စာရေးသူ- ရော်နီငြိမ်း
စာအုပ်အမည်- တပ်မှူး တပ်သားပြောစကား (ဗိုလ်ချုပ်ကြီးစောမောင် ရာထူးက ဖယ်ရှားခဲ့ကြစဉ် အဖြစ်အပျက်များနှင့် အခြားနိုင်ငံရေးဖြစ်ရပ်များ)
အမျိုးအစား- နိုင်ငံရေး
ထုတ်ဝေသည့်တိုက်- အဖြူရောင်စာပေ
ထုတ်ဝေသည့်ကာလ- ၂၀၁၇၊ မေလ
တန်ဖိုး- ၃၀၀၀ ကျပ်
မြန်မာ့နိုင်ငံရေးသမိုင်းမှာ မေ့ဖျောက်လို့မရကောင်းတဲ့ နေ့စွဲတွေထဲကမှ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နေ့ ၁၉၆၂ ခု မတ်လ(၂၇ )နဲ့ ၁၉၈၈ စက်တင်ဘာ (၁၈) တို့ပါဝင်ပါတယ်။
၁၉၆၂ ခုနှစ် မတ်လ( ၂၇ )ရက်က ဗိုလ်ချုပ်ကြီးနေဝင်း အရပ်သားအစိုးရထံက အာဏာသိမ်းပြီး ၂၆နှစ်ကြာ တိုင်းပြည်ကို သေနတ်မိုး အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ (၁၉၈၈ စက်တင်ဘာ ၁၈)ကတော့ ဦးနေဝင်းရဲ့တပါတီအာဏာရှင်စနစ်ကို တော် လှန်ရာမှ လူထုအုံကြွမှုကြီးဖြစ်ပေါ်လာပြီးနောက် နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်တည်ဆောက်ရေးအဖွဲ့) ဆိုပြီး စစ် တပ်တွင်းကပဲ အာဏာပြန်သိမ်းခဲ့တာဖြစ်ပါတယ်။
၁၉၈၈ အာဏာသိမ်းမှုကို အသက် ၄၀ နားနီး လူငယ်တွေလောက် သိမီနိုင်ပေမယ့် ၁၉၆၂ အာဏာသိမ်းမှုကိုတော့ သက်ရှိ ထင်ရှား နိုင်ငံရေးသမားကြီးများနဲ့ စာအုပ်စာတမ်းများမှ ဖတ်မှတ်သိနိုင်ပါတော့တယ်။
အာဏာသိမ်းကိစ္စမှာ ပါဝင်ခဲ့တဲ့ တပ်ခေါင်းဆောင်ကြီးများအကြောင်းကတော့ အရပ်သားပြည်သူတွေ သိဖို့ဆိုတာ ပိုလို့ တောင် ဝေးပါတယ်။
ဒီစာအုပ်ကတော့ VOA မြန်မာပိုင်းအသံလွှင့်ချက် (တပ်မှူးတပ်သားပြောစကားအစီအစဉ်)မှ မြန်မာနိုင်ငံတွင်း ဖြစ်ပျက် ခဲ့တဲ့ နိုင်ငံ့အရေးအခင်းတွေမှာ တပ်မတော် ထိပ်သီးပိုင်းတွေရဲ့ပါဝင်ပတ်သက်လုပ်ဆောင်မှုတွေအကြောင်းကို တပ်မတော် အတွင်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဗိုလ်မှူး၊ ဗိုလ်ချုပ်ကြီးများနဲ့ စကားပြောဆို ဆွေးနွေးခန်းများပဲ ဖြစ်ပါ တယ်။
၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင်း VOA အသံလွှင့်ဌာနကနေ ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ ဗိုလ်ကြီး ခင်မောင် ညွန်၊ ဗိုလ်ကြီး ဦးထွန်းစိန်၊ ဗိုလ်ကြီး စိန်သောင်း၊ ဗိုလ်ကြီး ဝင်းထိန်၊ ဗိုလ်ကြီး အောင်လင်းထွဋ်၊ ဗိုလ်ကြီး စိုင်းဝင်းကျော်တို့နဲ့ ၎င်းတို့ တပ်မတော်တွင်း တာဝန်ထမ်းဆောင်စဉ် ဖြစ်ပွားခဲ့တဲ့အရေးအခင်းများအပေါ် VOAနဲ့ ပြောဆိုအသံလွှင့်ချက်များကို စာအုပ်အဖြစ် ပြန်လည်စုစည်းထားတာ ဖြစ်ပါတယ်။
VOA မှ ဦးရော်နီငြိမ်းက ဦးဆောင်ဆွေးနွေးထားပြီး ဆွေးနွေးတဲ့ အကြောင်းအရာများကတော့ ဗိုလ်ချုပ်ကြီးစောမောင်ကို နဝတဥက္ကဌ ရာထူးကနေ ဖယ်ရှားခဲ့ကြစဉ်က (၁)၊(၂)၊ မြန်မာ-မြောက်ကိုရီးယားဆက်ဆံရေးနှင့် အာဇာနည်ဗိမာန် တိုက် ခိုက်ခံရမှု၊ မီးလျှံကြားမှာ ပြည်သူ့ရင်ခွင်ကိုခိုလှုံခဲ့သူ ဗိုလ်ကြီး စိုင်းဝင်းကျော်၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) သမိုင်း နောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး၊ ၁၉၈၈ နောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေးကစားပွဲ၊ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)(Burma Defence Army) ကို မဝင်ရောက်မီ နောက်ခံသမိုင်းအကျဉ်းနဲ့ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင် တန်း အပါတ်စဉ် (၃)တက်ရောက်ခဲ့ပုံ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး (၁၉၅၀အစောပိုင်းနှစ်များ)၊ ၁၉၅၀ အလယ် ပိုင်းနှစ်များ၊ ၁၉၅၈-၁၉၆၂ ဖြတ်သန်းမှု၊ စစ်မှုထမ်းဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်စစ် သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်၊ ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်နှင့် တပ်မှူးဟောင်းများ၏အတွေ့အကြုံ၊ တပ်မတော် နှင့် ပါတီစုံ ရွေးကောက်ပွဲများ အပိုင်း ၁၊၂၊၃ အစရှိတဲ့အကြောင်းအရာများကို ဆွေးနွေးခန်းများပါဝင်ပါတယ်။
ဆွေးနွေးခန်းများကို ၂၀၁၀၊ မတ်လ ၂၇ ရက်နေ့ ၆၅ နှစ်မြောက် တော်လှန်ရေးနေ့ကစပြီး ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်မှ တပ်မှူးတပ်သား ပြောစကား အပတ်စဉ် အစီအစဉ် ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်တို့အကြောင်းကတော့ စာဖတ်သူများ ရင်းနှီးသိနိုင်ပေ မယ့် ဗိုလ်ကြီး ခင်မောင်ညွန့်၊ ဗိုလ်ကြီး ဦးထွန်းစိန်၊ ဗိုလ်ကြီး စိန်သောင်း၊ ဗိုလ်ကြီး အောင်လင်းထွဋ်၊ ဗိုလ်ကြီး စိုင်းဝင်းကျော် တို့ကိုတော့ နောက်ခံဖြစ်ရပ်များနဲ့ပုံဖော်ထားပြီး သမိုင်းအထောက်အထားအဖြစ် ဖတ်ရပါတယ်။ဗိုလ်ကြီး ခင်မောင်ညွန့်နဲ့ ဆွေးနွေးခန်းကနေ ဗိုလ်ကြီး ခင်မောင်ညွန့်ဟာ စစ်တက္ကသိုလ် ဗိုလ်သင်တန်းအမှတ်(၁) ကျောင်း ဆင်းတဦးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ယခုငြိမ်း) နဲ့ တပတ်စဉ်တည်းဆင်းတွေ ဖြစ်ခဲ့ကြပါတယ်။
ဗိုလ်ကြီး ခင်မောင်ညွန့်နဲ့ ဆွေးနွေးပြောဆိုကြတဲ့ အကြောင်းအရာကတော့ ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်း နှိပ်စက်လို့ သေဆုံးသွားရတဲ့ ဗိုလ်ကြီး မြင့်ထူးအကြောင်း ဖြစ်ပါတယ်။ ဗိုလ်ကြီးမြင့်ထူးဆိုတာ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိ ထင်ရှားရှိစဉ်က အထက်ဗမာပြည် စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး ဗထူးရဲ့သား ဖြစ်ပါတယ်။ ဗထူးမြို့လို့ ဂုဏ်ပြုမှည့်ခံရတဲ့ ဗိုလ်မှူးကြီး ဗထူး ဖြစ်ပါတယ်။
ဗိုလ်ကြီးမြင့်ထူးဟာ ၁၉၆၀ လောက်က ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးကြီး ကြည်မောင်တို့ ကြံစည်ခဲ့တဲ့ တပ်တွင်းပုန်ကန် မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ထောက်လှမ်းရေးရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒါတွေက ဗိုလ်နေဝင်းလက်ထက် တပ် မတော်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်များ ဖြစ်ပါတယ်။
ဗိုလ်ကြီးအုန်းကျော်မြင့် အရေးအခင်းအကြောင်း မကြာသေးမီကမှ စာအုပ်ရေးသားထုတ်ဝေထားတဲ့ ဗိုလ်အုန်းကျော်မြင့် အပေါ် ဦးဝင်းထိန်ပြောဆိုချက်များနဲ့ ထိုအရေးအခင်းမှာ ပူးတွဲပါဝင်မှုကြောင့် အရေးယူခံရတဲ့ ဗိုလ်ကြီးစိန်သောင်းနဲ့ ဦး ရော်နီငြိမ်း ဆွေးနွေးခန်းက ကွဲလွဲနေတာတွေ့ရပါတယ်။
ဗိုလ်ကြီးအုန်းကျော်မြင့်အကြောင်းနဲ့ပတ်သက်ပြီး “ For the people,By the people, Of the people ပြည်သူ့အတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်နိုင်တဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်မှသာလျှင် တိုင်းပြည်ဟာ ပိုမိုပြီး တိုးတက်ကောင်းမွန်လာမယ်ဆိုတာတော့ သူ သိပုံပေါ်ပါတယ်” ဗိုလ်ကြီးစိန်သောင်းက ခုလိုပြောထားတာတွေ ဖတ် ရပါတယ်။ “
အငြိမ်းစားယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကိုတော့ စစ်ထောက်လှမ်းရေးအရာရှိ၊ သံတမန်ဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်နဲ့ ဆွေးနွေးခန်းမှာ “ပြောရရင်တော့ တရုတ်လို အမေရိကန်လို အိန္ဒိယလို အင်အားကြီးနိုင်ငံကြီးတွေကို သွားသွားပြီးတော့ နိုင်ငံရေးကစားနေတာက ခုချိန်ထိ ဗိုလ်ချုပ်ကြီး သန်းရွှေပဲ၊ ဒါတွေလုပ်နေတာ။ သူကိုယ်သူ လည်လှပြီ နိုင်ငံရေး နားလည်လှပြီ ထင်နေတာ။ ဟိုလူတွေက ပိုပြီးလည်တယ်။ သူ့ထက်ပိုပြီး ပညာရှိတယ်”လို့ဖတ်ရပါတယ်။
“အစိုးရတစ်ဖွဲ့လုံးရဲ့ပေါ်လစီဆိုတာကို ကျွန်တော်ကြားသိသလောက် ပြောရရင်တော့ ဒါက ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့စကား ပါပဲ။ ‘ဒီဘိန်းဖြူဆိုတာ ငါတို့ပြည်တွင်းမှာ ဘာမှဖြစ်တာမှ မဟုတ်တာ၊ ယိုးဒယားနဲ့ အမေရိကန်တွေ သေတာပဲ၊ သေပေ့စေ ပေါ့ကွာ’ ဆိုတဲ့ သူရဲ့နှုတ်စကားက လမ်းညွှန်ချက်တစ်ခုလိုဖြစ်ခဲ့ပါတယ်၊ အဲဒီအချိန်တုန်းက” ဆိုပြီး ရှမ်းပြည်တပ်မတော်-တောင်ပိုင်း သမိုင်းနောက်ခံနဲ့ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး ခေါင်းစဉ်နဲ့ ဆွေးနွေးခန်းမှာ ဖတ်ရပါတယ်။
ဆိုရရင် မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၆၀ နီးပါး စစ်အာဏာရှင်စနစ်အောက် ရောက်ခဲ့ကြရတယ်။ အာဏာသိမ်းမှုများအ ကြောင်းကိုတော့ အမှန်သိဖို့ဆိုတာ မလွယ်ကူတဲ့အခြေအနေမှာ ယခုစာအုပ်ကတော့ ထိုအခက်အခဲတွေ လျော့သွားစေ ပါ တယ်။
အာဏာနဲ့ပတ်သက်ပြီး တပ်တွင်းလုပ်ကြံမှုတွေ ဥပမာ ဗိုလ်ကြီး အုန်းကျော်မြင့် အရေးအခင်းလိုမျိုးတွေကို သိနိုင်ဖို့ဆိုရင် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြဖူးတဲ့ ပြည်သူ့ဘက် ရပ်တည်ခဲ့ကြတဲ့ တပ်မှူး တပ်သားတွေရဲ့ သမိုင်းဆိုင်ရာ စကားတွေပါဝင်တဲ့ အထောက်အထားတွေ ပါဝင်တဲ့ယခုစာအုပ်ကို ကိုးကားရတော့မှာ ဖြစ်ပါတယ်။