ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့်အတူ တရုတ်တို့ကို ရေနံဖြတ်သန်း ပို့လွှတ်မှုကြောင့် ပြည်ထောင်စု အစိုးရ အကျိုးအမြတ် ရသကဲ့သို့ ရခိုင်ဒေသခံ လူထု ဘာများအကျိုး ရရှိသနည်း ဆိုသည်ကို ရခိုင်လူထုက ဆန်းစစ် မေးခွန်း ထုတ်နေကြသည်။
ဤနေရာတွင် ရခိုင်လူထုအကျိုးဖြစ်ထွန်းမှုမှာ နှစ်ပိုင်းရှိသည်။
ပထမပိုင်းအရ ရခိုင်ပြည်နယ် အတွက် မည်သို့အကျိုး ဖြစ်ထွန်းသနည်း သို့မဟုတ် ရခိုင်ပြည်နယ် အတွက် မည်မျှ ခွဲဝေ သုံးစွဲပေးသနည်း ဖြစ်သည်။
ဒုတိယပိုင်းမှာ ထိုစီးပွားရေးလုပ်ငန်းများ အခြေစိုက်ရာ ဒေသခံများအတွက် မည်မျှ အကျိုးဖြစ်ထွန်းသနည်း သို့မဟုတ် ဘတ်ဂျက် မည်မျှ ခွဲဝေသုံးစွဲပေးပါသနည်း ဟူ၍ ဖြစ်သည်။
မြန်မာပြည်တွင် ပြီးခဲ့သော နှစ်ပိုင်းအတွင်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဟူသောစကားကို သုံးစွဲလာကြသော်လည်း ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ သဘောတူညီမှု မရနိုင်သေး။ ပြီးခဲ့သော နှစ်ပေါင်းများစွာသည် ဗဟိုဦးစီးစနစ် ဖြစ်သည်။
ယနေ့ ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည်နယ်လွှတ်တော် ပေါ်လာခဲ့သော်လည်း ဗဟိုက ချုပ်ကိုင်ထားဆဲဖြစ်သည်။ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် အတွက် ရခိုင်ပြည်နယ်က ရရှိသည့် ဘတ်ဂျက်သည် ပြည်ထောင်စု အစိုးရ ဘတ်ဂျက်၏ ဝ.၇ ရာခိုင်နှုန်း ကျပ်ငွေ ၁၃၀ ဘီလျံသာ ရှိသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်၊ မြို့နယ်ခွဲ ၃ မြို့နယ် စုစုပေါင်း မြို့နယ် ၂၀ အတွက် တမြို့နယ်လျှင် ပျမ်းမျှ ၆.၅ ဘီလျံ သာ ရှိသည်။ သို့ဖြစ်ရာ ပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့် လုပ်ငန်းကြီးများ မလုပ်နိုင်ပေ။
ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများ၏ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး မည်ရွေ့မည်မျှ သုံးစွဲ သည်ကို သီးခြားဖော်ပြမှု မတွေ့ရသဖြင့် ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရက စုစုပေါင်း မည်မျှ သုံးစွဲသည်ကို အများပြည်သူ လွယ်လင့်တကူ မမြင်သာနိုင်ပါ။
၂၀၁၅ နောက်ပိုင်းတွင် စစ်တွေမြို့ ခုတင် ၂၀၀ ဆေးရုံကို ခုတင် ၅၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ခြင်း မြောက်ဦး အပါအဝင် အခြားမြို့များရှိ ဆေးရုံတချို့ကို ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နေသော်လည်း ဆောက်လုပ်ဆဲ ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း သိသာသော အခြေခံ အဆောက်အအုံ တည်ဆောက်မှုသည် ၂၀၁၄ – ၂၀၁၅ အတွင်း ဆောက်လုပ် ပြီးစီးခဲ့သော ပုဏ္ဏားကျွန်း၊ အမ်းမြို့ ၊ ကျောက်ဖြူမြို့ နှင့် တောင်ကုတ်မြို့တို့ရှှိ ၂၃၀ KV ဓာတ်အားခွဲရုံ ၄ ခုဟု ဆိုရမည်။
ထိုဓာတ်အားခွဲရုံ ၄ ခုကို မဟာ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပြီး ရခိုင်ပြည်နယ်အား လျှပ်စစ်မီးပေးခြင်း ဖြစ်သည်။
ထို မဟာဓာတ်အားလိုင်း ထဲသို့ ပြည်၊ အုတ်သျှစ်ပင် ၊ မင်းဘူး မန်းနှင့် ကျောက်ဖြူ သဘာဝဓာတ်ငွေ့ စက်ရုံတို့မှ လျှပ်စစ် ဓာတ်အား ပို့လွှတ်ပြီး ရခိုင်ပြည်နယ် အတွက် လျှပ်စစ်ဖြန့်ဝေသည်။
ကျောက်ဖြူတွင် ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ စက်ရုံအတွက် ခွဲတမ်းအား ရွှေသဘာဝ ဓာတ်ငွေ့ ခွဲတမ်းမှ ရယူသည် ဟု ဆိုပါသည်။
အဆိုပါကျောက်ဖြူ စက်ရုံသည် ၉၀ MW အထိ ထုတ်လုပ်နိုင်သော်လည်း လက်ရှိအချိန်တွင် ၆၀ MW အထိသာ ထုတ်လုပ် သည်ဟု သိရသည်။
သို့ဖြစ်ရာ ၂၀၁၅ မတိုင်ခင် နှစ်ပေါင်းများစွာ ဒီဇယ်အင်ဂျင်ဖြင့်သာ အချိန်ပိုင်းမီးပေးနိုင်ပြီး မီတာခ ပြည်မထက်များစွာ မြင့်မား သော ရခိုင်ပြည်နယ်တွင် ၂၀၁၅ နောက်ပိုင်း ရခိုင်ပြည်နယ်မြို့ကြီး များစွာတွင် မီးရသည်ဟု ဆိုနိုင်သည်။
သို့သော် လက်ရှိအချိန်ထိ မဟာဓာတ်အားလိုင်း မရောက်သေးသော မြို့နယ်များမှာ မောင်တော၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော နှင့် မာန်အောင်မြို့နယ်များ ဖြစ်သည်။
ထို့အပြင် လက်ရှိ မဟာဓာတ်အားလိုင်း ရောက်ရှိနေသော မြို့များမှလည်း မြို့နယ်တွင်းရှိ ကျေးရွာများသို့ လျပ်စစ် ဓာတ် အား ပေးရန် ၆၆ KV နှင့် ၁၁ KV ဓာတ်အားခွဲရုံများ တည်ဆောက်ရန်နှင့် ဓာတ်အားလိုင်း သွယ်တန်းရန် များစွာ ကျန်နေသေးသည်။
ရှေ့ကို မည်သို့ ဆက်လက် ဆောင်ရွက်မည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ လက်ရှိအစိုးရ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် နှစ်ကာလအဆင့်ဆင့် တည်ဆောက်သွားမည်ဟု ဆိုထားသည်ကိုသာ သိရသည်။
အထက်ပါ လျှပ်စစ် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းမှ ရခိုင်ပြည်နယ်သို့ ၂၀၁၅ မှစ၍ ၂၄ နာရီ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးခြင်းသည် လွတ်လပ်ရေးရပြီး ၆၈ နှစ်အကြာတွင် တွေ့ရသော သိသာသည့် အပြောင်းအလဲ ဖြစ်ပေရာ ရွှေ သဘာဝဓာတ်ငွေ့ မှ ရသော မြင်သာသည့် တခုတည်းသော အကျိုးဖြစ်ထွန်းမှုဟု ဆိုရပါမည်။
အဆိုပါ မဟာဓာတ်အားလိုင်း ရခိုင်ပြည်နယ်အတွင်း သွယ်ယူနိုင်ရေး အတွက် ၂၀၁၂ ခုနှစ်တွင် ကျောက်ဖြူ လူထု တွေ့ဆုံ ပွဲ တခုတွင် CNPC ကုမ္ပဏီက မြန်မာအစိုးရသို့ အမေရိကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့သည်။
လက်ရှိ အခြေခံဥပဒေ အောက်တွင် ပြည်နယ်တခုတွင် ထုတ်ယူသော သဘာဝ သယံဇာတများအား သက်ဆိုင်ရာ ပြည်နယ် က မည်ရွေ့မည်မျှ ရယူရမည်ဟု ရာခိုင်နှုန်း ခွဲခြား သတ်မှတ် ပိုင်းခြားထားခြင်း မရှိပေ။ ဖက်ဒရယ် စံနှုန်းများနှင့် တိုင်းတာလျှင် လိုအပ်နေပေသေးရာ သဘာဝဓာတ်ငွေ့နှင့် ရေနံတင်ပို့မှု လုပ်ငန်းများမှ ရခိုင်ပြည်နယ်နှင့် ရခိုင်လူထု အတွက် မည်မျှအကျိုး ရှိသနည်း ဆိုသည်က မေးခွန်းတရပ်ဖြစ်နေဆဲ ဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဒေသခံများ
ရွှေဂက်စ်ပိုက်လိုင်းသည် ရမ်းဗြဲကျွန်း ကျောက်ဖြူမြို့အနီး၌ ကုန်းပေါ်သို့ စတက်သည်။ ပိုက်လိုင်း ဖြတ်သန်းရာ တလျှောက် မြေယာများအား လျော်ကြေးပေး ဖြေရှင်းခဲ့သည်။ ကျောက်ဖြူမြို့နယ်အတွင်း အထက်တန်းကျောင်း အပါ အဝင် စာသင်ကျောင်း တချို့၊ ဆေးခန်းတချို့ ဆောက်လုပ်ပေးသည်ကို တွေ့ရသည်။ ကျောက်ဖြူ သည် ကိုလိုနီခေတ် ကတည်းက ဖွံ့ဖြိုးမှု ရှိသည့် မြို့ဖြစ်ပြီး အရေးပိုင် အုပ်ချုပ်သောမြို့ ဖြစ်သည်။
ရွှေဂက်စ် စီမံကိန်း ကျောက်ဖြူ မြို့နယ်အတွင်း အခြေစိုက်လုပ်ကိုင်၍ ပြောပလောက်သော ဖွံ့ဖြိုးမှုမှာ ၂၀၁၄ အကုန် ၂၀၁၅ မှစ၍ မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီးရပြီး ပြည်မနှင့်တန်းတူ မီတာခ ပေးဆောင်ရခြင်းဟု ဆိုရမည်။ ကျောက်ဖြူ မြို့ပေါ် ၁၀ ရပ်ကွက် နှင့် မြို့နယ် အတွင်းရှိ ကျေးရွာ ၄၇ ရွာတွင် မီးရရှိပြီဟု ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်များအတွင်း ကျေးရွာအရေအတွက် အများဆုံး လျှပ်စစ်မီး ရသည့်မြို့နယ်ဟု ဆိုနိုင်ပါမည်။
ဒေသခံများ အလုပ်အကိုင်ရမှုမှာ တည်ဆောက်ရေးကာလက အလုပ်ကြမ်းများတွင်သာ များပြီး လက်ရှိပုံမှန်ဖြစ်ချိန်တွင် အလုပ်အကိုင်ရမှု နည်းပါးသည်ဟု ဆိုသည်။
ထို့အပြင် ဒေဝူးနှင့်တရုတ် CNPC တို့၏ လှူဒါန်းမှုကြောင့် အထက်တန်း ကျောင်းဆောင်သစ် အလယ်တန်း ကျောင်းသစ် နှင့် ဆေးပေးခန်းများ ဆောက်လုပ်ပေးရာ ကျောက်ဖြူမြို့ ပညာရေးနှင့် ကျန်းမာရေး နယ်ပယ်တချို့တွင် ကောင်းမွန်သည့် ပတ်ဝန်းကျင် ရခဲ့သည်ဟု ဆိုနိုင်သည်။
ချုပ်၍ ဆိုလျှင် ရွှေဂက်စ် ရင်းနှီးမြှုပ်နှံမှုကြောင့် လျှပ်စစ်မီးရရှိမှုအပြင် ပညာရေး၊ ကျန်းမာရေး နယ်ပယ် တချို့၌ အကျိုး သက်ရောက်မှု တချို့ အနည်းငယ် ခံစားရသော်လည်း အခြားသိသာသော ထူးခြားသည့် ဖြစ်ထွန်းမှုမရှိ၊ ဒေသခံတို့ ၏ ဝင်ငွေ နှင့် အလုပ်အကိုင် အခွင့်အလမ်း သိသာစွာတိုးတက်မှု မရှိဟု ဒေသခံတို့က ရှုမြင်ကြပါသည်။
တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် မဒေးကျွန်း
ကျောက်ဖြူ မြို့မှ ၇ မိုင်ခန့် အကွာတွင်ရှိသော ကျောက်ဖြူ မြစ်၊ သံစိုက်မြစ် အလယ်တွင်ရှိသော အလျား ၃ မိုင် အနံ ၃ မိုင် ခန့်ရှိသည့် ကျွန်းငယ်လေးတခု ဖြစ်သည်။
ထိုကျွန်းငယ်လေးပေါ်တွင် ရွာ ၄ ရွာရှိသည်ဟု ဆိုနိုင်ပါသည်။ အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ပြင်ရွာ၊ အိမ်ခြေ ၁၇၀ ခန့်ရှိသည့် ရွာမရွာ ၊ အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ကျောက်တန်းရွာနှင့် အိမ်ခြေ ၄၀ ခန့်ရှိသည့် ပန်းတိမ်ဆည် ရွာတို့ရှိပြီး စုစုပေါင်း အိမ်ခြေ ၇၁၀ ခန့်၊ လူဦးရေ ၃၀၀၀ ခန့် နေထိုင်ကြသည်။
မဒေးကျွန်းပေါ်တွင် လယ်ဧက ၁၀၀၀ ခန့်ရှိပြီး ကျွန်းပေါ်ရှိ ဒေသခံအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ရေလုပ်ငန်းနှင့် အသက် မွေး သူများဖြစ်သည်။
ထို မဒေးကျွန်းငယ်လေး ပေါ်တွင် တရုတ်အစိုးရပိုင် CNPC ၏ ကြီးမားသည့် တန်ချိန်သိန်းချီ တင်ဆောင်နိုင်သော ရေနံ တင် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ရေနက်ဆိပ်ကမ်းတခု အပြင် ကြီးမားသည့် ရေနံလှောင်ကန် ၁၂ ကန် အပါအဝင် ရေနံပို့လွှတ်သည့် Gas Terminal ကြီးတခုအား ခန့်ညားထည်ဝါစွာ ဆောက်လုပ်နိုင်ခဲ့ကြသည်။
ညစဉ် မီးထိန်ထိန်ညီးလျက် ရှိသည်ကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရသည်။ အမေရိကန် ဒေါ်လာ ၁ ဘီလျံ ကျော် ရင်းနှီး မြှုပ်နှံ ထားသည့် လုပ်ငန်းကြီး တခု၏ အစိတ်အပိုင်း မဟုတ်ပါလော။
ထို တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုတို့နှင့်အတူ မဒေးကျွန်းသားများ မည်သည်တို့ကို စွန့်လွှတ်လိုက်ရ၍ မည်သည်တို့ကို ပြန်ရရှိ လိုက်ပါသနည်း။ ထိုရင်းနှီးမြှုပ်နှံမှုကြီးနှင့် မဒေးကျွန်းဒေသခံများ မည်သည်တို့ ဖွံ့ဖြိုးတိုးတက်လာသည်ကို စောကြော ကြည့် ကြရန် လိုပါသည်။
မဒေးကျွန်းပေါ်ရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် မဒေးကျွန်းအတွက် ပြန်လည် လုပ်ဆောင်ပေးချက်များမှာ ရေတမံတခု တည်ဆောက်၍ ထိုဆည်ထဲမှ ရေအား တောင်ကုန်းအမြင့်တခုပေါ်ရှိ ကန်ထဲသို့မောင်းတင်ပြီး ထိုကန်မှတဆင့် ရွာများအား အလိုအလျောက် ရေစီးဆင်းစနစ်ဖြင့် သောက်သုံးရေ ဖြန့်ဝေပေးခြင်းကို ၂၀၁၃ ခုနှစ်မှစ၍ ဆောင်ရွက်ပေးသည်။
တောင်အောက်ဆည်ထဲမှ တောင်ပေါ်သို့ ရေမောင်းတင်သည့် တာဝန်အား တရုတ်တို့က ယူထားသည်။ ရွာများတွင် အများသုံး ရေဘုံဘိုင်များ တရွာလျှင် ၃ ခုမှ ၅ ခုအထိ ဆောက်လုပ်ပေးထားပြီး ရွာသားများက ရေဘုံဘိုင်မှ ခပ်ယူ သုံးစွဲနိုင်ကြသည်။
လျပ်စစ်မီးပေးခြင်းကို ၂၀၁၄ ခုနှစ် စ၍ ဆောင်ရွက်ပေးပြီး ရွာရှိအိမ်တိုင်းအတွက် CNPC မှ မီတာဘောက်စ် အလုံး ၇၁၀ လှူဒါန်းပေးခဲ့သည်။ မီတာခမှာ ပြည်မနှင့်အတူတူဖြစ်သည်။
သို့သော် ယခုအချိန်ထိ ၂၄ နာရီ မီးမပေးနိုင်သေးဘဲ ညစဉ် ၆ နာရီခွဲမှ ၁၀ နာရီခွဲ အထိ တရက်လျှင် ၄ နာရီ မီးပေးခဲ့သည်။
၂၀၁၅ ခုနှစ်တွင် မဒေးကျွန်းပေါ်ရှိ ရွာချင်းဆက် မြေသားလမ်း အရှည် ၂ မိုင်ခွဲခန့်အား CNPC မှ တာဝန်ယူ ဖောက်လုပ် ပေးခဲ့ သည်။
ထို့အပြင် မဒေးကျွန်းပေါ်ရှိ ရွာများတွင် မူလတန်း စာသင်ကျောင်ဆောင် ၃ ခု ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ မဒေးကျွန်း ပေါ်တွင် ဆက်သွယ်ရေး အဆင်ပြေစေရေး အတွက် MPT တာဝါတိုင်တခု ဆောက်လုပ်ရန် CNPC မှ အမေရိကန်ဒေါ်လာ ၃ သိန်း စိုက်ထုတ် ဆောက်လုပ်ပေးခဲ့သည်ဟု ဆိုသည်။
၂၀၁၄ ခုနှစ်တွင် ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ဖြင့် ကျပ်သိန်း ၉၇၀ အကုန်အကျခံပြီး ပြင်ရွာနှင့် ရွာမရွာအတွင်း အရှည် ပေ ၁၁၀၀ ရှိသည့် ကွန်ကရစ်လမ်း ခင်းပေးခဲ့ပြီး ကျပ်သိန်း ၄၂၀၀ ဘတ်ဂျက်ဖြင့် တာတမံ (ဒေသအခေါ် ကာရီ) တခု စတင် ဆောက်လုပ်ခဲ့ပြီး ယနေ့တိုင် အပြီးသတ်နိုင်ခြင်းတော့ မရှိသေးပေ။
မဒေးကျွန်း၌ CNPC/SEAGP အတွက် ရေနံလှောင်ကန်နှင့် အဆောက်အအုံများနှင့် ရေနံတင် သင်္ဘော ဆိုက်ကပ်နိုင်ရန် ကနဦး မြေသိမ်းဆည်းမှုမှာ ဧက ၁၇၀ ခန့်ရှိပြီး ဒေသခံများပိုင်သည့် လယ်မြေ ဧက ၇၀ ပါဝင်ခါ ကျန်မြေ ဧက ၁၀၀ ခန့် အား မြေလွတ်မြေရိုင်းဟု သတ်မှတ်သည်။
ထို့အပြင် ဒုတိယ မြေသိမ်းဆည်းမှုမှာ သောက်သုံးရေအတွက် ဆည်တမံ ဆောက်လုပ်ရန် မြေဧက ၆၀ ခန့် အသုံးပြုရာ တွင် ဒေသခံတို့၏ လယ်မြေ ဧက ၅၀ ခန့်ပါဝင်သည်။ ထိုလယ်မြေများအတွက် လျော်ကြေး ပေးရာတွင် လယ်တဧက ကျပ် ၁၈ သိန်း သတ်မှတ်ပြီး ၃ နှစ်စာ သီးနှံလျော်ကြေး အဖြစ် သိန်း ၃၀ စုစုပေါင်း တဧကလျှင် ကျပ် ၄၈ သိန်းအား နှစ်ရစ်ခွဲပြီး ပေးလျော်ခဲ့သည်။
တတိယ မြေသိမ်းဆည်းမှုမှာ ပိုက်လိုင်းမြှုပ်နှံရန် အတွက် အကျယ် ပေ ၆၀ ခန့်၊ အလျား ၃ မိုင်နီးပါးခန့် ဖြစ်သည်။ ထို အကြိမ်တွင် လျော်ကြေး ပေးအပ်ခဲ့သော်လည်း တွက်ချက်မှု ရှုပ်ထွေးပြီး ဒေသခံများကြား ရှင်းလင်းမှု မရှိပေ။
မဒေးကျွန်း မြေယာလျော်ကြေးငွေ
တတိယ အကြိမ် ပိုက်လိုင်းမြှုပ်နှံရာတွင် အသုံးပြုသော မြေယာအတွက် လျော်ကြေးပေးအပ်မှုမှာ ဒေသခံများကြား ရှင်းလင်းမှု မရှိသော လျော်ကြေးငွေဟု ဆိုနိုင်သည်။
ထို့အတွက် လျော်ကြေးငွေ ပေးအပ်ရာတွင် အစိုးရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ MOGE နှင့် အိန္ဒိယ ကုမ္ပဏီမှ တာဝန် ရှိသူများ လာရောက်ပေးအပ်သည်ဟု ဆိုပါသည်။
တရုတ်ကုမ္ပဏီ ပါဝင်ခြင်းမရှိရာ ပိုက်လိုင်း တည်ဆောက်ရေး ကာလတွင် တရုတ်ဘက်က တာဝန်ယူပုံမရပေ။ သို့သော် လက်ခံရရှိသော ရွာသားများထံတွင် ခိုင်မာသော စာရွက်စာတမ်းများ မရှိပါ။ သာမန် စာရွက်အပိုင်းအစ များပေါ်တွင် ငွေ ပမာဏ ရေး၍ လျော်ကြေး ပေးထားသည်ကို တွေ့ရသည်။ မည်သို့မည်ပုံ သတ်မှတ်၍ လျော်ကြေးပေးသည်ကို ရွာသား များ မသိကြရပါ။
အတန်ငယ် အမြင်ကျယ်သော ရွာသားတဦးထံတွင် မြေယာလျော်ကြေးနှင့် ပတ်သက်သော တွက်ချက်ထားသည့် စာရွက် တရွက်သာ တွေ့ရှိရသည်။
အဆိုပါစာရွက်တွင် ဖော်ပြထားသည့် တွက်ချက်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ပိုက်လိုင်း ဖြတ်သန်းရာတွင် ပါဝင် သည့် ဥယျာဉ်မြေ အနံ ၅၄ ပေ၊ အလျား ၄၂၀ ပေ ( ဝ.၈၇ ဧက ) အတွက် တွက်ချက်မှု ဖြစ်ပါသည်။
(က) ဥယျာဉ်(G) – ၃၆၀၀၀၀၀/ကျပ် × ၀ . ၈၇ ဧက × ၁ × ၀ . ၇၅ × ၁ = ၂၃၄၉၀၀၀/ကျပ်
(ခ) ငှက်ပျော – ၂၀၀၀/ကျပ် × ၁ ခိုင် × ၁၅၀ လတ် × ၀ . ၄ × ၅ နှစ် = ၆၀၀၀၀၀/ကျပ်
(ဂ) သီဟို – ၁၅၀၀/ကျပ် × ၁၀ ပိသာ × ၂၅ ပင် × ၀ . ၁ × ၅ နှစ် = ၁၈၇၅၀၀/ကျပ်
(ဃ) ရာဘာ – ၁၈၀၀/ကျပ် × ၈ ပေါင်× ၇၅ ပင် × ၀ . ၁ × ၅ နှစ် = ၅၄၀၀၀၀/ကျပ်
၁၈၀၀/ကျပ် × ၈ ပေါင် × ၁၀ ပေါက် × ၀ . ၀၅ × ၅ နှစ် = ၃၆၀၀/ကျပ်
မြေ+သီးနှံ = စုစုပေါင်း
၂၃၄၉၀၀ + ၁၃၆၃၅၀၀ = ၃၇၁၂၅၀၀/ ကျပ် ဟူ၍ တွေ့ရှိရသည်။
(က) ဥယျာဉ်မြေကို ကြည့်လျှင် တဧက ၃၆ သိန်းနှုန်းဖြင့် လျော်ကြေးပေးရာ ပိုင်ရှင်ဖြစ်သူမှာ ၀ . ၈၇ ဧက ရှိ၍ ထို ပိုင်ဆိုင် မှု နှင့် မြှောက်ပါက ထိုသူသည် ၃၁၃၂၀၀၀/ကျပ် ရရှိမည်ဖြစ်သော်လည်း ၀ . ၇၅ နှင့် ထပ်မြှောက်သဖြင့် ထိုငွေ၏ ၇၅ ရာခိုင် နှုန်း ဖြစ်သော ၂၃၄၉၀၀၀/ကျပ်သာ ရရှိသည်ကို တွေ့ရသည်။ အဘယ်ကြောင့် ၀ . ၇၅ နှင့်မြှောက်၍ လျော်ကြေး ငွေ ပေးခဲ့ သနည်းကို မည်သူမျှ ရှင်းလင်းစွာ မသိပေ။
(ခ) ငှက်ပျောကို ကြည့်လျှင် ငှက်ပျော တခိုင်လျှင် ၂၀၀၀ ကျပ်နှုန်းနှင့် အပင် ၁၅၀ အတွက် ၅ နှစ်စာ လျော်သည်ကို ဖော် ပြ ထားရာ ထိုအတိုင်းဆိုလျှင် ၁၅ သိန်းရမည် ဖြစ်သော်လည်း ၀ . ၄ နှင့် ထပ်မြှောက်ထားရာ အဆိုပါငွေ၏ ၄၀ ရာခိုင်နှုန်း ဖြစ်သော ၆ သိန်းသာ ရသည်ကိုတွေ့ရသည်။
(ဂ) သီဟိုတွင်လည်း သီဟိုစေ့ တပိဿာ ၁၅၀၀ ကျပ်နှုန်းနှင့် တပင်လျှင် ၁၀ ပိဿာ ထွက်ရှိသည့်အပေါ် အခြေခံ၍ ၅ နှစ် စာ တွက်ချက်ထားသော်လည်း ၀ . ၁ နှင့် ထပ်မြှောက်ထား၍ ရသင့်ငွေ၏ ၁၀ ရာခိုင်နှုန်းသာ ရရှိသည်။
(ဃ) ရာဘာတွင် ပင်ကြီးနှင့် ပင်ပေါက်ခွဲ၍ ၁၀ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းသာ တွက်ချက်ပေးသည်ကို၎င်း တွေ့ရှိရသည်။
မည်သို့ တွက်ချက်သည်ကို မည်သည့်ရွာသားမျှ ရှင်းလင်းစွာ မသိကြပေ။ အထက်ပါ တွက်ချက်မှုတွင် ပါဝင်သော ၀ . ၇၅ ၊ ၀ . ၄ ၊ ၀ . ၁ ၊ ၀ . ၀၅ စသည့် ကိန်းဂဏန်းများကို ရှင်းလင်းစွာ သိသူမရှိချေ။
CNPC နှင့်နီးစပ်သူတဦး၏ အဆိုအရ ပိုက်လိုင်းမြှုပ်နှံသည့် မြေဧရိယာများနှင့် ပတ်သက်၍ မြေယာလျော်ကြေး ပေးရာတွင် အပြည့်အဝ ပေးခြင်းမရှိဟု ဆိုသည်။
အကြောင်းမှာ ထိုမြေများပေါ်တွင် အပင်ကြီးများမှအပ အခြားရာသီပင်များ စိုက်ပျိုးရန် မူလပိုင်ရှင်များအား ပြန်လည် ခွင့်ပြု မည်ဖြစ်ရာ မြေအမျိုးအစားအလိုက်၊ သီးနှံအမျိုးစားအလိုက် မူသေ သတ်မှတ်ထားသည့် နှုန်း၏ ရာခိုင်နှုန်း ခွဲခြား သတ် မှတ် သည့် အချိုးအစားအတိုင်း လျော်ကြေးပေးသည်ဟု သိရသည်။
သို့သော် လက်တွေ့ လျော်ကြေးပေးရာတွင် ဤသို့ပိုင်းခြား သတ်မှတ်မှုနှင့် ပတ်သက်၍ ဒေသခံများကြား ရှင်းလင်းမှု မရှိပေ။
ဆက်လက်ဖော်ပြပါမည်။
(မောင်မောင်စိုးသည် ရန်ကုန်အခြေစိုက် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)
ဆက်စပ်ဖတ်ရှုရန် – ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း – ၁)