မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်၊ ချိုင်ကျေးရွာထဲက အိမ်တအိမ်မှာ ၃၅ နှစ် ဝန်းကျင် အမျိုးသမီးတဦး ရက်ကန်းခတ် နေပြီး ရက်ကန်းစင်ပေါ်မှာတော့ ပုံပေါ်စပြုလာတဲ့ ရောင်စုံ ချည်ထည်ကို တွေ့ရပါတယ်။
သူကတော့ အလုပ် နှစ်ခု လုပ်ကိုင်တဲ့ ကလေး နှစ်ယောက်မိခင် မတူးတူး ဖြစ်ပါတယ်။ မနက် ၈ နာရီ ဝန်းကျင် အထိ အကြော် ရောင်းပြီးတဲ့အခါ နောက်တိုး အလုပ်ဖြစ်တဲ့ ရက်ကန်းစင်ကို ပြေးရသူပါ။
“အရင်က တလ ၃ သောင်းလောက်ပဲ ရတယ်။ အခုကတော့ တလကို တသိန်းလောက် ရတယ်။ အကြော်ရောင်းတဲ့ လုပ်ငန်းလည်း မပျက်ဘူး၊ လုပ်ငန်း နှစ်ခု လုပ်ရတော့ ဝင်ငွေ နှစ်ခုရတယ်” လို့ မတူးတူးက ရက်ကန်းစင်မှာ အချက်ကျကျ လှုပ်ရှားရင်း ပြောပြပါတယ်။
မတူးတူးတို့ ဒေသမှာ ကာလအတန်ကြာ ရက်ကန်းခတ်သံ ခပ်တိုးတိုးသာ ထွက်ခဲ့ရာမှ အခု အချိန်မှာ အသံ ကျယ်ကျယ် ပြန်ထွက်လာ တာပါ။ ဒေသထွက် ရက်ကန်းထည်တွေ နာမည်ကျော်ခဲ့ပြီး ကချင်ရိုးရာ အဝတ်အထည်များပါ ရက်လုပ်နိုင်တဲ့ အနေအထား ကနေ ဈေးကွက် ပျက်ပြယ်၊ ရောင်းဈေး ထိုးကျ၊ ပြည်ပ အဝတ်အထည် မျိုးစုံ ဝင်ရောက်လာ တာတို့ကြောင့် ရက်ကန်းထည် ထွက်ရှိမှု ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရတာပါ။
အကူအညီ ပေးရေး အဖွဲ့ တွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်တာ အရှိန်ရလာတာကြောင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်း လာတဲ့ လက်မှုပညာ ရက်ကန်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ပြန်လည် လုပ်ကိုင်နေကြပါပြီ။ ရိုးရာ ရက်ကန်းထည်၊ ချည်ထည်တွေကို ဈေးကွက်သစ် ထိုးဖောက်နိုင်ပါပြီ၊ ဈေးကွက်ရောက် ရှိရေးမှာ ပါဝင် ဦးစီးနေတာကတော့ ဒေသခံ အမျိုးသမီးတွေ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
အမျိုးသမီး ဦးဆောင်မှု
ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ၊ မြိုင်မြို့နယ် ဒေသခံတွေကို ActionAid အဖွဲ့ဟာ တိမ်မြုပ်နေတဲ့ ရက်ကန်း၊ စက်ချုပ်၊ ကြိမ်ထည် လုပ်ငန်းတွေ ပြန်လည် ဖော်ထုတ်ဖို့ ၂ဝ၁၃ ခုနှစ်က စတင်ပြီး ကြိုးစားခဲ့ပါတယ်။ ကျေးရွာပေါင်း ၁၃၄ ရွာက ဒေသခံ ၂,၅ဝဝ ဝန်းကျင်ကို လိုအပ်တဲ့ သင်တန်းတွေ၊ ကုန်ကြမ်းတွေ ပေးအပ် ထောက်ပံ့ပေးပြီး၊ ကုန်ချော အတွက် ဈေးကွက်လည်း ဖော်ဆောင်ထားတယ်လို့ ဒီအဖွဲ့ရဲ့ စီမံချက်တခုဖြစ်တဲ့ လူမူစီးပွားဖွံ့ဖြိုးမှုကွန်ရက်မှ စီစဉ်ညှိနှိုင်းရေးမှူး မမေသဉ္ဖာကျော်စိုး က ပြောပါတယ်။
ရက်ကန်းထည်တွေဟာ နိုင်ငံခြားသားတွေ၊ လူလတ်တန်းစားတွေ ကြားမှာ ရေပန်းစားနေတယ်၊ ၂ဝ၁၆ ခုနှစ်၊ ၁ နှစ်လုံး ရောင်းရငွေက သိန်း ၇ဝဝ ကျော် ရှိတယ် လို့လည်း သူက ရှင်းပြပါတယ်။ “ရိုးရာဆိုတာက ကျမတို့ ထိန်းသိမ်းနေသရွေ့ လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမယ့် အရာ မဟုတ်ဘူး၊ အမြဲတမ်း ရှိနေဦးမှာပဲ” လို့ မမေသဉ္ဖာကျော်စိုးက ဆိုပါတယ်။
စီမံချက်အရ အမျိုးသမီး လက်မှုပညာ ကုန်ထုတ်လုပ်သူများ အသင်းကိုလည်း ဖွဲ့စည်းထားပါတယ်၊ အသင်းဝင် ၇ဝဝ ဝန်းကျင် ရှိပါတယ်၊ ဦးဆောင်သူတွေ ကလည်း အမျိုးသမီးတွေပါပဲ။
နိုင်ငံတကာ စီမံကိန်း တခုဖြစ်တဲ့ အသက်မွေး ဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေ အဖွဲ့ရဲ့ ၂ဝ၁၅ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာမှာတော့ ဒီလုပ်ငန်းရဲ့ အရောင်းတိုးတက်မှု နှုန်းက ၂၁ ရာခိုင်နှုန်း ရှိတယ် လို့ ဆိုထားပါတယ်။ ဒါဟာ ၂ဝ၁၅ ခုနှစ် ရေဘေးကျရောက်မှု၊ ရွေးကောက်ပွဲ ကာလကြောင့် ခရီးသွား လုပ်ငန်း ကျဆင်းမှု ဆိုတဲ့ အခြေအနေတွေ အောက်မှာ ဖြစ်ထွန်းခဲ့တဲ့ တိုးတက်မှုလို့ ဆိုပါတယ်။
ထွက်ကုန်ဈေးကွက် ရောက်ရှိရေး လုပ်ငန်းမှာ အမျိုးသမီးတွေ ပါဝင်တယ်၊ ဒီစီမံချက်ကနေ “ကလေးသူငယ် စောင့်ရှောက်မှု၊ ဥပဒေရေးရာ အကူအညီ၊ နိုင်ငံသားစိစစ်ရေးကတ် ရရှိရေး” လိုမျိုး ခါတိုင်း လက်လှမ်း မမီကြတဲ့ ဝန်ဆောင်မှုတွေ ပေးသွားမယ် လို့ အစီရင်ခံစာက ဆိုပါတယ်။
ဝယ်ယူခြင်းဖြင့် ကူညီမှု
ကွန်ရက်ရဲ့ စီမံချက်ထဲမှာ M-Boutik ဆိုတဲ့ ရိုးရာလက်မှု ပစ္စည်းဆိုင်လည်း ပါဝင်ပါတယ်။ ဒီဆိုင်ကို ညောင်ဦးမြို့မှာ တွေ့ရမှာပါ။ ဆိုင်တံဆိပ်နဲ့ ထုတ်လုပ်ထားတာ တွေကို ရန်ကုန်၊ မန္တလေး၊ ညောင်ရွှေ အစရှိတဲ့ ဒေသတွေက ဟိုတယ်၊ လက်မှုပစ္စည်းဆိုင်တွေက မှာယူကြပါတယ်။
ချည်ထည် အဝတ်အစား၊ ခေါင်းအုံးစွပ်၊ ဆိုဖာစွပ်၊ လွယ်အိတ် အစရှိတဲ့ လက်လုပ် ပစ္စည်းတွေ မှာကြတဲ့အခါ ၆ဝ ရာခိုင်နူန်း စရံငွေ ယူပြီး လက်ခံတယ်၊ ဒီငွေကို ကုန်ကြမ်းဝယ်ရာမှာ သုံးတယ်၊ ရသမျှ အမြတ်ဟာ ထုတ်လုပ်သူတို့ရဲ့ လုပ်အားခ ပါပဲလို့ ကွန်ရက်ရဲ့ စီစဉ်ညှိနှိုင်းရေးမှူး မမေသဉ္ဖာကျော်စိုးက ပြောပါတယ်။
စီမံကိန်းကို ၂ဝ၁၉ ခုနှစ်အထိ တိုးချဲ့လုပ်ကိုင်ပြီးရင် အမျိုးသမီး လက်မှုပညာ ကုန်ထုတ်လုပ်သူများ အသင်း လက်ထဲ လုပ်ငန်းစဉ်ကြီး တခုလုံး လွှဲပြောင်းပေးမယ်၊ ဒေသခံတွေ ကိုယ်တိုင် ရပ်တည်နိုင်ဖို့ သင်ကြားမှုပိုင်း အပါအဝင် လိုတဲ့ အကူအညီကိုလည်း ActionAid က ဆက်ပေးသွားမယ် လို့ သိရပါတယ်။
ကျေးလက်ဒေသ အမျိုးသမီး အများအပြားဟာ ဝင်ငွေ မရှိကြပါဘူး၊ အသက်မွေးဝမ်းကျောင်း သင်တန်း၊ အလုပ်အကိုင် ဖန်တီးမှု အကူအညီတွေ ရပြီးရင်တော့ သူတို့ ဝင်ငွေရလမ်း ပေါ်လာပါပြီ။ သူတို့ရဲ့ ထုတ်ကုန်တွေကို ဝယ်ယူ အားပေးခြင်း ဟာလည်း အမျိုးသမီးတွေ ဝင်ငွေရရေးကို အားပေး ထောက်ခံရာ ရောက်သလို သူတို့နဲ့ သူတို့ရဲ့ မိသားစုများ ဘဝ တိုးတက်ရေးကို တိုက်ရိုက် လုပ်ကိုင်ပေးရာ ရောက်ပါတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ထောက်ပြပါတယ်။
မြိုင်မြို့နယ် ကျစ်တီးကျေးမှာ ထန်းလျက်ကြို၊ ထင်းခွေ၊ ပေါင်းနုတ် စတဲ့ အလုပ်စုံ လုပ်ကိုင်သူ ဒေါ်ဌေးကြွယ်ဟာ နေ့စဉ် ဝင်ငွေ ၄ဝဝ ကျော်ကျော်သာ ရှိခဲ့ပါတယ်။ အခုတော့ အထည်ချုပ် အိမ်တွင်းမှု လုပ်ငန်းက သူ့အတွက် ဝင်ငွေ ၄,ဝဝဝ ဝန်းကျင် နေ့စဉ် ဖန်တီးပေးနေပါပြီ။
“အရင်တုန်းက လိုတော့ စားဖို့ သောက်ဖို့ မပူရတော့ဘူး ပေါ့” လို့ ဒေါ်ဌေးကြွယ်က ဆိုပါတယ်။
ဒေသခံ လူငယ်အများစုဟာ ရန်ကုန်၊ မကွေး စတဲ့မြို့ကြီးများ အပြင် အိမ်နီးချင်း နိုင်ငံတွေ အထိ သွားရောက် လုပ်ကိုင်နေ ကြတာပါ။ ကျေးလက်ဒေသ အလုပ်အကိုင် ဖန်တီးပေးတဲ့ အစီအစဉ်တွေက လူငယ်တွေ နေရပ် စွန့်ခွာတာကို လျှော့ချပေး နိုင်တယ်လို့ ဒေါ်ဌေးကြွယ်က ရှင်းပြပါတယ်။
ဈေးကွက်ချဲ့ထွင်မှု
ဒေသခံ ရက်ကန်းသမား အများစုက ကုန်ကြမ်းကို နီးစပ်ရာ ဆိုင်တွေမှာ ဝယ်ကြပြီး ရက်ကန်းထည် ထွက်လာရင် အဲဒီဆိုင်တွေမှာပဲ ပြန်သွင်းကြတဲ့ အတွက် ဝင်ငွေနည်းပါးခဲ့ပါတယ်။
