လက်ရှိ နေထိုင်ရသောဘဝက တော်သင့်ရုံသာဖြစ်ပေမယ့် ယခင်ထက်တော့ ပိုမို ကောင်းမွန်သည်ဟု ဆိုရပေမည်။
ကလေးနှစ်ယောက်၏ ဖခင်ဦးခင်မောင်ရွှေသည် ရန်ကုန်မြို့ပြင်တွင် ဆိုင်ကယ်တက္ကစီ ဆွဲသည်။ သူ၏ ဇနီး ဒေါ်နီလာက ဈေးဆိုင်အသေးလေး တဆိုင် ဖွင့်ထားသည်။
သူတို့မိသားစုသည် ကိုယ့်အားကိုယ်ကိုးပြီး မင်္ဂလာဒုံ ထောက်ကြန့်ကျေးရွာအနီးတွင် နေထိုင်ခဲ့သည်မှာ ၃ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့သည် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရှိ ပဋိပက္ခရှောင်စခန်းတွင် ၃ နှစ်ကြာ ခံစားခဲ့ရသည့် ကြမ်းတမ်းသော အခြေအနေများမှ လွတ်မြောက်ရန် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာကြသူများဖြစ်၍ ယင်းသို့နေထိုင်ရသည်မှာလည်း ကမန် မိသားစုများအတွက် အရေးကြီးသော ကိစ္စရပ်တခုပင် ဖြစ်၏။
“ဟိုမှာက ကန့်သတ်ချက်တွေ အရမ်းများတယ်။ ပြီးတော့ အလှူရှင်တွေ ပေးတဲ့ဟာကိုပဲ မှီခိုနေရတယ်။ ဒီနေရာမှာလိုမျိုး လွတ်လွတ်လပ်လပ် သွားလာလို့ မရဘူး” ဟု ဦးခင်မောင်ရွှေက ပြောသည်။
ရန်ကုန်မြို့သည် လုံခြုံပြီး လွတ်လပ်သည်၊ သူတို့ဇနီးမောင်နှံအတွက် တောက်ပသော အနာဂတ် တခု တွေ့နိုင်သည်ဟု သူက ဆိုသည်။ လင်မယားနှစ်ဦး ငွေစုပြီး ကလေးများကို ကျောင်းထားနိုင်မည်ဟုလည်း မျှော်မှန်းထားကြသည်။
ပိုင်ဆိုင်သမျှ တခုမျှမကျန်
၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့်မွတ်စလင် အသိုက်အဝန်း ၂ ခုတို့အကြား ပဋိပက္ခများ ရုတ်တရက် ဖြစ်ပွားခြင်းရလဒ်က လူ ၁၁၂ ဦးခန့်သေဆုံးခဲ့ပြီး လူသိန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။ နေရပ်စွန့်ခွာ ထွက်ပြေး ရသူ အများစုမှာ မိမိကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ဆိုကြသော မွတ်စလင်များဖြစ်ကြသည်။
မွတ်စလင် ကမန် အသိုက်အဝန်းသည်လည်း အကြီးအကျယ် ထိခိုက်ခဲ့ရသည်။ ထောင်နှင့်ချီသော ကမန်တို့သည် သူတို့ ၏ လုံခြုံရေးအတွက် ရမ်းဗြဲ၊ စစ်တွေနှင့် ကျောက်ဖြူ မြို့နယ်များရှိ စခန်းများတွင် နေထိုင်ကြရသည်ဟု အာဏာပိုင်များက ပြောသည်။
ကမန်များသည် မြန်မာနိုင်ငံ၏တရားဝင် တိုင်းရင်းသား ၁၃၅ မျိုးထဲတွင်ပါဝင်ပြီး ရခိုင်ပြည်နယ်မှ တိုင်းရင်းသား ၇ မျိုး အနက် တမျိုးဖြစ်သည်ဟု သတ်မှတ်ထားသည်။ တနိုင်ငံလုံးတွင် လူဦးရေ စုစုပေါင်း ၄၅၀၀၀ ခန့်ရှိနိုင်သည်ဟု ကမန် အမျိုးသား တိုးတက်ရေးပါတီ(KNPP) က ခန့်မှန်းထားသည်။
