China International Trust and Investment Company (CITIC) ၏ စီမံကိန်းလုပ်ငန်းများကို ကြော်ငြာသော ၁၃ မိနစ်ကြာ ဗီဒီယိုတွင် စင်္ကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်ရှိ ဒါစီ ဆိပ်ကမ်းများ၏ စက်မှုဆိပ်ကမ်းမတိုင်မီက ပုံရိပ်များသည် တဖြည်းဖြည်း အဆင့်မြင့် သံမဏိနှင့် ဖန်သားများ အသုံးပြုထားသော ခေတ်မီ အဆောက်အအုံများ အဖြစ် ပြောင်းလဲ သွားသည့် အံ့သြဖွယ်ရာ လျင်မြန်သော အာရှစီးပွားရေး တိုးတက်မှုကို ပြသထားသည်။
သို့သော် နောက်ဆုံးပုံမှာ အထူးသဖြင့် တုန်လှုပ်စရာ ကောင်းသည်။ ကုန်သေတ္တာတင် သင်္ဘောတစင်းသည် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးသော ရခိုင်ပြည်နယ်မှ ယခုအချိန်တွင် ကျေးလက်ဒေသသာ ဖြစ်နေသေးသော ကျောက်ဖြူရှိ စိတ်ကူးဖြင့် ပုံဖော်ထားသော ခေတ်မီဆိပ်ကမ်းသို့ ဆိုက်ကပ်လာပုံကို ပြသထားသည်။ ကျောက်ဖြူဆိပ်ကမ်းကို CITIC က နောက်ထပ် ကမ္ဘာ့မဟာ စီးပွားရေး အချက်အချာ ဒေသအဖြစ် ရည်ရွယ်ထားသည်။
ကျောက်ဖြူကို ခေတ်နောက်ကျသည့် နေရာတခု အဖြစ်မှ အေင်မြင်သော ဆိပ်ကမ်းတခု အဖြစ် ပြန်လည် ဖန်တီးခြင်း သည် တရုတ်နိုင်ငံ၏ One Belt One Road (OBOR) အစီအစဉ်တွင် သေးငယ်သော်လည်း ချန်လှပ် မထားနိုင်သော အစိတ်အပိုင်း တခု ဖြစ်သည်။ OBOR သည် ဘေကျင်းကို အနာဂတ် ကမ္ဘာ့ကုန်သွယ်ရေးတွင် ဗဟိုချက် ဖြစ်လာစေမည့် ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းများနှင့် စီးပွားရေး လမ်းကြောင်းများ တည်ဆောက်ရေး အစီအစဉ် ဖြစ်သည်။
ဒေါ်လာ ၁ ထရီလီယံခန့် ကုန်ကျမည်ဟု တရုတ်နိုင်ငံက ခန့်မှန်းထားသည့် ထိုလမ်းများ၊ ပိုက်လိုင်းများ၊ ရထားလမ်းများနှင့် ဆိပ်ကမ်းများ၏ ကွန်ယက်သည် ပြီးစီးသွားမည် ဆိုလျှင် နိုင်ငံပေါင်း ၆၀ နှင့် ကမ္ဘာ့လူဦးရေ၏ ၆၅ ရာခိုင်နှုန်းကို ဆက်သွယ် ပေးမည် ဖြစ်ပြီး ဥရောပနှင့် အာရှတဝန်းတွင် ဖြစ်လာသော တိုးတက်မှုများနှင့် အတူ ကုန်သွယ်ရေး လမ်းကြောင်းများနှင့် နိုင်ငံတကာ ဆက်ဆံရေးများကို ပြန်လည် ချမှတ်ပေးမည် ဖြစ်သည်။
တရုတ်နိုင်ငံ၏ ထိုမဟာစီမံကိန်းသည် မြန်မာနိုင်ငံ အပေါ် သက်ရောက်မှု ရှိနှင့်နေပြီး ဖြစ်ကာ ကျေးလက်ကမ်းရိုးတန်း မြို့နယ်လေး ဖြစ်သော ကျောက်ဖြူတွင် တရုတ်နိုင်ငံက စီမံသော ရေနက်ဆိပ်ကမ်း နှစ်ခုနှင့် အထူးစီးပွားရေးဇုန် တခု တည်ဆောက်ရန် စီစဉ်ထားသည်။ ထိုဒေသသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ကုန်းတွင်းပိတ် အနောက်တောင်ပိုင်း ပြည်နယ် ဖြစ်သောယူနန်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့စတင် ပို့လွှတ်နေသည့် ပိုက်လိုင်း ၂ ခု တည်ရှိရာ နေရာလည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ယခင် အရပ်သားတပိုင်း အစိုးရလက်ထက်တွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ခဲ့ပြီးနောက် တရုတ်နိုင်ငံနှင့် ခိုင်မာကျယ်ပြန့်သော စီးပွားရေး ဆက်ဆံမှု ပြန်လည် စတင်လိုဟန် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၂၀၁၆ ခုနှစ် တွင် အာဏာလွှဲပြောင်း ပေးပြီးနောက်တွင် ကျော်ဖြူဒေသ၏ ဖွံ့ဖြိုးမှုများ အရှိန်အဟုန်ဖြင့် ပြန်လည် စတင်လာခဲ့သည်။
လွန်ခဲ့သော ဧပြီလက မြန်မာသမ္မတ ဦးထင်ကျော် သည် ကာလကြာရှည်စွာ စောင့်ဆိုင်းနေရသော ဒေါ်လာ ၁ ဘီလီယံခွဲ တန်ကြေးရှိပြီး ကီလိုမီတာ ၇၇၀ ရှည်သည့် ရေနံစိမ်းပိုက်လိုင်း အတွက် တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးသည်။ ထို ပိုက်လိုင်းကို စွမ်းရည်အပြည့် သုံးနိုင်ပါက တရုတ်နိုင်ငံ ရေနံစိမ်း တင်သွင်းမှု၏ ၆ ရာခိုင်နှုန်း အထိ ပို့ဆောင်နိုင်မည် ဖြစ်သည်။
ထိုပိုက်လိုင်းကြောင့် ကျဉ်းမြောင်းပြီး ပင်လယ်ဓားပြ ပေါလှသည့် မလက္ကာ ရေလက်ကြားနှင့် တင်းမာမှု မြင့်မားသည့် တောင်တရုတ်ပင်လယ်ကို ဖြတ်သန်း အသုံးပြု သယ်ဆောင်ရန် မလိုတော့ဘဲ အရှေ့အလယ်ပိုင်းမှ ရေနံကို ရခိုင်ပြည်နယ် မဒေးကျွန်းမှ တဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ ပို့နိုင်သည်။ ပဋိပက္ခ ဖြစ်ပွားလာလျှင် တရုတ်လောင်စာ လမ်းကြောင်းကို မလက္ကာရေလက်ကြားတွင် အမေရိကန်က ရေကြောင်းပိတ်ဆို့မှု ပြုလုပ်လာနိုင်သည့် အန္တရာယ်ကိုလည်း လျှော့ချရှောင်လွှဲပေးသည်။
ထိုပိုက်လိုင်းကို စတင်အဆိုပြုပြီး ဆယ်စုနှစ် တခုကျော် အကြာ မေလ ၃ ရက် နေ့တွင် ရေနံစိမ်းများသည် ကျောက်ဖြူမှ ယူနန်ပြည်နယ်ရှိ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း၏ ရေနံချက်စက်ရုံသို့ စတင် စီးဆင်းသည်။ ထိုရေနံပိုက်လိုင်းသည် ဒေါ်လာ ၂ ဘီလီယံတန် ကီလိုမီတာ ၂၈၀၀ ရှည်သည့် ဓာတ်ငွေ့ပိုက်လိုင်းနှင့် ယှဉ်လျှက်တည်ရှိသည်။ ထို ဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၁၄ ခုနှစ်ကပင် စတင်အသုံးပြုနေပြီး ကုန်းတွင်းရှိ ကွေ့ကျိုးပြည်နယ်နှင့် ကျန်စီပြည်နယ်များ အထိ ရှည်လျှားသည်။
တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြီးစီးပြီး တရုတ်နိုင်ငံ အတွက် ပြည်ပလောင်စာ ရင်းမြစ်များ တိုးပွားလာကာ စွမ်းအင်လုံခြုံမှု ပိုမိုအားကောင်းလာစေသည်။ ကီလိုမီတာ ၂၅၂၀ ရှိ ထို သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေ ကျောက်ဖြူမှ စတင်ပြီး တရုတ်နိုင်ငံသို့ ယူနန် ပြည်နယ် ရွှေလီတို့မှ ဝင်ရောက်ကာ ကျန်စိဇူအမ်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကန်ကန်းတွင်ပြီးဆုံးသည်။ ၎င်းသည် အနောက်တောင် ပြည်နယ်များ ဖြစ်သော ကျန်စိ၊ ယူနန်နှင့် ကွေ့ကျိုးပြည်နယ်များသို့ သဘာဝဓာတ်ငွေ့ ပို့ဆောင်ပေး သည်။ ၂၀၁၀ ခုနှစ် ဇွန်လတွင် စတင်တည်ဆောက်ခဲ့သော ထိုပိုက်လိုင်းသည် နှစ်စဉ် ဓာတ်ငွေ့ ၁၂ ဘီလီယံ ကုဗမီတာပို့ လွှတ်နိုင်ပြီး ၁၀ ဘီလီယံ ကုဗမီတာ တင်ပို့နေသည်။ သဘာဝဓာတ်ငွေ့ ရရှိနေသော ပြည်နယ် ၃ ခု၏ အကျိုးစီးပွားများတွင် ပြည်တွင်း အသုံးစရိတ်များ သက်သာလာခြင်းနှင့် လောင်စာဆီ လုပ်ငန်းအတွက် စွမ်းအင် ပိုမိုရရှိခြင်းတို့ ပါဝင်သည်။
ကျောက်ဖြူရှိ တရုတ်နိုင်ငံ၏ ကျယ်ပြန့်လှသော အစီအစဉ်သည် ပိုမို အငြင်းပွားဖွယ် ဖြစ်သော တရုတ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဖြစ်သည့် မြောက်ပိုင်း ကချင်ပြည်နယ်မှ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် မြစ်ဆုံဆည် စီမံကိန်း အတွက် အလဲအလှယ် အဖြစ် ရသော နှစ်သိမ့်ဆုဟု သုတေသီ အချို့က မြင်ကြသည်။
ဘေကျင်းသည် ထိုကာလကြာရှည်စွာ ဆိုင်းငံ့ထားရသော ရေအားလျှပ် စစ်စီမံကိန်းကို စွန့်လွှတ်နိုင်ကြောင်း လွန်ခဲ့သော လက ပထမဆုံး အကြိမ် အရိပ်အမြွက် ပြောလာသည်။ ထိုစီမံကိန်းသည် မြန်မာနိုင်ငံ၏ အဓိက ဧရာဝတီမြစ်ပေါ်တွင် စီစဉ် ထားသော တရုတ်ရေအား လျှပ်စစ်စီမံကိန်း ၇ ခုအနက် တခု ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ကာ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။
ကျယ်ပြန့်သော ဆန့်ကျင်မှုများနှင့် မြန်မာနိုင်ငံ၏ စွမ်းအင် မလုံလောက်မှုကြောင့် တရားမျှတမှု အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပြီး ၂၀၁၁ ခုနှစ်မှ စတင်၍ ထိုစီမံကိန်းကို အချိန် အကန့်အသတ်မရှိ ဆိုင်းငံ့ခဲ့သည်။ ထိုဆည် စီမံကိန်းသည် မြစ်အောက်ပိုင်း စပါးစိုက်ပျိုးသူများ အတွက် အသက်သွေးကြော ဖြစ်သော ဧရာဝတီမြစ်၏ ရေစီးဆင်းမှုကို အကြီးအကျယ် အဟန့်အတား ဖြစ်စေလိမ့်မည်ဟု ဆန့်ကျင်သူများက ပြောသည်။