လိုအပ်တဲ့ သင်တန်း တက်ပြီးတဲ့ နောက်မှာတော့ ပိုမို အမြင်ကျယ်လာပါပြီ။ ကွန်ရက်က အဆင့်ဆင့် တာဝန်ယူ လုပ်ကိုင် သွားတာ ဖြစ်လို့ ဈေးကွက် အတွက်လည်း စိတ်မပူရ ပါဘူး။ ပေးတဲ့ ဒီဇိုင်းကို အရည် အသွေး ပြည့်မီအောင် ရက်လုပ်ပေး နိုင်မယ် ဆိုရင် လုပ်အားခချည်း သက်သက် တနေ့ ၄,ဝဝဝ ဝန်းကျင် ရနိုင်ပါတယ်။ ဒါက ကျေးလက်ဒေသ အတွက် မနည်းတဲ့ ငွေကြေးပမာဏပါပဲ။ ကုန်ကြမ်းဝယ်ဖို့ ငွေ စိုက်ထုတ်ပေးထားတဲ့ အစီအစဉ်ကြောင့် အရင်းအနှီးအတွက် ပူစရာ မလိုတာကလည်း အားသာချက်ပါ။
အပ်ထည်တွေ ပုံကျလာတဲ့ အခါ သတ်မှတ်ချိန် အတိုင်း ပြီးစီးဖို့ စုစုဝေးဝေး လုပ်ကိုင်ကြရတာမျိုး အတွက် နေရာထိုင်ခင်း၊ လုပ်ငန်းသုံး ပစ္စည်း မလုံလောက်တဲ့ အခက်အခဲတွေ ကတော့ ရှိနေတုန်းပဲ လို့ အမျိုးသမီး လက်မှုပညာ ကုန်ထုတ်လုပ်သူများ အသင်းရဲ့ ဥက္ကဋ္ဌ မမော်မော်လွင်က ဆိုပါတယ်။
ပူးပေါင်း ဆောင်ရွက်ရာမှာ ချုပ်ရိုးချုပ်သား သေသပ်မူ၊ အချိန်မီ ပြီးစီးမှုတို့နဲ့ ပတ်သက်တဲ့ အားနည်းချက်တွေ ရှိနေတာမျိုး ကိုတော့ ဖြေရှင်းရဦးမယ် လို့ ကျစ်တီး ကျေးရွာသူ ဥက္ကဋ္ဌက ဆိုပါတယ်။ အကူအညီပေး အဖွဲ့ရဲ့ ဝန်းရံမှု မရှိရင် ဈေးကွက် တိုးချဲ့ရေး ခက်ခဲမှာကို မမော်မော်လွင်က စိုးရိမ်နေပါတယ်။
“ဈေးကွက်ကိုတော့ ထိုးဖောက်ကြည့်ချင်တယ်။ ရန်ကုန်ကနေ လှမ်းမေးနေတာတွေတော့ ရှိနေတယ်။ အဖွဲ့နဲ့ကလည်း ပြန် တိုင်ပင်နေရတယ်။ သူတို့က လုပ်ရဲရင်တော့ ကျမတို့လည်း ရှေ့ကသွားရဲတယ်” လို့ အသင်း ဥက္ကဋ္ဌ မမော်မော်လွင်က ဆိုပါတယ်။
ချိုင်ကျေးရွာ ထဲက ရက်ကန်းသံ ညံနေတဲ့ အိမ်လေးထဲမှာတော့ အကြော်သည် မတူးတူးက အားကြိုးမာန်တက် ရက်ကန်း ရက်နေဆဲ ပါ။ ကြုံရာကျပန်း လုပ်ကိုင်တဲ့ အမျိုးသားရဲ့ ဝင်ငွေကိုပဲ အားထားရတဲ့ ဘဝကနေ လွတ်မြောက်လာပါပြီ။ မတူးတူးရဲ့ လစဉ်ဝင်ငွေ တသိန်းနီးပါး ဖြစ်လာတဲ့ အတွက် မိသားစုမှာ ငွေပိုငွေလျှံ ရှိလာသလို သူ့သား ၂ ယောက် အတွက် စိတ်ကူးထားတာ လေးတွေလည်း အကောင်အထည် ဖော်ဖို့ နီးစပ်လာပါပြီ။
“ကျမ ပိုက်ဆံလေးတွေ စုထားတယ်၊ ဒီသားလေးတွေကို ရှင်ပြုပေးရအောင်လို့။ တော်တော်လည်း စုနိုင်နေပြီ” လို့ မတူးတူးက သား ၂ ယောက်ကို ပြုံးကြည့်ရင်း ပြောလိုက်ပါတယ်။ ။