ဆောင်းပါး

မလေးရှား စာရေးဆရာ သတင်းစာဆရာ ရာမင်ရာရှစ်ကို အမှတ်ရခြင်း

မလေးရှားနိုင်ငံ၏ အထင်ရှားဆုံး စာရေးဆရာများထဲမှ တဦး၊ ပုံပြောကောင်းသူတဦး၊ ခရီးသွားတဦး နှင့် သဘာဝပတ်ဝန်း ကျင် လေ့လာသူပညာရှင် တဦး ဖြစ်သော ရာမင်ရာရှစ် (Rehman Rashid) မရှိတော့ပါ။

သူကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီ ဖြစ်သည်။ နှလုံးရောဂါကြောင့် ဇွန်လ ၃ ရက်နေ့က ကွယ်လွန်ခဲ့သည်။

ကျနော့် အတွက်မူ ရာမင်ရာရှစ်က စာနယ်ဇင်းသမားတယောက်ဆိုသည်ထက် ပိုပါသည်။ သူက ပုံပြောကောင်းသူ တဦး ဖြစ်သလို မီဒီယာ လွတ်လပ်ခွင့်အတွက် စိတ်အားထက်သန်စွာ တောင်းဆိုခဲ့သူတဦးလည်း ဖြစ်ပါသည်။

သူက အလွန်တရာ ပွင့်လင်းသူလည်း ဖြစ်သည်။ သူ၏ ကျဆုံးမှုများအကြောင်းကို ပြန်ပြောသည့် အချိန်မျိုးမှာပင် မျက်နှာ တချက် မတွန့်သူ ဖြစ်သည်။

လွတ်လပ်ရေးရခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်ကထဲက မလေး၊ မွတ်ဆလင်နှင့် မင်းမျိုးမင်းနွယ်များ၏ အကြောင်းများ က လွှမ်းမိုးထားသည့် နိုင်ငံတခုမှ ဖြစ်သော်လည်း လူမျိုးစုံသော၊ ဘာသာစုံသော၊ အခြေခံ ကျသော သူ၏ ချဉ်းကပ်မှုက လတ်ဆတ်သောလေကို ရှုရသလို ဖြစ်သည်။

သို့သော်လည်း ထပ်ပြောရလျှင် ရာမင်ရာရှစ်က အမြဲတမ်း ကွဲပြားခြားနားသူ ဖြစ်သည်။

ဘာသာခြားများ လက်ထပ်ခြင်း (သူ၏ ဖခင်က အိန္ဒိယ မွတ်ဆလင် တဦးဖြစ်၍ မိခင်က ဥရောပနှင့် အာရှ ကပြားဖြစ်သည်) ၏ ထုတ်ကုန်တခု ဖြစ်သည့် ရာမင်ရာရှစ်က ကိုလိုနီခေတ်မှာကထဲက ထူထောင်ခဲ့သည့် နာမည်ကျော် Malay College Kuala Kangsar (MCKK ဟုလည်းသိကြသည်) ကို တက်ရောက်သည့် အချိန်တွင် မလေးမွတ်ဆလင် အထက်တန်းလွှာ အသိုင်းအဝိုင်းအတွင်းသို့ ရောက်ခဲ့သည့် အသွင်ရှိပါသည်။ ထို့နောက် Marine Biology ဘာသာရပ်ဖြင့် အင်္ဂလန်နိုင်ငံမှ ဘွဲ့ရ ခဲ့သည်။

၁၉၈၁ ခုနှစ်အထိ အစိုးရဝန်ထမ်းတဦး၊ ပညာရှင်တဦး အဖြစ်လုပ်ကိုင်ခဲ့ပြီး မှ နောက်ဆုံးတွင် သူအမှန်တကယ်လုပ်ရမည့် အရာကို ရှာဖွေတွေ့ ရှိခဲ့သည်။ ထို့ကြောင့် အချိန်ပိုင်း သတင်းထောက်တဦး ဖြစ်လာပြီး နောက်ပိုင်းတွင် မလေးရှားနိုင်ငံမှ the New Straits Times (NST) သတင်းစာ၏ တွဲဘက် အယ်ဒီတာ ဖြစ်လာသည်။

