လျော်ကြေးငွေ ပေးအပ်မှုမှာ မဒေးကျွန်း ဒေသခံတချို့ကြား ရှင်းလင်းစွာ သဘောပေါက် နားလည်မှု မရှိချေ။
ပိုက်လိုင်း မြှုပ်နှံထားသည့် နေရာတချို့ အထူးသဖြင့် ရှမ်းပြည်နယ်တွင် ဒေသခံများအနေနှင့် ရာသီပင်သီးနှံများ ပြန်လည် စိုက်ပျိုးနိုင်ပြီ ဖြစ်သော်လည်း မဒေးကျွန်း၌ ပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိသေးရာ ဒေသခံတို့ကမူ ထိုမြေများအား အပြီး သိမ်း သည်ဟု စွဲမှတ်ထားပုံရသည်။
ဤကိစ္စမှာ ပြည်ထောင်စု အစိုးရနှင့် ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနများမှ ကိုင်တွယ် ဆောင်ရွက်ခြင်း ဖြစ်သဖြင့် ပြည်ထောင်စု အစိုးရက ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ပေးရန် လိုအပ်ပေသည်။
ထို့သို့ တရုတ် CNPC ၏ မြေသိမ်းမှုအပြင် မြန်မာ ကုမ္ပဏီတခုဖြစ်သော MCM (Energy) ကုမ္ပဏီက မဒေးကျွန်း ရေပေး ဝေရေး ဆည်အနီး မြေဧက ၁၅၀ ခန့်အား ဒေသခံများထံမှ ဝယ်ယူထားသည်ကိုတွေ့ရသည်။
ဤရောင်းဝယ်မှုမှာ ပုဂ္ဂလိက နှစ်ဖက် သဘောတူညီချက်အရ အရောင်းပြုလုပ်ထားခြင်းဖြစ်ရာ မည်သည့် ကန့်ကွက်သံမှ မကြားရပေ။
သမ္မတဟောင်း ဦးသိန်းစိန် သက်တမ်းအတွင်း တရုတ်တို့သည် သဘာဝဓာတ်ငွေ့ရည် စက်ရုံတခု ဆောက်လုပ်ရန် ညှိနှိုင်း ခဲ့ဖူးသည်။ သဘောတူညီချက် ရယူနိုင်ခြင်းတော့ မရှိပေ။
တရုတ်တို့၏ ထိုကြိုးစားမှု ဆက်စပ်နေသော မြန်မာ ကုမ္ပဏီတခု၏ ကြိုတင် ပြင်ဆင်မှု အဖြစ် မြေဝယ်ယူထားခြင်း ဖြစ်နိုင် ပါသည်။
တရုတ်နှင့် မဒေးကျွန်း ဖွံ့ဖြိုးတိုးတက်မှု
လက်ရှိ မဒေးကျွန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် တရုတ်တို့ပြုလုပ်သည် ဆိုသည့် လုပ်ငန်းထဲမှ MPT ဖုန်း ဆက်သွယ်ရေး တာဝါတိုင်နှင့် ရေဖြန့်ဝေစနစ်သည် တရုတ် CNPC အတွက် လုပ်ဆောင်မှုနှင့်အတူ မဒေးကျွန်းသူ ကျွန်းသားများ ပူးတွဲ ခံစားရသည်ဟု ဆိုနိုင်သည်။
သို့သော် မဒေးကျွန်း ရွာများဘက်သို့ ပေးသည့်ရေသည် အမြဲတမ်း သန့်စင်နေခြင်းမရှိ၍ သုံးစွဲလျှော်ဖွပ်ရန် အဆင်ပြေ သော်လည်း သောက်ရေ အဖြစ်တော့ အဆင်ပြေခြင်း မရှိသေးပါ။
ဖုန်းဆက်သွယ်ရေး တာဝါတိုင်သည်လည်း တရုတ် CNPC အဆောက်အုံများ ဘက်တွင် ဆက်သွယ်မှု ကောင်းရန် အလေးထား စိုက်ထူထားသဖြင့် ပြင်ရွာနှင့် ရွာမတွင်သာ ဖုန်းလိုင်းမိပြီး ကျောက်တန်းရွာ နှင့် ပန်းတိမ်ဆည်ရွာ တို့တွင် ဖုန်းလိုင်း မမိသေးပါ။
သို့ဖြစ်ရာ ဖုန်းတာဝါတိုင် စိုက်ထူသည့် စရိတ် ကုန်ကျငွေအား ဒေသဖွံ့ဖြိုးရေး စရိတ်သက်သက်ဟူ၍ ဖော်ပြရန် သင့်လျော် မည် မဟုတ်ပါ။ မည်သို့ဆိုစေ ရေပေးစနစ်နှင့် ဖုန်းတာဝါတိုင်သည် မဒေးကျွန်းသားများအတွက် CNPC နှင့် အတော်အသင့် တွဲဖက် အကျိုးခံစားရနိုင်သည်ကတော့ အမှန်ပင်ဖြစ်သည်။
ရွာသူရွာသားတို့ အတွက် သီးသန့်ဆောက်ပေးသော စာသင်ကျောင်းနှင့် ဆေးပေးခန်းသည် ရွာသားများ အတွက် တိုက်ရိုက် အကျိုးရှိသည်ဟု ဆိုနိုင်သည်။
သို့သော် သိန်းပေါင်းများစွာ အကုန်ကျခံ တည်ဆောက်ထားသည်ဟူ သော ရွာချင်းဆက် မြေသားလမ်းကား ဆိုးဝါး လွန်း လှသည်။ ဖောက်လုပ်ပြီး ၂ နှစ်ခန့်အကြာ ယခုအခါတွင် ပျက်စီးနေသည်။
ပြင်ရွာ၊ ရွာမ နှင့် CNPC Gas Terminnal ဘက်သို့ သွားသည့်လမ်းမှာ အတန်ငယ် သင့်သေးသော်လည်း ကျောက်တန်း ပန်းတိမ်ဆည် ဘက်သို့ သွားသည့်လမ်းများကား ပျက်စီးနေပြီ ဖြစ်သည်။
မြေသားလမ်း ဖောက်လုပ်ရာတွင် ဘေးမှ ရေနုတ်မြောင်း ထည့်သွင်း မထားခြင်းကြောင့် မိုးများသော ရခိုင်ပြည်နယ်တွင် လျင်မြန်စွာ ပျက်စီးနေပြီ ဖြစ်သည်။ နွေအခါ ဆိုင်ကယ်နှင့်သွား၍ ရသေးသော်လည်း မိုးတွင်း၌ ရွှံ့ဗွက် ထူပြောနေပြီး ဆိုင်ကယ် မဆိုထားနှင့် လမ်းလျှောက်ရာတွင် ရွှံ့ဗွက် ရုန်းနေရပေသည်။
ထိုမြေသားလမ်းများပေါ်ရှိ သစ်သားတံတား အားလုံးလိုလိုလည်း ကျိုးပဲ့ပျက်စီးနေပြီး ထော်လာဂျီ ဖြတ်မောင်းရန်ပင် ခက်ခဲ နေပြီ ဖြစ်သည်။
ထို့အပြင် လျှပ်စစ်မီးမှာလည်း တရက်လျှင် ၄ နာရီသာ ရပေသေးသည်။
ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နေသော မဒေးကျွန်းတွင် ဒေသခံ စက်လှေ မော်တော်များ ဆိုက်ကပ်နိုင်ရန် ဆိပ်ခံ ကောင်းကောင်း တခုပင် မရှိသေးပေ။ ထို့အပြင် မဒေးကျွန်းရှိ ဒေသခံများထဲက CNPC တွင် အလုပ်အကိုင်ရရှိမှုမှာ လူ ၃၀ ခန့်သာရှိပြီး အားလုံးလိုလို လုံခြုံရေးနှင့် သန့်ရှင်းရေးဝန်ထမ်းများ ဖြစ်ကြသည်။
သို့ဖြစ်ရာ ခမ်းနားထည်ဝါသော အဆောက်အအုံများနှင့် ၂၄ နာရီ မီးရရှိသည့် ဆက်သွယ်ရေး ကောင်းမွန်သော တန်ချိန် သိန်းချီ ရှိသည့် ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်ရန် ဆိပ်ခံရှိသည့် တရုတ် CNPC ၏ ဒေါ်လာ ဘီလီလျံ ချီ၍ ရင်းနှီး မြှုပ်နှံထားသော မဒေးကျွန်းတွင် ရွှံ့အလူးလူး ဗွက်အလူးလူး လမ်းများ၊ ကျိုးပဲ့နေသော တံတားများ၊ ညံ့ဖျင်းသော ဆက်သွယ်ရေး စနစ်နှင့် မှောင်အတိကျသော အချိန်များစွာကို ဒေသခံများ ဖြတ်သန်းနေရပေသည်။
ဒေသခံတို့က မဒေးကျွန်းမှာ သူတို့နေသောဘက်က ရခိုင်ပြည်၊ CNPC အခြေပြုသောဘက်က တရုတ်ပြည်ဟု ဆိုကြသည်။
မည်သို့ဆိုစေ ဘီလျံနှင့်ချီသော တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခဲ့သော်လည်း ရွာ ၄ ရွာ၊ အိမ်ခြေ ၇၁၀၊ လူဦး ရေ ၃၀၀၀ ခန့်၏ နေထိုင်မှုဘဝ သိသိသာသာ တိုးတက်အောင် မပြုနိုင်ခြင်းသည် ဒေသခံများ အတွက် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများက သိသာသော အထောက်အကူ မပြုဟု ဒေသခံတို့က ထင်မြင် ယူဆကြပေတော့သည်။
မဒေးကျွန်း ရေလမ်းကြောင်း ပြဿနာ
ပင်လယ်ဝမှ မဒေးကျွန်းအထိ ကျောက်ဖြူ မြစ်၊ သံစိုက်မြစ် အတိုင်း ရေနံတင်သင်္ဘောများ ဝင်ရောက်ရသည်။ ထိုမြစ် ကြောင်း သည် မဒေးကျွန်းသူ ကျွန်းသားများ အပါအဝင် ဒေသခံရေလုပ်သားတို့ အသက်မွေးဝမ်းကျောင်း အတွက် ငါး ရှာဖွေ ဖမ်းဆီးခဲ့သည့် နေရာဖြစ်သည်။ ရာသီအလိုက် ကကူရန်ငါး ၊ ကင်းပုဇွန် စသည်ဖြင့် ဖမ်းဆီးကြသည်။
လက်ရှိကာလ ငါးတရာသီလျှင် ငါးဒိုင်များသို့ လာသွင်းသည့် တန်ဖိုးများအရ အနည်းဆုံး ကျပ် သိန်း ၃၀၀ ခန့်အထိ ရှိသည်ဟု သိရသည်။ ထိုရှာဖွေဖမ်းဆီးရသော ငါးရောင်းချငွေသည် ဒေသခံလူထုများကြား ခွဲဝေ ပျံ့နှံ့သွားသည့် ဝင်ငွေ ဖြစ်သည်။
၁၅ ပိဿာခန့် ရှိသည့် ကကူရန်ငါး တကောင်ရလျှင် ရေလုပ်သားတို့ အတွက် ကြီးမားသော ဆုလာဘ်ဖြစ်သည်။ ထို အရွယ်ရှိ ကကူရန်ငါး၏ ငါးစည်ပေါင်းသည် ကျပ် ၄ သိန်းခန့် တန်ဖိုးရှိသည်။ အသားတန်ဖိုးပါ ထည့်တွက်လှင် ၅ သိန်းခန့် ဈေးရတတ်သည်။
ဤသို့သော ဆုလာဘ်များ ရရှိမှုနှင့်တူ ဝမ်းစာအတွက် ရှာဖွေရုန်းကန်နိုင်သည့် သဘာဝရေပြင်တွင် ရခိုင်ဒေသခံတို့ ဘိုးစဉ် ဘောင်ဆက် အသက် မွေးလာကြသည်။
၂၀၁၇ ဧပြီလ အတွင်း ပထမဆုံး ရေနံတင်သင်္ဘော ဆိုက်ကပ်လာသည်မှစ၍ မဒေးကျွန်းတဝိုက် အသက် မွေးဝမ်းကျောင်း မှု စတင် ထိခိုက်လာတော့သည်။
ရေနံတင်သင်္ဘော ဝင်သည့်နေ့နှင့် ပြန်လည်ထွက်သည့် နေ့များတွင် ငါးမဖမ်းရန် အကြောင်းကြား နှိုးဆော်စာများ ရောက် လာပြီး ရေလုပ်သားများ ရေပြင်ထွက်ခွင့် မရှိတော့။
ထို့အပြင် မေလအတွင်းတွင် ရေနံတင်သင်္ဘော ၅ စီးခန့်ဝင်ရောက်ခဲ့ရာ ရေလုပ်သားများ အတွက် လွတ်လပ်စွာ ငါးဖမ်းချိန် များ ပို၍ နည်းလာတော့သည်။
ဤသို့သော အခြေအနေတွင် မျှောပစ်၍ ငါးဖမ်းသူများအတွက် အတန်ငယ် အဆင်ပြေနေသေးသော်လည်း ကျားပါးစပ် ငါးဖမ်း လုပ်သူများ အတွက် အဆင်မပြေတော့ကြောင်း ဒေသခံ ငါးဖမ်းလုပ်သားများက ပြောဆိုပါသည်။
ထို့ကြောင့်လည်း ၂၀၁၇ ခုနှစ် မေလ ၂၂ ရက်နေ့က ငါးဖမ်းစက်လှေနှင့် ဘုတ် အစီး ၂၂၀ ခန့်သည် ကျောက်ဖြူ မှ မဒေးကျွန်း CNPC သို့ မြစ်ကြောင်းအတိုင်း ချီတက်ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
လက်ရှိ ရေနံတင်ပို့မှု ရာထားချက်အရ နှစ်စဉ် ရေနံတင်သင်္ဘော အစီး ၁၃၀ ခန့် ဝင်ရောက်မည်ဖြစ်ရာ အဝင်တရက် အထွက် တရက် ငါးဖမ်းမထွက်ရလျှင်ပင် တနှစ် ရက်ပေါင်း ၂၆၀ ခန့် ငါးဖမ်းထွက်ရမည် မဟုတ်တော့ပေ။
ထို့အပြင် ယခုပြင်ဆင်နေသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် မဒေးကျွန်းတွင် ပင်လယ်ကူးသင်္ဘော ကုန် တင် ကုန်ချ ဆိပ်ခံတခု ဆောက်လုပ်ရန် ပါဝင်သည်။
သို့ဖြစ်ရာ ရေနံတင် သင်္ဘောများသာမက ကုန်တင်သင်္ဘောများပါ ဥဒဟို ဝင်ထွက်သွားလာမည် ဆိုပါက အဆိုပါမြစ် ကြောင်း တွင် ငါးဖမ်းနေကြသော ရေလုပ်သားများ အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတခုအား ပြင်းပြင်းထန်ထန် ထိခိုက် သွားပေလိမ့်မည်။ မည်သို့ ဖြေရှင်းမည်ကို ညှိနှိုင်း အဖြေရှာကြရန် လိုသည်။
ဒေသခံများ၏ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းနှင့်ပတ်သက်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်လိုအပ်သည်။ ထိုသို့ ဖြေရှင်းရန်အတွက် ပြည်ထောင်စု အစိုးရရော တရုတ်အစိုးရ ကုမ္ပဏီပါ တာဝန်ယူမှု တာဝန်ခံမှုကို ပြသရန်လိုအပ်ပေမည်။
သို့မဟုတ်ပါက ပြည်ထောင်စု အစိုးရရော တရုတ်တို့ အတွက်ပါ အကျိုးရှိသည့် ဧရာမ ရေနံတင် သင်္ဘောကြီးများ ကုန်တင် သင်္ဘောကြီးများကို မဒေးကျွန်းသား ဒေသခံများ ထိုင်ကြည့်ပြီး ဝမ်းဟောင်းလောင်းနှင့် နေရသော အခြေသို့ ဆိုက်ရောက် ပေလိမ့်မည်။
မဒေးကျွန်းနှင့် တရုတ်တို့၏ တုံ့ပြန်မှုများ အဖြစ် ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ရှန်ဂရီလာ ဟိုတယ် တွင် CNPC လက်အောက်ခံ မြန်မာ – တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီမှ မြန်မာနိုင်ငံတွင်း ဆောင်ရွက်ခဲ့ သည့် ကုမ္ပဏီ၏ လူမှု ပတ်ဝန်းကျင် တာဝန်ယူမှု အစီရင်ခံစာ (Social responsibility report) ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ မဒေးကျွန်း ဒေသခံများ၏ ရေပေါ်ဆန္ဒပြပွဲအပြီး ၃ ရက်အကြာတွင် ဖြစ်သည်။
ထိုနေ့က ထုတ်ပြန်သည့် အစီရင်ခံစာသည် CNPC ၏ ပဉ္စမမြောက် နိုင်ငံရပ်ခြား အစီရင်ခံစာဖြစ်သည်။ ထိုအစီရင်ခံစာတွင် ဖော်ပြချက်အရ CNPC မြန်မာပြည်တွင်း လူမှုအကျိုးပြု လုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ ၅၂၅၀၀၀ လှူဒါန်းခဲ့ပြီး မိတ်ဖက် ကုမ္ပဏီများနှင့်တွဲ၍ ပိုက်လိုင်းဖြတ်သန်းရာ ဒေသများတွင် လူမှုစီပွား လုပ်ငန်းပေါင်း ၁၂၀ အတွက် အမေရိကန် ဒေါ်လာ ၁၈.၃ သန်း သုံးစွဲခဲ့သည်ဟု ဆိုသည်။
ပညာရေး ကျန်းမာရေးဘက်စုံ လုပ်ငန်းပေါင်း ၅၀ ကျော်လှူဒါန်းခဲ့ကြောင်း လူငယ်ပေါင်း ၂ သောင်းကျော် ကောင်းမွန်သော ပညာရေး ဝန်းကျင် ဖန်တီးပေးနိုင်ခဲ့ပြီး လူပေါင်း ၈ သိန်းကျော် ကောင်းမွန်သည့် ဆေးဝါးကုသမှု ရရှိစေခဲ့သည်ဟု ဆို သည်။ ကျေ းရွာများကို ၂၄ နာရီလျှပ်စစ်မီးနှင့် သန့်စင်သော သောက်သုံးရေ ရရှိစေခဲ့ကြောင်း သိရသည်။
ထိုရှင်းလင်းပွဲတွင် တရုတ်သံရုံးမှ သံမှူး၊ CNPC အရှေ့တောင်အာရှ ပိုက်လိုင်းကုမ္ပဏီ SEAP အထွေထွေမန်နေဂျာ၊ CNPC ဘုတ်အဖွဲ့ အတွင်းရေးမှူးတို့ တက်ရောက်ကြသည်။ CNPC ၏လက်အောက်ခံ SEAP အထွေထွေမန်နေဂျာက ရှင်းလင်းရာ တွင် လက်ရှိကုမ္ပဏီတွင် မြန်မာဝန်ထမ်း ၉၀၀ ခန့်အလုပ်ခန့်ထားပြီး ဝန်ထမ်းစုစုပေါင်း၏ ၇၅ ရာနှုန်း ရှိသည်ဟု ဆိုသည်။
စီမံကိန်းအတွင်း သဘာဝပတ်ဝန်းကျင် ပြန်လည် ထိမ်းသိမ်းရန် ဒေါ်လာ ၂ သန်းသုံးစွဲခဲ့ပြီး CNPC နှင့် သူ၏လက်အောက်ရှိ SEAGP (ဓာတ်ငွေ့ ပိုက်လိုင်း) SEAOP (ရေနံပိုက်လိုင်း) ကုမ္ပဏီတို့မှ ပရဟိတ ရန်ပုံငွေ ဒေါ်လာ ၂၃ သန်း အသုံးပြုပြီး လူမှုစီးပွား ကူညီဆောင်ရွက်မှု စီမံကိန်းပေါင်း ၁၇၈ ခု ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုပါသည်။