အများစုသည် ရခိုင်ပြည်နယ် သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေနှင့် မြေပုံ မြို့နယ်များတွင် နေထိုင်ကြပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း အများအပြား နေထိုင်လျက်ရှိသည်။ ၂၀၁၂ ခုနှစ် မတိုင်မီက ရန်ကုန်တွင် ၁၂၀၀၀ ခန့် ရှိသည်ဟု ယင်းပါတီက ဆိုသည်။
၂၀၁၂ ခုနှစ် ပဋိပက္ခအပြီးတွင် ရခိုင်ပြည်နယ်ရှိ ကမန် အသိုက်အဝန်းသည် သီးခြားကမ္ဘာတခုကဲ့သို့ဖြစ်လာသည်။ ဗုဒ္ဓ ဘာသာနှင့် မွတ်စလင် ရိုဟင်ဂျာ အသိုက်အဝန်း နှစ်ခုစလုံးတို့၏ အစိတ်အပိုင်းများနှင့် ဆက်ဆံရေးမှာ အဆင်မပြေ ဖြစ်လာသည်။
ပဋိပက္ခအပြီးနှင့် နောက်ပိုင်းတွင် ကမန် တိုင်းရင်းသား ၄၀၀၀ ခန့်သည် စခန်းများနှင့် အခြားနေရာများမှ ရန်ကုန်နှင့် မန္တလေးမြို့များသို့ ထွက်ပြေးကြသည်ဟု ကမန်အမျိုးသား တိုးတက်ရေးပါတီက ခန့်မှန်းသည်။
ထို့နောက်ပိုင်းတွင် အခြားကမန်အမျိုးသား ၂၀၀၀ ခန့်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ကြီး၂ မြို့သို့ လေယာဉ်စီးကာ ထပ်မံရောက်ရှိလာကြောင်း ယင်းပါတီကပြောသည်။ ထိုသူများအကြားတွင် ၂၀၁၅ ခုနှစ်က နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခံရပြီး ခရီးသွားလာခွင့် ရသူများလည်း ပါဝင်သည်ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ပြန်လမ်းမရှိ
ကမန်တိုင်းရင်းသားများသည် ရမ်းဗြဲ၊ ကျောက်ဖြူနှင့် စစ်တွေရှိ ၎င်းတို့၏ နေရပ်ပြန်နိုင်ရေးကို ယခင်အစိုးရသာမက ယခုအစိုးရကပါ ကတိပြုထားသော်လည်း ယနေ့အချိန်အထိ အကောင်အထည် ပေါ်မလာခဲ့ပေ။
ကျောက်ဖြူရှိ ကျောက်တလုံးစခန်းမှ ရာနှင့်ချီသော မိသားစုများသည် မြို့နယ်၏အနောက်ဘက်ခြမ်း သန်ပန်ချောင်း၊ မြစ်နားတန်နှင့် အရာရှိရပ်ကွက်များတွင် အိမ်ခြံမြေများ ပိုင်ဆိုင်ကြသည်။
အချို့အိမ်ခြံမြေများမှာ ၂၀၁၂ ခုနှစ် ပဋိပက္ခအတွင်း ဖျက်ဆီးခံခဲ့ရပြီး အချို့အိမ်ခြံမြေများမှာ ထားခဲ့သည့်အတိုင်း ရှိနေသည်။ သို့သော် အာဏာပိုင်များက ယင်းအိမ်ပိုင်ရှင်များ နေရပ်ပြန်ပြီး အခြေချနေထိုင်လျှင် လုံခြုံရေး အာမခံ မပေးနိုင် ဟု ပြောဆိုထားခဲ့သည်။ ထိုအိမ်ခြံမြေအချို့တွင်ကား ကျူးကျော်များ ဝင်ရောက်နေထိုင်လျက် ရှိနေကြသည်။
