ဖက်ဆစ် တော်လှန်ရေးနဲ့ပတ်သက်ပြီး လူနှစ်ယောက်ကို အမြဲလိုလိုသတိရမိပါတယ်။ အခုတော့ သူတို့မရှိကြတော့ ပါဘူး။ ကွယ်လွန်ကုန်ကြပါပြီ။ အကယ်၍ သူတို့ရှိနေကြဦးမယ်ဆိုရင် တဦးက ၉၀ ကျော် တဦးက ၉၀ ဝန်းကျင်။ဖက်ဆစ် တော်လှန်ရေးနဲ့ပတ်သက်ပြီး လူနှစ်ယောက်ကို အမြဲလိုလိုသတိရမိပါတယ်။ အခုတော့ သူတို့မရှိကြတော့ ပါဘူး။ ကွယ်လွန်ကုန်ကြပါပြီ။ အကယ်၍ သူတို့ရှိနေကြဦးမယ်ဆိုရင် တဦးက ၉၀ ကျော် တဦးက ၉၀ ဝန်းကျင်။
သူတို့နှစ်ဦးဟာ တဦးကိုတဦး တော်လှန်ရေး ဖြစ်စဉ်အတွင်းမှာ ခင်မင်ရင်းနှီးရှိခဲ့ကြတာမဟုတ်ပါဘူး၊ တော်လှန်ရေး ကာလ တော်လှန်ရေးကို အကြောင်းပြုပြီး တွေ့ဖူးမြင်ဖူးရုံ။ အလုပ်သဘောပြောဆိုဆက်ဆံဖူးရုံ လောက်သာပါ။
သူတို့နှစ်ဦးရဲ့ အခြေအနေကလဲ အင်မတန်ကွာခြားပါတယ်။ တယောက်က ဖက်ဆစ်တော်လှန်ရေး ကာလအတွင်း တိုင်းမှူး နောက်တယောက်က ဖက်ဆစ်တော်လှန်ရေးမြို့နယ် အမျိုးသမီးသမဂ္ဂခေါင်းဆောင်၊ ရာထူးအဆင့်နဲ့ပြောမယ် ဆိုရင် တဦးက စစ်တိုင်းမှူး တဦးက ဖက်ဆစ်တော်လှန်ရေး အမျိုးသမီးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်။သူတို့နှစ်ဦးဆက်နွှယ်မှု၊ ပတ်သက်မှုက တိုင်း(၄) သတင်းစာ။ တိုင်း (၄) သတင်းစာဖန်တီးရှင်က တိုင်းမှူး၊ တိုင်း (၄) သတင်းစာအတွက် စစ်သတင်းတွေ၊ တိုက်ပွဲသတင်းတွေ၊နိုင်ငံရေးသတင်းတွေ ပေးပို့နေသူက အလယ်တန်းလောက် သာ တတ်တဲ့ ပညာလေးနဲ့ သတင်းရေးကောင်းသူလို့ လူသိများသူ။
နွဲ့နွဲ့နှောင်းနှောင်း မိန်းမကောင်းကြီးဖြစ်ပါလျက် ယောက်ျားသားများနဲ့ တန်းတူရင်ပေါင်တန်းတိုက်ခိုက်ဝံ့သူအဖြစ် ဒေသအတွင်း ထင်ရှားသူ၊ သေနတ်တဘက် ကလောင်တဘက်တိုက်ပွဲဝင်သူပါ။
သူတို့နှစ်ယောက်အကြောင်းတွေးမိတဲ့အခါ တိုင်း (၄)သတင်းစာကြီးကို အမှတ်ရလာပါတယ်။ တိုင်း (၄) သတင်းစာ ဆိုတာ ဖက်ဆစ်တော်လှန်ရေးကာလ စစ်တိုင်း အမှတ်(၄) ဖြစ်တဲ့ ပဲခူးတိုင်းက ထုတ်တာ ဖြစ်ပါတယ်။
တိုင်းအမှတ်(၄)ရဲ့ စစ်ခေါင်းဆောင်တိုင်းမှူးက ဗိုလ်မှူးကျော်ဇော(၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က တရုတ် ပြည်မှာ ကွယ်လွန်သွားတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော)၊ တိုင်းတပ်နိုင်ငံရေးမှူးက သခင်ချစ်(ဆရာချစ်)ပါ။ ဖက်ဆစ် တော်လှန်ရေးမှာ ဗမာတပြည်လုံး စစ်တိုင်းကြီး (၁၀)တိုင်း၊ ခွဲခြားသတ်မှတ်ပါတယ်။ တခြား စစ်တိုင်းတွေမှာ ဘယ်တိုင်း မှာမှ သတင်းစာ ထုတ်တယ်ဆိုတာ မရှိပါဘူး။
ပဲခူးတိုင်း တိုင်း (၄)မှာကတော့ တိုင်းမှူးဗိုလ်မှူးကျော်ဇောနဲ့ ဆရာချစ်တို့ ကြီးကြပ်မှုနဲ့ သတင်းစာတစောင် ထုတ်ဝေ ခဲ့ပါတယ်။ အဲ့ဒီသတင်းစာ အမည်က တိုင်း(၄) သတင်းစာပါ။
အမြော်အမြင်ရှိတဲ့ တပ်မှူးတချို့က တိုင်းမှူး တိုင်းနိုင်ငံရေးမှူးတို့ ကြီးကြပ်မှုနဲ့ ဒေသအတွင်းပြည်သူတွေ၊ တပ်မတော် သားတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ ပြောက်ကျားတွေ၊ တော်လှန်ရေးသမားတွေ၊ နိုင်ငံတကာစစ်သတင်း၊ နိုင်ငံရေး သတင်း၊ တိုက်ပွဲသတင်းတွေနဲ့ ပြည်တွင်း အခြေအနေတွေကိုသိရအောင် တိုင်း (၄) ကို ထုတ်ဝေတာဖြစ်ပါတယ်။
တိုင်း(၄)ကို မွေးဖွားရာ
တိုင်း(၄)ဆိုတဲ့ စစ်အဖွဲ့အစည်းနဲ့အတူ တိုင်း (၄) ဝါဒဖြန့်ချိရေးဌာနကို ဖွဲ့စည်းခဲ့ပါတယ်။ ဝါဒဖြန့်ချိရေးဌာနဟာ တိုင်းအတွင်းမှာရှိတဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကိုပြည်သူအများ သိရှိနားလည်အောင် သတင်းထုတ်ပြန် ပေးရတဲ့ အလုပ်ကို လုပ်ပါတယ်။
သတင်းထုတ်ပြန်ကြေညာရတဲ့အလုပ် ဝါဒဖြန့်ချိရတဲ့အလုပ်ဟာ သတင်းစာတပိုင်းအလုပ်ဖြစ်ပါတယ်။ တော်လှန်ရေး ကာလက ဗမာပြည်မှာခုလို အသံဌာနတွေ မရှိသေးပါ။ သတင်းစာတောင်မရှိပါ၊ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာ စက္ကူ အလွန့်အလွန်ကို ရှားပါတယ်။
တော်လှန်ရေးကာလ တိုင်း(၄) စစ်ဌာနချုပ်ဟာ ရိုးမပေါ်မှာပါ။ စစ်ဌာန်ချုပ်နဲ့အတူ ဝါဒဖြန့်ချိရေးဌာနဟာလဲ တောကြီး မျက်မည်း လျှိုမြောင်ထဲ ရောက်နေပါတယ်။ ဝါဒဖြန့်ချိရေးဌာနဟာ သတင်းထုတ်ပြန်ရေးအတွက် သတင်းစာတစောင် ထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
စက္ကူအခက်အခဲကြောင့် လက်လျှော့ခဲ့တယ်။ မလျှော့တဲ့ဇွဲလုံ့လနဲ့ ထပ်မံကြိုးပမ်းရာ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် အသံဖမ်းစက်တလုံးနဲ့ စတင်ခဲ့တယ်။ အသံဖမ်းစက်နဲ့ ဖမ်းယူရရှိတဲ့ နိုင်ငံရေးစစ်ရေးသတင်းတွေကို မင်ခံ စက္ကူနဲ့ ကူးရေးပြီး တပ်ရင်းမှူးများ၊ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ (A.F.O) များကိုဖြန့်ဝေနိုင်ခဲ့တယ်။ လူစုလူဝေးရှိတဲ့ နေရာတွေမှာ ပါးစပ်ကို အသုံးချသတင်းလွှင့်ခဲ့ကြတယ်။
၁၉၄၅ ခုနှစ် ဧပြီလ ၁ ရက်မှာ တိုင်း ၄ သတင်းစာကို စတင် ထုတ်ဝေခဲ့ပါတယ်။
မတ်လ ၂၇ ရက် တော်လှန်ရေးကစပြီး ၂၃ ရက်အကြာ ဧပြီ ၂၀ ရက်နေ့မှာ မဟာမိတ်အမှတ် (၁၃၆)တပ်မှ လေထီး ဗိုလ်တဦးနဲ့ ဝါဒ ဖြန့်ချိရေးတာဝန်ခံတို့ တိုင်းမှူးအမိန့်ပေးချက်အရ တွေ့ဆုံခဲ့ပါတယ်။ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်း စစ်ဆင်ရေး အစီအစဉ်တွေကို တိုင်းမှူးနဲ့ ဆွေးနွေးပြီးဖြစ်တယ်။
လိုအပ်တဲ့ အကူအညီတွေကို ပေးမယ်လို့ ကတိပေးထားတဲ့အတွက် လက်နက်ခဲယမ်းမီးကျောက်များ ရိက္ခာများအပြင် စက္ကူနဲ့ ပုံနှိပ်စက်အသေးတလုံးပါတောင်းဆိုခဲ့တယ်။ ရအောင်ဆောင်ကျဉ်းပေးမယ်လို့ပြောပါတယ်။ ဒါပေမယ့် တော်လှန်ရေးကြီး ပြီးတဲ့အထိ စက္ကူလည်းမရ၊ စက်လည်းမရခဲ့ပါဘူး။
မျှော်လေလေဝေးဖြစ်ခဲ့ရတယ်၊ တိုင်း(၄)လည်း ပုံနှိပ်စာလုံးနဲ့မထွက်နိုင်၊ ဒုံရင်းအတိုင်း တိုက်ပွဲသတင်းနဲ့ စစ်သတင်း တွေ လောက်ကိုသာ မင်ခံစက္ကူ၊ လက်ရေးစာလုံးနဲ့ ရေးသားဖြန့်ဝေခဲ့ရတယ်။ ခရီးတော့ သိပ်မပေါက်လှပေဘူးပေါ့။
မေလဆန်းမှာ မဟာမိတ်တို့ ပဲခူးမြို့ကိုသိမ်းလိုက်ကြတယ်၊ မရှေးမနှောင်းပဲ တိုင်း (၄)စစ်ဌာနချုပ်လည်း တောင် အထပ် ထပ် တောအရပ်ရပ်ကိုဖြတ်ကျော်ပြီး ပဲခူးကိုချီတက်လာခဲ့တယ်။ ပထမရွာသစ်စခန်း၊ ရွာသစ်စခန်းကနေ ထွင်းခြံစခန်း၊ နောက်ဆုံး ရွှေနောင်ရိုးစခန်းကို ပြောင်းခဲ့ရတယ်။
ရွှေနောင်ရိုးစခန်းမှာတိုင်း(၄) ဝါဒဖြန့်ချိရေးဌာနကို ပြည်သူ့ဆက်ဆံရေးဌာနလို့ အမည်ပြောင်းတယ်၊ တောင်ပေါ်မှာ တုန်းက သတင်းဖြန့်ချိရေးလုပ်ငန်းကို လူ ၇ ယောက်နဲ့ လုပ်ခဲ့ကြတယ်။ တာဝန်ခံ ၁ ဦး၊ တပ်ကြပ် ၂ ဦး၊ အသံဖမ်းသူ ၂ ဦး၊ အမျိုးသမီးရဲဘော် ၂ ဦး၊ အားလုံး ၇ ဦး။
တိုင်း (၄) ဟာတောင်ပေါ်ကနေ တောင်အောက် မြေပြန့်ရောက်တော့မှ ငှက်ဖျားနှိပ်စက်တဲ့ဒဏ် အလူးအလဲခံကြရ တယ်။ ဒါကြောင့် ရုံးလုပ်ငန်းမှအပ တခြားလုပ်ငန်းတွေ ဘာမှမလုပ်နိုင်ကြပါဘူး။ ဒါပေမယ့် လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းမသွားအောင် လူအင်အား တိုးချဲ့ခဲ့ရပါတယ်။
တိုင်း(၄)ရဲ့ ပဏာမ ပျိုးခင်း
