ဆောင်းပါး

ကျနော် ဆရာလူထုစိန်ဝင်းနဲ့ ငြင်းခုန်ခဲ့ဖူးတယ်

Want create site? Find Free WordPress Themes and plugins.

ကျနော်ဟာ လူထုသတင်းစာနဲ့ မကြီးပြင်းခဲ့ရပေမယ့် (လူထု)တိုက်ထွက် သတင်းစာဆရာ၊ စာရေးဆရာတွေ ကို ကြည်ညိုခဲ့တယ်။ ကျနော် စာပေအကင်းဘဝကတည်းက မန္တလေးကို မြတ်နိုးခင်တွယ်စိတ်နဲ့အတူ (လူထု)ကိုလည်း မန္တလေး ရဲ့နိမိတ်ပုံတခုအဖြစ် စွဲမြဲမှတ်သားထားခြင်းလည်းဖြစ်တယ်။ (လူထု)မဟုတ်ရင် မန္တလေးမဟုတ်လို့ပင်လျှင် ခံယူခဲ့တာလည်း ဖြစ်တယ်။

ဒါကြောင့်လည်း လူထုနဲ့ပတ်သက်သမျှ စာရေးဆရာတွေကို မန္တလေးစာရေးဆရာတွေအဖြစ် ပုဂ္ဂိုလ်ခင်ခဲ့တယ်။ ပြန်လှန် စဉ်း စားကြည့်လိုက်တော့ လူထုသတင်းစာနဲ့ မကြီးပြင်းခဲ့ရပေမယ့် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက စာတမ်းတွေ၊ စာ အုပ်စာပေတွေနဲ့ ကြီးပြင်းခဲ့ရတာကတော့ သေချာပါတယ်။ ဒါကိုက လူထုအဝန်းအဝိုင်းလို့ နားလည်ထားပြီးသားပါပဲ။

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့စာပေသြဇာကို အပြည့်အဝခံယူခဲ့တယ်။ လက်ခံခဲ့တယ်။ ယုံကြည်ခဲ့တယ်။ ဆို ပါ တော့။ ဒီစာပေသြဇာ၊ ဒီတရားကို “မင်”ခဲ့တယ်။ တကယ်တော့ လူထုနဲ့ ပတ်သက်တဲ့ စာရေးဆရာတွေကို ကြည်ညိုခဲ့တယ် ဆိုရာမှာ တရား “မင်”ခဲ့လို့ ပုဂ္ဂိုလ်(လူ)ကို “ခင်”ခဲ့တာပဲဖြစ်ပါတယ်။

တကယ်တော့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ကို လူထုတိုက်ရဲ့ဧည့်ခန်းထဲမှာ စတင်တွေ့မြင်ဖူးတာနဲ့ တပြိုင်နက်ထဲ လောက် မှာပဲ ဆရာ လူထုစိန်ဝင်းကိုလည်း မန္တလေးဆေးရုံကြီးရှေ့ လမ်း ၃၀ ပေါ်က အိမ်ခန်းတခန်းမှာ စတင်တွေ့ဖူးတာပါပဲ။

ဒီအချိန်ဟာ ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လူထုဦးစိန်ဝင်းတို့ အိမ်ပြန်ရောက်ချိန် ကာလတွေပါပဲ။ ဆရာတို့နဲ့အတူတူ မန္တ လေးပြန်ရောက်လာတဲ့ အစ်ကိုတဦးက ကျနော့်ကို သူ့စက်ဘီးပေါ်တင်ပြီး လူထုဦးစိန်ဝင်းနဲ့တွေ့ပေးတယ်။ ကျနော်က “အလံ မလှဲစတမ်း”တို့၊ “စောမိုခမ်း”တို့ကို သိပ်နှစ်သက်နေပြီ။ အစ်ကိုနဲ့ စနေညတိုင်း စာဝိုင်းပေဝိုင်း စကားဝိုင်းဖြစ်နေလေတော့… ‘မင်း… ဦးစိန်ဝင်းနဲ့ တွေ့ရမယ်’ဆိုကာ တွေ့ဖြစ်ကြတာပါ။