NST သည် ထိုအချိန်က မလေးရှားနိုင်ငံမှ အင်္ဂလိပ်ဘာသာသုံး မီဒီယာများထဲတွင် ထိပ်ဆုံးက ရှိနေသည်။ အကောင်း ဆုံး စာရေးဆရာများကို ဆွဲဆောင်နိုင်သည့် သတင်းစာ တစောင်လည်း ဖြစ်သည်။

သူက စားပွဲတွင်ထိုင်၍ အလုပ်လုပ်ရသည်ကို မကြိုက်ပါ။ ရာမင်ရာရှစ်က ကွာလာလမ်ပူမှ အာဏာနှင့် သြဇာလွှမ်း မိုးသူများ၏ တိတ်ဆိတ်သော ဧည့်ခန်းဆောင်များနှင့်လည်း အံဝင်ခွင်ကျ မရှိသူ ဖြစ်သည်။

ထိုနေရာများအစား လက်တွေ့မြေပြင်တွေ နေရသည်ကို သူအပျော်ဆုံး ဖြစ်သည်။ ရာမင်ရာရှစ်၏ ပင်တိုင် ကဏ္ဍ ဖြစ်သော “ကင်းမြီးကောက်ပုံပြင်များ (Scorpion Tales)” က ထိုအချက်ကို ရောင်ပြန်ဟပ်ပြနေသည်။

အထက်တန်းလွှာတို့ ငြင်းပယ်ထားပြီး သာမန် မလေးရှားနိုင်ငံသားတို့ကြားသည်သာ သူ့နေရာ ဖြစ်သည်။ တရုတ် ကော်ဖီ ဆိုင်များ နှင့် လမ်းဘေးဆိုင်လေးများတွင် ထိုင်နေတတ်သည်။

၁၉၈၂ ခုနှစ်တွင် ကျနော် ကံကောင်းထောက်မစွာဖြင့် NST တွင် အလုပ်သင် အဖြစ်လုပ်ခွင့်ရခဲ့ရာမှ ရာမင်ရာရှစ်နှင့် ပထမဆုံး တွေ့ဆုံခဲ့ရသည်။

၁၉၈၀ နှစ်များ အစောပိုင်းသည် မလေးရှားနိုင်ငံ အတွက်သွေးကြွစရာ အချိန်များ ဖြစ်ခဲ့သည်။ ဒေါက်တာ မဟာသီယာ မိုဟာမက်ကလည်း အာဏာရခါစ ဖြစ်ပြီး တိုင်းပြည်က သူ့ကို ငယ်ရွယ်၍ မျှော်လင့်ချက်ထားချင်စရာ ကောင်းသူ အဖြစ် ယူဆခဲ့ကြသည်။

သို့သော်လည်း ကြာကြာမခံခဲ့ပါ။ အာဏာရ UMNO ပါတီ အတွင်းမှ ပြိုင်ဘက်များက ကျယ်ပြန့်သော နိုင်ငံရေးတင်းမာမှုများဆီသို့ ရောက်စေခဲ့ပြီး အရပ်သားပြည်သူတို့၏ လွတ်လပ်ခွင့်များ အပေါ်ထိခိုက်နစ်နာမှုများ ရှိလာသည်။

ရာမင်ရာရှစ်ကဲ့သို့သော သတင်းစာသမားများမှာ ၁၉၈၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကဲ့သို့သော ပြင်းထန်သည့် ဥပဒေများအောက်တွင် စိတ်မသက်သာစရာတွေ ဖြစ်လာရသည်။ အဆိုပါ ဥပဒေက ယခုချိန်အထိ အသက်ဝင်နေဆဲ ဖြစ်ပြီး သတင်းစာများကို ရပ်ဆိုင်းရန် မလေးရှား အစိုးရကို အခွင့်အာဏာပေးထားသည်။

သို့သော်လည်း ရာမင်ရာရှစ်က အာဏာပိုင်များကို ပုတ်ခတ်ရေးသားခဲ့သည်။ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ၁၉၈၇ က Lalang စစ်ဆင်ရေး (ပေါင်းပင်များ ရှင်းလင်းသည့် စစ်ဆင်ရေး ဟု အဓိပ္ပါယ်ရပြီး လူမျိုးရေး အဓိကရုဏ်းများ ပေါ်ပေါက်မလာစေရန် ကာကွယ်သည်ဟု အကြောင်းပြ၍ မလေးရှားရဲအဖွဲ့က NGO များမှ တက်ကြွလှုပ်ရှားသူများ၊ အတိုက်အခံနိုင်ငံရေးသမားများ၊ ပညာတတ်များ၊ ကျောင်းသားများ၊ အနုပညာရှင်များ နှင့် သိပ္ပံ ပညာရှင်များ အပါအဝင် လူ ၁၀၆ ဦးကို ပြည်တွင်းလုံခြုံရေး ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း) ပေါ်ပေါက်ခဲ့ ပြီး နောက်တွင် ရာမင်ရာရှစ်က အာဏာပိုင်များကို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခဲ့သည်။