“အရာရှိရပ်ကွက်မှာ ရှိတဲ့ ကျနော့်အိမ်ရဲ့ အခြေအနေကိုသိရအောင် ခိုးသွားပြီး ကြည့်ဖူးတယ်။ လူစိမ်းတွေ ကျနော့် အိမ်မှာ တက်နေနေကြတာ တွေ့ခဲ့တယ်။ ဒါပေမယ့် ကျနော်က ဒုက္ခသည်စခန်းမှာ နေတဲ့သူဆိုတော့ ဘာမှ မပြောရဲဘူး” ဟု ကျောက်တလုံးစခန်းတွင် နေထိုင်နေသော ဦးတင်မောင်ရွှေက ပြောသည်။
“ကျနော် လုံးဝမကျေနပ်ဘူး။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲဗျာ” ဟု သူက ပြောသည်။
ဒုက္ခသည် စခန်းတွင် နှစ်နှင့်ချီကြာလာသောအခါ ကမန်အချို့သည် သူတို့၏အိမ်ခြံမြေများကို ရောင်းချခြင်း၊ ငှါးရမ်းခြင်းများ ပြုလုပ်လာကြသည်။ ကမန်တို့၏ အားနည်းချက်အပေါ် အသာစီးယူ၍ အိမ်ဝယ်ယူသူများက အောက်ဈေးဖြင့် ဝယ်ယူ ကြသည်။
“ဒါမျိုးတွေ (ကျူးကျော်နေထိုင်တာ) မဖြစ်သင့်ဘူး။ အာဏာပိုင်တွေမှာ ဒီလို ပြဿနာတွေကို ကြီးကြပ်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေးကို အောက်ခြေမှာ ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့တာဝန်ရှိတယ်” ဟု ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုး ရေး အသင်းမှ ညှိုနှိုင်းရေးမှူး ဦးထွန်းကြည်က ပြောသည်။
မကြာသေးခင်ကမူ အာဏာပိုင်များသည် ယခင်မွတ်စလင်ရပ်ကွက်ဟု လူသိများသော မီးလောင်ပြင် ပိုက်ဆိပ် ရပ်ကွက်မှ ကျူးကျော်များကို ဖယ်ရှားသည်။ သို့သော် အနာဂတ်တွင် မူလပိုင်ရှင်များ ပြန်လာနိုင်ရေးကို ပြည်ထောင်စု အစိုးရက ကိုင်တွယ်မည်ဟု ဦးညီညီလင်းက ပြောသည်။
ကမန်ကိုယ်စားလှယ်များက ယခင်အစိုးရလက်ထက်ကပင် နေရပ်ပြန်ရေးအတွက် အစိုးရနှင့် ဆွေးနွေးနေသော်လည်း ရလဒ်က ထင်ထားသလောက် ခရီးမပေါက်ဖြစ်နေသည်ဟု ဆိုသည်။ လွန်ခဲ့သောလက ကမန်ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသော လူမှုဝန်ထမ်းဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တွေ့ဆုံခဲ့သည်။
ထိုမြေနှင့်အိမ်များကို ကမန်များအား ပြန်ပေးမည့်သဘောမျိုး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ကမန်လူမှုကွန်ရက်မှ ဦးထွန်းငွေ၏ ပြောပြချက်အရ သိရသည်။
“ဒါပေမယ့် ပြဿနာက ရမ်းဗြဲမှာ အစိုးရဝန်ထမ်း အနည်းငယ်ကလွဲပြီး တယောက်မှ မကျန်တော့ဘူး။ ကျောက်ဖြူမှာ ဆိုလည်း လူနည်းနည်းပဲ ကျန်တော့တယ်” ဟု ဦးထွန်းငွေက ပြောသည်။
နေဝင်သွားတဲ့ ယုံကြည်မှု
မကြာသေးမီက ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဦးထိန်လင်းနှင့် ကမန်နိုင်ငံရေးပါတီနှင့် လူမှုအခြေပြု အဖွဲ့များ အကြား ဆွေးနွေးချက်ကို ဦးထွန်းငွေက ပြန်ပြောပြသည်။ ယင်းအစည်းအဝေးတွင် နယ်လုံဝန်ကြီးက ကျောက်ဖြူ မြို့နယ် ကဲ့သို့သော နေရာများသို့ ပြန်လည်နေရာချထားပေးရေးတွင် အချိန်ယူရမည်ဟု ဆိုသည်။
ဗုဒ္ဓဘာသာအသိုက်အဝန်းက ကမန်တိုင်းရင်းသားများသည် ရိုဟင်ဂျာများကို နိုင်ငံသား အပြည့်အဝ ဖြစ်ခွင့်ရသည့် ပန်းရောင် ကတ်ပြားရရေးကို ကူညီသည်ဟု စွပ်စွဲခံရသည့် ၂၀၁၂ က စပြီး လူများစု ဗုဒ္ဓဘာသာဝင်များနှင့် ကမန် တိုင်းရင်းသားများအကြား ဆက်ဆံရေး ယိုယွင်းလာသည်။ ။ ယင်းဖြစ်စဉ် ပေါ်ပေါက်လာရခြင်းမှာ အကျင့်ပျက် အစိုးရအရာရှိတို့၏ လုပ်ရပ်ကြောင့် ဖြစ်သည်ဟု ဦးထွန်းငွေက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ထို့အပြင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦးကို ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုး ပမ်းခဲ့သည့် ဖြစ်စဉ် ပေါ်ထွက်လာပြီးနောက် အသိုက်အဝန်းများအကြား ယုံကြည်မှု ပိုမိုဆိုးရွားလာခဲ့သည်။ ထိုဖြစ်စဉ်သည် အစိုးရက ကမန်တိုင်းရင်းသားများကို ပြန်လည်နေရာချထားရန် ညှိုနှိုင်းနေချိန်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဦးထွန်းကြည်ကမူ အနာဂတ် ပြန်လည်နေရာချထားရေး အလားအလာအတွက် အကောင်းမြင်သည်။ “အရင်ကလို အနီးကပ် ဆက်ဆံရေး အနေအထားမျိုးတွေလည်း ရှိပါတယ် ” ဟု သူက ပြောသည်။
ကျောက်ဖြူမှ ကမန်တိုင်းရင်းသား အများစုသည် နီးစပ်ရာ ရခိုင်လူမျိုးများထံတွင် အလုပ်သမားအဖြစ် လုပ်ကိုင်သူများဖြစ်၍ ငါးဖမ်းလုပ်ငန်းဖြင့် အဓိ အသက်မွေးဝမ်းကျောင်း ပြုရမည့် နေရာများတွင် နေထိုင်လိုခြင်း မရှိပေ။
ဦးထွန်းကြည်က “သူတို့က ကိုယ့်ဇာတိမှာ နေရာပြန်ချဖို့ တောင်းဆိုတာ တရားပါတယ်” ဟု မှတ်ချက်ပြုသည်။
သို့သော် အာဏာပိုင်များသည် ကမန်တိုင်းရင်းသားများကို လက်ရှိတွင် မြေနေရာ မသတ်မှတ်ရသေးသော နေရာသစ်များ ၌ ပြန်လည်နေရာချထားပေးရန် ရှာဖွေနေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလင်းထံမှ သိရသည်။
အဝေးသို့ ပြောင်းရွှေ့ကြခြင်း
အခြားတဖက်တွင် ကမန်တိုင်းရင်းသားများမှာ အဆိုးရွားဆုံး ရွေးချယ်စရာ အခွင့်အရေးများအနက် အကောင်းဆုံးကို ရွေးချယ်လာကြသည်။ စခန်းများတွင် ၅ နှစ်ကြာနေပြီးနောက် အားအင်ချည့်နဲ့လာကြကာ စခန်းများတွင် လူဦးရေ တဖြည်းဖြည်း လျော့နည်းလာသည်။
ကျောက်တလုံးစခန်းသည် ယခင်က လူဦးရေ ၁၉၀၀ ရှိရာမှ ယခု လူ ၁၁၀၀ သာ ရှိတော့ပြီး လွန်ခဲ့သော ၅ နှစ်အတွင်းက လူ ၈၀၀ ခန့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားကြသည်ဟု ဦးညီညီလင်းက ဝန်ခံပြောကြားသည်။
ရမ်းဗြဲမြို့နယ်တွင်လည်း တချိန်က လူ ၈၀၀ ရှိခဲ့သော်လည်း ယခုအချိန်တွင် မိသားစု ၄၊ ၅စုသာ ကျန်တော့သည်ဟု ကမန်ပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။
လွန်ခဲ့သော ဧပြီလက ရမ်းဗြဲစခန်းမှ လူ ၁၃၀ ခန့်သည် ရခိုင်ပြည်နယ် အစိုးရထံမှ ဘဏ္ဍာရေး အကူအညီများ ရယူပြီး ရန်ကုန်သို့ ရောက်လာကြသည်ဟု ဦးထွန်းငွေက ပြောသည်။
ထိုသို့ ရောက်ရှိလာသူတဦး၏ ပြောပြချက်အရဆိုလျှင် ငွေကြေးထောက်ပံ့မှုမှာ လေယာဉ်လက်မှတ်၊ မိသားစုတစုလျှင် ကျပ်ငွေ ၅ သိန်းနှင့် နောက်ထပ် ကျပ်ငွေ တသိန်းစီ ရရှိကြသည်ဟု သိရသည်။
ရန်ကုန်မြို့သို့ ရောက်ရှိလာသူအချို့မှာ လှိုင်သာယာနှင့် မြို့လယ်ရှိ ကျပန်း အလုပ်ရမည့် နေရာများတွင် နေထိုင်ကြသည်။ တချို့မှာ ကမန်လူမှုကွန်ရက်၏ အကူအညီများ ရရှိကြပြီး အခြားသူများမှာ ဦးထွန်းငွေ၏ ၅ ဧကကျယ်သော ထောက်ကြန့်ရှိ မွေးမြူရေးခြံတွင် အလုပ်အကိုင်နှင့် နေစရာ ရရှိကြသည်။
ထောက်ကြန့်တွင် နေထိုင်ကြသော ကမန်တိုင်းရင်းသားများသည် လွန်ခဲ့သော ဧပြီလက ရခိုင်ရိုးရာသင်္ကြန်ကို ဗုဒ္ဓဘာသာဝင်များနှင့်အတူ ကျင်းပသည်ဟု ဦးထွန်းငွေက ပြောသည်။
ထောက်ကြန့်ဒေသခံများကလည်း လူသစ်များကို ကြိုဆိုကြသည်ဟု ဗမာလူမျိုးစု ဦးခင်မောင်သန်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် ကမန်တိုင်းရင်းသားများ အေးချမ်းစွာ အတူနေထိုင်လျက် ရှိသည်ဟု သူက ဆိုသည်။
ကမန်များက ဗုဒ္ဓဘာသာဝင်များ ရောင်းချသော ဆိုင်များမှ ပစ္စည်းများဝယ်ယူကြသလို ဒေသခံ ဗုဒ္ဓဘာသာဝင်များကလည်း ကမန်တိုင်းရင်းသားများ၏ ရခိုင်ရိုးရာစားသောက်ဆိုင်များမှ အစားအစာများကို ဝယ်ယူစားသောက်ကြသည်ဟု ဦးခင်မောင်သန်းက ပြောပြသည်။
သို့သော် အခြားကမန်တိုင်းရင်းသားများမှာ အကူအညီလိုအပ်နေဆဲဖြစ်ပြီး သူ၏ခြံတွင် နောက်ထပ် ရောက်လာမည့် သူများကို ကူညီထောက်ပံ့နိုင်မည် မဟုတ်ဟု ဦးထွန်းငွေက ပြောသည်။
ဦးထွန်းငွေက “နောက်ဆိုရင် ပြည်နယ်အစိုးရအနေနဲ့ သူတို့ကို ရန်ကုန်မှာ မြေနေရာပေးသင့်ပါတယ်။ ရခိုင်ပြည်နယ်မှာ သူတို့ပိုင်သမျှ အကုန်ဆုံးရှုံးခဲ့ကြတာလေ”