သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသော ပိုက်လိုင်း ဖြတ်သန်းသည့် ကျေးရွာများတွင် လျှပ်စစ်မီး ၂၄ နာရီ ရသည် ဆိုသည်မှာ မဒေးကျွန်း အတွက်တော့ မမှန်ကန်ပေ။ မဒေးကျွန်းတွင် တရက် ၄ နာရီသာ မီးရသေးသည်။
သန့်စင်သော သောက်သုံးရေ ရရှိစေသည်မှာလည်း အပြည့်အဝ မမှန်ပေ။ မဒေးကျွန်း၌ ရေပေးဝေ ဖြန့်ဖြူးခဲ့သော်လည်း သောက်သုံးရန် အထိ ရေမသန့်သေးဘဲ သုံးစွဲရန်အတွက်သာ အဆင်ပြေပါသေးသည်။
ထို့အပြင် ၃ မိုင်ခန့်သာ ဖောက်လုပ်ရန်လိုအပ်သည့် ရွာချင်းဆက် လမ်းမှာလည်း ဖောက်လုပ်ပေးသည် ဆိုသည့် ၂ နှစ် အတွင်းမှာပင် ရွှံ့အလူးလူး ဗွက်အလူးလူးနှင့်သာ ရှိပါသေးသည်။ ရွာချင်းဆက်လမ်းပေါ်ရှိ တံတားများလည်း ကျိုးပဲ့ ပျက်စီး၍နေသည်က ဖြစ်ရပ်မှန်များ ဖြစ်သည်။
သို့ဖြစ်ရာ ပထမအချက်အနေနှင့် ပြန်သုံးသပ်ကြည့်လျှင် အမှန်တကယ် မဒေးကျွန်း လက်ခံရရှိသော စာသင်ကျောင်း မီတာ ဘောက်စ် စသည်တို့ကဲ့သို့ အရာများရှိသကဲ့သို့ ရေ၊ လျှပ်စစ်မီး စသည်တို့ကဲ့သို့ အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးသည်များလည်း ရှိသည်။
ရွာချင်းဆက် လမ်းကဲ့သို့ ငွေကြေးအကုန်အကျခံပြီး ဖောက်ပေးထားသော်လည်း နှစ်ပိုင်းအတွင်း ပြန်လည် ပျက်စီး သွားခဲ့ ခြင်း နှင့်ပတ်သက်ပြီး အဆိုပါဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းအပ်နှံရာတွင်၊ လက်ခံရာတွင် အရည်အသွေး စစ်ဆေးမှုနှင့်ပတ်သက်ပြီး အားနည်းချက်ရှိသည်ဟု ဆိုရမည်။
၂၀၁၇ မေ ၂၂ ရက်နေ့ မဒေးကျွန်း ဆန္ဒပြပွဲအပြီး ဇွန်လဆန်းမှစ၍ ရွာချင်းဆက် လမ်းပေါ်ရှိ ကျိုးပျက်နေသော တံတား ၃ စင်းကို ကွန်ကရစ်တံတားများ အဖြစ် ပြန်လည် ဆောက်လုပ်နေသည်ကတော့ ကောင်းသည့်ကိစ္စ ဖြစ်ပေသည်။
ဒုတိယအချက် ထည့်သွင်း စဉ်းစားထားခြင်း ရှိဟန်မတူသော ပြဿနာများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယခု မဒေးကျွန်း ရေလမ်းကြောင်း၌ ရေနံတင်သင်္ဘောများ ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း ထိခိုက်သည့် ပြဿနာ ဖြစ်သည်။
ဤအခြေအနေများနှင့် ပတ်သက်၍ အဓိက ပြည်ထောင်စုအစိုးရတွင် တာဝန်ရှိသည်ဟု ဆိုနိုင်ပါသည်။ သို့သော် တရုတ် ကုမ္ပဏီများသည်လည်း တာဝန်ခံမှု တာဝန်ယူမှု ရှိရန် လိုအပ်ပေလိမ့်မည်။
၂၀၁၇ ခုနှစ် မေလ ၂၂ ရက်နေ့က ဒေသခံ ၁၀၀၀ ကျော် တို့ လှေအစီး ၂၂၀ နှင့် CNPC သို့ သွားရောက်ပြီး ရေလမ်း ကြောင်း ပိတ်ပင်ခံရမှုနှင့်ပတ်သက်၍ ဆန္ဒပြရာတွင် CNPC လက်အောက်ခံ SEAOP ဒု ဥက္ကဌ မစ္စတာ လီဇိလင် (Li Zilin) က “ဒေသခံတွေ တောင်းဆိုတဲ့အချက်တွေက ကုမ္ပဏီတာဝန်ထက် ကျော်လွန်နေပါတယ်။ ဒါကို အစိုးရကို တင်ပြပေးပါ မယ်” ဟု ဆိုသည်။
အထက်ပါ ပြောကြားချက်သည် လက်ခံနိုင်ဖွယ် ရှိသော်လည်း ကုမ္ပဏီ၏ တာဝန်ယူမှု တာဝန်ခံမှု အား ပစ်ပယ်၍ မရပေ။
၂၀၁၇ မေ ၂၂ ရက်နေ့ မဒေးကျွန်း ရေပေါ်ဆန္ဒပြပွဲအပြီး CNPC မှ တာဝန်ရှိသူ တချို့မှ စာနယ်ဇင်းများသို့ ပေးပို့ရှင်းလင်း သည့် အချက်အလက် တချို့၌ တာဝန်ခံမှု မရှိသည်မှာ စိတ်ပျက်စရာဖြစ်သည်။
သို့သော် အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုပေးပို့သော ရှင်းလင်းချက်တွင် မည်သည့်ကုမ္ပဏီ မည်သူမည်ဝါမှ ဟူ၍ လက်မှတ် ရေးထိုးထားမှု မရှိခြင်းဖြစ်သည်။ တရုတ်တို့၏ အလွတ်သဘောပြောဆိုမှုဟု ဆိုရပါမည်။
ထိုရှင်းလင်းချက်စာတွင် ဖော်ပြထားသည်မှာ သင်္ဘောလမ်းကြောင်းနှင့်ပတ်သက်၍ တရုတ်ကုမ္ပဏီ အနေနှင့် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း နှင့်အညီ လျှောက်ထားတင်ပြပြီး ခွင့်ပြုချက်ရရှိ၍ အသုံးပြုခြင်း ဖြစ်သည်။
နိုင်ငံတကာသင်္ဘော ဝင်လမ်းကြောင်းသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု အောက်တွင်ရှိပြီး မည်သူမဆို ဥပဒေကို နာခံ ရမည် ဟူ၍ ရှင်းလင်းထားသည်ကို တွေ့ရသည်။
အဆိုပါရေလမ်းကြောင်းသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်ဆိုသော်လည်း ရေလုပ်သား ၂၀၀၀ ခန့် သည် သူတို့၏ မိသားစုများအတွက် အသက်မွေးဝမ်းကျောင်း ပြုသည့်နေရာ ဖြစ်သည်။ ထိုအချက်နှင့်ပတ်သက်၍ နှစ်နိုင်ငံ ဆွေးနွေးစဉ်က ထည့်သွင်းတွက်ချက်မှု မပြုခဲ့ခြင်း ဖြစ်ကောင်း ဖြစ်မည်။
သို့သော် လက်ရှိ အဆိုပါပြဿနာအား လက်ငင်း တွေ့ရှိနေရချိန်တွင် ပြည်ထောင်စု အစိုးရတွင် အဓိက တာဝန်ရှိသကဲ့သို့ တရုတ်တို့ အနေနှင့် တာဝန်ရှိမှု တာဝန်ခံမှု အရ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။
မြန်မာပြည်တွင်း တရုတ်ကုမ္ပဏီအများစုမှာ ပြဿနာ တစုံတရာဖြစ်ပွားလျှင် အစိုးရနှင့် သဘောတူညီမှု ရပြီးသား ဖြစ်၍ မိမိနှင့် မဆိုင်ဟု ငြင်းပယ်လေ့ ရှိကြသည်။ ဤသို့ ငြင်းပယ်မှုများသည် တရုတ်တို့၏ တာဝန်သိမှု တာဝန်ခံမှု အတွက် မေးခွန်း ထုတ်ဖွယ်ဖြစ်ပြီး တရုတ်ကုမ္ပဏီများ၏ ပုံရိပ်ကို များစွာ ထိခိုက်စေသည်သာ ဖြစ်သည်။
ထို့အပြင် အဆိုပါ ရွှေဂက်စ် စီမံကိန်းသည် နိုင်ငံ ၄ နိုင်ငံ ကုမ္ပဏီ ၆ ခု ပူးပေါင်းထားသည် မှန်သော်လည်း အရှေ့ အလယ် ပိုင်း မှ ရေနံတင်ပို့ခြင်းသည် တရုတ်တို့နှင့် အဓိက သက်ဆိုင်ပြီး တရုတ်တို့ အဓိကအကျိုးရှိသည့် လုပ်ငန်းကြီး ဖြစ်ပေသည်။
အရှေ့အလယ်ပိုင်းဒေသမှ တရုတ်ပြည်အရှေ့ဘက် ပင်လယ်ဆိပ်ကမ်းမြို့များသို့ ရေကြောင်းခရီးအားဖြင့် ကီလိုမိုင် ၅၀၀၀ ခန့် သက်သာစေသော ခရီးဖြစ်သည်။ ထိုအချက်အား တရုတ်တို့ အလေးထားရန် လိုအပ်သည်။
သို့ဖြစ်ရာ ဒုတိယပြဿနာဖြစ်သော ထည့်သွင်းတွက်ချက်ထားခြင်း ရှိပုံမရသော ရေလမ်းကြောင်း အသုံးပြုခြင်း ဖြစ်ပေါ် လာသည့် ဒေသခံများ အသက်မွေးဝမ်းကျောင်း ထိခိုက်မှုပြဿနာအား ပြည်ထောင်စု အစိုးရနှင့်ပူးပေါင်းပြီး ဖြေရှင်းသည့် နည်းလမ်း ရှာဖွေကြရန် လိုအပ်ပေမည်။
တတိယအနေနှင့် ဆိုလျင် ထင်ရှားသည့် အမှတ်လက္ခဏာကြောင့်ဟု ဆိုနိုင်သည်။ ပိုက်လိုင်း စီမံကိန်း စတင်သည့် အချိန် က ပိုက်လိုင်းမြှုပ်နှံရာ လမ်းကြောင်းတလျှောက် ကန့်ကွက်သံများ ဆူညံခဲ့သော်လည်း လျော်ကြေးပြဿနာ ဖြေရှင်းခြင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြင့် ပြန်လည်တုံ့ပြန် ဖြေရှင်းခဲ့သည်။
သို့သော် ယခုအခါ ပိုက်လမ်းကြောင်းတလျှောက် ကန့်ကွက်သံ သိပ်မကြားရပါ။ အကြောင်းတခုမှာ ပိုက်လိုင်း ကလည်း မြေအောက် ရောက်သွားပြီဖြစ်ရာ လူမြင်ကွင်းတွင် မရှိတော့ပေ။ လူများအာရုံစိုက်ခြင်း သိပ်မရှိလှတော့ပေ။
ထပ်ဆင့် တွန်းအားပေးရုံများ ဆိုသည်မှာလည်း ကြီးကြီးမားမားများ မဟုတ်လှ။ မဒေးကျွန်းရှိ Terminal ကား လူမြင်ကွင်း ၌ သိသိသာသာဖြစ်ပြီး လူများ အာရုံစိုက်မိသည့် နေရာဖြစ်သည်။ ရေနံတင် သင်္ဘောကြီးများလည်း မပြတ်ဝင်ထွက်နေ သည့် နေရာဖြစ်၍ လူူအများ ပိုပြီး အာရုံစိုက်မိကြသည်။
ထို့အပြင် ပင်မရေနံ Terminal သည် အခြေစိုက်ရာ ဒေသရှိ လူထုနှင့် နေ့စဉ်ထိတွေ့မှု ရှိနေသည်။
ဤသို့သော အခြေအနေတွင် သိသာ၍ လူအာရုံစိုက်သော နေရာများတွင် လူမှုအကျိုးပြု လုပ်ငန်း၊ ဒေသဖွံ့ဖြိုးမှု လုပ်ငန်း များ ပြုလုပ်ခြင်း အလေးပေးရန်လိုသည်။
သို့ဖြစ်ရာ တရုတ်တို့ အနေနှင့် ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်ရာ အလေးထား လုပ်ဆောင်ရမည့်နေရာ ရွေးချယ် ရာတွင် လိုအပ်ချက်ရှိခဲ့သည်ဟု ဆိုရမည်။ ဤအချက်ကို တရုတ်တို့ ပြန်လည်သုံးသပ် ထည့်သွင်းစဉ်းစားရန် လိုအပ်ပေ လိမ့် မည်။
တရုတ်တို့ ဆိုသကဲ့သို့ မဒေးကျွန်းပေါ်ရှိ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်မီးရရှိရေးတို့ အတွက် အဓိက တာဝန်ရှိသူမှာ ပြည်ထောင်စု အစိုးရဖြစ်သည်မှာ ငြင်းပယ်ရန်မရှိပေ။ သို့သော် တရုတ်တို့၏ တာဝန်သိမှု တာဝန်ခံမှုလည်း လိုအပ်သည်။
တရုတ်တို့အနေနှင့် လက်ရှိရင်းနှီးမြှုပ်နှံမှုအပြင် ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ OBOR ဟုခေါ်သည့် ခေတ် သစ် ပိုးလမ်းမကြီး စီမံကိန်းအား ဆောင်ရွက်ရန် စိုင်းပြင်းနေကြသူများ ဖြစ်သည်။ သူတို့၏ စီမံကိန်းများ ရင်းနှီးမြှုပ်နှံမှု များ သည် ထိုတိုင်းပြည်အတွက် လည်းကောင်း၊ ဒေသခံများအတွက် လည်းကောင်း အကျိုးရှိစေသည် ဆိုသည်ကို ပြသနိုင်ရန် လိုအပ်သည်။
တရုတ် CNPC နှင့် သူ၏လက်အောက်ခံ ကုမ္ပဏီများဖြစ်သည့် SEAGP နှင့် SEAOP တို့ ဘီလီလျံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံ ထားသည့် မဒေးကျွန်းကဲ့သို့ အိမ်ခြေ ၇၁၀၊ လူဦးရေ ၃၀၀၀ ခန့်သာရှိသည့် နေရာတွင် သိသာသောလူမှု ဘဝ အပြောင်း အလဲကို မပြနိုင်ပါက တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုကို ဒေသခံတို့က ကြိုဆိုရန် ခက်ခဲနေပေဦးမည် ဖြစ်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖော်ထုတ်ရန် တရုတ်နှှင့်မြန်မာ အစိုးရတို့ သဘောတူညီချက် ရရှိပြီး ဖြစ်သည်။ တရုတ် ဘက်မှ တရုတ်အစိုးရပိုင် CITIC – China International Trust Invesment Corporation တရုတ် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ကော်ပိုရေးရှင်းမှ လုပ်ကိုင်မည်ဖြစ်သည်။
မြန်မာ အစိုးရဘက်မှ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ခေါင်းဆောင်သော ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကော်မတီ ဖွဲ့စည်းထားပြီး မြန်မာဘက်မှ ပါဝင်လုပ်ကိုင်မည့် ကုမ္ပဏီ ၂၁ ခုအား ရွေးချယ်ထားပြီး ဖြစ်သည်။
ကျောက်ဖြူ အထူးစီပွားရေးဇုန် ကနဦးစီမံကိန်းကို မြေဧရိယာ ၄၂၈၉.၃၂ ဧကပေါ်တွင် ပြုလုပ်မည်ဖြစ်သည်။ ထို စီမံကိန်း တွင် ရမ်းဗြဲကျွန်းနှင့် မဒေးကျွန်း တံတားထိုးရေး စီမံကိန်းတခုနှင့် မဒေးကျွန်းပေါ်တွင် ကွန်တိန်နာ ကုန်တင်ကုန်ချ ဆိပ်ခံ တခု ဆောက်လုပ်ရန်လည်း ပါရှိသည်။
ထိုစက်မှု ဇုံတွင် အသုံးပြု မည့် လျပ်စစ်ဓါတ်အားထုတ်လုပ်ရေးစီမံကိန်းတခုလည်း ပါဝင်ဖွယ်ရှိသည်။ အစောပိုင်း သတင်း များအရ တရုတ်အစိုးရပိုင် CITIC က ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၇.၃ ဘီလျံ မြှုပ်နှံပြီး ရှယ်ရာဝေစု ၇၀ မှ ၈၅ ရာခိုင်နှုန်းထိ ပါဝင်ခွင့်ရရန် တောင်းဆိုထားသည်ဟု Reuters သတင်းတရပ်အရ သိရှိရသည်။
မြန်မာဘက်က ၅၀ ရာခိုင်နှုန်းစီ ပြုလုပ်ရန် တောင်းဆိုထားပြီး သဘောတူညီမှု မရရှိသေးဟု ဆိုသည်။ ကျောက်ဖြူ အထူး စီးပွားရေးဇုန်တွင် တရုတ်တို့က ကနဦးမြှုပ်နှံမှု အဖြစ် ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုပါသည်။
အတိုင်းအတာ ကြီးမားသည့် ထိုကျောက်ဖြူ အထူစီးပွားရေးဇုန် SEZ စီမံကိန်းသည် ရခိုင်ဒေသခံများကို လှုပ်လှုပ် ခတ်ခတ် ဖြစ်စေပါသည်။
အထူးစီးပွားရေးဇုန် ကနဦးပြင်ဆင်မှုများ
ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက်ဟု ယူဆရသည့်၊ မြေပြင် ကနဦးပြင်ဆင်မှုဟု ယူဆရသည့် ပြင်ဆင်မှုမှာ ၂၀၁၄ ခုနှစ်အတွင်း ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့်ပြုလုပ်ခဲ့သော သိုင်းချောင်းဆည်တမံ ဖြစ်သည်။
ကျောက်ဖြူမြို့နှင့် ၁၂ မိုင်အကွာတွင် ဒေသခံ လယ်သမားများ၏ လယ်ဧက ၄၀ အား လျော်ကြေးငွေ တဧကလျှင် ကျပ် ၃၆ သိန်းပေး၍ သိမ်းယူ တည်ဆောက်ခဲ့သည့် ရေဂါလန် သန်း ၂၄၀ ခန့် ဆံ့သည့် ရေလှောင်တမံဖြစ်သည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွက် သောက်သုံးရေ ပေးဝေရန် ရည်ရွယ်၍ ဆောက်လုပ်ထားသည်ဟု ယူဆရသည်။
၎င်းဆည်တမံ ဆောက်လုပ် ပြီးစီးသွားသော်လည်း မြေသားခိုင်ခန့်မှု ရှိပုံမရ၍ ရေသိုလှောင်မှု ပြုလုပ်ခြင်း မရှိသေးပေ။
အကယ်၍သာ ဤတာတမံသည် ကျောက်ဖြူမြို့ ရေပေးရေး အတွက် မဟုတ်ဘဲ အထူးစီးပွားရေးဇုန် အတွက် ဆောက် လုပ်သည်မှာ သေချာပါက ပြည်ထောင်စု အစိုးရ၏ အထူးစီမံကိန်းအား ပြည်နယ်ဘတ်ဂျက်ဖြင့် ပံ့ပိုးရသည်မှာ စိတ်ဝင် စားစရာ ကိစ္စတရပ်ဖြစ်ပေလိမ့်မည်။
လက်ရှိ ကျောက်ဖြူမြို့၌ စည်ပင်သာယာ ရေပေးဝေရေး စနစ်တရပ် မရှိသေးဘဲ မိရိုးဖလာ ရေတွင်းများနှင့် ပုဂ္ဂလိက စက်ရေတွင်းများမှ နီးစပ်ရာ တပိုင်တနိုင် ရေဖြန့်ဖြူးသည်ကိုသာ အသုံးပြုနေကြသည့် အခြေအနေတွင်သာ ရှိပါသည်။
တရုတ် CITIC ဘက်မှ ပြင်ဆင်မှုအဖြစ် စက်မှုဇုန်နှင့် ဆက်စပ်နေသည်ဟု ယူဆရသော ကျေးရွာ ၅၀ အား တရွာလျှင် ကျပ်ငွေ သိန်း ၃၀၀ ဖြင့် စုစုပေါင်း သိန်း ၁၅၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၁.၁ သန်းခန့်) ချေးငွေအား၂၀၁၅ ခုနှစ်မှ စတင် ထုတ်ချေး ပေးထားသည်ဟု သိရသည်။
ထိုချေးငွေကို ရွာသားများ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုရန် ကျေးရွာ အလိုက် တာဝန် ယူရသည့် ဝိုင်းကြီးချုပ် စနစ်ဖြင့် ထုတ်ချေးပေးထားသည်ဟု ဆိုပါသည်။
တရုတ် CITIC အတွက် ဒေသခံများ စည်းရုံးသည့် လူမှုရေး အထောက်အကူပြုမှု အစီအစဉ် တရပ်ဖြစ်ပြီး လက်တွေ့ ဒေသခံ များအတွက် မည်မျှ အကျိုးရှိသည် ဆိုသည်ကိုတော့ မသိရသေးပေ။
မြေယာပြသနာ
ပထမဆုံး ကြုံတွေ့ရမည့် ပြဿနာမှာ မြေယာပြဿနာဟု ဆိုရပါမည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွက် လျာ ထားသည့် မြေပမာဏမှာ ကျေးရွာအုပ်စု ၉ အုပ်စု ကျေးရွာ ၃၅ ရွာမှ ပိုင်ဆိုင်နေသော ဆက်စပ်နေသော မြေ ၄၂၈၉.၃၂ ဧက ဟု ဆိုပါသည်။ အဆိုပါ ဧရိယာတွင် အောက်ပါ မြေအမျိုးအစားများ ပါဝင်သည်ဟု သိရသည်။
မြေလွတ်မြေရိုင်း ၁၈၆၉.၃၃ ဧက
လယ်မြေ ၉၉၈.၅၀ ဧက
ဥယျာဉ်မြေ ၆၄၅.၉၅ ဧက
ဓနိမြေ ၇၂.၀၀ ဧက
အခြားနည်း အသုံးပြုခွင့်မြေ ၁၁၅.၇၀ ဧက
လမ်းမြေ ၂.၄၀ ဧက
ဆည်ကန်တာတမံမြေ ၄၆၉.၉၆ ဧက ဟု ပိုင်းခြား သတ်မှတ်ထားသည်ဟု ဆိုပါသည်။
ဤမြေယာပြဿနာတွင် ပြည်ထောင်စုအစိုးရ ကြည့်မြင်ပုံနှင့် ဒေသခံတို့ ကြည့်မြင်ပုံ မတူကြပေ။ ကြည့်မြင်ပုံ မတူကြသည့် အဓိက အချက်မှာ မြေလွတ်မြေရိုင်း ဆိုသည့် ပြဿနာဖြစ်သည်။
အစိုးရဘက်က လယ်မြေ၊ ဥယျာဉ်မြေ၊ ဓနိမြေ၊ ရွာမြေ အစရှိသည်တို့ကို ပုဂ္ဂလိကပိုင်ဆိုင်မှု အဖြစ် အသိအမှတ်ပြု သော် လည်း အခြားမြေများအား အစိုးရပိုင် မြေလွတ်မြေရိုင်းများအဖြစ် သဘောထားသည်။
ဆက်လက်ဖော်ပြပါမည်။
(မောင်မောင်စိုးသည် ရန်ကုန်အခြေစိုက် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)
ဆက်စပ်ဖတ်ရှုရန် –
ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း – ၁)
ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း – ၂)
ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း – ၃)