ဆောင်းပါး

ကရင်တို့ရိုးရာ နတ်စားခြင်းဓလေ့

Want create site? Find Free WordPress Themes and plugins.

နေပြောက်လေးများ ထိုးဆင်းနေသည့် ဝါးထရံကာ အိမ်တွင်းခန်းလေးအတွင်း ဦးချစ်တို့ မိသားတစု တိတ် တဆိတ်ပင် ထိုင်နေကြလေသည်။

တိတ်ဆိတ်မှုနှင့်အတူ သူတို့ရဲ့မျက်လုံးများကတော့ ရှေ့တွင်ချခင်းထားသည့် စားပွဲအပေါ်က ပြင်ဆင်ထားမှုကို လို အပ်မှု ရှိမရှိ စူးစမ်းရင်း မှတ်သားနေလေသည်။ ခုံပေါ်တွင်တော့ ပြုတ်ထားသည့် ဝက်သားကလီစာ၊ အသား၊ ထမင်းတို့က ဗန်း နှင့်အပြည့်ပင် ရှိနေသည်။

ထိုအချိန်တွင် ရှေ့မှာရှိနေသည့် နတ်ဆရာ (ရိုးရာနတ် ယုံကြည်သူတွေအတွက် တင်မြှောက်ပေးသူ) ဖြစ်သူအား လှမ်း ကြည့်လိုက်စဉ် ပါးစပ်က တတွတ်တွတ်ရွတ်ဆိုရင်း လိုအပ်သည်များပြင်ဆင်ကာ အလုပ်ရှုပ်နေတော့သည်။

သူတို့သည် ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးများဖြစ်သည့်အလျောက် ကရင်ရိုးရာဓလေ့အရ နတ်စားခြင်း (ကရင်ရိုးရာ ကြက်၊ ဝက် အသားနှင့် ဆက်သခြင်း) ကို ပြုလုပ်နေခြင်း ဖြစ်သည်။

နတ်စားခြင်း ရိုးရာဓလေ့သည် ကရင်ရိုးရာ စာပေနှင့်ယဉ်ကျေးမှုကို သင်ကြားပေးသည့်လူမျိုးကို စောင့်ရှောက်သည့် “ဖု ထော်ကလို့” ကို အစွဲပြုရာက လူမျိုး မပပျောက်ရေးအတွက် နတ်ဆက်သခြင်းကို ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း ပြု လုပ်လာခဲ့ခြင်းဖြစ်သည်ဟု မှတ်သားရကြောင်း နတ်ဆရာက ရှင်းပြလေသည်။

ရိုးရာနတ်ကို ပင့်ဖိတ်ရန် ရှေးဦးစွာ စားပွဲခုံပေါ်ရှိ ကန်တော့ပွဲအုန်းသီးပေါ်တွင် ဖယောင်းတိုင်တတိုင်ကို မီးထွန်းညှိလိုက် ပြီး မိသားစုဝင်များအား အစားအသောက်များနှင့် ပြင်ဆင်ထားသည့်ခုံကို ထိကိုင်ထားစေကာ နတ်ဆရာက စတင်လေ တော့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း နေထိုင်သည့် ဦးချစ်တို့မိသားစုသည် ကျေးလက်တို့ထုံးစံ ခြံစိုက်၊ မွေး မြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းသူများဖြစ်ပြီး ရိုးရာဓလေ့ နတ်စားခြင်းကို ပြုလုပ်ရန် လွန်ခဲ့သည့် ၁၀ ရက်ခန့်ကပင် ပြင်ဆင်ခဲ့ခြင်းဖြစ်လေသည်။

“ဒါက မိသားစုရိုးရာ၊ အလှူတခုလို သဘောထားသလို မိသားစုတွေပြန်စုံရတဲ့ ပွဲတခုလို့လည်း ပြောလို့ရတယ်၊ ဒီလို လုပ်ရင် သီးနှံတွေ အထွက်တိုးသလို ကျန်းမာရေးတွေ ကောင်မွန်းတယ်လို့လည်း ယုံကြည်တယ်” ဟု ဦးချစ်က ပြော ပြသည်။

ဦးချစ်တို့ရွာလေးသည် တွံတေးမြို့မှ ၈ မိုင်ခန့်ကွားဝေးပြီး ယခင်က မြို့နှင့်လမ်းပန်းဆက်သွယ်ရေးတွင် စက်တပ် သင်္ဘောများဖြင့်သာ သွားလာခဲ့ရသော်လည်း ယခုအခါတွင် ရွာအတွင်းသို့ပင် ကားများဖြင့် သွားလာနိုင်နေပြီဖြစ် သည်။

ရွာအတွင်း အခြေချနေထိုင်သူအားလုံးသည်လည်း ငါးမွေးမြူရေး၊ ကွမ်းခြံစိုက်ခြင်းနှင့် တပိုင်တနိုင်စိုက်ပျိုးရေး လုပ် ကိုင်ကြသူ အများစုဖြစ်ပြီး ကလေးများပညာရေးအတွက် အလယ်တန်းအဆင့် စာသင်ကျောင်းကို ရွာ၌ပင် ဖွင့်လှစ် ထားလေသည်။

ရိုးရာနတ်မစားမီ တရက်၌ပင် ဦးချစ်တို့မိသားစုတွေ အိမ်မှာ စုံနေကြပြီဖြစ်သည်။ ဝိုင်းဝန်းလုပ်ကိုင်ပေးသည့် ရပ်ဆွေ ရပ်မျိုးများဖြင့် နေအိမ်တွင် ဆူညံစွာ ရှိနေကြပြီး စကားဝိုင်းဖွဲ့နေသည့် လူကြီးများကိုလည်း ရေနွေးကြမ်းဖြင့် ဧည့်ခံထား လေသည်။

နတ်စားသည့်နေ့တွင် အိမ်ခန်းအတွင်း ပြင်ဆင်မှုပြီးသည်နှင့် နတ်ဆရာမှ ကရင်ရိုးရာကို စောင့်ရှောက်သည့် နတ်(ဖု ထော်ကလို့) ကို တိုင်တည်ပင့်ဖိတ်လိုက်ပြီး ဆက်လက်ကာ အမိုးနှင့် ဖထီးကိုလည်း ဖိတ်ခေါ်လေတော့သည်။ တိုင် တည် ပင့်ဖိတ်ရာတွင်လည်း ကရင်ဘာသာဖြင့် ပင့်ဖိတ်သလို ဗမာဘာသာဖြင့် ပင့်ဖိတ်သူတွေလည်း ရှိတတ်သည်။

မည်သို့ပင်ဖြစ်စေ ရိုးရာစောင့်ရှောက်သည့်နတ်ကို တိုင်တည်မှုသည် အားလုံးအတူတူပင်ဖြစ်သည်။ ရိုးရာ နတ်စားကြသူ များတွင် ဗမာကရင်၊ တလိုင်းကရင်ဟူ၍ ကွဲပြားမှုရှိပြီး လုပ်နည်းလုပ်ဟန်တွေကလည်း အနည်ငယ်ကွဲပြားမှု ရှိပေသည်။

ကွဲပြားမှုဟုဆိုရာတွင် နတ်စားသူအချို့သည် နတ်စားမည့် ဝက်ကိုပေါ်ရာတွင် ခြေလက်၊ ဦးခေါင်းများဖြတ်ကာ ခြေ လက် အချောင်းအတိုင်း ပြုလုပ်ခြင်းဖြစ်ပြီး အချို့သည် ဖြတ်ထားသည့် ဦးခေါင်း၊ ခြေလက်များကို အပိုင်းသေးတွေ ထပ်မံခုတ် ပိုင်းကာ ပြုလုပ်ခြင်း ဖြစ်လေသည်။

ထိုနည်းတူပင် နတ်စားမည့်ကြက်ကိုလည်း အကောင်လုံးအတိုင်းပြုလုပ်သူနှင့် အပိုင်းပိုင်းခုတ်ပြီးမှ ပြုလုပ်သူဟူ၍ ဖြစ် လေသည်။

ဦးချစ်တို့မိသားစုအနေနဲ့တော့ ဝက်ကို ခြေ၊ လက်တွေ မခုတ်ပိုင်းတော့ဘဲ အချောင်းတိုင်းပင် ဖြတ်ကာ ပြုလုပ်ပြီး ကြက် ကို အကောင်လိုက်ပင် ပြုလုပ်လေ့ရှိသူတွေပင်ဖြစ်လေသည်။

ရိုးရာဓလေ့နတ်စားဖို့ပြင်ဆင်ရာတွင် နတ်စားမည့်နေ့မတိုင်မီ ညဦးပိုင်း၌ ဦးစွာ နတ်ဆွမ်းတင်ခြင်း ပြုလုပ်ရလေသည်။ နတ်ဆွမ်းတင်ခြင်းသည် ဦးရှင်ကြီးနတ်ဆွမ်းတင်ခြင်းနှင့် အတူတူပင်ဖြစ်ပြီး ပြောဆိုတိုင်တည်မှုတွင် ကွဲပြားကြောင်း နတ်ဆရာက ရှင်းပြလေသည်။

နတ်မစားမီ ညတွင် မိသားစုဝင်များအနေဖြင့် နေအိမ်တခုတည်းတွင် စုစည်းအိပ်ကြရပြီး မိသားစုဝင်များသူတွေအနေ နှင့် အိမ်ခွဲ၍ အိပ်ကြသော်လည်း တအိမ်နှင့်တအိမ်ကို အပ်ချည်ကြိုးလေးများဖြင့် သွယ်တန်းချိတ်ဆက်ထားရလေသည်။

၎င်းသည် နတ်စားသူများ၏ဓလေ့အရ လုပ်ဆောင်ရသည့်အချက်တခုဖြစ်ပြီး အကြောင်းအရာတခုခုကြောင့် နတ်စား ရာသို့ မလာရောက်နိုင်သည့်သူရှိလျှင် နတ်စားသည့်အခါ၌ ၎င်းအတွက် သီးသန့်ဖယ်ကာ စွန့်ပစ်မှု ပြုရလေသည်။

နတ်စားခြင်းသည် မနက်အစောပိုင်းတွင် ကြက်ဖို၊ ကြက်မ နှစ်ကောင်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် ဝက် ဖြင့်ပြုလုပ်ခြင်းဖြစ်ကာ ထမင်း၊ ကွမ်း၊ ဆေးလိပ် စတာတွေကတော့ မနက်၊ နေ့လယ် အတူတူပင် ဖြစ်သည်။

ရိုးရာအရ နတ်စားရာတွင် အချို့မှာ ဝက်မပါဘဲ ကြက်ဖြင့်သာ ပြုလုပ်သူများလည်းရှိကြောင်း ကရင်တိုင်းရင်းသား နတ်ဆရာတဦးဖြစ်သူ မန်းလှမိုးက ရှင်းပြသည်။ ထိုသို့ပြုလုပ်သူတွေကို ရှောင်ကရင်ဟု ခေါ်ဆိုကြောင်းလည်း သူက ဆိုသည်။

နတ်စားမည့် ကြက်နှင့်ဝက်သည် ဒဏ်ရာနှင့် ခြေ၊ လက်များ နာခြင်းမရှိရပေ။ ထိုသို့ဖြစ်နေပါက နတ်စားခြင်း မအောင် မမြင်ဖြစ်တတ်ကြောင်း အယူရှိကြလေသည်။ လူတချို့ကတော့ ကိုယ်တိုင်ပင် မွေးမြူထားတတ်ကြသည်။

နတ်စားသည့်နေ့တွင် ဦးချစ်တို့မိသားစု နံနက် ၄ နာရီခန့်ကတည်းက ထ၍ချက်ပြုတ်နေကြပြီး ကြက်ဖို၊ ကြက်မဖြင့် မနက်ပိုင်းရိုးရာတင်ခြင်း ပြုလုပ်ရန် ပြင်ဆင်ရကြလေသည်။

မနက်ပိုင်းကြက်ဖြင့် ပြုလုပ်ရာတွင် ရိုးရာစောင့်ရှောက်သည့်နတ်နှင့် အမိုးနှင့်ဖထီးကို တိုင်တည်ဆက်သပြီးချိန်၌ မိ သားစုဝင်များထဲက အသက်အကြီးဆုံးမှစတင်ကာ အသက်အလိုက် အငယ်ဆုံးအထိ ကြီးစဉ်ငယ်လိုက် စားကြတော့ သည်။ ရိုးရာနတ်၏စွန့်ကျဲခြင်းကို စားပြရာတွင် တလုပ်ဖြစ်စေ၊ သုံးလုပ်ဖြစ်စေ ထမင်းအလုပ်ရေအားဖြင့် မိသားစုတခု နှင့်တခု မတူကြပေ။

ဦးချစ်အတွက်ပြုလုပ်သည့်နေ့တွင် ဦးချစ်၏မိခင်မှ စတင်စားရပြီး ဇနီးဖြစ်သည့်ဒေါ်အေးအတွက် ပြုလုပ်သည့်နေ့တွင် ဒေါ်အေး၏ မိဘများဆုံးပါးသွားပြီဖြစ်သည့်အတွက် ဒေါ်အေးကပင် စတင်ပြီး စားလေသည်။

နေ့လယ်ပိုင်းပြုလုပ်ရာတွင် ဦးချစ်အတွက် ဝက်အထီးနှင့် ပြုလုပ်ရပြီး ဇနီးဖြစ်သည့် ဒေါ်အေးအတွက်ကိုမူ ဝက်အမဖြင့် ပြုလုပ်ရလေသည်။ ပြုလုပ်ရာတွင် ဝက်မပေါ်မီ ကာယကံရှင်ဖြစ်သည့် ဦးချစ်က ရိုးရာဓလေ့အတိုင်း ဝက်၏ဦးခေါင်း၊ ခြေ၊ လက်တွေကို ရေလောင်းကာ ဦးခေါင်းကို စတိအနေနှင့် ကျည်ပွေ့ဖြင့် ထုလိုက်လေသည်။

ဝက်ပေါ်ပြီးသည့်အခါ နတ်ဆက်ရန် ပယ်မည့်အသား ဖယ်သူက ဖယ်၊ ချက်ဖို့ ခုတ်ထစ်သူနှင့် ကျန်သည့်အသားများ ကို ရောင်းချရန် ပြင်ဆင်သူများအကြား ရှုပ်ယှက်ခတ်နေတော့သည်။

တခါတရံ ကျေးရွာအတွင်း ဝက်ပေါ်ခြင်းကျဲသွားသည့်အခါ ပိဿာချိန် ၆၀ ခန့်ရှိသည့် ဝက်သည်ပင်လျှင် ရွာအတွင်း လိုက်ရောင်းရန် မလိုဘဲ ခုတ်သည့်နေရာ၌ပင် လုဝယ်ကြ၍ ကုန်သွားတတ်လေသည်။

ဝက်ပေါ်ပြီး၍ ချက်ပြုတ်နေစဉ်တွင် နတ်စားသည့်မိသားစုဝင်များသည် အိမ်ခန်းတွင်းဝိုင်းဝင်၍ မပြီးသေးမီ ဝက်သားကို မြည်းစမ်းစားသောက်ခြင်း မပြုရသည့် ကန့်သတ်ချက်လည်းရှိလေသည်။

နေ့လယ် ချက်ပြုတ်ပြီး၍ အိမ်ခန်းအတွင်း နတ်ဆက်ပုံသည်လည်း မနက်ပိုင်းနှင့် အတူတူပင်ဖြစ်သည်။ တခုထူးခြား သည်မှာ အမိုးနှင့်ဖထီးကို တိုင်တည်ဖိတ်ကြားပြီးစီးသည်နှင့် ဖုသိမ်ကျအတွက် နတ်စာကို သီးသန့်ဖက်ရွက်ဖြင့် ထုတ် ကာ ဆက်သရလေသည်။

ဖုသိမ်ကျဆိုသည်မှာ သေဆုံးသည့် အဖိုး၊ အဖွားများကို ကောင်းမွန်သည့်တဖက်ကမ်းသို့ ပို့ဆောင်ပေးသူဟု နတ်ဆရာ တဦးက ရှင်းပြဖူးပြီး သစ်ငုတ်တိုများတွင်ရှိသည်ဟု ယုံကြည်မှုရှိကြသည်။

၎င်းအတွက် နတ်စားသည့်မိသားစု အိမ်ခန်းမှ ထွက်သည်နှင့် အိမ်နှင့်နီးရာ သစ်ငုတ်တိုတခုခုတွင် နတ်စာကို သွား ရောက်ချထားပေးရခြင်းဖြစ်လေသည်။

အချို့နတ်စားသည့် ကာယကံရှင်မိသားစုများသည် မိဘနှစ်ပါးစလုံး သက်ရှိထင်ရှားရှိနေဆဲဖြစ်ပါက ဖုသိမ်ကျကို ဆက်သက်ဖို့မလိုကြောင်း ယူဆကြသည်။ ထို့ပြင် နတ်စားတိုင်း ဖုသိမ်ကျကို ဆက်သသူများလည်းရှိလေသည်။

နတ်စားဖို့အိမ်ခန်းအတွင်း ဝင်ရာတွင် မတူညီသည့် ဓလေ့တခုလည်းရှိလေသည်။ နတ်စားသည့် ကာယကံရှင်၏ မိဘ နှင့်သားသမီး မိသားစုများသာ အိမ်ခန်းအတွင်း ဝင်ရောက်ရလေသည်။ ညီအကို၊ မောင်နှမတော်စပ်သူများပင် မဝင် ရောက်ရပေ။

အချို့ဓလေ့သည် သမီးမိန်းကလေးဘက်မှ ကလေးများနှင့် သမက်တို့ဝင်ခွင့်ရှိသော်လည်း သားယောက်ျားလေး၏ ကလေးများနှင့်ချွေးမတို့သည် ဝင်ရောက်ခွင့်မရှိသည်ကိုလည်း တွေ့ရသည်။

အိမ်ခန်းအတွင်း မိသားစုဝင် အားလုံးစုံ၍ ဝိုင်းအတွင်း နတ်စားခြင်း ပြီးဆုံးသွားချိန်တွင် ဆွေမျိုးမိတ်ဆွေများအား ကျွေးမွေးရန် ဦးချစ်တို့မိသားစု ပြင်ဆင်ကြတော့သည်။

ဖိတ်ကြားကျွေးမွေးရန် နတ်စားသည့်မိသားစုက တတ်နိုင်သ၍ ဝက်သားကို ချက်ထားလေ့ရှိပြီး ပိုမိုလိုက်ဖက်ပြီး အအီ ပြေစေရန် ဟင်းရည်ချိုတမျိုးကိုလည်း ချက်ပြုတ်ထားလေသည်။

ထိုအချိန်သည် ပျော်စရာ အကောင်းဆုံးအချိန်ပင် ဖြစ်လေသည်။ လမ်းသွားလမ်းလာ ခရီးကြုံသူတွေနှင့် ကလေးများပါ မကျန် အိမ်အတွင်းဝင်ရောက်ကာ ဝိုင်းဖွဲ့စားသောက်ကြရင်း ဦးချစ်တို့ နေအိမ်ပေါ်တွင် စည်းကားလို့နေလေတော့ သည်။

ထိုသို့ နတ်စားခြင်း ရိုးရာဓလေ့ကို ဗုဒ္ဓဘာသာဝင်ကရင်လူမျိုး အများစုကသာ ပြုလုပ်ကြခြင်းဖြစ်ပြီး ခရစ်ယာန်ဘာ သာဝင် ကရင်လူမျိုးများကတော့ ပြုလုပ်လေ့မရှိကြပေ။

နတ်စားသည့်သူများပင် ဗမာကရင်နှင့် တလိုင်းကရင်ဟူ၍ ကွဲပြားမှုက ရှိနေသည်။ တချို့သည် ရိုးရာအရ နတ်စား ခြင်းကို ပြုလုပ်ခဲ့ကြပေမယ့် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် မပြုလုပ်ကြတော့သူတွေလည်း ရှိသည်။

ကရင်လူမျိုးများ အများစုနေထိုင်သည့် ဦးချစ်တို့ကျေးရွာလေးတွင်တော့ မိသားစုတိုင်းနီးပါး နတ်စားခြင်းဓလေ့ကို ပြု လုပ်လေ့ကြရှိသည်။

နတ်စားရာတွင် ကြက်၊ ဝက်အရှင်ဖြင့် ကိုယ်တိုင်မပြုလုပ်ဘဲ ပံ့သကူသား(အသေသား)နှင့် ပြုလုပ်သူများလည်းရှိ သည်။ ၎င်းပုံစံကို မြို့ပေါ်နေထိုင်သူများနှင့် ကိုယ်တိုင်ပြုလုပ်ရန် အခက်အခဲရှိသူများသာ ပြုလုပ်တတ်လေသည်။

ပံ့သကူသားနှင့် ပြုလုပ်ရန် အသားရောင်းသည့်ဒိုင်များတွင် ရိုးရာပြုလုပ်မည်ဟု လိုအပ်သည့်အစိတ်အပိုင်းများကို မှာ ယူရလေသည်။ နတ်ဆက်ခြင်းအတွက် ပြုလုပ်ပုံကတော့ ကွဲပြားမှု သိပ်မရှိလှပေ။

နတ်စားသူများတွင် အယူအဆအမျိုးမျိုးနှင့် အယူသည်းသူများလည်းရှိသည်။ အများစုက ဝါတွင်း ၄လနှင့် ရပ်ရွာ အ တွင်း နာရေးရှိလျှင် နတ်စားခြင်းကို ရှောင်ကြဉ်ကြလေသည်။

ဓလေ့အခေါ် နတ်ကိုင်ခြင်း(နတ်ပြုစားသည်) ဖြစ်သည်ဟု ယူဆမှုကြောင့် ရိုးရာအရ မဖြစ်မနေ နတ်စာခြင်း ပြုလုပ်ရ သည့်အခါများလည်း ရှိတတ်ပြီး နတ်မစားပါက ကျန်းမာရေးချို့ယွင်းကာ စီးပွားရေး ဆုံးရှုံး ပျက်စီးခြင်းများဖြစ်တတ် ကြောင်းလည်း ဒေသခံတွေက ယုံကြည်ကြသည်။

“နတ်မစားလို့ နေမကောင်းဖြစ်တာတွေ၊ လုပ်ငန်းအဆင်မပြေတာတွေ ဖြစ်ရင် နတ်စားလိုက်တဲ့အခါ အဆင်ပြေသွား တာမျိုးလေးတွေ လက်တွေ့ကြုံခဲ့တာ သာဓကတွေရှိတယ်၊ ကိုယ်က ကရင်ဖြစ်လို့ ရိုးရာရှိနေရင် နတ်စားပေးတာ ကောင်းပါတယ်”ဟု ၁၀ နှစ်ခန့် နတ်ဆရာလုပ်ခဲ့ဖူးသည့် မန်းလှမိုးက ဆိုသည်။

ဗေဒင်၊ ယတြာ ယုံကြည်မေးမြန်းတတ်သူများသည်လည်း ဇာတာတွက်ချက်မှုအရ နတ်စားလေ့ရှိပြီး အချို့ကတော့ နှစ်စဉ်ပြုလုပ်လေ့ရှိသလို နှစ်နှစ်တကြိမ်၊ သုံးနှစ်တကြိမ် အဆင်ပြေသည့်အချိန်တွင် ပြုလုပ်သူများလည်းရှိကြသည်။

“အဆင်မပြေတာလေးတွေ ကြုံလာရင် ဒါကို သွားသတိရတယ်၊ အဲဒီအချိန်မှာ ရိုးရာယုံကြည်မှုအရ နတ်စားလိုက်ရင် စိတ်ချမ်းသာမှုရတယ်၊ စိတ်ထဲလည်း သန့်သွားသလိုပေါ့”ဟု နတ်စားလေ့ရှိတဲ့ ဦးမောင်မောင်က ဆိုလေသည်။

နတ်စားခြင်းဓလေ့ကို တိုးတက်ပြောင်းလဲလာသည့် လူမှုပတ်ဝန်းကျင်အခြေအနေတွေအရ လူတချို့အတွက် နား လည်လက်ခံရန် ခက်ခဲကောင်း ခက်ခဲပေလိမ့်မည်။ နတ်စားခြင်းသည် လူမျိုးစုံ တိုင်းရင်းသားမျိုးနွယ်စုများအတွင်း ရိုး ရာဓလေ့များစွာထဲကမှ တခုသာလျှင်ဖြစ်လေသည်။

ဗုဒ္ဓဘာသာကိုးကွယ်သည့်ကရင်လူမျိုးများ၏ ရိုးရာဓလေ့အရ ဒေသအလိုက် နတ်ဟူ၍ယုံကြည်မှုသည်ပင်လျှင် ကရင် ရိုးရာအတွင်း ၅ မျိုး ထက် မနည်းရှိကြောင်း နတ်ကတော်တဦးက ရှင်းပြလေသည်။

“ယုံကြည်မှုက အမျိုးမျိုးရှိကြတာပေါ့၊ နတ်တွေအတွက် ကာယကံရှင်တွေ မသိတာကို လုပ်ပေးရတာ ကိုယ်လည်း ကု သိုလ်ရတယ်၊ ဒီလိုပဲ ခံယူထားတယ်”ဟု အဆိုပါ နတ်ကတော်က ဆက်ပြောသည်။

သူသည် နတ်ကိုးကွယ်ယုံကြည်သူတွေအတွက် ရိုးရာအရ နတ်ကန်တော့ခြင်း၊ ဆက်သခြင်းများကို မကြာခဏ ဆိုသ လို လုပ်ကိုင်ဆောင်ရွက်ပေးရလေ့ရှိပြီး နတ်ကတော်ဆိုသည်ကို အသက်မွေးဝမ်းကြောင်း အလုပ်တခုလိုပင် သဘော ထားကြောင်း ပြောလေသည်။

နတ်စားခြင်းပြီးဆုံးသည့်နေ့တွင် ဦးဆောင်ချက်ပြုတ်လုပ်ကိုင်ထားသည့်အတွက် ကာယကံရှင် ဦးချစ်မှာ ပင်ပန်းပုံ ပေါက်နေသော်လည်း မျက်နှာပေါ်တွင်တော့ စိတ်ကျေနပ်မှု အပြည့်အဝ ပေါ်လွင်နေလေသည်။

နောက်နေ့မနက်ရောက်သည့်အခါ ဦးချစ်ရော ဇနီးဖြစ်သည့်ဒေါ်အေးပါ မျက်နှာမကောင်းကြပေ။ အဝေးတွင် အိမ်နှင့်ခွဲ ကာ အလုပ်လုပ်နေကြရသည့် သားနှင့်သမီးက အလုပ်ပြန်သွားရန် နှုတ်ဆက်ကန်တော့နေချိန် ဖြစ်သည်။

“နောက်နှစ်လည်း ဒီလိုပဲပြန်ဆုံပြီးတော့ စားကြမယ်၊ အလုပ်ကို ကြိုးစားကြပါ”ဟု ဦးချစ်က သားနှင့်သမီးကို နှုတ်ဆက် လိုက်လေသည်။

(ဦးချစ်တို့မိသားစု၏ဓလေ့ကို အခြေခံရေးသားခြင်းဖြစ်၍ အခေါ်အဝေါ်၊ ပြုလုပ်ပုံ ဒေသနှင့် ရိုးရာကို လိုက်၍ ကွဲပြားမှု များလည်း ရှိနိုင်ပါသေးသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading