ယနေ့ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်နေပြီး ဝင်ရောက်ရန် တာစူနေဆဲမှာလည်း တရုတ် ရင်းနှီးမြှုပ်နှံမှုများဟု ဆိုရမည်။
ကမ်းလွန် ရွှေသဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ ဓာတ်ငွေ့တူးဖော်သည့် လုပ်ငန်းတွင် ကိုရီးယား၊ အိန္ဒိယ စသည့်နိုင်ငံများ အစုရှယ်ရာ ပါဝင်ကြသော်လည်း ရခိုင်လူထုနှင့် ဗမာပြည်မ လူထု၏ အမြင်တွင် တရုတ်တို့ကိုသာ အာရုံစူးစိုက် ထားခြင်း ခံရသည်မှာလည်း တရုတ်တို့၏ ထူးခြားချက်ဟု ဆိုရပါမည်။
ထိုထူးခြားချက်ကို တရုတ်တို့ ကောင်းစွာ သဘောပေါက်ရန် လိုအပ်ပေသည်။ ထိုသို့ တရုတ်တို့အား အာရုံစိုက်ခြင်း၊ တရုတ် ရင်းနှီးမြှုပ်နှံများကို ဆန့်ကျင်နေခြင်းသည် တရုတ်တို့အား လူမျိုးရေးအရ ဆန့်ကျင်ခြင်းတော့ မဟုတ်ပေ။
အဓိကအားဖြင့် နိုင်ငံရေးအရ ယုံကြည်မှုကင်းမဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး နဝတ စစ်အစိုးရ တက်လာပြီး နောက်ပိုင်း တရုတ်အစိုးရသည် စစ်အစိုးရနှင့်ပေါင်း၍ စီးပွားရေးလုပ်ငန်းများ လုပ်ခဲ့သည်။
တဖက်ကလည်း စစ်အစိုးရကို စစ်လက်နက်ပစ္စည်း ရောင်းချ ပေးခဲ့သည်။ နိုင်ငံရေးအရ ကုလသမဂ္ဂတွင် ဗီတိုအာဏာ သုံး၍ မြန်မာစစ်အစိုးရကို ကျားကန်ပေးခဲ့သည်။
သို့ဖြစ်ရာ ဗမာပြည်လူထုနှင့် ရခိုင်လူထုကြားတွင် တရုတ်တို့သည် သူတို့၏အကျိုးစီးပွား အတွက် အာဏာရှင်များနှင့် ပူးပေါင်း သူများ ဖြစ်ကြသည်။ အာဏာရှင်များကို ကာကွယ်ပေးကြသူများ ဖြစ်သည်။
လူထု၏ ဒီမိုကရေစီရေးနှင့် ပတ်သက်၍ လည်းကောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ သော်လည်းကောင်း၊ လူထု၏ အကျိုးစီးပွားနှင့် ပတ်သက်၍ လည်းကောင်း မျက်ကွယ်ပြုကာ အာဏာရှိသူများနှင့်သာ ပူးပေါင်း၍ စီးပွားရှာကြသူများ၊ လူထု အကျိုးစီးပွားကို မျက်ကွယ်ပြုထားကြသူများ အဖြစ် လူထုက မြင်ကြသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်တွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံကြသည့် တရုတ်ကုမ္ပဏီများကို ရခိုင်လူထုက အလေးထား အာရုံစိုက်နေကြခြင်း ဖြစ်ပေသည်။
ထို့အပြင် အခြားတိုင်းရင်းသား ပြည်နယ် တခုဖြစ်သော ကချင်ပြည်နယ်တွင် တရုတ်တို့ တည်ဆောက်ရန် ကြံရွယ်သည့် မြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်၍လည်း လူထုဆန့်ကျင်မှု ဂယက်က ကြီးမားသည့်အပြင် မြစ်ဆုံ စီမံကိန်း၌သာမက လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းတွင်လည်း တရုတ်ကုမ္ပဏီတို့ လူထုကြားတွင် နာမည်ကောင်း ရရှိထားခြင်း မရှိပေ။
