အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ၁၇၅၅ ခုနှစ်မှာ ဒဂုံမြို့ကိုသိမ်းပြီး ရန်အပေါင်းကုန်စေဖို့ဆိုပြီး ရန်ကုန် လို့ သမုတ်ခဲ့တဲ့ ရန်ကုန်၊ အင်္ဂလိပ်၊ ဂျပန်၊ စစ်အာဏာရှင်အဆက်ဆက် ကြုံခဲ့ဆုံခဲ့ရတဲ့ ရန်ကုန်၊ မွန်၊ ကရင်စစ်ပွဲတွေနဲ့ သွေး ချောင်းစီးခဲ့ရတဲ့ရန်ကုန်၊ လင်ပစ်မုဆိုးမလိုလည်း စွန့်ခွာပစ်ပြေးခံရ စတဲ့ ဘေးတွေလည်း ကြုံခဲ့ရတဲ့ရန်ကုန်ကို သမိုင်းပညာ ရှင်တွေနဲ့ အနုပညာသမားတွေကလွဲ ဘယ်သူတွေများ သူ့ဂုဏ်ပုဒ်ကို တူးဖော်ရေးသားကြမှာလဲ။
ရွေ့လျားလာတဲ့ သမိုင်းကြောင်းတွေနဲ့အတူ ရန်ကုန်ဟာ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးဖို့အားယူနေပြီး အိမ်နီးချင်းနိုင်ငံတွေ အားကျအတုယူချင်စရာများနဲ့ရန်ကုန်ကို ခု မိုးရွာတော့ ရေကြီး၊ ရေကြီးတော့ မီးပြတ်၊ မီးပြတ်တော့ ဒုစရိုက်များ၊ ညစ်ပေ နံစော် ပလက်ဖောင်းထက်တောင် လမ်းလျှောက်မရ စသဖြင့် စသဖြင့် အမည်ပျက်စာရင်းသွင်းရလောက်အောင် စုတ်ချာ ပျက် စီးမှုတွေနဲ့ ဘယ်သူတွေများ ရက်စက်နိုင်အားကြခဲ့လေသလဲ။
လူတယောက်ဆိုရင်တော့ ငါ့ကိုဖျက်ဆီးခဲ့တာ၊ ငါ့ကို အမှောင်ချနေတာ ဘယ်ခေတ်က ဘယ်သူတွေက ဆိုပြီးပြောဆိုသံ ကိုကြားရမှာဖြစ်ပြီး အခုတော့ ရန်ကုန်ဟာ မြို့တမြို့သာဆိုတော့ အစဉ်အဆက် စောင့်ကြည့်မှတ်တမ်းတင် သွားမှသာလျှင် ခြေရာခံမိမှာ ဖြစ်ပါတယ်။
နိုင်ငံခေါင်းဆောင်တွေ၊ ကမ္ဘာ့စာပေပညာရှင်တွေ၊ အနုပညာသမားတွေ ရောက်ခဲ့၊ လာခဲ့ ပျော်ခဲ့တဲ့ ရန်ကုန်ဟာ ခု သနား စရာ သတ္တဝါတကောင်ဖြစ်နေပြီလား မီးပုံထဲကနေ အားယူထ ဗင်းနစ်ငှက်လိုမျိုးလားဆိုတာကတော့ ရန်ကုန်ကို ယခု တာဝန်ယူ ထားသူများသာ တာဝန်ရှိပါလိမ့်မယ်။
ယခုစာအုပ်ကတော့ မူရင်းရေးသားသူ B.R PEARN ၏ A HISTORY OF RANGOON ကို ကိုကိုလေးက ရန်ကုန် သမိုင်းဆိုပြီး ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ မူရင်းစာအုပ်ကို ၁၉၃၉ ခုနှစ်မှာ AMERICAN BAPTIST MISSION PRESS မှ ထုတ်ဝေထားပါတယ်။
မူရင်းစာအုပ်မှာ ရွှေတိဂုံဘုရားတည်ခြင်းမှ စပြီး အလောင်းမင်းတရားနဲ့စစ်ပွဲများ၊ ဗြိတိသျှတို့နဲ့စစ်ပွဲများကို ဖော်ပြပြီး ၁၉၃၇ ခုနှစ်ထိသာ ရေးသားခဲ့တာဖြစ်ပြီး ဘာသာပြန်ဆိုသူကိုကိုလေး က အခန်း ၆ ခန်း (၁၉၄၁ မှ ၁၉၆၂ ထိ )ကို ထပ်မံပြုစုရေး သားခဲ့တယ်လို့ အမှာစာမှာ ဖတ်ရပါတယ်။
B.R PEARN ရေးတဲ့ မူရင်းစာအုပ်မှာပါဝင်တဲ့ အပိုင်းများကတော့ ရန်ကုန် ယခင်နှင့်ယခုလမ်းအမည်များ၊ အခန်း(၁) ရှေး ဟောင်းရာဇဝင်များတွင် ဖော်ပြသော ရန်ကုန်သမိုင်းဆိုင်ရာမှတ်တမ်းများ၊ အခန်း(၂) ဒဂုံ(DAGON)၊ အခန်း(၃)၊ ရန်ကုန် မြို့တည်ထောင်ခြင်း၊ အခန်း(၄) အလောင်းမင်းတရား၏ရန်ကုန်၊ အခန်း(၅)အလောင်းမင်းတရား၏ရန်ကုန်(၂)၊ အခန်း(၆) ၁၈၂၄-စစ်ပွဲ၊ အခန်း(၇)သာယာဝတီမင်းလက်ထက်ရန်ကုန်မြို့၊ အခန်း(၈) ၁၈၅၂ ခုနှစ်စစ်ပွဲ၊ အခန်း(၉) ရန်ကုန်မြို့ကို ခေတ် မီမြို့တော်ကြီးအဖြစ် တည်ဆောက်ရန် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ အခန်း(၁၀) ခေတ်မီရန်ကုန်မြို့ (၁၈၅၅-၁၈၇၄)၊ အခန်း(၁၁)ခေတ်မီရန်ကုန် (၁၈၇၄-၁၈၈၂)၊ အခန်း(၁၂) ခေတ်သစ်ရန်ကုန်(၁၈၈၂-၉၈)၊ အခန်း(၁၃) ခေတ်သစ်ရန် ကုန်(၁၈၉၈-၁၉၃၆)တို့ ဖြစ်ပါတယ်။
ဘာသာပြန်ဆိုသူ ကိုကိုလေး ဖြည့်စွက်ထားတဲ့ နောက်ဆက်တွဲများမှာတော့ အခန်း(၁) ကံကြမ္မာဆိုးတွေ ဝင်လာတဲ့ ရန် ကုန်မြို့၊ အခန်း(၂) ရန်ကုန်သို့ဂျပန်များ ဝင်ရောက်လာခြင်း၊ အခန်း(၃)ဂျပန်လက်အောက်မှ ရန်ကုန်၊ အခန်း(၄) စစ်ပြီး ခေတ်ရန်ကုန်မြို့၊ အခန်း (၅) အိမ်စောင့်အစိုးရခေတ် ရန်ကုန်မြို့၊ အခန်း(၆) နိဂုံးတို့ဖြစ်ပါတယ်။
အင်္ဂလိပ်ခေတ်က ရန်ကုန်မြို့ရဲ့လမ်းပေါင်း ၁၉၂ လမ်း ကိုလည်း ယခုအမည်များနဲ့တွဲလျက် စုစည်းဖော်ပြထားပါတယ်။ ရန် ကုန်ဘူတာကြီး၊ ဂျူဗလီဟော၊ ဘားလမ်း၊ ဗဟိုတရားရုံး၊ ဝိဇိယရုပ်ရှင်ရုံ၊ ဂန္ဒီခန်းမ၊ မဟာဗန္ဒုလလမ်း ၊ ဗြိတိသျှအိမ်တော်၊ ရွှေဘုံသာလမ်း၊ ဝန်ကြီးများရုံး၊ ကန်တော်ကြီး၊ ဗိုလ်ချုပ်ကြေးရုပ်၊ ဘူတာကြီးနာရီစင်၊ ပန်းဆိုးတန်းလမ်း၊ သိမ်ကြီးဈေး၊ ကိုးထပ်ကြီးဘုရား၊ ဗားကရာ၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်တက္ကသိုလ်၊ ရွှေတိဂုံဘုရားလမ်း၊ တရုတ်တန်း၊ ချင်းချောင်းခြံ၊ ရန်ကုန်မြစ်၊ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ၊ မဟာမေဒင်ဗလီ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ရိုမန်ကတ်သလစ် ဘုရားကျောင်း၊ စထ ရင်းဟော်တယ်၊ မြို့တော်ခန်းမ၊ လွတ်လပ်ရေးကျောက်တိုင်ပန်းခြံ၊ ရန်ကုန်ဘုတ်ကလပ်၊ လော့ဒါလဟိုဇီ လမ်း၊ ဗိုလ်တ ထောင်ကမ်းနား၊ ကန်တော်မင်ပန်းခြံ၊ ရန်ကုန်ဆေးရုံကြီး၊ မီးရထားရုံးချုပ်၊ ရိုးကုန်တိုက်တို့အပြင် နာမည်ကျော်ရွှေတိဂုံ ဘုရားရဲ့၁၈၀၀ ခုနှစ်ကျော်က ဓာတ်ပုံကိုလည်း ထည့်သွင်းထားပါတယ်။
အလောင်းမင်းတရားမတိုင်မီ ရန်ကုန်ဟာ သမိုင်းဆိုင်ရာအရ အငြင်းပွားရာဖွယ် အချက်အလက်တွေရှိနိုင်ပါတယ်လို့ မူရင်း စာအုပ်ရေးသားသူ B.R PEARN က ရေးသားထားပြီး အဲဒီနောက်ပိုင်းကာလတွေကိုတော့ အထောက်အထားများ၊ မြေပုံ များ၊ စာရင်းဇယားများကိုပါ ရှာဖွေရေးသားပြီး ထည့်သွင်းဖော်ပြထားပါတယ်။
“အထင်ကရအဖြစ် ဒဂုံမြို့၏ ရပ်တည်မှုသမိုင်းကို လေ့လာသော် လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀ ခန့်က မွန်လူမျိုးတို့ မြို့တည်ခဲ့ ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ၁၈ ရာစု အလယ်တွင် ရွှေတိဂုံဘုရားသည် ဘာသာရေးအရ အချက်အချာ ဖြစ် လာပြီး ဒဂုံမြို့သည် စည်ကားစပြုလေသည်”
“ရွှေတိဂုံစေတီတော်ကို အခြေခံပြီး ဒဂုံဟု အမည်မှည့်သည်ဟုလည်း ဆိုကြသည်၊ ဒဂုံ(Dagon)၏ အဓိပ္ပာယ်သည် လွန်စွာ ကျယ်ဝန်းသည်။ ဖိုနေရှန်းတို့က ဒဂုံကို ငါးဘုရား (သို့) ဘုရားငါး (The Fish God) ဟု အဓိပ္ပာယ်ဖွင့်ကြသည်။”
ရန်ကုန်မြို့နဲ့ပတ်သက်ပြီး ဒဂုံမြို့အရှေ့ပိုင်းကာလ(ဦးအောင်ဇေယျမသိမ်းမီ) တွေက သမိုင်းဆိုင်ရာအရ ငြင်းခုန်စရာ အချက် အလက်များပါဝင်ပေမယ့် ရန်ကုန်မြို့အကြောင်းသိချင်ရင်တော့ ယခုစာအုပ်ကို မဖတ်ဘဲနေလို့ရမယ်မဟုတ်ပါဘူး။
ယခုဒီစာအုပ်ကို ဖတ်နေရင်း ပြောနေရင်းမှာပဲ ရန်ကုန်မြို့မှာ မိုးသည်းထန်စွာရွာသွင်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ပေါ် နေပါတယ်။ ယခင်လူမျိုးခြားများ မြူနီစီပယ်ရာထူးယူခဲ့ပြီး မြို့တော်ရန်ကုန်စည်ပင်ဝပြောရေး လုပ်ဆောင်ချက်များနဲ့ နှိုင်း ယှဉ်မိပါတယ်။
စာအုပ်မှာ ၁၈၇၄ ကစလို့ ရန်ကုန်မြို့ရဲ့မြူနီစီပယ်ဥက္ကဌဆောင်ရွက်ခဲ့ကြသော လူမျိုးခြားပုဂ္ဂိုလ်များဖြစ်တဲ့ မေဂျာအီဗင် ဆွန်၁၈၇၄-၁၈၈၁)၊ မစ္စတာဟောလ်(၁၈၉၄-၉၇)၊ မစ္စတာကာတာ(၁၈၉၃-၉၄) လက်ဖတင်နင်ကာနယ် ကရက်စ်ဝဲလ် (၁၈၉၅)၊ မစ္စတာ အီးလက်စ်(၁၈၉၆-၁၈၉၇-၁၈၉၉)၊ မစ္စတာတေးလ်လီး(၁၈၉၉)၊ မစ္စတာစိန့်ဂျွန်းလ်(၁၈၉၉-၁၉၀၃၊၁၉၀၃-၁၉၀၄)၊ မစ္စတာ လော် ရီ(၁၉၀၄-၁၉၁၀)၊ မစ္စတာဒဗလျူအိတ်ရှ်၊အယ်လ်ကာဘယ်လ်(၁၉၁၀-၁၉၁၃၊၁၉၁၃-၁၉၁၇)၊ မစ္စ တာ ဂါဗန်စကော့ (၁၉၁၃၊၁၉၁၇-၁၉၂၀၊၁၉၂၁-၁၉၂၄)၊ မစ္စတာကမ်ပါဂန့်(၁၉၂၇)၊ ဒေါက်တာဒူးဂဲလ်(၁၉၃၃)၊ မစ္စတာ ရာဖီး (၁၉၂၉)၊ ဆာလီ အာရိုင်း (၁၉၂၅)၊ မစ္စတာ အီးအမ်ပတေး(၁၉၂၆)၊ ကပ္ပတိန်ရက်ဟောလ်(၁၉၃၀)၊ မစ္စတာဂျေကေမန်ရှီ (၁၉၃၄)၊ ဒေါက်တာ အမ်မာရေး(၁၉၃၇)တို့ကို ဓာတ်ပုံများနဲ့ဖော်ပြထားပါတယ်။
မြန်မာလူမျိုးများထဲမှ ရန်ကုန်မြို့တော်ရဲ့မြူနီစီပယ်ဥက္ကဌလုပ်ခဲ့ကြသူတွေဖြစ်တဲ့ ဒေါက်တာဘရင် (၁၉၂၄)၊ ဦးသိန်းမောင် (၁၉၃၁)၊ ဦးကျော်ဇံ(၁၉၃၅)၊ ဦးအုန်းခိုင်(၁၉၂၈)၊ ဦးဘကလေး(၁၉၃၈)၊ ဦးဆက်(၁၉၃၀)တို့နဲ့ သူတို့ဆောင်ရွက်ခဲ့တဲ့ သက္က ရာဇ်များ ဓာတ်ပုံများနဲ့ ဖော်ပြထားပါတယ်။
သေချာတာတခုက ဓာတ်ပုံအထောက်အထားများအရ ရန်ကုန်ဟာ အခုလို ပျက်စီးခြင်းငါးပါးမစိုက်သေးပါဘူး။ စံချိန်စံညွှန်း မမီတဲ့ လူနေအဆောက်အအုံတွေ၊ အမှိုက်များ ရွံ့ဖွက်များရှိတဲ့နောက်ဖေးလမ်းကြားတွေ၊ လမ်းလျှောက်ရခက်တဲ့ ပလက် ဖောင်းတွေ စတဲ့ မြို့ကျက်သရေတုံးတွေ ဘာမှ မရှိသေးပါ။ အော် လွမ်းဖွယ့် ရန်ကုန်မြို့ကြီးရယ်။
အနှစ်ချုပ်ဆိုရရင် ရန်ကုန်သမိုင်းစာအုပ်ဟာ ရန်ကုန်အစ၊ လယ်၊ ဆုံး သမိုင်းကြောင်း ပြန်လှန်ကြမယ်ဆိုရင် မပါမပြီး သမိုင်း အထောက်အထားဆိုင်ရာ စာအုပ်တအုပ်ဖြစ်ပါတယ်။
ရန်ကုန်ဆိုပြီး အဆင့်ဆင့် ပြောင်းလဲတိုးတက်ဖွံ့ဖြိုးခဲ့ပြီးမှ ဒုစရိုက်တွေထူပြောပြီး နာမည်ပျက်ခဲ့ရတာ ဘယ်သူတွေ ကျကျ နန ဖျက်ဆီးခဲ့လို့ဆိုတာကို ယခုစာအုပ်နဲ့ ခြေရာခံဖို့ လုံလောက်ပါတယ်။