ကလေးနှစ်ယောက်မိခင် ဒေါ်တင်မာဝင်းတယောက် အမျိုးသားတစုက သူ၏ ဓနိမိုးဝါးအိမ်လေးကို လက်ကိုင်လွှစက်များ ဖြင့် ဖြိုချဖျက်ဆီးနေသည်ကို ငေးကြည့်နေသည်။ ခြံဝင်းဘေးပတ်လည်တွင် စိုက်ပျိုးထားသော သရက်ပင်များမှာလည်းအပိုင်းအပိုင်းအပြတ်ပြတ်။
ဇွန်လ ၁၂ ရက်နေ့တွင် တဲအိမ် ၄၀၀ ခန့်ကို အစိုးရမြေပေါ်တွင် စီးပွားဖြစ်ကျူးကျော်နေထိုင်သူများဟု သတ်မှတ်ကာ အာဏာပိုင်များက နေအိမ်များကို ဖြိုချဖျက်ဆီးခဲ့သည်။ ယင်းဖြစ်ရပ်မှာ လှည်းကူးမြို့နယ်အတွင်း၊ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမကြီးနံဘေးတွင် တည်ရှိသော ကျောက်အိုင်ကျေးရွာနားမှ တဲများကို ဖယ်ရှားခြင်းဖြစ်သည်။
ဒေါ်တင်မာဝင်းတို့ မိသားစု ကျောက်အိုင်ရွာအနီးတွင် နေထိုင်လာသည်မှာ နှစ်ပေါင်း ၂၀ နီးပါး ရှိခဲ့ပြီ ဖြစ်သော်လည်း သူ၏အိမ်မှာ အသစ်ရောက်ရှိလာသော ကျူးကျော်အိမ်အဖြစ် သတ်မှတ်ခံလိုက်ရသည်။ အိမ်ကို မဖြိုဖျက်မီ အိမ်သုံးပစ္စည်းများ သိမ်းဆည်းထုပ်ပိုးရန် အချိန် အနည်းငယ်မျှသာရခဲ့သည်။
သူတို့အိမ်ကို ကင်းလွတ်ခွင့်ပေးရန် ဖျက်သိမ်းမှုကို ကြီးကြပ်သည့် ရဲအရာရှိများကို ဒေါ်တင်မာဝင်းတို့ မိသားစုက တောင်း ပန်ခဲ့သော်လည်း ရဲအဖွဲ့က ၎င်းတို့မှာအစိုးရ၏ အမိန့်အတိုင်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းပြန်ပြောခဲ့သည်။
“ခဏလောက်ဆိုရင် ကျမ ကလေး ကျောင်းက ပြန်လာတော့မယ်။ မိုးရွာလာရင် ကျမတို့ ဘယ်မှာ အိပ်ရမလဲ” ဟု ကောင်းကင်တခွင် မည်းနက်နေသော တိမ်တိုက်ကြီးကို မော့ကြည့်ရင်း သူကပြောသည်။
စိမ်းလန်းမြို့တော်စီမံကိန်း
ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းမှုသည် ကျူးကျော်များအတွက် ပထမဆုံးအကြိမ် အတွေ့အကြုံတော့မဟုတ်။ ၂၀၁၅ ခုနှစ် အတွင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက တဲအိမ်များးအားလုံးကို ဘူဒိုဇာဖြင့် ထိုးပစ်ခဲ့သည်။ ဒေါ်တင်မာဝင်း၏ အိမ်မှာ ကင်းလွတ်ခဲ့သည်။ ထောင်နှင့်ချီသော ကျူးကျော်များမှာ အနီးအနား ကျေးရွာများသို့ ပြောင်းရွှေ့သွားကြသည်။ သို့သော်လည်း ပြဿနာက ဆက်ရှိနေသေးသည်။ လှည်းကူးမြို့နယ်အတွင်းမှ ကွက်လပ်ဖြစ်နေသော ထိုနေရာသို့ နောက်ထပ် ကျူးသစ်များ ရောက်ရှိလာကြပြန်သည်။
၂၀၁၆ ခုနှစ် ဧပြီလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အစိုးရ အာဏာရရှိလာသည့် အချိန်တွင် ရန်ကုန်တိုင်း ဝန် ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် ဦးဖြိုးမင်းသိန်းက ကျူးကျော် အစစ်အမှန်များ စာရင်းကောက်ယူပြီးစီးသည့် အချိန် တွင် ကျူးကျော်များကို ရန်ကုန်တိုင်းအတွင်းတွင် သင့်တော်သော်နေရာများ ပြန်လည်ချထားပေးမည် ဖြစ်ကြောင်း ပြောခဲ့ သည်။ မသမာသောနည်းလမ်းများဖြင့် မြေနေရာ ကျူးကျော်ထားသူများကိုလည်း ဥပဒေအတိုင်းအရေးယူမည်ဟုလည်း သတိပေးခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းအစိုးရက နိုင်ငံပိုင်မြေပေါ်တွင် အဆောက်အဦးသစ်များ တည်ဆောက်ရန်လျာထားသည့် အတွက် အဆိုပါ လှည်းကူးရှိ ကျူးကျော်များကို သတိပေးစာများ ပေးပို့ခဲ့သည်။