ကျနော်တို့ လမ်း ၃၀ ပေါ်က အိမ်ခန်းလေးရှေ့ရောက်တော့ တော်တော်မှောင်နေပြီ။ လမ်း ၃၀ ပေါ်မှာ ကားပြာဘတ်စ်ကား တွေတောင် သိမ်းနေပြီ။ မြင်းလှည်းတွေ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေကတော့ ရှိနေသေးရဲ့။ မျက်နှာချင်းဆိုင် ဆေးရုံကြီး ဝင်းထဲမှာကတော့ ခပ်မှိန်မှိန် မီးချောင်းရောင်အောက်မှာ အမှောင်ရိပ်တချို့က လူမမာမေးသူတွေကို နှင်ထုတ်နေလေရဲ့။

အိမ်ခန်းလေးနဲ့ ကပ်လျက်အခန်းက အောက်လင်းဓာတ်မီးအလင်းရောင်မှာ ကြံရည်ကြိတ်စက်က ခြူသံပေးပြီး မူးချာပတ် ချာလည်နေတယ်။ ကျနော်တို့အိမ်ခန်းလေးရှေ့ ရသေ့ကျောင်းပေါ်ထိုင်ပြီး အစ်ကိုက အသံပေးလိုက်တယ်။ ကျနော်က တော့ ခမ်းလှမ်းလှမ်းက ကြံရည်ကြိတ်စက်ကို ကြည့်ပြီး မူးချာပတ်ချာလည်ရမယ့်အစား ရင်တွေခုန်လို့။ လူထုစိန်ဝင်း၊ ဝင်းဇော်…။

ခဏနေတော့ ချောင်းသံ တဟွပ်ဟွပ်နဲ့ ခပ်ချိနဲ့နဲ့လူတယောက်က ချိုင်းထောက်အားပြုပြီး အခန်းထဲကထွက်လာတယ်။ ကျ နော်တို့နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ခပ်ဖြည်းဖြည်းထိုင်တယ်။ ဆေးလိပ်တလိပ်ကို မီးညှိတယ်။ အလင်းရောင်ပျပျမှာ မြင်ရတာ က ချိုင်းထောက်အားကိုးနေရတဲ့ ချိနဲ့နဲ့ ကိုယ်ခန္ဓာနဲ့ ဆန့်ကျင်စွာ မျက်နှာမှာ ကြည်လင်ခိုင်မာနေတာပါ…။

“ဒါ… စာရေးဆရာ လူထုစိန်ဝင်း…”လို့ အစ်ကိုက ပြောတယ်။ အား… လူထုစိန်ဝင်း…၊ ဝင်းဇော်…။ ပြီးတော့ အစ်ကိုက ‘ဒါ… ကျနော့်ညီပါ၊ စာရေးဖို့ သားဖို့ ဝါသနာပါတယ်’လို့ မိတ်ဆက်ပေးလိုက်တယ်။

ဒီမှာတင် ကျနော် သတိထားမိတာတခုက ကျန်းမာရေးမကောင်းတဲ့ဆရာက ဝေဒနာအကြောင်း၊ လောကဓံအကြောင်း မငြီးတွားဘူး။ ရဲဘော်တွေ ကျန်းမာရေးအကြောင်းမေးတယ်။ ပြီးတော့ မိုးဝေမဂ္ဂဇင်းထဲက ဆောင်းပါးတွေ ကဗျာတွေ အကြောင်းပြောတယ်။ ပြောတယ်ဆိုတာထက် ဝေဖန်တယ်၊ သုံးသပ်တယ်။ ဆရာ့မျက်နှာ၊ အမူအရာနဲ့ စကားတွေဟာ တက်ကြွမှုရဲ့အမှတ်လက္ခဏာတွေဆိုတာ ငြင်းမရဘူး။