သတင်းစာ ဆရာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် မြေယာလျော်ကြေး ပေးဆောင်ရာတွင် ဒေသခံ အာဏာပိုင်များ ဒေသခံ ပြည်သူများနှင့်ညှိနှိုင်းပြီး သဘောတူညီမှုရမှသာ ဆောင်ရွက်ခဲ့ကြောင်း၊ မြေယာလျော်ကြေးကိုလည်း တောင်သူ လယ်သမားများ လက်သို့ တိုက်ရိုက်ပေးအပ်ခဲ့ကြောင်း ဖြေကြားသည်ကို တွေ့ရသည်။
အမှန်တကယ်ပင် CNPC သည် မဟာဓာတ်အားလိုင်း အတွက် ဒေါ်လာ ၁၀ သန်းလှူဒါန်းခဲ့သကဲ့သို့ ပိုက်လိုင်း ဖြတ်သန်း ရာ လမ်းကြောင်းတလျှောက်ရှိ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း အပါအဝင် စာသင်ကျောင်းများ၊ ကျေးလက် ကျန်းမာရေးဌာနခွဲများ၊ ဆေးရုံ ဆေးခန်း များ အပါအဝင် အခြားအရာများပါ ဆောက်လုပ်လှူဒါန်းခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ဒေါ်လာသန်း ဆယ်နှင့်ချီ အကုန်ကျ ခံခဲသည်မှာလည်း အမှန်ပင်ဖြစ်သည်။
ထို့အပြင် နှစ်စဉ် CNPC လက်အောက်ရှိ SEAOP နှင့် SEAGP တို့မှ နှစ်စဉ် ဒေါ်လာ ၁ သန်းစီ ထုတ်နုတ်၍ လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားသည်ကိုလည်း တွေ့ရသည်။
သို့သော်လည်း ယနေ့ မဒေးကျွန်းကဲ့သို့ နေရာတွင် ပြဿနာ ဖြစ်ပွားနေသည်မှာ အောက်ပါ အချက်များကြောင့်ဟု ယူဆရ ပါ သည်။
ပထမအချက်အနေနှင့် လက်တွေ့ CNPC စတင် အခြေစိုက်ရာ မဒေးကျွန်း အခြေအနေနှင့် နှိုင်းစာလျှင် လက်တွေ့နှင့် ကိုက်ညီသည်ရော ကွာခြားသည်များကိုပါ တွေ့ရသည်။ တရုတ်တို့ လှူဒါန်းသော စာသင်ကျောင်းများကြောင့် ဒေသခံများ ၏ ပညာရေးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ရရှိစေသည်ဟု ဆိုနိုင်ပါသည်။ အိမ်ခြေ ၇၁၀ အား မီတာဘောက်စ် အလုံး ၇၁၀ လှူဒါန်းသည်မှာလည်း သူတို့၏ ကူညီမှုအဖြစ် မှတ်တမ်းဝင်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
(မောင်မောင်စိုးသည် ရန်ကုန်အခြေစိုက် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)
ဆက်စပ်ဖတ်ရှုရန် –
ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း – ၁)
ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း – ၂)