လက်ရှိ ကျူးကျော်များနေထိုင်ရာ မြေနေရာ ၁၄၅၀ ဧက ကျော် ကို Alliance Stars ကုမ္ပဏီအုပ်စုက “Eco Green City” စီမံကိန်း အကောင်အထည်ဖော်ရန် သတ်မှတ်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့ အကျိုးအမြတ်ခွဲဝေရေး သဘောတူ စာချုပ်တခုကို ၂၀၁၆ ခုနှစ်တွင် ချုပ်ဆိုခဲ့ပြီး ၈ နှစ်ကြာမြင့်မည့် စီမံကိန်းတွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်း၊ နိုင်ငံတကာအဆင့်မီကျောင်း၊ ဆေးရုံ၊ အပန်းဖြေ ဂေါက်ကွင်းနှင့် အနားယူအပန်းဖြေနိုင်သည့် နေရာလည်း ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အမည်မဖော်လိုသူ ညွှန်ကြားရေးမှူးတဦး ကပြောပြသည်။
ကုမ္ပဏီက အိမ်ယာ ၄၀၀၀ တည်ဆောက်ရန် ပြုလုပ်ထားသော်လည်း အစိုးရနှင့် ကုမ္ပဏီကြားတွင် ရှယ်ယာပိုင်ဆိုင်မှု အစီ အစဉ်များ ယခုအချိန်အထိ ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ရသေးပါ။
ရန်ကုန်တိုင်း အိုးအိမ်ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးယုခိုင်က သတ်မှတ်ထားသည့် ၂ မိုင် ဧရိယာအတွင်းမှ ကျူးကျော်များကို ဖယ်ရှားပြီးမှသာလျှင် စီမံကိန်းစတင်နိုင်ဖွယ်ရာ ရှိကြောင်းပြောသည်။
“ဒီမှာနေတဲ့သူ အများစုက စီးပွားဖြစ်ကျူးတွေပါပဲ’’ ဟု သူက ပြောသည်။ စီးပွားဖြစ်ကျူးဆိုသည်မှာ မိမိတွင် ကိုယ်ပိုင်အိမ်ရှိသော်လည်း အစိုးရပိုင်မြေများကို အကွက်ရိုက်ကာ အိမ်ယာမဲ့များအား ပြန်လည်ရောင်းစားခြင်းဖြစ်သည်။
ဇွန်လ ၁၂ ရက်နေ့တွင် ဥပဒေနှင့် မညီသည့် အိမ်ခြေ ၄၀၀၀ ကို ဖြိုဖျက်ရန်အတွက် တိုင်းအစိုးရက ရဲတပ်ဖွဲ့ဝင် ၂၀၀ နီးပါးကို တာဝန်ချထားခဲ့ပြီး လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာ အသီးသီးမှ လူ ၁၀၀၀ ကျော်ကို ငှားရမ်းခဲ့သည်။
ကျူးကျော်တို့၏ နေအိမ်များကို ဖျက်ဆီးရာတွင် ရဲအဖွဲ့ကို ကူညီရန် သူတို့ကို ၁ ရက်လျှင် ၁၀၀၀၀၀ ကျပ် ပေးခဲ့သည်ဟု ကျေးရွာသား အချို့ကပြောသည်။ အိမ်များကို ဖျက်ဆီးရာတွင် ရဲအဖွဲ့က ဓား၊ ပုဆိန်၊ သံတူရွင်း နှင့် လွှစက်များ အသုံးပြု ခွင့်ပေးခဲ့သည်။
ဖြိုဖျက်ရန် လူအုပ်ကြီးရောက်ရှိလာသည့် အချိန်တွင် အချို့တဲအိမ်များတွင် လူနေထိုင်ခြင်း မရှိသည်ကို ဧရာဝတီက တွေ့ရှိခဲ့ သည်။ ကျောက်အိုင်ရွာသားများကလည်း ယင်းကွင်းပြင်တွင် တည်ဆောက်ထားသောတဲများမှာ မြေကို ဈေးပေါပေါဖြင့် ဝယ်ယူကာ တဲများဆောက်ထားခြင်းဖြစ်ကြောင်း၊ အချိန်ပြည့်နေထိုင်ခြင်း မရှိကြကြောင်း ပြောသည်။
ကျူးကျော်အိမ်များ ဖျက်သိမ်းခြင်းကို ရဲမှူးချုပ် မြဝင်းက ဦးဆောင်ပြီး အကယ်၍ ကျူးကျော်များက ဖျက်သိမ်းရေးလုပ်ငန်း ကို ရန်ပြုတုန့်ပြန်လာပါက သေနတ်နှင့် ပစ်ရန်လည်း အမိန့်ပေးထားသည်။ နေ့လည်ပိုင်းတွင် သူတို့၏ နေအိမ်များအား ဖျက်သိမ်းခြင်းကို တားဆီးနှောက်ယှက်သည့်အတွက် အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၁ ဦးကို ရဲ အဖွဲ့က ဖမ်းဆီးထိန်း သိမ်းခဲ့သည်။
ကျူးကျော်တဲများကို ဖျက်သိမ်းရာတွင် အာဏာပိုင်များ နှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့သည့် ကျေးရွာသား တဦးဖြစ်သော ဦးအောင်ထွန်းက “ကျနော်တို့ကို ဒီကိစ္စဆောင်ရွက်ဖို့ အစိုးရက အမိန့်ပေးထားပါတယ်။ ဒါကြောင့် ကျနော်တို့ အမိန့် အတိုင်း လုပ်ရတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ရဲတပ်ဖွဲ့ဝင်တချို့ကလည်း အမှန်တကယ် နေစရာမရှိ၍ ကျူးကျော်နေထိုင်သူတို့၏ အိမ်များကို ဖျက်ရသည့် အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ကျောက်အိုင်ကျေးရွာ အပြင်ဘက်တွင် ဆယ်စုနှစ်နှင့်ချီ၍ နေထိုင်ခဲ့သည့် မိသားစုုတချို့ကို ရည်ညွှန်းပြောဆိုသည်။
“ရက်ရက်စက် လုပ်မယ် မထင်ခဲ့ဘူး”
ယင်းသို့ဖြိုဖျက်လိုက်၍ အိုးအိမ်မဲ့သွားသော အသက် ၁ နှစ် အရွယ်ကလေးငယ်၏ မိခင် ဒေါ်ခင်စုယဉ်က သူသည် ကျောက်အိုင်ရွာသားတဦးထံမှ မြေတကွက်ကို လွန်ခဲ့သော ၃ လက ကျပ်ငွေ ၁၂ သိန်းဖြင့် ဝယ်ယူထားကြောင်း စာရွက်တခုကို ပြသည်။ ယင်းစာရွက်မှာ ကျောက်အိုင်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူ တဦးက ထုတ်ပေးထားခြင်း ဖြစ်သည်။ ထိုစဉ်ကတည်းက ယင်းမြေသည် အစိုးပိုင်မြေဖြစ်ကြောင်းကို သူသိခဲ့သော်လည်း ထိုမြေပေါ်တွင် ဝါးတိုင်နှင့် ဓနိမိုးအိမ်တလုံး ဆောက်လုပ်ခဲ့ပါသည်။
“အမေစု အစိုးရလက်ထက်မှာ ဒီလို ရက်ရက်စက် လုပ်မယ်မထင်ခဲ့ပါဘူး” ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး ဒေါ်ခင်စုယဉ်က ပြောဆိုပါသည်။
ဒေါ်ခိုင်စုရင်၏ ဇာတိမှာက ယားပြည်နယ်ဖြစ်သည်။ အလုပ်ရှာရန် ရန်ကုန်သို့ရောက်လာပြီး နောက်ပိုင်းတွင် အိမ်ထောင်ကျသည်။ ယခင်နှစ်များတွင် သူတို့ လှိုင်သာယာ စက်မှုဇုန်တွင် နေခဲ့ကြသည်။ သို့သော်လည်း ယခုနှစ်တွင် လစဉ်အိမ်ငှားခများ သိသိသာသာ တက်လာသည့်အတွက် ငွေကြေးချွေတာနိုင်ရန် လှည်းကူးအနီးတွင် ဈေးသက်သာသည့် မြေဝယ်ယူရန် အကြောင်း ဖန်လာသည်။
မြေဝယ်ပြီး ကြုံရသည့် အခြေအနေမျိုးက ဒေါ်ခိုင်စုရင် တယောက်တည်း မဟုတ်ပါ။ အစိုးရမြေကို ဆင်းရဲနွမ်းပါးသူများသို့ လိမ်လည်ရောင်းချသည့် အဖြစ်မျိုးက အဝေးပြေးလမ်းမတလျှောက် မကြာခဏ ဖြစ်နေကြဖြစ်သည်။ ယင်းသို့အိမ်များ သောင်းနှင့်ချီ ဆောက်လုပ်ပြီးဖြစ်၍ ရတနာအောင်၊ အောင်ရတနာ၊ စိမ်းလန်း၊ ကန့်ကော် ကျွန်း နှင့် အောင်သုခ အစရှိသော ကျေးရွာသစ်များ ပေါ်ပေါက်လာသည်။