ကျနော်တို့အပြန်မှာ. လက်ဖက်ရည်ဆိုင်ထိုင်ကြရင်း အစ်ကိုက “ထောင်ထဲက၊ ကိုကိုးကျွန်းက၊ နောက်ထပ်တဖန် ထောင် ထဲက လူထုဦးစိန်ဝင်း” အကြောင်းတွေပြောပြတယ်။
“ဆရာဟာ… တော်လှန်ရေးကောင်စီတက်ပြီး ၁၉၆၉ ခုနှစ်မှာ အဖမ်းအဆီးခံရကာ ကိုကိုးကျွန်းကို အပို့ခံခဲ့ရတယ်။ ကျန်း မာရေးအခြေအနေကြောင့် ကျွန်းကနေ ပြည်မကထောင်မှာ ပြန်အပို့ခံခဲ့ရပြီး ၁၉၇၂ ခုနှစ်မှာ ပြန်လွတ်ခဲ့တယ်။ ၁၉၇၈ ခုနှစ် မှာ ပြည်သူ့တိုးတက်ရေးပါတီဥက္ကဌ ဦးခင်မောင်မြင့် (ကွယ်လွန်)နဲ့ အမှုတွဲအဖြစ် ပြန်လည်အထိန်းသိမ်းခံရပြီး ၁၉၈၀ ခုနှစ် မှာမှ ပြန်လွတ်ခဲ့တယ်။ ထောင်တွင်းက နှိပ်စက်ညှင်းပန်းခံရမှုတွေကြောင့် ညာဘက်ကိုယ်တခြမ်းသေခဲ့တယ်”ဆိုတာ ကျနော့် အစ်ကိုက ရှင်းပြခဲ့တယ်။

အဲဒီအချိန်မှာတော့ ကျနော်ဟာ လူထုဦးစိန်ဝင်းထက် ဝင်းဇော်ကို ပိုသိ၊ ပိုကြိုက်နေတာတော့ ဝန်ခံပါတယ်။ “အလံမလှဲစ တမ်း”ဟာ ကျနော်တို့အတွက် စံပြုအတုယူစရာဖြစ်သလို၊ “စောမိုခမ်း” က ရင်မှာ တလှပ်လှပ်နဲ့ ရသအပြည့်ပေးတဲ့ မန္တ လေးတက္ကသိုလ်နောက်ခံ ဝတ္ထုရှည်ကြီးအဖြစ် စွဲမက်အတုယူလွှမ်းမိုးနေခဲ့တယ်။

နောက်… ဆရာ သူအိမ်၊ သူ့ဇနီးဇာတိ တောင်ကြီးပြောင်းသွားတာ…၊ နောက်… ရန်ကုန်ပြောင်းသွားတာ…၊ နောက်… အင်္ဂ လိပ်စာသင်တန်း ဖွင့်နေတာ၊ စတဲ့ စတဲ့အချက်တွေကို အစ်ကိုက တဆင့်သိနေရတယ်။ အစ်ကိုကတော့ နောက်ပိုင်း သူ့ရဲဘော် လူထုဦးစိန်ဝင်းနဲ့ရော ကျနော်နဲ့ရော ၁၀ နှစ် ၁၀ မိုး ဝေးသွားခဲ့ပါတယ်။

ကျနော် ၁၉၉၃ ခု၊ လူထုတိုက် အယ်ဒီတာစားပွဲမှာ ဒေါ်ဒေါ် လူထုဒေါ်အမာ အရိပ်ခိုပြီးနောက်… ဆရာလူထုဦးစိန်ဝင်းရဲ့ ဆောင်းပါးတွေ မဂ္ဂဇင်းအသီးသီးမှာ ပြန်လည်ဖတ်ရှုလာရတယ်။

အထူးသဖြင့် ဒေါ်ဒေါ်ရဲ့လက်တုံးတောင်ဝှေးအဖြစ် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် တူသားနောင်မယ် အရင်းအချာအနေနဲ့ ဆရာလူထုစိန်ဝင်းက အနီးကပ်ဆုံးဖြစ်နေတာမို့၊ ဒေါ်ဒေါ်ရဲ့ ကိုယ်ရေးကိုယ်တာသာမက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုပါမကျန် ဒေါ်ဒေါ်ဆီကို အမြဲမပြတ်စာရေးပြီး ဆရာက အသိပေးတယ်၊ ဆွေးနွေးတယ်။