အစိုးရကို ထောက်ခံသော သတင်းစာတစောင်မှ ယခုလို လွတ်လပ်စွာ ရေးသားလိုက်ခြင်းက အံ့အားသင့်စရာတခု ဖြစ်ခဲ့ ပြီး သူ့ကိုလည်း ရဲအဖွဲ့က ခေတ္တထိန်းသိမ်း၍ မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုအဖြစ်ကို သူ၏ ကိုယ်တွေ့မှတ်တမ်း စာအုပ်လည်းဖြစ်၍ သမိုင်းလည်း ဖြစ်သော ““A Malaysian Journey” တွင် ပြန်လည်ရေးသား ဖော်ပြခဲ့သည်။

သူ၏ ပြင်းထန်သော ဝေဖန်မှုကြောင့် ထိုစဉ်က လူတိုင်းကြောက်ရသည့် သတင်းတပ်ဖွဲ့ ဒါရိုက်တာ Tan Sri Rahim Noor (နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ်ဖြစ်လာသူ) နှင့် ရင်ဆိုင်တွေ့ပြီး ခြိမ်းခြောက်ခြင်း ခံခဲ့ရသည်။

“ကျနော် ကြောက်နေခဲ့တယ်။ သူက အဲဒါကို သိတယ်။ ကျနော် ကြောက်သင့်တယ်၊ ကြောက်တာ မှန်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒီလို ကြောက်ခဲ့တာအတွက် ကျနော့်ကိုယ်ကျနော် ဘယ်တော့မှ ခွင့်လွှတ်မိတော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျနော် တခါထပ်ပြီး ဒီလို မကြောက်ရပါစေနဲ့” ဟု သူက ရေးသားခဲ့သည်။

နောက်ဆုံးတွင် သတင်းစာမှ ထွက်ရန် သူဆုံးဖြတ်ခဲ့ရာတွင် ထိုအတွေ့အကြုံကလည်း အကြောင်းတခု ဖြစ်နိုင်ပါသည်။ မလေးရှားနိုင်ငံကပါ သူထွက်ခွာသွား၍ ဟောင်ကောင်မှ Asiaweek မဂ္ဂဇင်းနှင့် Bermuda စီးပွားရေး မဂ္ဂဇင်းတို့တွင် လုပ် ကိုင်ခဲ့ပါသည်။

“A Malaysian Journey” စာအုပ်ကို အဆုံးသတ်ရန် မလေးရှားသို့ ပြန်လာပြီး NST တွင်ပင် အချိန်အတိုင်းအတာတခု အထိ အလုပ်ပြန်လုပ်ခဲ့သော်လည်း နိုင်ငံအရေးကိစ္စများနှင့် ပတ်သက်၍ ရေးသားရာတွင် ထင်ရှားသူတဦး ပြန်ဖြစ်မလာ တော့ပါ။

အမည်မှေးမှိန်သွားခဲ့သော်လည်း ရာမင်ရာရှစ်က မလေးရှား နိုင်ငံမှ လူငယ်စာရေးဆရာများအတွက် သြဇာကြီးသော နမူနာတခု အဖြစ် ဆက်၍ ရှိနေသည်။

ရာမင်ရာရှစ်က ကိုယ်တွေ့ပုံစံဖြင့် သတင်းရေးသားခြင်း (first-hand narrative journalism) ၏ အရေးပါမှုကို စိတ်အားထက်သန်စွာ မြှင့်တင်ပေးခဲ့သူ တဦးဖြစ်သည်။ ထိုသူများ ထဲတွင် Bernice Chauly၊ Marina Mahathir နှင့် Zainah Anwar တို့ ကဲ့သို့သော သူများက ကိုယ်ပိုင်ပုံစံ ဖြင့် ထင်ရှားလာကြသည်။

ရာမင်ရာရှစ်၏ ဘဝနှင့် စာအုပ်များက နိုင်ငံတော်(အစိုးရ)၏ ကြီးမားသော ခွန်အားကို ဆန့်ကျင် ရင်ဆိုုင်သူတို့၏ အဆင်မပြေမှုများကို ကြောင်းကျိုးဆီလျော်စွာ ဖော်ပြနေသည်။ အရှေ့တောင်အာရှ တလွှားတွင်လည်း အလားတူကိစ္စများ ရှိနေသည်။

လက်တွေ့တွင် ဒေသတွင်းမှ ထူးချွန်ထက်မြက်သည့် စာရေးသူ အများအပြားမှာ နှုတ်ဆိတ်နေရခြင်း၊ ပြည်ပသို့ ထွက်ခွာ သွားရခြင်း သို့မဟုတ် သြဇာကြီးမားသူ၊ ချမ်းသာကြွယ်ဝသူများ အတွက် ရပ်တည်ပေးနေရသည့် အခြေအနေဆိုးများဖြင့် ရင်ဆိုင်နေရသည်ကို မြင်ခဲ့ရပြီး ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံမှ Pramoedya Ananta Toer နှင့် Mochtar Lubis၊ ဖိလစ်ပိုင်နိုင်ငံမှ Joe Burgos Jr၊ ဗီယက်နမ် နိုင်ငံမှ Doan Viet Hoat၊ မြန်မာနိုင်ငံမှ မောင်အောင်ပွင့်နှင့် ထိုင်းနိုင်ငံမှ Thongchai Winichakul တို့မှာ အာဏာကို ဆန့်ကျင်ရင်ဆိုင်ပြီး အမှန်တရားကို ပြောဆိုခဲ့သည့်အတွက် ပေးဆပ်ရသူများထဲမှ အနည်းငယ်သာ ဖြစ်သည်။

အမျိုသားလုံခြုံရေး၊ ဘာသာရေးစည်းကမ်းများ၊ လူမျိုးရေးသန့်စင်မှု စသည့် ခေါင်းစဉ်များအောက်တွင် စွန့်လွှတ် အနစ်နာ ခံမှု များစွာ ရှိခဲ့ပြီ ဖြစ်သည်။ အထက်တန်းလွှာတို့၏ အာဏာကို စစ်ဆေးဖော်ထုတ်ရန် ကြိုးပမ်းမှု မှန်သမျှတွင် စတုတ္ထမဏ္ဍိုင် အင်အားချိနဲ့ခြင်းကြောင့် လုပ်ကိုင်ရ ကျပ်တည်းသွားစေခဲ့သည်။

ရာမင်ရာရှစ်၏ ဘဝတွင် တောက်ပသော ကာလများရှိသလို ဆိုးရွားသော အမှောင်များလည်း ရှိနေသည်။ သို့သော်လည်း ကျနော် နားလည်သလောက်ဆိုလျှင် ကွာလာလမ်ပူမြို့ရှိရာ Klang တောင်ကြား၏ ရှုပ်ထွေးမှုတို့ နှင့် အလှမ်းကွာသော Selangor ပြည်နယ် အရှေ့မြောက်ပိုင်းမှ Kuala Kubu Baruတွင် ငြိမ်းချမ်းမှု နှင့် ရောင့်ရဲမှုကို သူတွေ့ခဲ့ပါသည်။ သူ၏ နောက်ဆုံးစာအုပ်ဖြစ်သည့် “Small Town” တွင် သူက အလွန်တရာ ချီးမွမ်းထားသည့် နေရာ လည်း ဖြစ်ပါသည်။

ထူးချွန်၍ တခါတရံ ထင်ရာလုပ်တတ်သူတဦး ဖြစ်သည့် ရာမင်ရာရှစ်က အယ်ဒီတာများနှင့် နိုင်ငံရေးသမားများကို အဝေးထွက်သွားဖို့ ပြောခဲ့သည်။ သူ့ဇာတ်လမ်းကို သူ့ပုံစံဖြင့် ကျနော်တို့ ကိုပြောခဲ့သည်။

ယခုအခါတွင် ဆက်လက်ရုန်းကန်ရမည်မှာ ကျနော်တို့၏ တာဝန် ဖြစ်ပါသည်။

(ကာရင်မ်ရတ်စလန်သည် အရှေ့တောင်အာရှရေးရာများကို အထူးပြု လေ့လာရေးသားသော မလေးရှား စာရေးဆရာတဦး ဖြစ်သည်)

Loading