လွန်ခဲ့သည့် နှစ်လကျော်က ဧရာဝတီသတင်းဌာနမှ ယင်းရွာများသို့ သွားရောက်ကာ ရတနာအောင် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဌ ဦးပြုံးချိုနှင့်တွေ့ဆုံခဲ့ပါသည်။ ၎င်းသည် အသစ်ရောက်လာသူများကို မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ ထုတ်ပေးနေသူဖြစ်သည်။ သူတို့က အစိုးရပိုင်ဆိုင်သည့် မြေကို ကျူးကျော်နေခြင်း ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပြီး အိုးအိမ်မရှိသော ပြည်သူများအတွက် ဈေးအနည်းငယ်ဖြင့် မြေယာများ စီစဉ်ပေးခြင်းဖြစ်ကြောင်း ပြောပါသည်။
ဝယ်ယူမည့် သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူ တဦးထံမှ ၎င်းသည်အိမ်ယာမဲ့သူဖြစ်ကြောင်း ထောက်ခံစာ ယူဆောင်လာရန် လိုအပ်ကြောင်း ဦးပြုံးချိုပြောပြချက်အရ သိရသည်။ ကော်မတီက ပေ ၄၀x၆၀ မြေ ကွက် တကွက်လျှင် ကျပ် ၁၀၀၀၀၀ မှ ၅၀၀၀၀၀ အတွင်း ရှိသည့် ဈေးနှုန်းဖြင့် ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ရောင်းချခဲ့သည်။
“ကျနော်တို့က အမှန်တကယ်နေစရာ လိုအပ်နေတဲ့သူတွေကို ကူညီနေတာပါ” ဟု ဦးပြုံးချိုက ပြောသည်။
ဧရာဝတီသတင်းဌာန သွားရောက်ခဲ့သည့် အချိန်တွင် ကျူးကျော်အချို့က စတီးလ်ဘောင်များဖြင့် ဈေးတခု တည်ဆောက် နေပြီး ကျောင်းတကျောင်း ဆောင်ရန်လည်း ပြင်ဆင်နေသည်။ ရာနှင့်ချီသော အိမ်များမှာ နေ့ခင်းအချိန်များတွင် လူမရှိပါ။
ကျေးရွာသစ်ထူထောင်ရေးနှင့်ပတ်သတ်ပြီး ကော်မတီက ပြည်ထောင်စုအစိုးရထံ အကြိမ်ကြိမ်တင်ပြတောင်းခံခဲ့ကြောင်း သိရသည်။
“တကယ်တော့ ဒါက မြေလွတ်ပါ။ အစိုးရကလည်း ဘာစီမံကိန်းမှ မလုပ်ဘူး။ ဒါပေမယ့် နေရာက နည်းနည်း နေလို့ထိုင် လို့ အဆင်ပြေလာပြီဆိုရင် အာဏာပိုင်တွေက ကျနော်တို့ကို ထွက်သွားဖို့ ဖိအားပေးလာတယ်။ ဒါမျိုး အရင်က ၂ ကြိမ် ဖြစ်ပြီးပြီ” ဟု ဦးပြုံးချိုက ပြောသည်။

ပြန်လည်နေရာချထားရေး အစီအစဉ်
NLD အုပ်ချုပ်ရေး တာဝန်ယူခြင်း ၁ နှစ် ပြည့်သည့် အနေဖြင့် ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အချို့သူများက စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ အဓိက အဝင်လမ်းများ ၏ ဘေးတွင် အစိုးရမြေများကို ရောင်းချနေသည်ဟု သူကြားသိရကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ အဆို ပါမြေမှာ မြို့တမြို့ကဲ့သို့ ဖွံ့ဖြိုးလာလိမ့်မည်ဟု အချို့က ယူဆထားကြောင်းလည်း သူက ပြောသည်။
“အဲဒါက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ ကျနော်ပြောချင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
မြို့သစ်တမြို့ ထူထောင်ခြင်းသည် တည်ဆဲဥပဒေများနှင့် ညီညွတ်မှသာ ဖြစ်လာနိုင်ကြောင်း အစိုးရပိုင် မြေများကို တရားမဝင် ရောင်းချသူများအား အရေးယူသွားမည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ထပ်ပြောသည်။
ကျူးများနေရာချထားရေးအတွက်၂၀၁၆ ခု နှစ် မေလမှ ၂၀၁၇ ခုနှစ် ဇွန်လ အတွင်းတွင် တိုင်းအစိုးရက မြို့နယ် ၁၉ မြို့နယ်မှ နေရာ ၄၂၃ ခုကို ကွင်းဆင်း စစ်ဆေးခဲ့သည်။ အာဏာပိုင်များက ကျူးကျော်များ၏စာရင်းကို ကောက်ယူစု ဆောင်းခဲ့ပြီး ရန်ကုန်မြို့တွင် ကျူးကျော်အရေအတွက် ၄ သိန်း ဝန်းကျင်ရှိသည်ဟု ခန့်မှန်းထားကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
ကျူးကျော်များ ပြန်လည်နေရာချထားရေး စီမံကိန်းများ အတွက် ကျပ်ငွေ ၆၄ ဘီလီယံ သုံးစွဲရန် တိုင်းအစိုးရက စီစဉ်ထားသည်။ သူတို့သည် ကျူးကျော်အစစ် ဟုတ်မဟုတ်ကို ဆုံးဖြတ်ရန်အတွက် စိစစ်ရေး အဖွဲ့တခုက ကျူးကျော်အဖြစ် လျှောက်ထားလာသူများ၏ နောက်ခံအကြောင်းများကို စစ်ဆေးသွားမည်ဖြစ်သည်။ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များကလည်း ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင် အကူအညီများပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ဆယ်စုနှစ်နှင့် ချီ၍ နေထိုင်ခဲ့ကြသော လှည်းကူးမှ ကျူးကျော်အချို့က အဆိုပါ အစီအစဉ်တွင် အကျုံးဝင် ခြင်း ရှိမရှိက ယခုထိ မသဲကွဲသေးပါ။ ယခင်နှစ်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတခုတွင် ဦးဖြိုးမင်းသိန်းက မေလ ၂၅ ရက်နောက်ပိုင်းတွင် အစိုးရပိုင်မြေ သို့ မဟုတ် ကုမ္ပဏီပိုင်မြေကို ကျူးကျော်သူများသည် ပြန်လည်နေရာချထားရေး အစီအစဉ်တွင် အကျုံးဝင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
နှစ်ချို့ကျူးကျော်အချို့၏ နေအိမ်များမှာ ဇွန်လ ၁၂ ရက်နေ့က ဖယ်ရှားခံခဲ့ရပါသည်။ ယခု ဆောင်းပါးကို ရေးသားသည့် အချိန်အထိ အဆိုပါဖယ်ရှားမှုနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ဝင်များထံ ဧရာဝတီက ဆက်သွယ်၍ မရသေးပါ။

ဖြေရှင်းနိုင်သည့်နည်းလမ်းများ
မြို့ပြအိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဦးမြင့်မိုရ်ဆွေက အနာဂတ်တွင် အလားတူပြဿ နာများမှ ကာကွယ်နိုင်ရန် အစိုးရအနေဖြင့် နိုင်ငံပိုင်မြေများကို အများပြည်သူသိအောင် ကြေညာထားသင့်ပြီး ဥပဒေကိုချိုးဖောက်ပြီး မသိနားမလည်သူများကို လိမ်ညာရောင်းချသည့် ပွဲစားများကို ပြစ်ဒဏ်ပေးသင့်ကြောင်း ပြောသည်။
ကျူးကျော်သူများကို နေရာသစ်တခုတွင် တစုတစည်းဖြင့် ပြန်လည်နေရာချထားခြင်းက အလုပ်ဖြစ်မည်မဟုတ်ဟု သူက မှတ်ချက်ပြုပါသည်။ ကျူးကျော်သူများသည် စက်ရုံများ သို့ မဟုတ်သူတို့ အလုပ်လုပ်ကိုင် သည့်နေရာ နှင့် နီးသည့်မြေများ တွင် အခြေချကြသည်ဟုလည်း ထောက်ပြသည်။
ဦးမြင့်မိုဆွေက အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် ပြဿနာနှင့် နှိုင်းယှဉ်ပြခဲ့သည်။ ထိုင်းအစိုးရက ကျူးကျော် များအတွက် မြေယာများကို နှစ်ရှည်ငှားရမ်းခြင်း တိုက်ခန်းများ တည်ဆောက်ပေးခဲ့သည်။ တိုက်ခန်းများအတွက် စရံငွေမယူဘဲ ကာလရှည် အငှားချထားပေးခဲ့သည်။ ထို့အပြင် ဘဏ်အတိုးနှုန်းများကိုလည်း ဖယ်ရှားပေးခဲ့သေးသည်။ အခြားနည်းလမ်းတခုက လမ်းဘေးမှ မြေများကို ကျူးကျော်များသို့ သဘောတူညီချက်တခုဖြင့် နေထိုင်ခွင့်ပေးခြင်းပင်ဖြစ်
သည်။
ရန်ကုန်တိုင်း အစိုးရအနေဖြင့် ကျူးကျော်များကို အမျိုးအစားပိုင်းခြားပြီး စီမံကိန်းများတွင် အဆင့်ဆင့်သတ်မှတ်ကာ ဦးစားပေးအဆင့် သတ်မှတ်ရန် လိုအပ်ကြောင်း ဦးမြင့်မိုဆွေက အကြံပြုခဲ့သည်။ ကျူးကျော်များအတွက် အိမ်ရာချထား ပေးမည်ဆိုလျှင် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ဘဏ်အတိုးနှုန်းများကို လျှော့ချရန် အစိုးရက ဆောင်ရွက်သင့်ကြောင်း ထပ်ပြောသည်။ လက်ရှိအချိန်တွင် အစိုးရနှင့် ပုဂ္ဂလိကဘဏ်များက အိမ်ရာအရစ်ကျ ဝယ်ယူသည့် စနစ်အတွက် ချေးငွေအတိုးနှုန်းကို ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားပါသည်။
“အဲဒါက ဆင်းရဲသားတွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခုပါပဲ” ဟု ဦးမြင့်မိုဆွေ ကပြောသည်။
ထို့အပြင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများတွင်ပင် တန်ဖိုးနည်းအိမ်ရာများအတွက် လက်ငင်းပေးရမည့် ငွေကို တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း အဖြစ် သတ်မှတ်ရောင်းချနေခြင်းက ကျူးကျော်များ ဝယ်ယူရန် တတ်နိုင်သည့် ပမာဏ ထက် အဆမတန် များပြားနေသည်။ ယင်းကို မိသားစုတစုလျှင် တလ၂ သိန်းဝန်းကျင် ဝင်ငွေရှိသည့်အခြေအနေနှင့် ပေးသွင်းနိုင်သည်အထိ စဉ်းစားသင့်သည်ဟု သူကပြောသည်။
ကျူးကျော်ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ဆောင်ရွက်ခဲ့သကဲ့သို့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ကာလရှည် ရင်းနှီးမြှုပ်နှံမှုအဖြစ် တိုးမြှင့်သင့်သည်ဟု ဦးမြင့်မိုဆွေက ပြောသည်။
ယခုအချိန်မှာတော့ ကျူးကျော် ပြဿနာက ရန်ကုန်မြို့တွင် ဆက်ပြီး ရှိနေဦးမည် ဖြစ်သည်။ လောလောလတ်လတ် နေစရာပျောက်ခဲ့သည့် ဒေါ်ခိုင်စုရင် ကဲ့သို့ ကျောက်အိုင်ရွာသူရွာသားများက အနီးအနားတွင် မြေလွတ်ရှာ
ကြတော့မည် ဖြစ်သည်။
“အခု ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ သွားစရာနေရာလည်းမရှိဘူး။ ကျမတို့ကို ဒီလို (လိမ်လည်) မြေရောင်းခဲ့တဲ့ သူတွေကို အရေးယူသင့်ပါတယ်။ ဒီမှာ ခဏတဖြုတ်နေဖို့အတွက် … ကျန်နေခဲ့တဲ့ (အပျက်အစီး) ဟာတွေကို ကောက်ပြီး ပြန်ဆောက် ဦးမှာပါ” ဟု သူက ပြောသည်။