သို့ဖြစ်ရာ ရခိုင်တွင် လာရောက်လုပ်ကိုင်ရန် ကြံရွယ်နေသည့်၊ လုပ်ကိုင်နေကြသည့် တရုတ်အစိုးရ ကုမ္ပဏီကြီးများ အနေဖြင့် ယင်းအခြေအနေကို ကောင်းစွာ လေးလေးနက်နက် သဘောပေါက်ကြရန် လိုအပ်သည်။
ဤအချက်ကို တရုတ်တို့သည်လည်း သဘောပေါက်ပုံရသည်။ ယခင် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း အစီအစဉ်ဖြင့် ရာနှင့်ချီသော မြန်မာကျောင်းသားများကို တရုတ်ပြည်သို့ အတတ်ပညာဆိုင်ရာ သင်တန်းကျောင်းများသို့ ၄ နှစ် ပညာတော်သင် စေလွှတ်ရေး အစီအစဉ်တခုအား မြန်မာပြည်ပညာရေး ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ၂၀၁၅ – ၂၀၁၆ အတွင်း က ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
အလားတူ လက်ရှိ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်၏ အစီအစဉ်ဖြင့် တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းများ ဟူသည့်အမည်ဖြင့် မြန်မာပညာရေး ဝန်ကြီးဌာနသို့ စာသင်ကျောင်း ၁၃ ကျောင်း ဆောက်လုပ် လှူဒါန်းသည့် အစီအစဉ်တရပ် ဆောင်ရွက်နေပြီး ယခုအခါ စာသင်ကျောင်း ၉ ကျောင်း ဆောက်လုပ် လှူးဒါန်း ပြီး ဖြစ်သည်။
လက်ရှိ လုပ်ငန်းလုပ်နေသည့် တရုတ်ကုမ္ပဏီများကလည်း လူမှုရေးလုပ်ငန်းကို ခေါင်းစဉ်တခု ဘတ်ဂျက်တခု သတ်မှတ်၍ လုပ်ကိုင်နေသည်ကို တွေ့ရသည်။
တကယ်တမ်းအားဖြင့် ရခိုင်ကမ်းလွန်တွင် လာရောက်ရင်းနှီးမြှုပ်နှံနေသော အခြား နိုင်ငံတကာ ကုမ္ပဏီများစွာ ရှိပါသေး သည်။
စွမ်းအင်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် Stat Oil Myanmar Private Ltd နှင့် Conocophillips MyanmarE&P Pte.Ltd က ရခိုင် ကမ်းလွန်ဒေသ ရေနက်ပိုင်းလုပ်ကွက် AD 10 တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရှာဖွေ ရေး အတွက် အမေရိကန် ဒေါ်လာသန်း ၃၂၃.၆၅ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည်။
အလားတူပင် Woodside Energy Myanmar Pte.Ltd နှင့် BG Exploration & Production Myanmar Ltd တို့ ပူးပေါင်း ပြီး ရခိုင်ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် ဒေါ်လာ ၂၉၀.၁ သန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက် ရှိသည်။
၂၀၁၆ – ၂၀၁၇ အတွင်း ရခိုင်ပြည်နယ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ၂၇ ခု၊ သတ္တု တူးဖော်ရေး လုပ်ငန်း ၁ ခုနှင့် အခြားလုပ်ငန်း ၁ ခု ၊ စုစုပေါင်း ၂၉ ခုတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၂၅၉.၄၈၃ သန်း ရင်းနှီးမြှုပ်နှံလျက် ရှိသည်ဟု ဆိုပါသည်။
သို့ဖြစ်ရာ အဓိက ရခိုင်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းတွင် တရုတ်တို့သာမက အခြား နိုင်ငံများ ကလည်း များစွာ ရင်းနှီးမြှုပ်နှံလျက်ရှိသည်ဟု ဆိုရမည်။
သို့သော် ထိုကုမ္ပဏီအများစုသည် ကမ်းလွန် ပင်လယ်ပြင်အတွင်း၌သာ ရှိနေသေးပြီး ဒေသခံလူထုနှင့် ထိပ်တိုက် ဆက်စပ် မှု မရှိသေးဘဲ တရုတ်ကုမ္ပဏီတို့သာ ဒေသခံတို့ နှင့် ဆက်စပ်နေ၍ ရခိုင်ဒေသခံတို့ အတွက် တရုတ်တို့အပေါ် ပို၍ အာရုံ စိုက်နေသည်ဟု ဆိုရပါမည်။
သို့သော် ရခိုင်ဒေသခံတို့နှင့် ထိတွေ့နေသော ကိုရီးယား ဒေဝူးကုမ္ပဏီသည် တရုတ် ကုမ္ပဏီကဲ့သို့ လူထုအာရုံစိုက်ခြင်း မခံရပေ။
ရွှေ သဘာဝဓာတ်ငွေ့ လုပ်ငန်း
ရခိုင်ပြည်နယ် ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းသည် ရခိုင်တွင် ရှေးဦးရောက်ရှိလာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။
လက်ရှိရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ရွှေ၊ ရွှေဖြူ နှင့် မြ ကမ်းလွန်လုပ်ကွက်များ ပါရှိပြီး ကမ်းလွန် လုပ်ကွက် A 1 နှင့် A 3 တို့တွင်ဖြစ်သည်။
အဆိုပါ လုပ်ကွက်များသည် စစ်တွေ အနောက်ဘက် ဘင်္ဂလားပင်လယ်အော် အတွင်း၌ တည်ရှိသည်။ ထို လုပ်ကွက်အား POSCO subsidairy DAEWOO International မှ ခေါင်းဆောင်ပြီး ကုမ္ပဏီ ၆ ခုပါဝင်သည်။
၎င်းကုမ္ပဏီများမှာ ကိုရီးယားမ ှDAEWOO International ၊ Myanmar Oil and Gas Enterprise (MOGE) ၊ Oil and Gas Corporation (ONGC) Videsh ၊ Gas Authority of India (GAIL) ၊ Korea Gas Corporation KOGAS နှင့် China National Prtroleum Corporation (CNPC) တို့ ဖြစ်ကြသည်။
ထို့ကြောင့်လည်း သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ဓာတ်ငွေ့ကို ပိုက်လိုင်းသွယ်တန်း၍ ရမ်းဗြဲကျွန်းပေါ်သို့ ကျောက်ဖြူ မြို့ အနီးမှ ကုန်းပေါ်သို့ သွယ်တန်းယူပြီး OGT ခေါ် Offshore Gas Terminal အထိ အဆိုပါ ကုမ္ပဏီ ၆ ခု ရှယ်ရာပါဝင်သည့် ကုမ္ပဏီကြီးမှ တာဝန်ယူခဲ့သည်။
ထိုကမ်းလွန် ရွှေ သဘာဝဓာတ်ငွေ့ကို ဝယ်ယူသည်မှာ CNPC မှ ဖြစ်သည်။ ကမ်းလွန်မှ ထုတ်လုပ်သော ဓာတ်ငွေ့ ပိုက် လိုင်း ကို ကျောက်ဖြူ မြို့အနီးရှိ Offshore Gas Terminal (OGT) သို့ ပင်လယ်ကြမ်းပြင် အတိုင်း သယ်ယူလာပြီး ထိုမှ တဆင့် တရုတ်ပြည်သို့ ပို့လွှတ်သည်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် တရုတ် CNPC တို့ ပူးတွဲ လုပ်ဆောင်ကြသည်။
၂၀၀၄ ခုနှစ်က ရွှေ သဘာဝဓာတ်ငွေ့ တွေ့ရှိပြီး ၂၀၀၈ နှစ်ကုန်ပိုင်းတွင် တရုတ်တို့က ဓာတ်ငွေ့ ဝယ်ယူရန် အနှစ် ၃၀ စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ပေါ်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိ မဒေးကျွန်းရှိ Gas Terminal တွင် CNPC နှင့် MOGE တို့ ပူးပေါင်း လုပ်ဆောင်နေသည်ဟု ဆိုသည်။ လက်ရှိတွင် မဒေးကျွန်းပေါ်ရှိ ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း ပြီးစီးသွားပြီ ဖြစ်၍ အိန္ဒိယကုမ္ပဏီမှာ မဒေးကျွန်းမှ ပြန်လည် ထွက်ခွာ သွားပြီဖြစ်သောကြောင့် လက်ရှိ မဒေးကျွန်း၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီမှာ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီ သာ ရှိပေတော့သည်။
ကိုရီးယား၊ အိန္ဒိယ၊ တရုတ်နှင့် မြန်မာအစိုးရပိုင် MOGE အပါအဝင် ကုမ္ပဏီ ၆ ခု၏ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေမှုသည် ကမ်းလွန် သဘာဝ လုပ်ကွက်နှင့် ကျောက်ဖြူ အနီးရှိ OGT တို့ ဖြစ်သည်ဟု ပိုင်းခြား တွေ့ရှိနိုင်သည်။
ကျောက်ဖြူ မှ တရုတ်ပြည် ရွှေလီအထိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေးနှင့် ပို့လွှတ်ခြင်း လုပ်ငန်းများကို မြန်မာ အစိုးရပိုင် MOGE နှင့်တွဲ၍ တရုတ်အစိုးရပိုင် CNPC က အဓိက လုပ်ဆောင်လျက် ရှိပေသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက တရုတ် – မြန်မာ သဘောတူညီချက်အရ အမေရိကန် ဒေါ်လာ ၁.၀၄ ဘီလျံ တန်ဖိုးရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူမှ တရုတ်ပြည်အထိ ၄၇၉ မိုင်(၇၇၁ ကီလို) ရှည်လျားသည်။ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် ၂၀၁၃ ဇွန် ၁၂ ရက်တွင် ပြီးစီးပြီး ဓာတ်ငွေ့ ပို့လွှတ်မှုကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက် တွင် စတင်ခဲ့သည်။
ထို ရွှေ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တနှစ်လျှင် သဘာဝဓာတ်ငွေ့ ၁၂ ဘီလီလျံ ကုဗပေ ပို့ဆောင်နိုင်ပြီး ရောင်းရငွေနှင့် ပတ်သက်၍ တစ်ကုဗမီတာ ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၇.၇၂ ဒေါ်လာနှုန်းဖြင့် ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့၏ တွက်ချက် ထားမှုအရ မြန်မာနိုင်ငံအနေနှင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၈၇ ဘီလျံ ခန့် နှစ် ၃၀ ရရှိမည်ဟု ဆိုပါသည်။
ထို့အပြင် မြန်မာပြည် အတွက် ထိုသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ နေ့စဉ် ကုဗပေ သန်း ၁၀၀ ဝယ်ယူခွင့်ရယူထားပြီး ကျောက်ဖြူ၊ ကျောက်ဆည်၊ တောင်သာ တို့တွင် စက်ရုံ ၃ ရုံ တည်ဆောက်၍ လျှပ်စစ် ထုတ်ယူလျက် ရှိသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ ခွဲတမ်း ကုဗသန်း ၁၀၀ ခွဲတမ်းမှ ထုတ်ယူသုံးစွဲမှုသည် ကျောက်ဖြူ သဘာဝဓာတ်ငွေ့ ထုတ်ယူ ရေး ခွဲရုံမှ တရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅ သိန်း ၈ သောင်း၊ မန္တလေး ထုတ်ယူရေးခွဲရုံမှ တရက်လျှင် ကုဗမီတာ ၇ သိန်း ၄ သောင်း၊ တောင်သာ ထုတ်ယူရေးခွဲရုံမှ တရက်လျှင် ကုဗမီတာ ၁ သန်း၊ ရေနံချောင်း ထုတ်ယူရေး ခွဲရုံမှ တရက်လျှင် ကုဗမီတာ ၅ သောင်း ၆ ထောင် ထုတ်ယူသုံးစွဲနေသည်။
ထုတ်လုပ်နေသော သဘာဝဓာတ်အား ပမာဏများမှာ ကျောက်ဖြူ မြို့နယ်တွင် V Power ကုမ္ပဏီ မှ ၆၀ MW (၉၀ MW ထိ ထုတ်လုပ်နိုင်သည်ဟုဆို) ထုတ်လုပ်သည့် စက်ရုံ ၁ ရုံ၊ တောင်သာ မြို့နယ်တွင် V Power ကုမ္ပဏီ မှ၁၃၃ MW ထုတ် လုပ် သည့် စက်ရုံ တရုံနှင့် Agrico ကုမ္ပဏီမှ ၉၀ MW ထုတ်လုပ်သည့် စက်ရုံတရုံ ၊ ကျောက်ဆည်မြို့နယ်တွင် ၈၀ MW ထုတ်လုပ်သည့်စက်ရုံ တရုံ တည်ဆောက်ပြီးစီး၍ အသုံးပြုနေပြီဖြစ်ကာ တောင်သာမြို့နယ်တွင် Semp Corp က တည် ဆောက်နေဆဲ ၂၂၅ MW စက်ရုံ တရုံရှိပြီး ရွှေသဘာဝ ဓာတ်ငွေ့ သုံးစွဲထုတ်လုပ်သည့် စက်ရုံများထဲတွင် အကြီးဆုံးဖြစ် သည်။ ထိုစက်ရုံသည် ၂၀၁၈ ခုနှစ် မေလတွင် ပြီးစီးမည်ဟု သိရသည်။
ရေနက်ဆိပ်ကမ်းနှင့် ရေနံပိုက်လိုင်း
ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ရောင်းချနိုင်ရန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းခြင်းသည် သဘာဝကျသည်ဟု ဆိုနိုင်သည်။
သို့သော် ရေနံပိုက်လိုင်း သွယ်တန်းခြင်းနှင့် ရေနံတင်သင်္ဘော ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်း ဆောက်လုပ်ခွင့် ပြုခြင်းသည် တရုတ် တို့၏ အကျိုးစီးပွား အတွက် ရခိုင်ဒေသတွင် ရင်းနှီးမြှုပ်နှံမှု ပေးခြင်း သက်သက်ဖြစ်သည်။
အဆိုပါ ရေနံသည် ရခိုင်ဒေသထွက် ပစ္စည်းမဟုတ်ပေ။ အရှေ့အလယ်ပိုင်း ဒေသရှိ ရေနံထွက်နိုင်ငံများမှ ဝယ်ယူလာသော ရေနံများကို တရုတ်တို့ ပင်လယ်ပြင်အား တကွေ့တပတ်ဖြတ်၍ သယ်ဆောင်စရာမလိုဘဲ ဖြတ်သန်း ပို့ဆောင်နိုင်ရန် ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။
တရုတ်တို့ အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်းပါ တပါတည်း သွယ်တန်းခွင့်ရသဖြင့် တည် ဆောက်ရေး စရိတ်နှင့် ပိုက်လိုင်းဖြတ်သန်းရာ နယ်မြေတလျှောက် မြေယာလျော်ကြေး ပေးရာတွင်လည်း သက်သာခဲ့ သည်။
ထို့အပြင် ဤသို့ ရေနံပိုက်လိုင်း ဖြတ်သန်းခွင့်ပေးခြင်း အတွက် မြန်မာဘက်က ထပ်မံ၍ မဒေးကျွန်းတွင် ရေနံတန်ချိန် သိန်းချီ တင်ဆောင်နိုင်သည့် ရေနံတင်သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတခု ဆောက်လုပ်ခွင့် ပြုခဲ့ရသည်။
မြန်မာ့ ပင်လယ်ရေပိုင်နက်အပြင် ပင်လယ်မှ မဒေးကျွန်းသို့ ဝင်ရောက်သည့် ကျောက်ဖြူ မြစ်၊ သံစိုက်မြစ် ရေလမ်းကြောင်း အား ထိုပင်လယ်ကူးရေနံတင် သင်္ဘောကြီးများ ဝင်ရောက်ခွင့်လည်း ပေးခဲ့ရသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ် – မြန်မာ သဘောတူညီချက်အရ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီလျံ တန်ဖိုးရှိ ရေနံပိုက်လိုင်းအား သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနှင့်အတူ တည်ဆောက်ခဲ့သည်။
ရေနံပိုက်လိုင်းမှာ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်း ပြီးစီးခဲ့ပြီး ၂၀၁၇ ခု မေလ ၂ ရက်နေ့တွင် ရေနံ စတင်ပို့လွှတ်ခဲ့သည်။
ရေနံပိုက်လိုင်းမှ တရက်လျှင် ရေနံစည် ၂၄၀၀၀၀ စည်၊ တနှစ်လျှင် တန်ချိန် ၁၃ သန်း ပို့ဆောင်နိုင်သည်ဟု ဆိုသည်။ တည်ဆောက်ရာတွင် တန်ချိန် ၂၂ သန်းခန့် ပို့ဆောင်နိုင်ရန် ရည်ရွယ် တည်ဆောက်ခဲ့သည်ဟု သိရသည်။
ရေနံပို့ဆောင် ဖြတ်သန်းခအနေနှင့် တတန်လျှင် ၁ ဒေါ်လာနှုန်းနှင့် တနှစ်လျှင် ဒေါ်လာ ၁၃.၆ သန်း မြန်မာပြည်က ရရှိမည် ဟု ဆိုသည်။
ထို့အပြင် ပိုက်လိုင်းဖြတ်သန်းခ အဖြစ် တနှစ်လျှင် ဒေါ်လာ ၆.၀၉ သန်းအပြင် ရေနံစိမ်း ပို့ဆောင်ခ တတန်လျှင် ၃၁.၅၆ ဒေါ်လာမှ မြန်မာပြည် MOGE ထည့်ဝင်အချိုးအတိုင်း ရရှိမည်ဟု သိရသည်။
အဆိုပါရေနံ ပိုက်လိုင်းမှ ပို့ဆောင်သည့် ရေနံပမာဏ ၏ ၁၀ ရာခိုင်နှုန်း ခန့်ကို (တန်ချိန် ၂ သန်းခန့်) နှစ်စဉ် မြန်မာနိုင်ငံက ဝယ်ယူ သုံးစွဲနိုင်မည်ဟုလည်း ဆိုပါသည်။
သို့သော် ရေနံတင်ဆိပ်ခံ ဆောက်လုပ်ခွင့်ပြုခြင်း၊ အသုံးပြုခြင်း၊ ရေကြောင်း အသုံးပြုခြင်းတို့ အတွှက် မြန်မာဘက်မှ မည်မျှ ရသည်ဆိုသည်ကို ဖော်ပြခြင်း မတွေ့ရပါ။
လက်ရှိ ဖော်ပြထားသော ကိန်းဂဏန်းများအရ တနှစ်လျှင် ရေနံတန်ချိန် အနည်းဆုံး တန်ချိန် ၁၃ သန်းခန့် ပို့လွှတ်မည်ဟု ဆိုရာ ရေနံတန်ချိန် ၁ သိန်း တင်ဆောင်နိုင်သည့် ရေနံတင်သင်္ဘော အစီး ၁၃၀ ခန့် နှစ်စဉ် မြန်မာ့ရေလမ်းကြောင်း အတွင်း ဝင်ထွက်တော့မည် ဖြစ်သည်။
သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သဘောတူညီချက်အား ၂၀၀၈ ခုနှစ် နိုဝင်ဘာတွင် ရရှိခဲ့ပြီး ထိုတည်ဆောက်မှု သဘော တူညီချက် လက်မှတ်ရေးထိုးမှုကို ၂၀၀၉ ခုနှစ် မတ်လမှာ ပြုလုပ်ခဲ့ပါသည်။
၂၀၀၉ ခုနှစ် ဇွန်လမှာ ရေနံပိုက်လိုင်း တည်ဆောက်ရေး သဘောတူညီချက် ရရှိခဲ့ပြီး ပိုက်လိုင်း စတင်တည်ဆောက်သည့် အခမ်းအနားကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် မဒေးကျွန်း၌ ပြုလုပ်ခဲ့သည်။
နောက်ဆက်တွဲ အနေနှင့် တရုတ် – မြန်မာ ဆက်ဆံရေးတွင် မြင်ရသည်မှာ ၂၀၁၀ ဧပြီလတွင် တရုတ်အစိုးရက မြန်မာ နိုင်ငံ ကို နှစ် ၃၀ အတွင်း အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံတန် ချေးငွေ ထုတ်ချေးရန် သဘောတူခဲ့သည်။
ထိုချေးငွေများကို မြန်မာက ရေအားလျပ်စစ် စက်ရုံစီမံကိန်းများ၊ ကားလမ်း ရထားလမ်း တည်ဆောက်ရေးများ သတင်း နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုမည်ဟု ဆိုပါသည်။
အထက်ပါ အတိုးမဲ့ချေးငွေဆိုင်ရာ သဘောတူညီချက်သည် ရေနံပိုက်လိုင်း တည်ဆောက်ရေး သဘောတူညီချက်၏ နောက်ဆက်တွဲ သဘောတူညီချက် ဖြစ်ပုံရသည်ဟု ခန့်မှန်း သုံးသပ်ရပါသည်။
ရေနံပိုက်လိုင်း တည်ဆောက်ပြီးစီး၍ ရေနံစမ်းသပ် ပို့လွှတ်ခြင်းကို၂၀၁၅ ခုနှစ်အတွင်းက ပြုလုပ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် မဒေးကျွန်းသို့ ရေနံတင်သင်္ဘော Xin Run Yang ဆိုက်ကပ်ပြီး ရေနံစမ်းသပ် ပို့လွှတ်ခဲ့သည်။
တရားဝင် ရေနံပို့လွှတ်ရေး သဘောတူညီချက်ကို သမ္မတ ဦးထင်ကျော်၏၂၀၁၇ ဧပြီလ တရုတ်ပြည် ခရီးစဉ်တွင် ချုပ်ဆို နိုင်ခဲ့သည်။
၂၀၁၇ ခု ဧပြီ ၉ ရက်တွင် ရေနံတင်သင်္ဘော United Dynamic ဆိုက်ကပ်ပြီး ရေနံပို့လွှတ်ခြင်းကို၂၀၁၇ ခုနှစ် မေလ ၂ ရက် က စတင်ပြုလုပ်ခဲ့သည်။ မြန်မာ – တရုတ် ပိုက်လိုင်း စီမံကိန်း နမ့်ခမ်း (တရုတ် – မြန်မာနယ်စပ်သို့) ၂၀၁၇ ဧပြီ ၁၉ ရက်နေ့တွင် ရောက်ရှိပြီး ၁၇ ရက်ခန့် ကြာမြင့်ခဲ့သည်။
ထို့နောက် ရေနံတင်သင်္ဘောများ မဒေးကျွန်းသို့ ဆက်တိုက် ဆိုက်ကပ်လာရာ ၂၀၁၇ မေလမှစ၍ ယခုအချိန်ထိ ၆ စီး ဆက်လက် ဝင်ရောက်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
(မောင်မောင်စိုးသည် ရန်ကုန်အခြေစိုက် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)