တိုင်း(၄)ကို ရှိသမျှအားနဲ့ ကြိုးပမ်းခဲ့ကြတယ်။ တိုင်းမှူး ဗိုလ်မှူးကျော်ဇောကလည်း အားပေးတယ်။ ဝိုင်းတော်သား တွေကလည်း တက်တက်ကြွကြွ တတ်စွမ်းသမျှနဲ့ လုံ့လထုတ်ကြတယ်၊ ဒီလိုနဲ့ တိုင်း (၄)စစ်ဌာနချုပ်ကို ပဲခူး လိပ်ပြာကန် စခန်းကို ဇွန်လဆန်းလောက်မှ ရွှေ့ခဲ့တယ်။
လိပ်ပြာကန်စခန်း ရောက်တော့ တိုင်း (၄) စစ်ဌာနချုပ်လဲ တိုက်နဲ့တာနဲ့ တခမ်းတနားဖြစ်နေပြီ၊ တိုင်း (၄) စစ်ဌာနချုပ် ကို အမှီသဟဲပြုနေရတဲ့ ပြည်သူ့ဆက်ဆံရေး ဌာနလည်း စိန်နားကပ်ရောင်နဲ့ပါးပြောင်နေလေရဲ့။ တိုင်း (၄) သတင်းစာ ထုတ်ရန် တိုင်းမှူးနဲ့ တိုင်ပင်ကြတယ်။
တိုင်းမှူးက အခက်အခဲတော့ရှိတယ်၊ ကြိုးစားကြည့်ချင်ရင် ကြိုးစားကြည့်ပေါ့လို့ ခွင့်ပြုတယ်။ အားပေးတယ်၊ တိုင်းမှူးရဲ့ အားထုတ်မှုနဲ့ မြန်မာ့အလင်း ဦးတင်က ပုံနှိပ်မင်၊ ကျွဲကော်ကအစ စက္ကူအဆုံးပေးတယ်၊ စက္ကူရှိရုံနဲ့ သတင်းစာ ထုတ်လို့ မဖြစ်သေးဘူး။ အဓိကက ပုံနှိပ်စက်မရှိသေးတာ။
လုပ်ချင်ကိုင်ချင်စိတ်က သိပ်များတော့ ဖြစ်အောင်လုပ်ရင် ဖြစ်တာပဲဆိုတဲ့စိတ်နဲ့ ဖယောင်းစက္ကူပေါ်မှာ လက်နဲ့ရေး၊ လက်နှိပ်စက်နဲ့ရိုက်၊ လက်လှဲ့စာကူးစက်နဲ့ ကူးလိုက်တဲ့အခါ တပတ်တကြိမ်ထုတ် တိုင်း (၄) သတင်းစာထွက်ပါတယ်။
တပတ်စောင်ရေ ၃၀၀ လောက်ဖြန့်နိုင်တယ်၊ ဒီလောက်ဖြန့်နိုင်တာကိုပဲ အတော်ကျေနပ်နေကြပုံ ရပါတယ်။ မကျေနပ် လို့ လည်း မဖြစ်၊ တရုံးလုံးမှ ဗမာလက်နှိပ်စက် တလုံးတည်း၊ တခြားရုံးလုပ်ငန်းတွေလည်း ရှိသေးသကိုး၊ လက်နှိပ်စက် ကိုကြိုင်ရဲ့ အစွမ်းက ချီးကြူးလောက်ပါပေတယ်။ ရုံးစာတွေ ရိုက်ပြီးတာနဲ့ သတင်းစာကို ကုပ်ကုပ်ကပ်ကပ်အချိန်ယူပြီး ရိုက်ပေးရှာတယ်။
စာကူးစက်လှည့်တဲ့ ကိုထွေးနဲ့ ကိုအောင်ကြီးတို့ကိုလဲ ကျေးဇူးတင်ထိုက်တယ်၊ ဟိုတုန်းက စာကူးစက်တွေက အခုခေတ်လို ဟောခနဲ လျှောခနဲထွက်လာတာမဟုတ်ဘူး၊ လက်နဲ့လှည့်ရတာ၊ မလွယ်ဘူး၊ သူတို့မို့ ရုံးပြီးတာနဲ့ သတင်းစာ အတွက် ကောက်လှည့်ကြရတာ။ မနားရရှာဘူး။
တိုင်း(၄) သတင်းစာထဲမှာ ခေါင်းကြီးပိုင်း၊ ကမ္ဘာ့စစ်သတင်း၊ နိုင်ငံရေးသတင်း၊ တိုက်ပွဲသတင်း စတဲ့ အခန်းတွေပါ တယ်၊ ခေါင်းကြီးပိုင်းကို တိုင်းမှူး ဗိုလ်မှူးကျော်ဇောကိုယ်တိုင်ရေးတယ်၊ တခြားကဏ္ဍတွေကို ဌာနမှူးကရေးတယ်၊ တော်လှန်ရေး ကာလအတွင်း ခဲခဲယဉ်းယဉ်း ထွက်ခဲ့ရတဲ့သတင်းစာပါ။
သတင်းစာ စထွက်ထွက်ခြင်း အယ်ဒီတာအဖွဲ့တို့ သတင်းထောက်တို့ဆိုတာတွေ မထားနိုင်သေးပါ၊ စောစောက တင်ပြခဲ့သလို ရေဒီယိုသတင်းကိုသာ အားထားနေရဆဲ၊ တိုက်ပွဲသတင်းတွေလောက်သာ လက်လှမ်းမီသလောက် နေရာတွေက ပေးပို့ခဲ့ကြတာပါ။
နည်းနည်းနဲ့ ကျဲကျဲဝိုင်း ဆိုတာလို အင်နဲ့အားနဲ့ ထုနဲ့ထည်နဲ့ မလုပ်နိုင်သေးတဲ့အတွက် ရှိသမျှအင် ရှိသမျှအားနဲ့ လုပ်ကိုင်ရင်း ဇွန်လ ၂၅ ရက်နေ့မှာ စတင်ထွက်ပါတယ်။ ဒါဟာ တိုင်း(၄)ရဲ့ ပထမဦးဆုံး ထွက်တဲ့ တပတ်တကြိမ် ထုတ် သတင်းစာရဲ့ ပဏာမ ပျိုးခင်းလို့ခေါ်ဆိုနိုင်တဲ့ ပွဲဦးထွက်သတင်းစာပေါ့။
လူနှစ်ယောက် စက်တလုံးနဲ့ သတင်းစာ
တိုင်း(၄) ဒုတိယမြောက် သတင်းစာကိုထုတ်ဝေချိန်မှာ တိုင်း(၄) စစ်ဌာနချုပ် မြို့ဒေါင့်ကျောင်းကို ရွှေ့ကြရပြန်ပါတယ်။ အဲ့ဒီမှာ တတိယမြောက် သတင်းစာကို ထုတ်ဝေဖို့ ကြိုးပမ်းရတာပါ။
အဲ့ဒီလို ကြိုးပမ်းရာမှာ ပုံနှိပ်စာလုံးနဲ့ ရိုက်နိုင်အောင် အားထုတ်ကြရပါတယ်။ လက်နှိပ်စက်နဲ့ အလုပ်လုပ်ရတာ မတွင် လို့ ပုံနှိပ်ဖို့ လုံးပမ်းရတာကိုး၊ ကံအားလျော်စွာနဲ့ကူညီမယ့်သူ ပေါ်လာခဲ့ပါတယ်။
အဲ့ဒီပုဂ္ဂိုလ်က ကမာနှပ် ဦးဘဦးပါ။ ကမာနှပ် ဦးဘဦးက ပဲခူး “ဟံသာတိုင်းချစ်” ပုံနှိပ်စက်ပိုင်ရှင် ဦးဘထွန်း၊ ဦးဘထွန်း ရဲ့သား ကိုတင်ဦးတို့နဲ့ ရင်းနှီးပါတယ်။ ဦးဘဦးက တိုင်းမှူးဗိုလ်မှူးကျော်ဇော ကိုလည်း လေးစားသူပါ။ ဒါကြောင့် တိုင်း(၄) သတင်းစာ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ စက်တလုံးကို ဦးဘထွန်းနဲ့ ကိုတင်ဦးတို့ဆီက ငှားပေးပါတယ်။
ကိုတင်ဦးက တိုင်း ၄ သတင်းစာ လိုဂို စာလုံးကို ရေးဆွဲပေးသူလည်း ဖြစ်ပါတယ်။
ဦးဘထွန်းနဲ့သားဖြစ်သူ ကိုတင်ဦးတို့ကလည်း လိုလိုလားလားနဲ့ သူတို့ပုံနှိပ်စက်ကို အခမဲ့ အသုံးပြုဖို့ သဘောတူ ခွင့်ပြုခဲ့ပါ တယ်။ ပုံနှိပ်စက်တော့ရပြီ စာစီသမား၊ စက်ရိုက်သမားလိုသေးတယ်။ စစ်တွင်းကာလဖြစ်လေတော့ အတော်တော့ ရှာယူရ တယ်။
ပြည်သူ့ဆက်ဆံရေးဌာနမှာ အလုပ်လုပ်တဲ့ ကိုထွန်းမြင့်ရဲ့ အစီအစဉ်နဲ့ကိုထွန်းရွှေကိုရှာတွေ့ခဲ့ပါတယ်။ ကိုထွန်းရွှေကို ရတာ သူတို့အတွက်အတော့်ကို ကံကောင်းတယ်၊ ကိုထွန်းရွှေက စက်လည်းပြင်၊ စာလည်းစီ၊ ဖောင်လည်းသွင်း၊ စက်လဲရိုက်တတ်သူ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုထွန်းရွှေက ငှက်ဖျားမိနေသူ၊ ငှက်ဖျား ခဏခဏတက်တယ်၊ ဒါကြောင့် ကိုထွန်းရွှေကို တပတ်လောက် ဆေးကုရ တယ်၊ ကိုထွန်းရွှေကျန်းမာလာပေမယ့် စက်မရိုက်နိုင်သေးပါ။ စက်ကို ဖြုတ်ပြီး ဝှက်ထားလို့ ပြန်ပြီး တပ်ဆင် ရပါသေးတယ်။
ကိုထွန်းရွှေနဲ့ ဝိုင်းတော်သားတွေ ကိုယ်တိုင် ပုံနှိပ်စက်ကို ပြန်လည်ဆေးကြော တပ်ဆင်ကြရတယ်၊ ပြီးမှ စာစီတာ ဖောင်သွင်း တာတွေလုပ်ရတယ်၊ စာစီ၊ ဖောင်သွင်းဖို့ မင်မလိုဘူး၊ ရိုက်တာလည်း ကိုထွန်းရွှေပဲကိုး။
ကိုထွန်းရွှေတယောက်တည်း လိုလိုလုပ်ရတယ်၊ အင်မတန်ပင်ပန်းရှာတယ်၊ ကိုကြိုင်က သတင်းရှာပေးမူကြမ်းဖတ်၊ ပရုဖတ်(စာပြင်) တကယ်တော့ တိုင်း (၄) သတင်းစာကို လူနှစ်ယောက် စက်တလုံးနဲ့ ပင်ပန်းကြီးစွာခံပြီး လုပ်ရတယ်။
သူတို့အပင်ပန်းခံတဲ့ကျေးဇူးကြောင့် တိုင်း(၄) သတင်းစာ ၄ စောင်မြောက်ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၄ စောင် မြောက် တိုင်း ၄ သတင်းစာဟာ ပုံနှိပ်စာလုံးနဲ့ ဆန္ဒရှိတဲ့အတိုင်း ခန့်ခန့်ညားညားထွက်ပေါ်လာပါတယ်။
တင်းကုပ်ထဲက တိုင်း(၄) သတင်းစာ
တိုင်း(၄)သတင်းစာ အမှတ် ၄ ထွက်ပြီးတဲ့အခါ အတော်လေးအဆင့်မြင့်မြင့် အဆင်ပြေပြေထုတ်နိုင်ခဲ့ပါတယ်။ ဆက်ပြီး တော့လည်း အမှတ် ၅ နဲ့ ၆ ကိုထုတ်ဝေခဲ့ပါတယ်။ မျှော်လင့်တဲ့အတိုင်း အောင်မြင်မှုတွေရခဲ့တယ်။
အောင်မြင်မှုရလာတဲ့အတွက် အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းဖို့ စနစ်တကျဖြစ်ဖို့လိုတယ်၊ ဒါကြောင့် အယ်ဒီတာ အဖွဲ့ကိုဖွဲ့လိုက်တယ်၊ ဖွဲ့စည်းလိုက်တဲ့ အယ်ဒီတာ အဖွဲ့ထဲမှာ ကိုဘရွှေ၊ ကိုဝါစိန်၊ ကိုသောင်းကြည်နဲ့ ကိုတင်ဦးတို့ ဖြစ်ပါ တယ်။
ကိုဘရွှေက နိုင်ငံရေးသတင်းနဲ့ဆောင်းပါး၊ ကိုဝါစိန်က စစ်သတင်း၊ ကိုသောင်းကြည်နဲ့ ကိုတင်ဦးတို့က အထွေထွေ အရပ်ရပ် သတင်းနဲ့ အထွေထွေတာဝန်ယူရတယ်။ ခေါင်းကြီးပိုင်းကို ဌာနမှူးတွေ အလှည့်ကျရေးရတယ်၊ သူတို့ရေးပြီး သား ခေါင်းကြီးတွေကို ဌာနမှူးအစည်းအဝေးမှာ တင်ပြရတယ်။ ဌာနမှူးအစည်းအဝေးကသူတို့ရေးလာတာတွေကို ဖတ်ရှုဝေဖန် တည်းဖြတ်ပြီးမှ သတင်းစာထဲ ထည့်ပါတယ်။
တိုက်ပွဲမျက်မြင် သတင်းတွေရဖို့ စစ်မြေပြင် သတင်းထောက်တွေကို စစ်မြေပြင်ကို ပို့ပေးတယ်၊ နယ်မြေခံ ပြောက်ကျား ခေါင်းဆောင်တွေ၊ ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ (A.F.O) နယ်မြေခံ ခေါင်းဆောင်တွေ ဆီက စစ်သတင်း တွေနဲ့ နိုင်ငံရေးသတင်း တွေကိုလည်း တောင်းခံခဲ့တယ်။
နယ်မြေ ပြောက်ကျား ခေါင်းဆောင်တွေထဲမှာ စစ်မြေပြင်သတင်း အကောင်းဆုံး ပေးပို့နိုင်သူတွေထဲမှာ ညောင်လေးပင် မြို့နယ် ပုဇွန်မြောင်းရွာမှ အမျိုးသမီး ပြောက်ကျားခေါင်းဆောင်ဒေါ်ခင်ညှိဟာ ထူးချွန်တဲ့ စစ်မြေပြင် သတင်းရေးသားသူတွေထဲက တယောက်ဖြစ်တယ်။
ကိုမြင့်လွင်နဲ့ ကိုသောင်းကြည်တို့က စစ်မြေပြင်သတင်းများကို ကိုင်တွယ်ရတယ်၊ ရန်ကုန်သတင်းထောက်နဲ့ တိုင်း သတင်းထောက် တွေကိုလည်း ခန့်ထားနိုင်ခဲ့တယ်။ လုပ်ငန်းချဲ့ထွင် ကျယ်ပြန့်လာတာနဲ့အမျှ စာစီသမား တယောက် ထပ်ရှာရတယ်။
ကိုစီ ဆိုတဲ့သူ၊ နာမည်နဲ့လိုက်အောင် စာစီမြန်တယ်၊ စာအကျအပေါက်လည်း နည်းတယ်။ ကိုစီနဲ့ ကိုထွန်းရွှေ ၂ ဦး ပေါင်းလိုက်တဲ့ အခါ အင်မတန်ချောမွေ့သွားတယ်။ စာစောင်အမှတ် ၇ ကစပြီး တပတ် ၃ ကြိမ်တိုးထုတ်လာတယ်။
အဲ့ဒီအချိန်က သိတဲ့အတိုင်းပဲ၊ စစ်တွင်းကာလဖြစ်တဲ့အတွက် ခဲစာလုံးက ဝယ်ရ အင်မတန်ခက်တယ်၊ ဒါကြောင့် စာတဖောင် စီလိုက် ရိုက်လိုက်၊ ကတန်းကရမ်း စာပြန်ပြစ်လိုက်၊ ပြန်စီလိုက် ဒီလိုရိုက်ရတယ်၊ အင်မတန် ကသီလင်တ နိုင်တယ်။
သတင်းစာတိုက်ပုံနှိပ်ခန်းက ကမာနှပ် ဦးဘဦးအိမ်နောက်ဘက်ရှိ နွားတင်းကုပ်ထဲ၊ နွားချေးနံ့ သေးနံ့က တသင်းသင်း၊ မိုးလင်းပေါက်လုပ်ရတဲ့ညတွေဆို ခြင်ရန်ကရှိသေး၊ တင်းကုပ်ထဲလုပ်ရတော့ နွားတွေကို ရှောင်ရတာက တမှောင့်၊ အဲဒီလို လုပ်ကြရတာပါ။
တိုင်း(၄)က နှုတ်ဆက်ခဲ့ပါတယ်
တိုင်း (၄) သတင်းစာဟာ ဖက်ဆစ် တော်လှန်ရေး ကာလအတွင်း စစ်ခေါင်းဆောင် ဗိုလ်မှူးကျော်ဇော နဲ့ နိုင်ငံရေး ခေါင်းဆောင် သခင်ချစ် (ဆရာချစ်၊ ဗကပ တောတွင်း ကျဆုံး) တို့ ခေါင်းဆောင်တဲ့ တိုင်း(၄) (ပဲခူးတိုင်း)၊ တောင် ကျောပေါ်မှာ၊ တိုင်းဝါဒဖြန့်ချိရေးဌာနက ရေဒီယိုတလုံး မင်ခံစက္ကူတချို့ လူ ၇ ယောက်နဲ့ စခဲ့တဲ့ သတင်းဌာန၊ သတင်းစာ ဖြစ်ပါတယ်။
စစ်အတွင်း စက္ကူ၊ မင်၊ စက် အစစရှားပါးနေတဲ့ အထဲက တပ်မှူး တပ်သားတွေရဲ့ စိတ်စေတနာအရင်းခံနဲ့ ကြိုးပမ်း ထုတ်လုပ်ဖြန့်ဝေခဲ့တဲ့ သတင်းစာတစောင်ဖြစ်ပါတယ်။ စာစောင်အမှတ် ၁ မှ အမှတ် ၂၇ အထိ ထုတ်ဝေဖြန့်ချိ နိုင်ခဲ့ ပါ တယ်။
ကမ္ဘာစစ်ကြီးရဲ့ စစ်ရေး နိုင်ငံရေး သတင်းတွေ၊ ပြည်တွင်းက စစ်ရေးနိုင်ငံရေးသတင်းတွေ၊ စစ်မြေပြင် တိုက်ပွဲသတင်း တွေ၊ တိုင်း ၄ ဒေသတွင်းတိုက်ပွဲသတင်းတွေအပြင် တိုင်း ၁၊ တိုင်း ၆၊ တိုင်း ၇ တို့က တိုက်ပွဲသတင်းတွေ စစ်မြေပြင် သတင်းတွေကိုလည်း အခါသင့်အခွင့်ကြုံတိုင်း ရေးသားဖော်ပြနိုင်ခဲ့ပါတယ်။
၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ဖဆပလ က ကျင်းပတဲ့ နေသူရိန်အစည်းအဝေးကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ မိန့်ခွန်း၊ တိုင်း ၄ လှုပ်ရှားမှုများအပေါ် မူတည်ထားတဲ့ ဗိုလ်မှူးကျော်ဇောရဲ့ တိုတိုတုတ်တုတ် ပြည့်စုံပြတ်သား လှတဲ့ ညီညွတ်ရေး အဆို၊ တပ်မတော်ပြန်လည်ဖွဲ့စည်းရေးအတွက် ခေါင်းဆောင်တို့ရဲ့ လုပ်ဆောင်ချက်များ၊ တပ်မတော် ခေါင်းဆောင်များနဲ့ မဟာမိတ်တို့ သဘောတူချုပ်ဆိုခဲ့တဲ့ တပ်ပြန်ဖွဲ့ရေး စာချုပ်များကို ဖော်ပြနိုင်ခဲ့ ပါ တယ်။
တိုင်း (၄) သတင်းစာဟာ တပ်မတော် ပြန်လည် ဖွဲ့စည်းရေးအတွက် ဆေးစစ်မှတ်ပုံတင်ပြီး မိမိတို့ နေရပ် ခေတ္တပြန်ဖို့ ခွင့်ပေးလိုက်ပါတယ်။ ခွင့်အပြန် နှုတ်ဆက်တဲ့အနေနဲ့ သတင်းစာအမှတ် ၂၇ ကို နောက်ဆုံးထုတ်ဝေပြီး နှုတ်ဆက်ခဲ့ပါ သတဲ့။
နောက်ဆုံး တိုင်း ၄ ရဲ့ နှုတ်ခွန်းဆက် စာသဝဏ်ကတော့ –
“ဗမာ့လွတ်လပ်ရေး အတွက် သော်လည်းကောင်း၊ ကမ္ဘာ့လူမျိုးစုံ ချစ်ခင်ရေး အတွက် သော်လည်းကောင်း ငါတို့ အသက်ကို စွန့်လွတ်ရန် အဓိဋ္ဌာန်ပြုပါ၏”တိုင်း(၄)
တကယ်တော့ တိုင်း ၄ သတင်းစာဟာ ဖက်ဆစ်တော်လှန်ရေးကြီး အပြီး ဗမာ့မျိုးချစ် တပ်မတော်ကြီး ဖျက်သိမ်း လိုက်တာနဲ့ အတူ တိုင်း ၄ လည်း အဖျက်ခံလိုက်ရပါတယ်။ ဒါကြောင့် ဖက်ဆစ်တော်လှန်ရေးကြီးပြီးကတည်းက စုတ်စ မြုတ်စ ပျောက်ကွယ်သွားရတဲ့ တိုင်း ၄ သတင်းစာဟာ ဖက်ဆစ်တော်လှန်ရေးမှာ ကျဆုံးသွားသူတွေနဲ့အတူ ဘယ်သောအခါမှ ပြန်လည်မဆုံစည်း ရတော့ပါဘူး။
သို့သော် တင်ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ သမိုင်းဝင် မှတ်တမ်းကိုတော့ ဘယ်သူမှ ဘယ်တော့မှ ဖျောက်ဖျက်လို့ ရနိုင်မှာ မဟုတ်ကြောင်း တင်ပြ လိုက်ရပါတယ်။ ။
စာရေးသူ လှကွန့်သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသော စာနယ်ဇင်း မီဒီယာများတွင် သမိုင်း ဆိုင်ရာများ နှင့် နိုင်ငံရေး ဆိုင်ရာ စာပေများကို ရေးသားနေသူလည်း ဖြစ်ပါသည်။