးများအား ပြန်လည် ပြုပြင်ရေးအတွက် နိုင်ငံတော် အစိုးရ က ကျပ်သိန်းပေါင်း ၃၆၀ ကျော် ပြည်နယ်အစိုးရထံ လွှွဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က ရသေ့တောင်မြို့နယ် တခုတည်းအတွက်ပင်လျှင် ဆုံးရှုံးမှု တန်ဖိုး ကျပ် သိန်း ထောင်ဂဏန်း အထိ ရှိသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် တဝန်းရှိ ပျက်စီးဆုံးရှုံးမှုများ အတွက် နိုင်ငံတော် အစိုးရအပြင် နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း ကူညီ ထောက်ပံ့ရန် ပြင်ဆင်နေကြောင်း ဦးတင်မောင်ဆွေ က ပြောသည်။
ထို့အတူ ပျက်စီးဆုံးရှုံးမှုများကို ထပ်မံအတည်ပြုနိုင်ရေး အတွက် သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံ ကုမ္ပဏီများကိုလည်း ခေါ်ယူဆွေးနွေး ညှိနှိုင်းသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်သည် မုန်တိုင်းနှင့် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှုများ နှစ်စဉ်ကြုံတွေ့နေကျ ဖြစ်သော်လည်း အစိုးရ အာဏာပိုင်များအနေဖြင့် ကြိုတင် ပြင်ဆင်မှု အားနည်းခြင်း၊ ဖြစ်ပြီးပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များ နှောင့်နှေး ကြန့်ကြာမှုများနှင့် ပတ်သက်၍လည်း ဒေသခံများကြား ဝေဖန်မှုများ ရှိနေသည်။
မိုရာ မုန်တိုင်းသည် မေလ ၂၉ ရက်နေ့ညနှင့် ၃၀ ရက်တို့တွင် ရခိုင် ကမ်းရိုးတန်းတလျှောက် တိုက်ခတ်ခဲ့ပြီး တနာရီလျှင် မိုင် ၈၀ မှ ၁၀၀ နီးပါး ထိတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် အပြင် ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်း တို့တွင်လည်း ထိခိုက် ပျက်စီးမှုများ ရှိကြောင်း အစိုးရ က ထုတ်ပြန်ထားသည်။