ဒီလိုစာတွေရလာရင်… ပြသင့်ပြထိုက်၊ ဖတ်သင့်ဖတ်ထိုက်တဲ့ စာမှန်ရင် ဒေါ်ဒေါ်က ကျနော့်ကို ပြတယ်၊ ဖတ်စေတယ်။ ပြီး တော့ စာပါအကြောင်းအရာတွေကို ဒေါ်ဒေါ်က ကျနော်နဲ့ ပြောဆိုတာမျိုးတွေရှိတယ်။

ဒီကြားထဲ… မဂ္ဂဇင်းတစောင် (ဗြူးတီး ထင်ပါရဲ့) မှာပါတဲ့ ဆရာ့ရဲ့“သူရဲကောင်း”နဲ့ ပတ်သက်တဲ့ ဆောင်းပါးကို ဖတ်ပြီး နောက် ကျနော်က ပြန်လည် ငြင်းခုန်ခဲ့ပါတယ်။ ဆရာ့ဆီ စာရှည်ကြီးရေးပြီး ငြင်းခုန်ခဲ့တာပါ။ ဒါဟာ ဆရာ့ကို ပထမဆုံး ပြန်လည်ငြင်းခုန်ခြင်း အစပါပဲ။

ဒီနောက်ပိုင်း ဆရာက ကျနော့်အပေါ် ပိုမိုနွေးထွေးလာတယ်။ အထူးသဖြင့်တော့ ကျနော့်စာမူတွေ လုံးချင်း စာအုပ်အဖြစ် ထုတ်ဝေနိုင်ရေးတွေမှာ အများဆုံးကူညီခဲ့တယ်။ အိပ်ရာထဲကဆရာက… ကျနော့်ဝတ္ထုတိုပေါင်းချုပ်တစ်ခု ရန်ကုန်ဖြန့်ချိ ရေးမှာ အစအဆုံးကူညီပေးခဲ့တယ်။ အဲဒီအချိန် ဖြန့်ချိရေးပိုင်းမှာ အဆင်မပြေဖြစ်နေတဲ့ လူထုတိုက်ထုတ်စာအုပ်တွေကို လည်း မမဒေါ်တင်ဝင်းနဲ့ ညှိပြီး ဆရာက ရန်ကုန်ကနေ ကူညီခဲ့တယ်။ နောက်ပိုင်း သူ့တပည့်လည်းဖြစ် ရဲဘော်လည်း ဖြစ် ခဲ့တဲ့သူတစ်ယောက်ကိုပင် ဆရာက လူထုတိုက်ရဲ့စာအုပ်များ စီစစ်ရေးကိစ္စ၊ ဖြန့်ချိရေးကိစ္စတွေမှာ အမြဲတမ်း ခန့်ထားပြီး ရန်ကုန်ကနေ ကူညီစေခဲ့တယ်။

တခုသော ဒေါ်ဒေါ့်မွေးနေမှာ မန္တလေးကို ဆရာရောက်လာတယ်။ ကျနော့်တို့ လူထုအယ်ဒီတာအဖွဲ့ နေလယ်ခင်း လက် ဖက်ရည်ချိန်(ညနေ ၃ နာရီ)ကို တကူးတကစောင့်ပြီး အစ်မကြီး ဒေါ်တင်ဝင်းကို ခွင့်တောင်းကာ ကျနော့်ကို ဆရာက လက် ဖက်ရည်ဆိုင် ခေါ်တယ်။ (အဲဒီလောက်ထိ လုပ်ငန်းနဲ့ စည်းကမ်းပိုင်းကို ဆရာက သတိထားပြီးလိုက်နာပြုမူခဲ့တာပါ။)

ဆရာနဲ့ နှစ်ယောက်တည်း လက်ဖက်ရည်သောက်ရချိန်မှာ စကားတွေအများကြီး ပြောဖြစ်တယ်။ လူထုတိုက်ရဲ့ စာအုပ်လုပ် ငန်းတွေသာမက မန္တလေးက ကျနော်တို့ မျိုးဆက်သစ်စာပေအဝန်းအဝိုင်းရဲ့ သဘောထားတွေကိုပါ မေးမြန်းဆွေးနွေးတယ်။

ဒီနေရာမှာလည်း ဆရာ့ကို ကျနော် ငြင်းခုန်ခဲ့တာတွေရှိပါသေးတယ်။ ဆရာ မန္တလေးမှာရှိစဉ်ကာလများအတွင်း ကျနော်နဲ့ ပတ်သက်တဲ့ ဆရာ့ရည်ရွယ်ချက်တခုကို ချပြတယ်။ အဲဒါက ဂျာနယ်လစ်ဇင်ဆိုင်ရာ ဒီပလိုမာတခုအတွက် အပြင်ထွက် သင်တန်းတက်ရေး ကိစ္စပါ။ ဆရာက ကျနော့်ကို စံမီသတင်းစာဆရာဖြစ်စေချင်တယ်။ ဒီအချက်ကိုလည်း ကျနော်က ငြင်း ခုန်ခဲ့ပြန်တယ်။ ဆရာစိတ်ရှည်စွာနဲ့ နောက်ရက်တွေမှာလည်း ဒီကိစ္စဆွေးနွေပြန်တယ်။ ကျနော် ယတိပြတ်ငြင်းခုန်လိုက် ပါတယ်။

ဒီနောက် အသွားအလာကျဲပေမယ့် ၁ နှစ် တခါ၊ ၂ နှစ်တခါ ရန်ကုန်ရောက်ဖြစ်ရင် ဆရာ့ဆီ ဝင်ဖြစ်တယ်။ ဒါပေမယ့် ရန် ကုန်က ဆရာ့အိမ်မှာ စကားတော့ သိပ်မပြောဖြစ်ကြပါဘူး။ ဆရာစာတွေအရေးစိပ်လာတယ်။ လိုက်ဖတ်လို့ မမီအောင်ကို ရေးနိုင်တာ အံ့အားသင့်မိတယ်။

နောက်ပိုင်းနှစ်တွေ… ဆရာ မေမြို့ကို ဒေါ်ဒေါ်နဲ့ နွေလာခိုပြန်တယ်။ မန္တလေး ရောက်ခိုက် လက်ဖက်ရည် ဆိုင်ထိုင် ဖြစ် တော့… အဲဒီကာလ ကျနော် နေအိမ်မြေယာ ကိစ္စအတွက် အာဏာပိုင်အဖွဲ့အစည်းဆိုင်ရာ လမ်းကြောင်းတခုက တဆင့် အပေါ်ထပ် ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ ဖြစ်ရပ်တစ်ခုကို အရေးကြီးကိစ္စလို့ ကျနော် ယူဆပြီး ဆရာနဲ့ ဆွေးနွေးဖြစ်တယ်။ ဆရာ က လက်မခံဘူး။ ဆရာ့လက်မခံမှုအပေါ် ကျနော်က ထပ်မံငြင်းခုန်ပြန်တယ်။ ဒါဟာ ၂၀၀၃ ခုနှစ် အပေါ်ထပ် အဆောက် အအုံ အရေးကြီးဖြစ်ရပ်နဲ့ ကနဦး သဲလွန်စအဖြစ် ကျနော့်ငြင်းခုန်မှုက မှန်ကန်တယ်လို့ ကျနော် ယူဆတယ်။ ဒါပေမယ့် ဆရာ့ လက်မခံမှုကလည်း သဘောတရားရေးအရ ဒီနေ့အထိ မှန်နေပြန်ရော…။ ဆရာကဖြင့် ဒီသဘောထားကို သေသည်အထိ ဆုတ်ကိုင်သွားတာပါပဲ။ ကဲ. ထားပါတော့။

ဆရာက… လူထုသတင်းစာ ဆရာမျိုးဆက်ကို သိပ်အာသီသရှိပုံရတယ်။ ဒါကြောင့်လည်း ၂၀၀၅ ခုနှစ်မှာ ကျနော့်ကို သတင်း စာဆရာ လမ်းကြောင်းပေါ် တခါဆွဲတင်ပြန်ရော.။ မီဒီယာကြီးတခုရဲ့လုပ်ပိုင်ခွင့်နဲ့ မန္တလေးမှာ တာဝန်ယူစေမှု တခုပါပဲ…။ အစက ဆရာ့အစီအစဉ်က အဓိကကျမှုမှာ ပါဝင်ခဲ့တယ်ဆိုတာ မသိသာခဲ့ဘူ။ လုပ်ရင်းကိုင်ရင်း သိသာလာတယ်။

တကယ်တော့ ကျနော့်လို လေးလံနှေးကန် စကားနည်းရန်စဲသူအဖို့ ဘယ့်နှယ် သတင်းစာဆရာနဲ့ ကိုက်ပါ့မလဲ။ ဒီလိုနဲ့ လုပ်ရင်းကိုင်ရင်း၂ နှစ်၊ ၃ နှစ်မြောက်လောက်မှာ ကျနော့်ဘက်က အဆင်မပြေမှုများနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ဖြစ်သင့်ဖြစ် ထိုက်တဲ့ ကိစ္စများကို ဆရာ့ထံ ဖုန်းဆက်ရင်ဖွင့်ခဲ့တယ်။ ဒါကို ဆရာက လက်မခံပါဘူး။ ဒါ့ကြောင့် စာရှည်ကြီး ရေးပြီး ဆရာ့ လက်မခံမှုကို ကျနော် ပြန်လည်ငြင်းခုန်ခဲ့ပြန်ပါတယ်။

ဒီစာရှည်ကြီးကို ဆရာက ဖုန်းနဲ့ပဲ ပြန်ပြီး တုံ့ပြန်ခဲ့တယ်။ ‘ကိုဆူးငှက် လုပ်စရာ ရှိတာ ဆက်လုပ်ပါ။ မန္တလေးမှာ ခင်ဗျားရှိနေ မှ ဖြစ်မှာ…၊ အယ်ဒီတာနဲ့ထုတ်ဝေသူပြဿနာဟာ အိုးဝေဦးညိုမြတို့ ခေတ်ကတည်းက ရှိခဲ့တာမို့ မဆန်းပါဘူး’တဲ့။ ဒါပါပဲ။ ဒီတော့ ကျနော်လည်း ခပ်မဆိတ်နဲ့ ပိုနေမြဲ ကျားနေမြဲ နေခဲ့ပါတယ်။ ဆရာ့ကိုတော့ တယ်မကျေနပ်လှဘူးပေါ့။

၂၀၀၉ ခုနှစ်မှာ မန္တလေးအနှစ် ၁၅၀ ပြည့်တယ်။ မှတ်မှတ်ရရ ဆရာက… နှစ် ၁၅၀ လက်ဆောင်အဖြစ် လက်ရှိမန္တလေး စာပေ အဝန်းအဝိုင်းကို ဆောင်းပါတပုဒ်ရေးပြီး ခပ်စပ်စပ်လေး ဝေဖန်လိုက်ပါတယ်။ တကယ့်စေတနာက သူ့တူသား ညီ အစ်ကို တွေဖြစ်တဲ့ ကျနော်တို့ဆီပစ်မှတ်ထားတာပါ။ ဆန်ရင်းနာနာဖွပ်တဲ့ သဘော။ ဒီအချက်အလက်ကိုလည်း ကျနော်က ဆရာ့ဆီ စာရှည်ကြီး(ဖူးစခက် စာမျက်နှာ ၃၀ ကျော်)နဲ့ ပြန်လှန်ငြင်းခုန်ခဲ့ပြန်ပါတယ်။

ဒီလိုနဲ့ ကျနော်ရဲ့ ဆရာ့အပေါ်နောက်ဆုံးငြင်းဆန်မှုကတော့ ဆရာစီစဉ်ခဲ့တဲ့၊ ဆရာဖြစ်စေချင်တဲ့၊ ဆရာထားခဲ့တဲ့နေရာ က နေ… ဆရာ့ကို မတိုင်ပင်ပါဘဲ ကျနော် စွန့်ခွာကျောခိုင်းခဲ့တာပါပဲ။ ကျနော် သတင်းစာဆရာ မဖြစ်ချင်ပါ။ (ဒီနေရာမှာ ကျနော့်ကို တယောက်ယောက်က ခင်ဗျား သတင်းစာဆရာမဖြစ်ချင်ပါ ဆိုတာထက် မဖြစ်သင့်တာ၊ မဖြစ်နိုင်တာ၊ ဖြစ်ဖို့ အရည်အချင်းကို လုံးဝမရှိတာ.လို့လည်း ကောက်ချက်ချနိုင်ပါတယ်။)

