၁၉၂၀ ခုနှစ်မှ ယခု အချိန်အထိ မြန်မာနိုင်ငံတွင် အမျိုးသမီး ၄ ဦးသာ အစိုးရ ဝန်ကြီးဌာန အကြီးအကဲ အဖြစ်ခန့်အပ်ခံ ခဲ့ရသည်။
ထိုသို့ အလေးအနက် စဉ်းစားစရာ အချက်မှာ သုတေသီ ဦးသန်းထွန်း (မော်လမြိုင်) ရေးသားပြီး မကြာသေးမီက ထုတ်ဝေသော မြန်မာနိုင်ငံသမိုင်းစဉ်ထဲက အတ္ထုုပ္ပတ္တိအဘိဓာန် စာအုပ်အရ ထင်ရှားလာသည်။ ထိုစာအုပ်သည် ၁၉၂၀ မှ ၁၉၈၈ အထိ မြန်မာနိုင်ငံ၏ သမ္မတများ၊ ဒုသမ္မတများ၊ ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၏ ကိုယ်ရေး အကျဉ်းကို မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။
ထိုစာအုပ်သည် မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်မှ ပါလီမန်ဒီမိုကရေစီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်များ အထိ ကာလကို ဖော်ပြထားသည်။
နှစ် ၇၀ ကာလအတွင်း ဝန်ကြီးနေရာ စုစုပေါင်း ၂၀၀ ကျော်အနက် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ၄ နှစ်အကြာ ၁၉၅၂ ခုနှစ်က ပါလီမန်အမတ် အဖြစ် အရွေးခံရသော အမျိုးသမီးများ အနက် တဦးဖြစ်သူ ကရင်တိုင်းရင်းသူ မစ္စစ် ဘမောင်ချိန် ၊ ကလယ်ရီဗဲလ် အိုင်းရင်းပိုး (Claribel Irene Po) အမည်ရှိ အမျိုးသမီး ဝန်ကြီးတဦးသာ ပါဝင်သည်။
သူသည် ကရင်ပြည်နယ် ဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ပြည်ထောင်စုဝန်ကြီး ဖြစ်လာကာ ၁၉၅၂ ခုနှစ် မတ်လမှ ၁၉၅၃ ခုနှစ် မတ်လ ၄ ရက်နေ့အထိ ဝန်ထမ်းဆောင်သည်။ သို့သော် သူ၏ ရာထူးသက်တမ်း နောက် ပိုင်းတွင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်မှစကာ အမျိုးသမီး ဝန်ကြီး ကင်းမဲ့ခဲ့သည်မှာ ရာစုဝက်နီးပါး ကာလတခု ဖြစ်လာခဲ့သည်။
ဆယ်စုနှစ်ပေါင်း များစွာ စစ်ဗိုလ်ချုပ်ကြီးများက အုပ်ချုပ်ခဲ့ကြပြီး ဖိနှိပ်မှုကို တွန်းလှန်ရန်နှင့် ထိပ်တန်းနိုင်ငံရေးတွင် ပါဝင်မှုကို မြှင့်တင်ရန် အမျိုးသမီးများ၏ အားထုတ်မှုများ ရှိသော်လည်း မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ တိမ်မြုပ်နေခဲ့ရသည်။
မြန်မာနိုင်ငံတွင် ရာစုနှစ် တခုနီးပါး အတွင်း ပြည်ထောင်စုဝန်ကြီး အဆင့် အမျိုးသမီး ၄ ဦးသာ ရှိသည် ဟူသော အချက်သည် ကျား၊ မ တန်းတူညီမ ျှမှု မရှိခြင်းကို မီးမောင်းထိုးပြနေသည် ဟု ကျား၊ မ တန်းတူညီမျှရေး ကွန်ရက်မှ ဒါရိုက်တာ မမေစံပယ်ဖြူ က ပြောသည်
အာဏာရှိသော ရာထူးများမှာ ဗိုလ်ချုပ်ကြီးများ အတွက်သာ ဖြစ်ခဲ့သောကြောင့် နိုင်ငံရေးတွင် အမျိုးသမီးများ ကင်းမဲ့ နေရခြင်း၏ အဓိက အကြောင်းရင်းမှာ စစ်အစိုးရ အုပ်ချုပ်ရေးကြောင့် ဖြစ်သည် ဟုလည်း သူက ပြောသည်။
“အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ အတွက် မျှတမှု မရှိဘူး” ဟုလည်း သူက ဆက်ပြောသည်။ ဝန်ကြီးရာထူးတွေကို တိုက်ရိုက်ခန့်မယ့် အစား ရွေးကောက်ခဲ့ရင် အမျိုးသမီးတွေ ပိုပြီးနေရာရလာမှာ ဟုလည်း ၎င်းက ဆိုသည်။
စစ်အစိုးရက ထိုစဉ်က ဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သားတပိုင်း အစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့သော ၂၀၁၁ ခုနှစ်တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အချို့ ပေါ်ပေါက်လာခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ၃၆ နေရာတွင် အမျိုးသမီး ဝန်ကြီး နှစ်ဦးကို ရွေးချယ်ခဲ့ကာ ယခင် နှစ်ပေါင်း ၆၀ နီးပါးက မစ္စစ်ဘမောင်ချိန် ချန်ထားခဲ့သည့် တာဝန်ကို ထမ်းဆောင်ခဲ့ ကြသည်။
ထိုစဉ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နှင့် ကျန်းမာရေး ဒုဝန်ကြီး ဖြစ်ခဲ့သူ ဒေါ်မြတ်မြတ်အုန်းခင် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး အဖြစ် ၂၀၁၂ ခုနှစ်တွင် ခန့်အပ်ခဲ့သည်။ ယခင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒုဝန်ကြီး ဒေါ်ခင်စန်းရီ သည် ၂၁၀၄ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ၂၁၀၅ ခုနှစ်တွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန ၂ ခုကို ဦးဆောင်ခဲ့သည်။ သို့သော် သူ့ကို ဝန်ကြီး အဖြစ် ခန့်အပ်ခြင်းမှာ ထိုဝန်ကြီးဌာန တခုစီတွင် အမျိုးသားဝန်ကြီးများ ကွယ်လွန်မှသာ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ယခင် ဦးသိန်းစိန်အစိုးရသည် အမျိုးသမီး ဒုတိယဝန်ကြီး ၅ ဦးကိုလည်း ခန့်အပ်ခဲ့သည်။
ထိုသို့ ခန့်အပ်ခြင်းများ ရှိသော်လည်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အစိုးရအဖွဲ့ အတွင်း အမျိုးသမီးပါဝင်မှု အနည်းဆုံး နိုင်ငံများအနက် တခု ဖြစ်နေသည်။ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားအပါအဝင် ဒေသတွင်းမှ အချို့သော နိုင်ငံများတွင် အနည်းဆုံး အမျိုးသမီးဝန်ကြီး တဒါဇင်စီ ရှိကြသည်။
သို့သော် မြန်မာနိုင်ငံသည် ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အပါအဝင် အမျိုးသမီးက နိုင်ငံကို ခေါင်းဆောင်သော လက်တဆုပ်စာ နိုင်ငံများတွင် ပါဝင်နေသည်။
မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူ၏ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရကာ ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သော ထိုစဉ်ကအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ဖယ်ရှား လိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာခြင်းနှင့် အတူ အစိုးရအဖွဲ့တွင် အမျိုးသမီး အရေအတွက် ပိုမို များပြားလာမည် ဟု မျှော်လင့်ခဲ့ကြသော်လည်း အစိုးရအဖွဲ့တွင် ပါဝင်လာသည့် တဦးတည်သော အမျိုးသမီးမှာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြစ်နေသည်။
နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း၊ သားသမီးရှိသော မည်သူမဆို သမ္မတ မဖြစ်လာနိုင်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းချက် ကြောင့် မဲဆန္ဒရှင်များသည် ၎င်းတို့၏ ခေါင်းဆောင်ကို သမ္မတအဖြစ် မမြင်ကြရပေ။ သို့သော် သူမသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးနှင့် ဝန်ကြီးဌာန ၂၂ ခုအနက် နိုင်ငံခြားရေးနှင့် သမ္မတရုံး ဝန်ကြီးရာထူး ၂ ခုကို ယူထားသည်။ ယခင် အစိုးရခေတ်က ဝန်ကြီးဌာန ၃၆ ခုကို ယခု အစိုးရက ၂၂ ခုသို့ ပြန်လည် လျှော့ချခဲ့သည်။
အစိုးရအဖွဲ့တွင် အမျိုးသမီး တဦးတည်းသာ ပါဝင်ခြင်းကို မျှော်လင့် မထားခဲ့ကြသလို အမျိုးသမီးအရေး ဆောင်ရွက်သူများ အတွက် စိတ်ပျက်စရာလည်း ဖြစ်သည်။ ၎င်းတို့က အစိုးရ ကဏ္ဍများ၏ ဆုံးဖြတ်ချက်ချသော အဆင့်တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးအတွက် ဆက်လက် လုပ်ဆောင်နေကြရသည်။
သို့သော် ယခင်အစိုးရနှင့် မတူ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် အမျိုးသမီး ပြည်နယ်/တိုင်း ဝန်ကြီးချုပ် ၂ ဦး ရှိလာသည်။ ၎င်းတို့ ၂ ဦးမှာ တနင်္သာရီတိုင်းမှ ဒေါက်တာဒေါ် လဲ့လဲ့မော်နှင့် ကရင်ပြည်နယ်မှ နန်းခင်ထွေးမြင့် တို့ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် မဇင်မာအောင်က ရာစုနှစ်တခု နီးပါးအတွင် အမျိုးသမီးဝန်ကြီး ၄ ဦးသာ ရှိသည့် စိတ်ပျက်စရာ ကောင်းသော ကိန်းဂဏန်းများ သည် သူမနှင့် အခြားအမျိုးသမီးများ ပိုမိုအားထုတ် လုပ်ဆောင်ရန် တိုက်တွန်းနေသည့် အချက်အဖြစ် ယူဆသည်။ ထိုသို့ လုပ်ဆောင်မှသာ အမျိုးသမီးများ အနေဖြင့် ပိုမိုမျှတစွာ ကိုယ်စားပြုခွင့် ရမည် ဟု သူက ပြောသည်။
“ဒါဟာ နိုင်ငံရေးစနစ်တွေနဲ့ လူမှုရေး စံနှုန်းတွေကြောင့် ဖြစ်နိုင်တယ်။ ဒါပေမယ့် အမျိုးသမီး တယောက်အနေနဲ့ ဒီအချက်က ကျမကို လူ့အဖွဲ့အစည်းမှာ အလုပ်ပိုမို ကြိုးစားဖို့ အားပေးနေတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် မဇင်မာအောင်က ပြောသည်။
လွှတ်တော် အသီးသီးတွင် အမျိုးသမီး ၁၃ ရာခိုင်နှုန်း ပါဝင်လာသဖြင့် ယခင် အစိုးရ၏ ၅ ရာခိုင်နှုန်းနှင့် ယှဉ်လျှင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာ ၃ ဆ တိုးလာသည်။
မြန်မာနိုင်ငံတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်၌ အမျိုးသမီးများ ပါဝင်မှု နည်းခြင်းကြောင့်ပင် ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည် ဟု ရှမ်းပြည်နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် မ ပြုံးကေသီနိုင် ကလည်း ပြောသည်။
“ဒီအချက်က စိတ်ပျက်စရာ မဖြစ်သင့်ပါဘူး။ စိတ်ပျက်ရင် အလုပ် မဖြစ်ဘူး။ ကျမကတော့ ဒါဟာ ဥပဒေပြုတဲ့ ကိစ္စတွေမှာ ကျား၊ မ တန်းတူမှု ပိုမိုရှိလာအောင် လုပ်ဖို့ စိတ်ဓာတ်ခွန်အား ဖြစ်စေတယ်” ဟု သူက ပြောသည်။
(www.irrawaddy.org တွင် ဖော်ပြထားသည့် စမ်းယမင်းအောင်၏ Burma’s Gender Gap: Only Four Women Ministers in Nearly a Century ဆောင်းပါးကို ဘာသာပြန်သည်။)