ထိုဆည်စီမံကိန်းနှင့် ကျောက်ဖြူစီမံကိန်းများ အလဲအလှယ်သည် မြန်မာနိုင်ငံတွင် လူတိုင်းသိနေသော လျှို့ဝှက်ချက် ဖြစ်သည် ဟု ရန်ကုန် အခြေစိုက် အတိုင်ပင်ခံ လုပ်ငန်း ဖြစ်သော တကောင်းအင်စတီကျု မှ သုတေသီ ကိုစိုးမြင့်အောင် က ပြောသည်။ “ဗျူဟာအရ ကြည့်ရင် ကျောက်ဖြူပိုက်လိုင်းနဲ့ ပင်လယ်ဆိပ်ကမ်း အသုံးပြုခွင့်ဟာ တရုတ်နိုင်ငံ အတွက် မြစ်ဆုံ စီမံကိန်းထက် ပိုအရေးကြီးတယ် ဆိုတာ သံသယရှိစရာ မလိုပါဘူး။ တရုတ်နိုင်ငံက ဒါကို အပေးအယူအနေနဲ့ လုပ်မယ့်သဘော ရှိပါတယ်” ဟု သူက ဆက်ပြောသည်။
တရုတ်နိုင်ငံသည် ထို ဆည်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သော ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ အတွက် မြန်မာနိုင်ငံကို အကြပ်ကိုင်နိုင်သည်။ ဆည်စီမံကိန်းကို ရွှေ့ဆိုင်းခြင်း အတွက် ဒဏ်ကြေးမှာ အမေရိကန် ဒေါ်လာ သန်း ၈၀၀ အထိ ရှိလာပြီဟု ဝါရှင်တန်ရှိ စမစ်ဆွန်စင်တာမှ သုတေသီ ယွန်ဆန်က သတင်းဌာနများသို့ ပြောသည်။
သို့သော် ထိုဆုံးရှုံးမှုများကို တရားဥပဒေကြောင်း အရ ထိပ်တိုက်တွေ့ဆုံ တောင်းခံခြင်းသည် ကျောက်ဖြူအပါအဝင် မြန်မာ နိုင်ငံမှ တရုတ်၏ စီးပွားရေး အကျိုးစီးပွားများကို အန္တရာယ် ကျရောက်သွားစေနိုင်သည်။ တရုတ်နိုင်ငံမှ လုပ်ငန်းစုကြီး တခုဖြစ်သော CITIC ကို ၂၀၁၅ ခုနှစ် နှောင်းပိုင်းက ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့် ပေးထားသည်။
CITIC အုပ်စုသည် မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံဘက်က အဆိုပြုထားသည့် ၅၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်မှုကို လက်မခံဘဲ ကျောက်ဖြူစီမံကိန်း၏ ၈၅ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်ခွင့် ရရန် တောာင်းဆိုနေသည် ဟူသော သတင်းများလည်း မကြာသေးမီက ထွက်ပေါ်လာခဲ့သည်။ ထိုအချက်မှာ ကျောက်ဖြူစီမံကိန်း၏ တရုတ်နိုင်ငံအကျိုးစီးပွား အတွက် ဗျူဟာတန်ဖိုး မြင့်မားမှုကို ပြသနေသည်။
ပိုက်လိုင်းများ၏ အကျိုးအမြတ် အပြင် ရေနက်ဆိပ်ကမ်း ၂ ခု နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမှ အလားတူ စီမံကိန်းများ၊ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမှ ဆိပ်ကမ်းစီမံကိန်းနှင့် ပါကစ္စတန်နိုင်ငံမှ ဂွာဒါဆိပ်ကမ်း စီမံကိန်း တို့သည် အိန္ဒိယ သမုဒ္ဓရာတွင် တရုတ်နိုင်ငံ၏ အနေအထားကို ပိုမိုတောင့်တင်းစေရန် ရည်ရွယ်သော ပုလဲကုံးသဖွယ် စီတန်းတည်ရှိ နေသော ဆိပ်ကမ်းများ အဖြစ် ဗျူဟာလေ့လာရေး သုတေသီများက ခေါ်ဆိုကြသည်။
အိန္ဒိယသမုဒ္ဓရာ ဆိပ်ကမ်းများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ကူးသန်းရောင်းဝယ်ရေး အတွက် သက်သက်သာ ဖြစ်သော်လည်း ၎င်းတို့ အတွက် အရေးပါသော ကုန်စည်တင်ပို့မှုများတွင် ပင်လယ်ဓားပြနှင့် အခြား ခြိမ်းခြောက်မှုများကို ကာကွယ်ရန် တရုတ်ရေတပ် သင်္ဘောများကို လက်ခံထားရန် အတွက်လည်း သုံးနိုင်သည် ဟု သုတေသီများက ပြောကြသည်။
သို့သော် ကျောက်ဖြူဒေသခံများမှာမူ ပိုက်လိုင်း အတွက်ပင် တန်ဖိုးပေးဆပ်နေရပြီး ဖြစ်သည်။ တရုတ်နိုင်ငံ၏ ကျောက်ဖြူ အစီအစဉ်သည် ပွင့်လင်းမြင်သာမှု မရှိရုံမျှသာမက ဒေသခံများ နေရာရွှေ့ပြောင်းရခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း တို့ကို တရုတ်နိုင်ငံက လျစ်လျူရှုထားခြင်း ကိုလည်း ပြသနေသည်။
“ထိခိုက်နစ်နာ သူများ၏ အခွင့်အရေးများကို လေးစားလိုက်နာရန် မလိုဟု ထိုတရုတ်ကုမ္ပဏီက ယူဆနေပြီး မည်မျှ ပေးဆပ်ရသည် ဖြစ်စေ သူတို့တွင် ပိုက်လိုင်းများကို အကောင်အထည် ဖော်ခွင့် ရှိသည်ဟု ထင်နေသည်” ဟု ဒေသခံ လူမှုအခြေပြု အဖွဲ့အစည်းတခုဖြစ်သည့် တရုတ်-မြန်မာ ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
ထိုအစီရင်ခံစာတွင် ဒေသများကို အသိပေး အကြံဉာဏ် တောင်းခံရန် ပျက်ကွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြ ထားပြီး စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ရသော လယ်သမားအချို့မှာ လျော်ကြေးရသော အခါမှသာ ၎င်းတို့ပိုင် မြေကို အပြီးအပိုင် သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်း သိကြရသည် ဟုလည်း ဖော်ပြထားသည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်သော ဥပဒေအခွင့်အရေး အဖွဲ့အစည်း နိုင်ငံတကာဂျူရီ လူကြီးများ ကောင်စီ၏ အစီရင်ခံစာ တစောင်အဆို အရ အချို့သော ကျောက်ဖြူဒေသခံများသည် လျှော်ကြေး ရယူရန် အတွက် ဖိအားပေးခံရပြီး အထူးသဖြင့် လယ်ယာစိုက်ပျိုးခြင်းနှင့် ငါးဖမ်းခြင်း ကဲ့သို့သော သက်မွေးဝမ်းကျောင်းများကို ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိကြတော့ ဟု ဆိုသည်။
“ဆုံးဖြတ်ချက်ချသော လုပ်ငန်းစဉ်တွင် ပြည်သူလူထု ပါဝင်နိုင်ခြင်း လုံးဝမရှိပေ” ဟု နိုင်ငံတကာ ဂျူရီလူကြီးများ ကောင်စီ၏ ဥပဒေအတိုင်ပင်ခံနှင့် ဖေဖော်ဝါရီလ အစီရင်ခံစာကို ဦးဆောင်ရေးသားသူ ရှောင်ဘိန်းက ဆိုသည်။ ဒေသခံများ၏ ဆန့်ကျင်မှု မြင့်တက်လာခဲ့သည်။ ဇန်နဝါရီလက ဒေသခံ လယ်သမားတစုသည် နောက်ဆုံးအကြိမ် လျှော်ကြေးငွေကို လက်မခံဘဲ ၎င်းတို့၏ လယ်မြေများကို ဖျက်ဆီးခြင်း အတွက် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းကို တရားစွဲမည် ဟု ခြိမ်းခြောက်ခဲ့ကြသည်။
မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီက တွေ့ဆုံမေးမြန်းခဲ့သော လယ်သမားများ၏ ၆၇ ရာခိုင်နှုန်းခန့်သည် လျှော်ကြေး ပေးသည့် ပမာဏကို မကျေနပ်ကြဘဲ လျှော်ကြေးမှာ သီးနှံဆုံးရှုံးမှု အတွက်သာ ပါဝင်ပြီး မြေပိုင်ဆိုင်မှု အတွက် မပါဝင် ဟု ပြောကြသည်။ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ အတွက် ဒေသခံများကို ဦးစားပေး စဉ်းစားမည့် ပုံလည်း မရှိဟု ဆိုသည်။
တရုတ်နိုင်ငံ၏ နောက်ထပ် စီမံကိန်းကြီးတခု နီးကပ်လာသည့် အလားအလာများကြောင့် ထိုပူပန်မှုများကို ပိုမိုဆိုးရွား စေခဲ့သည်။ ကျောက်ဖြူတွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် အတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် မြေ ၄၂၈၉ ဧကကို CITIC အုပ်စု ခေါင်းဆောင်သည့် လုပ်ငန်းစုအား ချထားပေခဲ့သည်။
ထိုစီမံကိန်းတွင် ၂၀၃၈ ခုနှစ်တွင် ပြီးစီးမည့် ကျယ်ပြန့်သော စီးပွားရေး အချက်အချာ နေရာများ ပါဝင်ပြီး စင်္ကာပူနှင့် ဟောင်ကောင် ကုန်သွယ်ရေး အချက်အချာ ဒေသများကို ယှဉ်ပြိုင်နိုင်မည်ဟု CITIC အုပ်စု၏ ရည်မှန်းချက်ကြီးသော ကြော်ငြာ ဗီဒီယို အရ သိရသည်။ အခွန်နှင့် အကောက်အခွန် ကင်းလွတ်ခွင့်၊ နှစ် ၅၀ မြေငှားခွင့် ကဲ့သို့သော မက်လုံး ပေးခြင်းများ ပါဝင်သည့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေသည် စီမံကိန်းကြီးများကို ကြီးကြပ် စီမံရန် အထူးအုပ်ချုပ်ရေးအဖွဲ့များ ထူထောင်ပေးသည်။
သို့သော် စီမံခန့်ခွဲရေး ကော်မတီများကို ဝန်ကြီးဌာန အရာရှိများနှင့် သာမက ပုဂ္ဂလိက စီးပွာရေး လုပ်ငန်းရှင်များနှင့်ပါ ဖွဲ့စည်းထားသဖြင့် အကျိုးစီးပွားချင်း ပဋိပက္ခ ဖြစ်နိုင်သည် ဟု ဝေဖန်သူများက ပြောကြသည်။ အခွင့်အရေးများကို ကာကွယ်ပေးခြင်း မရှိပါက ကော်မတီ၏ တာဝန်ခံမှုနှင့် ဒေသခံများကို အခွင့်အရေး အကာအကွယ်ပေးရန် တာဝန်တို့နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မရှိသောကြောင့် အခြေအနေကို ပိုမိုဆိုးရွာစေသည် ဟု ၎င်းတို့က ပြောသည်။
အထူးစီးပွားရေးဇုန်၏ ပထမဆင့်တွင် မိသားစု ၇၀ မှ ၈၀ ကို ပြန်လည် နေရာချထားရမည် ဖြစ်သည်။ စီမံကိန်းကို အပြည့်အ၀ အကောင်အထည် ဖော်လျှင်၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့နယ်အတွင်းရှိ လူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့် ရှိသော နောက်ထပ်လူ ၂၀၀၀၀ နှင့် လက်ရှိကျေးရွာပေါင်း ၃၅ ရွာ ပါဝင်သောနေရာကို အတင်းအကျပ် ပြန်လည် နေရာ ချထားရမည် ဟု နိုင်ငံတကာ ဂျူရီလူကြီးများ ကောင်စီက ခန့်မှန်ထားသည်။
“နိုင်ငံတိုင်းက အချို့သော အခြေအနေတွေမှာ အများပြည်သူ အကျိုးအတွက် မြေယာတွေကို ရယူပိုင်ခွင့်ရှိတယ်” ဟု ရှောင်ဘိန်းက နိုင်ငံတို့၏ အခွင့်ရေး ပြဌာန်းချက်ကို ရည်ညွှန်း ပြောသည်။ “ကျနော်တို့ စိုးရိမ်တာက ဒီလူ ၂၀၀၀၀ ကို လက်ရှိ အခြေအနေမှာ ပြန်လည် နေရာချထားတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ၂၀၀၀၀ ဖြစ်လာမှာ ကိုပါ” ဟု သူက ဆက်ပြောသည်။
၂၀၁၆ ခုနှစ်တွင် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွက် အစိုးရ၏ ကတိကဝတ်များကို ထပ်မံ အတည်ပြု ပြောကြားသည်။ အခြေခံအဆောက်အအုံ လိုအပ်ချက် များစွာ ရှိနေပြီး ကျွမ်းကျင်မှု မရှိသော အရေးပေါ် ဒီမိုကရေစီ နိုင်ငံတခု အနေဖြင့် မြန်မာနိုင်ငံသည် ကြီးမားသော ဖွံ့ဖြိုးရေး လိုအပ်ချက်များ ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် အလုပ်အကိုင် ဖန်တီးနိုင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မောင်းနှင်သည့် စီးပွားတိုးတက်ရေး မျှော်မှန်းချက်များကို အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။ ရခိုင်ပြည်နယ်သည် စီးပွားရေး တွန်းအား အကြီးအကျယ် လိုအပ်နေပြီး အချို့သော တိုင်းတာမှုများ အရ ထိုပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နေရာ ဖြစ်နေသည်။ တရုတ်ကျောထောက် နောက်ခံပြု အထူး စီးပွားရေးဇုန်သည် အထူးသဖြင့် အထည်ချုပ် လုပ်ငန်းသာမက အစားအသောက်၊ ရေနံဓာတုလုပ်ငန်းနှင့် စက်တပ်ဆင်လုပ်ငန်းများ အထိ တို့တွင် လုပ်ခနည်းသော အလုပ်အကိုင် ထောင်ချီ ဖန်တီးပေးနိုင်သည်။
ရေနံပိုက်လိုင်းသည် နှစ်စဉ် လုပ်ငန်း လည်ပတ်ခ ဒေါ်လာ ၁၃ ဒသမ ၈ သန်းနှင့် ဖြတ်သန်းခ ရေနံစိမ်း ၁ တန်လျှင် ၁ ဒေါ်လာ နိုင်ငံခြားဝင်ငွေအဖြစ် ရနေမည် ဖြစ်သည်။ ထိုပိုက်လိုင်းကို ၁ နှစ်လျှင် တန်ချိန် ၂၂ သန်း တင်ပို့နိုင်ရန် စီစဉ် ထားသည်။ မြန်မာနိုင်ငံသည် ဓာတ်ငွေ့ပိုက်လိုင်း အတွက် ကနဦး နှစ် ၃၀ တွင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ရရှိမည် ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်မှုကို ဆန့်ကျင်သူ ရှာဖွေရန် ခက်ခဲကြောင်း နိုင်ငံတကာ ဂျူရိလူကြီးများ ကောင်စီမှ ရှောင်ဘိန်း က ဝန်ခံသည်။ သို့သော် လူ့အခွင့်အရေးများကို ကာကွယ်လေးစားရန် အတွက်နှင့် ထိုစီမံကိန်းများမှ အကျိုးကျေးဇူးများကို ပြည်သူလူထု ခံစားနိုင်ရေး အတွက် တရားဥပဒေစိုးမိုးရေးကို ကတိပြုထားသည့် အစိုးရအနေဖြင့် ၎င်းတို့၏ ဥပဒေများကို လိုက်နာရန် လိုသည်ဟု ဘိန်း က ဆက်လက်ပြောကြားသည်။ ထိုကြောင့် ဖြည်းဖြည်းမှန်မှန် လုပ်ရမည့်သဘော ဖြစ်သည်။
မြန်မာနိုင်ငံ အနေဖြင့် မြေအသုံးပြုမှုနှင့် သဘာ၀ ပတ်ဝန်းကျင် ကာကွယ်ရေးကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ရန်နှင့် နစ်နာမှုများ အတွက် စောင့်ကြည့်ရေးနှင့် ဥပဒေယန္တရားများ ထူထောင်ရန် အတွက် အထူးသဖြင့် အထူးစီးပွားရေးဇုန် ဥပဒေနှင့် တရားဥပဒေ မူဘောင်များကို ပြုပြင်ရန် နိုင်ငံတကာ ဂျူရီလူကြီးများ ကောင်စီက အကြံပြုထားသည်။
သန့်ရှင်းသော အစိုးရဟူသော ကြွေးကြော်သံဖြင့် ၂၀၁၅ ခုနှစ်က အာဏာရလာသော ဒေါ်အောင်ဆန်းစုကြည် သည် ဒေသခံများကို စတေးပြီး တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ဗျူဟာ အကျိုးစီးပွားကို လိုလားသူ အဖြစ် သတ်မှတ်ခံရမည်ကို စိုးရိမ်ပါလိမ့်မည်။ စစ်တပ် ကျောထောက်နောက်ခံပြု အရပ်သားတပိုင်း အစိုးရသည် မြစ်ဆုံဆည်ကို ရပ်ဆိုင်းခဲ့ရသည် မှာလည်း ထိုသို့ သတ်မှတ်ခံရသောကြောင့်ပင် ဖြစ်သည်။
သို့သော် သူမ၏ အစိုးရတွင် ရွေးချယ်စရာ များများစားစား မရှိတော့ဟု အကြံပေးအဖွဲ့ တခုဖြစ်သည့် CSIS Pacific Forum မှ ကိုနေရန်ဦးက ပြောသည်။ “အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အနေနဲ့ မြစ်ဆုံဆည်ကို ဖျက်သိမ်းချင်ရင် တရုတ်ကို တခုခု ပြန်ပေးဖို့ လိုလိမ့်မယ်” ဟု သူက ပြောသည်။
သို့သော် မြစ်ဆုံစီမံကိန်းမှာ ကဲ့သို့ပင် ကျောက်ဖြူ စီမံကိန်းကိုလည်း ဒေသခံများ၏ ဆန့်ကျင်မှုမှာ ကြီးထွား လာနေသည်။ မေလ ၂၂ ရက်နေ့က ဒေသခံ ရေလုပ်သား ၅၀၀ ခန့်သည် ရေနံတင်သင်္ဘော လမ်းကြောင်းကို ပိတ်ဆို့ပြီး ပိုက်လိုင်းများနှင့် ဆိပ်ကမ်းစီမံကိန်းများကို ဆန့်ကျင်ကန့်ကွက်သည်။ သူတို့က ၎င်းတို့၏ ငါးဖမ်းရန် နေရာကို ပိတ်ဆို့ခံနေရသည်ဟု ပြောသည်။
“သမိုင်းကို လမ်းညွှန်အဖြစ် သုံးရမယ် ဆိုရင် လက်ရှိနဲ့ အနာဂတ် မြန်မာ ခေါင်းဆောင်တွေဟာ အိမ်နီးချင်း တရုတ်နိုင်ငံကို အကျိုးဖြစ်စေမယ့်၊ တရုတ်နိုင်ငံက အပြည့်အဝနီးပါး ထိန်းချုပ်တဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကြော်ငြာပေးတယ်၊ သဘောတူတယ် ဆိုတာမျိုးကို လုံး၀ အထင်ခံချင်ကြမှာ မဟုတ်ပါဘူး” ဟု တသီးပုဂ္ဂလ သုတေသီ ရီနဒ်အက်ဂရက်တူး က ပြောသည်။
“ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ကို မြန်မာနိုင်ငံထဲမှာ သံသယတွေ အကြီးအကျယ် ရှိနေကြတုန်းပဲ” ဟု သူက ဆက်ပြောသည်။
(Eli Meixler ၏ Asia’s next great commercial hub? ဆောင်းပါးကို ဘာသာပြန်သည်။)