ဒီနေရာမှာပြန်ပြီး စဉ်းစားသုံးသပ်လိုက်ရင် ကျနော်နဲ့ ဆရာ့ငြင်းခုန်မှုတွေမှာ ကျနော်က ဆင်ခြေဆင်လက်များစွာနဲ့ ကိုယ် လွတ်ရုန်းခြင်း၊ လူတဦးချင်း တဦးချင်းစီဆိုင်ရာ ကိုယ်ရေးကိုယ်တာ ပြဿနာအကျိုးအကြောင်း (ခြေသေးတရုတ်မ ခြေပတ် အဝတ်စလို ရှည်လည်းရှည်၊ နံလည်းနံ)တဲ့ “သာမည”တွေသာ ဖြစ်ပြီး၊ ဆရာက သူယုံကြည်တဲ့ သဘောထားနဲ့ အခြေခံ ပြီး စေတနာပါသော “အဓိက”တွေနဲ့သာ ချိန်စက် “ပြတ်သား”ခဲ့တယ်ဆိုတာကို နောက်မှသိလာခဲ့ရပါတယ်။ ဆရာက လူကို မ ပြော၊ မူကိုပဲ ကိုင်ပြီး မတိမ်းမစောင်း ပြောခဲ့တယ်ဆိုတာလည်း နားလည်ခဲ့ပါတယ်။

ဒါကြောင့် ဆရာ လူထုစိန်ဝင်းဟာ ခိုင်မာတဲ့ ယုံကြည်ချက်တခုကို အသက်ထက်ဆုံး ဆုတ်ကိုင် ကျင့်ကြံသွားသူ။ ဒီယုံကြည် ချက်အတွက် အဓမ္မတွေကို တွေ့ရာသချႋုင်း ဓားမဆိုင်း ခုခံ ကာကွယ်ခဲ့သူ၊ ဒီယုံကြည်ချက်အတွက် ပြည်သူလူထုဘက်သား အမှန်တရားဘက်က တိုက်ပွဲဝင်ခဲ့သူ၊ မိမိကိုယ်ခန္ဓာ မသန်မာသည်အထိ ယုံကြည်ချက်အတွက် သန်မာခဲ့သူ၊ မိမိအားအင် ဆုတ်ယုတ်သည်အထိ ယုံကြည်ချက်အတွက် အားကောင်းမောင်းသန်ဖြစ်ခဲ့သူ၊ နောက်ဆုံးထွက်သက်အထိ မိမိယုံကြည်ချက် အတွက် တာဝန်ကျေခဲ့သူပါပဲ။

ဒီကနေ့ အရေးတကြီးလိုအပ်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ဆီ ဦးတည်တည်ဆောက်မှုမှာ လွတ်လပ်ပွင့်လင်း လူ့အဖွဲ့အစည်း အတွက် လူထုဆက်သွယ်ရေးကဏ္ဍက နောင်မျိုးဆက်တွေ အမွေ ဆက်ခံနိုင်ဖို့အတွက် ဆရာ လူထုစိန်ဝင်းရဲ့ စိတ်ဓာတ်နဲ့ အားမာန်တွေဟာ ထုကြီးထည်ကြီးနဲ့ စံပြနမူနာအဖြစ် ကျန်ရစ် အဓွန့်ရှည်နေဦးမှာ သေချာပါတယ်။
ဒါကြောင့် ဆရာ လူထုစိန်ဝင်း ဘယ်တော့မှ မသေပါဘူး။

(ဆူးငှက်သည် မန္တလေးအခြေစိုက် စာရေးဆရာတဦးဖြစ်ပြီး ယဉ်ကျေးမှုနှင့် အနုပညာသမိုင်းသုတေသီတဦးလည်း ဖြစ် သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading