“ကျွန်ုပ်တို့နှလုံးသားမှ အိပ်မက်” အမည်ရှိ ဗီဒီယို၏ တက်ကြွစေသော နောက်ခံဂီတနှင့် အတူ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ၎င်းတို့၏ စခန်းတခုတွင် ရက္ခိုင့်တပ်မတော် (AA) မှ အမျိုးသားများ သာမက အမျိုးသမီးများလည်း ပါဝင်သော လူမျိုးစု ရခိုင်စစ်သားများ၏ အာခံသော ကြုံးဝါးသံများကို ကြားနေရသည်။
ထိုတပ်ဖွဲ့၏ တပ်မှူး ဗိုလ်ချုပ် ထွန်းမြတ်နိုင် သည် ကင်မရာဘက်သို့ မျက်နှာမူပြီး စကားပြော နေသည်။ “နေပြည်တော်နဲ့ မြန်မာစစ်တပ်ကို ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ ဘယ်တော့မှ အရှုံးမပေးဘူး။ ကျနော်တို့ ရည်မှန်းချက် အောင်မြင်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ် ဆိုတာပဲ” ဟု သူပြောသည်။
အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိသည့် ဗီဒီယိုတွင် ဖော်ပြထားသော ထို ရည်မှန်းချက်မှာ ရခိုင်ပြည်နယ်ကို မြန်မာဖက်ဆစ်ဝါဒနှင့် ရခိုင်ပြည်နယ်ကို နှစ်ပေါင်းများစွာ သိမ်းပိုက်ပြီး ရခိုင်ပြည်သူများကို ဖိနှိပ်နေသော မြန်မာစစ်တပ်၏ လက်မှ လုံး၀ လွတ်မြောက်စေရေး ဖြစ်သည်။
လူသိနည်းသော ရက္ခိုင့်တပ်မတော် (AA) ၏ ထူးခြားချက်မှာ ၎င်းသည် ဗဟိုအစိုးရကို ဆက်လက် တိုက်ပွဲဝင်နေသော အသေးငယ်ဆုံး လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း (EAO) ဖြစ်ပြီး ၎င်းတို့ြ ပည်နယ်မှ ဝေးကွာလှသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်း၊ အနောက်ဘက် နယ်စပ်တွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် စသည့်ကျယ်ပြန့်သော နိုင်ငံ၏ နှစ်ဖက် အစွန်းရှိ လူမျိုးစု ပြည်နယ် ၄ ခုတွင်လှုပ်ရှားနေသည် ဟူသော အချက်ဖြစ်သည်။ တပ်ဖွဲ့ဝင်အများစုမှာ ရခိုင်ပြည်နယ်မှ လာကြသည်။
၂၀၀၉ ခုနှစ် ဧပြီလတွင် စတင်ဖွဲ့စည်းပြီး ရက္ခိုင့် တပ်မတော်၏ အဓိက ရည်မှန်းချက်များမှာ ရခိုင်ပြည်သူများ အတွက် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ အမျိုးသားလက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အမျိုးသား ဂုဏ်သိက္ခာ မြှင့်တင်ရေး တို့ ဖြစ်သည်။ ၎င်း၏ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သော ရခိုင်ညီညွတ်ရေးအဖွဲ့ချုပ် (United League of Arakan – ULA) ကိုလည်း တပ်ဖွဲ့ကို ထူထောင်ပြီးနောက် မကြာမီ ဖွဲ့စည်းခဲ့သည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (Karen National Liberation Army-KNLA) နှင့်သာ ပူးတွဲလှုပ်ရှားပြီး ရခိုင်ပြည်နယ်တွင် မလှုပ်ရှားသည်မှာ ကြာပြီဖြစ်သော ပြိုကွဲလုဆဲဆဲ ရခိုင်လွတ်မြောက်ရေး ပါတီ/တပ်မတော် (Arakan Liberation Party/Army – ALP/A) နှင့် ထိုင်း-မြန်မာ နယ်စပ်မှ ၎င်း၏ နိုင်ငံရေး အဖွဲ့အစည်းတို့ အပေါ် ရခိုင်လူငယ်များ အကြား ကျယ်ကျယ်ပြန့်ပြန့် စိတ်ပျက်နေခြင်းကို တုံ့ပြန်သော အားဖြင့် ထိုတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ALP သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ၎င်း၏ အဖွဲ့ဝင်အချို့က AA ကို ထောက်ခံကြောင်း ပြောကာ ၎င်းတို့အား ထောက်ခံသူများကို မြန်မာစစ်တပ်၏ အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချကြသည်။
ရခိုင်လူမျိုးစုများ၏ နာကြည်းချက်များ အပေါ် နိုင်ငံတကာက နားလည်မှုမှာ ရိုဟင်ဂျာ မွတ်စလင် များကို ကာလကြာရှည်စွာ ဖိနှိပ်မှုနှင့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အသိုင်းအဝန်း နှစ်ခုကြား ပဋိပက္ခတို့ကို အခြေခံသည်။ ထိုအချက်ကြောင့် ရခိုင်ပြည်နယ်ကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အနိမ့်ဆုံးနှင့် ဆင်းရဲနွမ်းပါးသော ဒေသ ဖြစ်စေခဲ့သော မြန်မာအစိုးရ၏ ဆယ်စုနှစ် များစွာကြာ လျစ်လျူရှုမှု နှင့် ရှည်ကြာသော မုန်းတီးမှုကို မှေးမှိန်သွားစေခဲ့သည်။
AA အဖွဲ့သည် ရခိုင်များကို ဒုတိယဆင့် နိုင်ငံသား အဖြစ် သွယ်ဝိုက်ခေါ်သော မြန်မာစကားလုံး ဖြစ်သော ရခိုင်ဟူသည့် စကားလုံးကို ပယ်ချပြီး ကိုလိုနီခေတ်က အသုံးအနှုန်းဖြစ်သည့် အာရကန် ဟူသော စကားလုံးကို တိုက်ရိုက် အသုံးပြုသည်။ ရခိုင် ဟူသော စကားလုံးသည် ရခိုင်လူမျိုးစုများကို ဗမာစကားပျက် ဒေသိယစကား ပြောသည့် ကျေးတောသားများ အဖြစ် သတ်မှတ် လှောင်ပြောင်မှု ကိုလည်း ဖြစ်စေသည်။ အမေရိကန်တွင် တောင်ပိုင်းစွန်း ဒေသများမှ ဒေသခံများကို လူရာ မသွင်းသည့် သဘောမျိုးဆန်ဆန် ဖြစ်သည်။
ရခိုင်ဘုရင့်နိုင်ငံတော်ကို မြန်မာဘုရင်များက ၁၅ ရာစုတွင် ဖျက်သိမ်းခဲ့ပြီး ကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ်များကို မြောက်ဦးရှိ ရှေးဟောင်းမြို့တွင် ထိန်းသိမ်းထားသည်။
ဖားကန့် ကျောက်စိမ်းတွင်းများမှ မကျေမနပ်ဖြစ်နေသော ရွှေ့ပြောင်း လုပ်သားများကို ဆွဲဆောင်ရန် AA ကို မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးနှင့် အဆင့်အမြင့်ဆုံး လူမျိုးစု လက်နက်ကိုင်အဖွဲ့ ဖြစ်သော KIA က လက်ခံ လေ့ကျင့်ပေးသည်။ ၂ နှစ် အကြာ မြန်မာအစိုးရနှင့် KIA တို့အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ပျက်စီးသွားချိန် ၂၀၁၁ ခုနှစ်တွင် AA သည် မဟာမိတ် KIA နှင့်အတူ ရှေ့တန်း စစ်မျက်နှာသို့ ရောက်လာခဲ့သည်။ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး အရပ်သား တသိန်းကျော် စစ်ဘေးရှောင်ရသည်။ အရပ်သား ရာချီထိခိုက် သေဆုံးရသည်။ ရွာများစွာ ပျက်ဆီးရသည်။ နှစ်ဖက် ထိခိုက်သေဆုံးမှု ထောင်နှင့်ချီ ရှိသည်။
AA သည် ရှမ်းပြည် မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ် (Northern Alliance) ၏ အစိတ်အပိုင်း အဖြစ် လှုပ်ရှားသည်။ ထို မဟာမိတ်အဖွဲ့တွင် ကိုးကန့်တရုတ်၊ မြန်မာ့ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ နှင့် KIA တပ်မဟာ (၄) နှင့် တပ်မဟာ ( ၆) တို့ ပါဝင်သည်။ မြန်မာ့ပြည်တွင်းစစ် ၏ ရှုပ်ထွေးလှသော ဆက်ဆံရေးများ အရ AA သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ မြန်မာလူမျိုးစု စစ်သားများနှင့်လည်း ၎င်းတို့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးချိန် ၂၀၁၅ အောက်တိုဘာ အထိ ပူးတွဲလှုပ်ရှားခဲ့သည်။
ထိုမဟာမိတ် အဖွဲ့သည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မူဆယ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် တိုက်ခိုက်ခြင်း အပါအဝင် အစိုးရပစ်မှတ်များကို ထူးခြားသော ထိုးစစ်များ ပြုလုပ်လာနိုင်သည်။ ထို ထိုးစစ်အတွင်း အရပ်သား အများအပြား သေဆုံး ဒဏ်ရာရသည်။ တံတားများ ဖောက်ခွဲဖျက်စီးခံရသည်။ နောက်ဆက်တွဲ အဖြစ် မုန်းကိုးမြို့ကို သိမ်ပိုက်ပြီး မြန်မာစစ်တပ်က အမြောက်ကြီးများ၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ပြီး ယင်းဒေသတွင် တပ်စွဲ ထားခဲ့သည်။
နိုင်ငံတကာ အသိုင်းအဝန်းက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ဖိနှိပ်မှုကို အာရုံစိုက်နေ သောကြောင့် ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကို အာရုံမစိုက်မိကြ သော်လည်း ယခုနှစ်များ အတွင်း ထူးခြားသော ပြင်းထန်မှုများကြောင့် ထိုတိုက်ပွဲများကို ပြည်တွင်း အာရုံစိုက်မှု ပိုမိုမြင့်မားလာသည်။
AA ပါဝင်သော မဟာမိတ်တပ်ဖွဲ့ သည် ယခင်က MNDAA ၏ အခြေစိုက်ဒေသ ဖြစ်သော လောက်ကိုင်ကို မတ်လက ဝင်တိုက်ပြီး အဓိက ဟိုတယ်များနှင့် ကာစီနို လောင်းကစားရုံများတွင် အရပ်သား၊ ရဲသား မခွဲခြားဘဲ ပစ်မှတ်ထားကာ အမျိုးသား၊ အမျိုးသမီး အများအပြားကို လူသားတံတိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တောင်ပေါ်သို့ ဆုတ်ခွာသည်ဟု သတင်းများ အရ သိရသည်။
လွန်ခဲ့သော နှစ်အတန်ကြာ ကာလအတွင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် AA ပါဝင်လာခြင်းသည် ၎င်းတို့ ဇာတိပြည်နယ် တွင် စစ်မျက်နှာ တခုဖွင့်ရန် လေ့ကျင့်တိုက်ပွဲဝင်ပြီး တပ်ဖွဲ့ဝင်များ ချဲ့ထွင်နိုင်မှု အပေါ် အခြေခံသည်။ ၂၀၁၃ ခုနှစ်ခန့်ကပင် ၎င်းတို့၏ နိုင်ငံရေး ခေါင်းဆောင်များသည် ၎င်းတို့၏ ကချင်ပြည်နယ်မှ AA တပ်ဖွဲ့ဝင်များကို ရခိုင်ပြည်နယ်တွင် ပြန်လည် နေရာချထားပေးရန် ဦးသိန်းစိန် အစိုးရကို စည်ရုံးခဲ့သော်လည်း အစိုးရက အထောက်အပံ့ မပေးခဲ့ပေ။
၂၀၁၅ ခုနှစ်တွင်မူ AA သည် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များမှ နယ်စပ် ဒေသများနှင့် ချင်းပြည်နယ် ပလက်ဝ ရှိ ဘင်္ဂလါးဒေ့ရှ် နယ်စပ်ဒေသတွင် စစ်မျက်နှာသစ် ဖွင့်သည်။ AA နှင့် မြန်မာစစ်တပ် အကြား တိုက်ပွဲ အများအပြားတွင် ရခိုင်လက်ဖြောင့် တပ်ဖွဲ့များ ကြောင့် အရာရှိများ အပါအဝင် စစ်သားအများအပြား သေဆုံးရကြောင်း စစ်တပ်က ဝန်ခံသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အတွင်း AA နှင့် တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့သည့် အတွင်း လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းခဲ့သည် ဟု စစ်တပ်က ကြေညာသည်။ ၂၀၁၆ ခုနှစ် ဧပြီ၊ မေနှင့် ဒီဇင်ဘာတွင် မြန်မာစစ်တပ်က နယ်စပ်တလျှောက် AA လှုပ်ရှားမှုများကို ဆက်လက် တားဆီးရန် နယ်မြေ ရှင်းလင်းသဖြင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားသည်။
AA သတင်းရင်းမြစ်များ၏ အဆိုအရ AA လှုပ်ရှားမှုများကို ထိန်းချုပ်ရန် မြန်မာစစ်တပ် သည် ၎င်း၏ အနောက်ပိုင်းတိုင်းတွင် တပ်ရင်း ၁၀ ရင်း ချထားပြီး အမှတ် ၁၅ စစ်ဆင်ရေးဌာနချုပ်ကို ဘူးသီးတောင်တွင် ထားရှိသည် ဟု သိရသည်။ အမှတ် ၃၇၄၊ ၃၇၅၊ ၃၇၆ နှင့် ၅၃၉ ခြေလျှင် တပ်ရင်းများကို ကျောက်တော်တွင် ချထားပြီး အမှတ် ၃၇၇၊ ၃၇၈နှင့် ၅၄၀ ခြေလျှင် တပ်ရင်းများကို မြောက်ဦးနှင့် အမှတ် ၃၇၉၊ ၃၈၀ နှင့် ၅၄၀ ခြေလျှင်တပ်ရင်းများကို မင်းပြားတွင် ချထားသည်ဟု သိရသည်။
AA ၏ လက်ရှိ အင်အားကို ခန့်မှန်းရန် ခက်ခဲသည်။ အချို့က စုစုပေါင်းတပ်ဖွဲ့ဝင် ၁၅၀၀ ရှိသည်ဟု ခန့်မှန်းကာ ထိုပမာဏမှာ လူမျိုးစုငယ် တပ်ဖွဲ့ဝင်များ၏ စံချိန်မီ အရွယ်အစား ဖြစ်သည်။ မြောက်ပိုင်းတွင်လည်း အမျိုးသား အမျိုးသမီး တပ်ဖွဲ့ဝင် အရေအတွက်များစွာ စုရုံးမိနေသည်။ KIA သည် အင်အား ၇၀၀၀ ရှိုပြီး ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် သည် အင်အား ၂၅၀၀၀ ရှိသည်။
တိုက်ပွဲများသည် အရပ်သား အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးစေပြီး သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ၂၀၁၂ ခုနှစ် အသိုင်းအဝန်း ၂ ခုကြား ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူများ အတွက် နိုင်ငံတကာနှင့် ပြည်တွင်း ကယ်ဆယ်ရေး လုပ်ငန်းများကို တိုးချဲ့ရန် လိုအပ်လာသည်။
လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိုနှိုင်းရေးရုံး (OCHA) ၏ အစီရင်ခံစာ အရ ကျောက်တော်၊ ရသေ့တောင်နှင့် ဘူးသီးတောင်ရှိ ယာယီစခန်း ၈ ခုတွင် စစ်ဘေးရှောင် ၁၁၀၀ ရှိပြီး အရပ်သားများကို ကူညီရန် ရခိုင်ကယ်ဆယ်ရေး အေဂျင်စီများနှင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေရသည် ဟု သိရသည်။
AA ၏ အခွန်ကောက်ခြင်း၊ ဆက်ဆံရေး မကောင်းခြင်းနှင့် အတင်းအကျပ် လူသစ်စုဆောင်းသည့် သတင်းများလည်း များပြား လာသည်။ ထိုသတင်းများကို မြန်မာစစ်တပ်က ရွာများကို ရွာလုံးကျွတ် အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခြင်း၊ ဖျက်စီးခြင်း၊ သေနတ်ပြောင်းနှင့် ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ သေနတ်ထောက်အဓမ္မပြုကျင့်ခြင်း၊ လုယက်ခြင်းနှင့် နေအိမ်များကို မီးတင်ရှို့ခြင်း စသည့် ရက်စက်ကြမ်းကြုတ်မှု သတင်းများဖြင့် တန်ပြန်သည်လည်း ရှိသည်။
တိုက်ပွဲများကြောင့် AA နှင့် ပလက်ဝမှ ချင်းလူမျိုးစု အရပ်သားများ အကြား တင်းမာမှုကိုလည်း ပိုမိုဆိုးရွားစေကာ ချင်းလူမျိုးစု ခေါင်းဆောင်များ၏ လူသိရှင်ကြား ဝေဖန်မှုနှင့် ချင်းအရပ်သားများ ကို AA က ဖမ်းဆီးကာ အတင်းအကျပ် အလုပ်စေခိုင်းသည်၊ အရပ်သား နေရာများတွင် မြေမြှုပ်မိုင်းထောင်သည် ဟူသည့် ချင်းလူ့အခွင့်အရေး အဖွဲ့များ၏ အစီရင်ခံစာများကို ပေါ်ထွက်လာစေသည်။
ကျယ်ပြန့်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မိုင်းထောင်ခြင်းများ အတွက် ချင်းနိုင်ငံရေး ပါတီးများက တဖက်ဖက်ကို အတိအကျ မဟုတ်ဘဲ နှစ်ဖက်လုံးကို အပြစ်တင် ရှုတ်ချသည်။ အမျိုးသမီးများနှင့် ကလေးများ အများစုဖြစ်သောချင်း အရပ်သား ၃၀၀ ခန့်သည် ချင်းပြည်နယ် ရာလီကျေးရွာမှ ချင်းအမျိုးသားများကို AA က ဖမ်းဆီးနေသည် ဟု ဆိုကာ မြန်မာဘက်မှ အရှေ့မြောက်အိန္ဒိယ မီဇိုရမ်ပြည်နယ်သို့် ထွက်ပြေးလာသည် ဟု အန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။
AA က ထိုစွပ်စွဲချက်ကို ဖေ့စ်ဘုတ် ကြေညာချက်ဖြင့် ငြင်းဆိုပြီး ခွဲထွက် ရခိုင်လွတ်မြောက်ရေး တပ်ဖွဲ့က အရပ်သားများ ထံမှ ငွေညှစ်ရန်နှင့် ၎င်းတို့ကို အယုံကြည် ကင်းမဲ့စေရန် AA တပ်ဖွဲ့ဝင်များ အဖြစ် ဟန်ဆောင်ပြုလုပ်ခဲ့သည် ဟု ဆိုသည်။ ထိုကဲ့သို့ ဝေးကွာသီးခြား ဖြစ်နေသော အခြအနေတွင် များပြားလှစွာသော စွပ်စွဲချက်များကို အတည်ပြုနိုင်ရန် ခက်ခဲနေ သည်။
မြန်မာစစ်တပ်ကမူ ရခိုင်ပြည်နယ်တွင် AA အဖွဲ့လှုပ်ရှားမှုများကို တုံ့ပြန်ရန် ၎င်းတို့ကို ရုပ်ဝတ္ထုအရ ထောက်ခံသည်ဟု သံသယရှိသော အရပ်သား အများအပြားကို ဖမ်းဆီးသည်။ ဗမာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (Assistance Association for Political Prisoners-Burma) ၏ အဆိုအရ ရခိုင်အရပ်သား ၅၈ ဦး ကို မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) အရ ထောင်ဒဏ် ချမှတ်ထားပြီး အခြား ၈ ဦးတို့သည် စစ်တွေထောင်တွင် အမှု ရင်ဆိုင်နေရသည် ဟု သိရသည်။
ရခိုင်နိုင်ငံရေး သမားများ၊ တက်ကြွလှုပ်ရှားသူများ နှင့် AA အဖွဲ့၏ ဆက်စပ်မှုမှာလည်း ရှုပ်ထွေးလှသည်။ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၏ ယောက္ခမသည် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦစောကျော်လှ ဖြစ်သည်။
ဧပြီလ အစောပိုင်း သင်္ကြန်ပွဲတော်အတွင်း ကလည်း အာဏာပိုင်များသည် မြောက်ဦးတွင် ရက္ခိုင့်တပ်မတော် ဖလား အမည်ရှိ ရန်ပုံငွေ ဘောလုံးပွဲကို တားမြစ်ခဲ့ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နန္ဒသာရနှင့် အရပ်သား ထောက်ခံသူ ခိုင်နီမင်း ကို ဖမ်းဆီးခဲ့ကာ လူထုလှုံ့ဆော်မှုဖြင့် အကြမ်းဖက်မှုလှုံ့ဆော်ခြင်း ဆိုင်ရာ ရာဇဝတ်မှု ဥပဒေ ၅၀၅ နှင့် တရားစွဲ ဆိုခဲ့သည်။
ထိုသို့ ဖမ်းဆီးမှုများကြောင့် ရခိုင်ပြည်နယ် တခုလုံးတွင် ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်စေပြီး ရခိုင်ပြည်နယ် အပေါ် ဗမာဖိနှိပ်မှု၊ ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များကို မျက်ကွယ်ပြုမှု၊ ၎င်းတို့ပြည်နယ်မှ သယံဇာတများကို လုယက်မှု၊ ၎င်းတို့ကို နှစ်သိမ့်ရန် ဗဟိုအစိုးရထံမှ တာဝန်ကျေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ချမှတ်မှု စသည့်ခံစားချက်များကို မိုပို ဖြစ်ပွားစေခဲ့သည်။
ရခိုင်နိုင်ငံရေးသမားများ ကို ပိုမို ဆန့်ကျင်သည့် လုပ်ရပ်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရခိုင်အမျိုးသားပါတီ ANP လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက AA နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲ စစ်ဘေးရှောင်များ အတွက် အကူအညီ ပေးရေး အရေးပေါ် အဆိုကို ပယ်ချခဲ့သည်။ ထို အရေးပေါ် အဆိုသည် AA ကို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ပါဝင်စေရန် ပြဿနာကို အလေးပေး တင်ပြခြင်း ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောဆို ပယ်ချခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
AA သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုင်ရာ တရုတ် အထူးသံတမန်၏ အစီအစဉ်အရ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် အဖြစ် ဖိတ်ကြားခံရ သောကြောင့် နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုလည်း တက်ရောက် ခဲ့သည်။ သို့သော် AA သည် ၎င်းတို့၏ လှုပ်ရှားမှုများကို ၂ နှစ်ကြာ ပြစ်တင်ဝေဖန်ခံရ ပြီးမှသာ ထိုညီလာခံ တက်ရောက်ခွင့် ရခဲ့ခြင်း ဖြစ်သည်။ လုံးဝနီးပါးထပ်တူဖြစ်သော မြန်မာစစ်တပ် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့၏ ပြောဆို ကြေညာချက်များသည် ထိုအဖွဲ့ကို လက်နက်ဖြုတ်သိမ်းပြီးမှသာ ငြိမ်းချမ်းရေး ဆွေးနွေးမည် ဟု ဆိုခဲ့ကြသည်။
AA သည် လှုပ်ရှားမှုများကို ရပ်တန့်ပြီး အငြင်းပွားဖွယ်ရာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ရမည်ဟု ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်းက အမျိုးသားလွှတ်တော်တွင် ပြောသည်။ မတ်လက ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည် ၏ ထုတ်ပြန်ချက်တွင်လည်း ငြိမ်းချမ်းရေး ရရှိရန် တခုတည်းသော နည်းလမ်းမှာ လက်မှတ်ထိုးရေးသာ ဖြစ်ကြောင်း ထို အချက်ကို တုံ့ပြန်ရာတွင် အထူး သတိထားရန် လိုကြောင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ် မထိုးသည့်အဖွဲ့များကို သတိပေးခဲ့သည်။
၎င်းတို့၏ လှုပ်ရှားမှုများကို ချဲ့ထွင်ရန် AA က မည်သို့ ဝင်ငွေရနေပါသနည်း။ ရခိုင်ပြည်နယ်တွင် ၎င်းတို့အပေါ် ထောက်ခံမှုကို ကြည့်လျှင် ဇာတိပြည်နယ်မှ ထောက်ခံသူများ ထံမှ သာမက ရန်ကုန်မြို့ပြင်ရှိ စက်ရုံများနှင့် ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း ကျောက်စိမ်းမှော်များမှ ရွှေ့ပြောင်းလုပ်သားများ ထံမှ အခွန်ကောက်ခံခြင်း သည်လည်း အကျိုးအမြတ် များစွာ ရရှိစေနိုင်သည်။
မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် မပတ်သက်ဟုလည်း တပ်အပ် မပြောနိုင်ပေ။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက အစိုးရပိုင် Global New Light of Myannar သတင်းစာ၏ အမြင်သာဆုံး မျက်နှာဖုံး စာမျက်နှာများတွင် “စစ်အတွက် မည်သို့ ငွေရှာ သနည်း” ဟုအထင်အရှား ရေးသားထားသော ဆောင်းပါးတွင် ရန်ကုန်တွင် သတင်းအရ ရှာဖွေရာ AA အရာရှိများကို လက်နက်ခဲယမ်းအများအပြားနှင့် ယာဘ ဆေးပြား ၃၃၀၈၀၀ တို့နှင့် တကွ မည်သို့ဖမ်းမိသည်ကို ဖော်ပြထားသည်။
AA ကလည်း ထိုနေ့တွင်ပင် စွပ်စွဲချက်များကို ကလေးဆန်ပြီး သိက္ခာမဲ့သော လုပ်ရပ်အဖြစ် ပယ်ချပြီး မြန်မာစစ်တပ် သည်သာ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် အဓိကပါဝင်သူ ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ ရခိုင်ပြည်နယ်မှ မူးယစ်ဆေးဝါး ကုန်သွယ်မှု သတင်း ထောက်လှမ်းခြင်းမှာလည်း လွန်စွာ အန္တရာယ်များသည်။ Root Investigation Agency မှ အွန်လိုင်း အယ်ဒီတာ ကိုမင်းမင်း ၏ နေအိမ်မှာ လွန်ခဲ့သော မတ်လက ဗုံးခွဲတိုက်ခိုက်ခံကာ ထို သတင်းသမားမှာ ရန်ကုန်သို့ ထွက်ပြေးခဲ့ရသည်။
AA သည် ရိုဟင်ဂျာ သို့မဟုတ် မွတ်စလင် ဆန့်ကျင်ရေးကို လူသိရှင်ကြား ပြောခဲ့သော်လည်း ရိုဟင်ဂျာများသည် တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီများသာ ဖြစ်သောကြောင့် ပြန်သွားသင့်သည်ဟု AA အရာရှိ အများအပြားက ပြောကြောင်း မတည်ငြိမ်သော ရခိုင်ပြည်နယ် အကြောင်း သတင်းရေးသားသော နိုင်ငံတကာ လေ့လာသုံးသပ်သူများက ရေးသားသည်။ ထို သဘောထားမှာ မြန်မာစစ်တပ်နှင့် အစွန်းရောက် အမျိုးသားရေး ဝါဒီများနှင့် တူညီသော အမြင် ဖြစ်သည်။
ထို အနေအထားသည် မကြာသေးမီက ပြောင်းလဲခဲ့သော မြန်မာနယ်ခြားစောင့် ကင်းစခန်းများကို နောင်တွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဟု အမည်ပြောင်း ခဲ့သည့် ဟာရာကာ အယ်လ်ယာက် (အယူဝါဒလှုပ်ရှားမှု) အမည်ရှိ ရိုဟင်ဂျာ စစ်သွေးကြွဟု သံသယရှိသူများက ချိန်ကိုက် တိုက်ခိုက်ခဲ့ပြီးနောက် AA နှင့် ULA တို့က ထို စစ်သွေးကြွများကို အရိုင်းအစိုင်း မွတ်စလင် ဘင်္ဂါလီ အကြမ်းဖက်သမားများ ဟု ခေါ်ပြီး ထို အကြမ်းဖက် တိုက်ခိုက်မှုကို ရခိုင်မြောက်ပိုင်းမှ ဘင်္ဂါလီ အစ္စလမ်မစ် အခြေခံဝါဒီ စစ်သွေးကြွများ၏ အကြမ်းဖက်မှုဟု ခေါ်ခဲ့ကြသည်။
ထိုကြေညာချက်တွင် ဆက်လက်ပြီ “ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်စပ်ဒေသနှင့် ရန်ကုန် ကဲ့သို့သော အခြားမြို့ကြီးများ သည် နယ်စပ်ရှိ ဘင်္ဂလားဒေ့ရှ် လူဦးရေ ပေါက်ကွဲမှု၊ ဆယ်စုနှစ် များစွာ ကြာသော တရားမဝင် ဘင်္ဂါလီများ အလွန်အကျွံ ဝင်ရောက်လာခြင်း နှင့် မြန်မာစစ်အစိုးရ အဆက်ဆက်က ဘင်္ဂါလီ ကျူးကျော်မှုနှင့် နယ်ပယ်ချဲ့ထွင်ခြင်း တို့ကြောင့် ၎င်းတို့ ဆိုးကျိုးများ ခံစားနေရသည်” ဟုဖော်ပြခဲ့သည်။
ထို့ကြောင့် ပြယုဂ် ဆန်လွန်းသော ၂၁ ရာစု ပင်လုံညီလာခံတွင် AA တက်ရောက်ခြင်းသည် ရခိုင် နစ်နာမှုများကို ဖြေရှင်းရာတွင် တိုးတက်မှု ရမည့်အလားအလာ မရှိသလောက်ဖြစ်နေကာ ၎င်းတို့ လက်နက်ကိုင် လှုပ်ရှားမှုများ ဆက်လက် နေမည့် အခြေအနေရှိနေသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် သူ၏ လက်အောက်ရှိ တပ်ဖွဲ့များ၏ ပြင်းထန်သော အမျိုးသားရေး သတင်းစကားကို ရခိုင်ပြည်နယ်တွင် အများအပြားက လက်ခံကြသည်။ ရခိုင်ပြည်နယ်တွင် မြန်မာအစိုးရနှင့် စစ်တပ်များ အပေါ် မုန်းတီးမှုမှာ ပျံ့နှံ့ နေပြီး ပြင်ပလောက ကမူ ရခိုင်တို့၏ နိုင်ငံရေး အရ နစ်နာမှုများသည် ရိုဟင်ဂျာဆန့်ကျင်ရေး အပေါ် အဓိကအခြေခံသည်ဟု မှားယွင်းနားလည်စေ သည်။
AA ၏ လက်နက်ကိုင် တော်လှန်ရေးအပေါ် နားလည်မှု မရှိခြင်းသည် ပဋိပက္ခ ပြေလည်ရေးကို ပိုမို ကြန့်ကြာစေပြီး ရခိုင်ပြည်နယ်တွင် ဆယ်စုနှစ်ပေါင်း များစွာ ပဋိပက္ခ ဖန်တီးပေးနေသည့် အသိုင်းအဝန်း နှစ်ခုကြား အကွဲအပြဲကို သက်ဆိုး ရှည်စေနိုင်သည်။ ထိုအခြေအနေသည် အကောင်းဘက် ရောက်မလာဘဲ ပိုမို ဆိုးရွား လာစေသော၊ မှားယွင်းစွာ နားလည် နေကြသော မြန်မာနိုင်ငံပြည်တွင်းစစ်၏ သွင်ပြင်တခု ဖြစ်သည်။
(Asia Times သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် David Scott Mathieson ၏ Shadowy rebels extend Myanmar’s wars ကို ဘာသာပြန်သည်။ ၎င်းသည် ရန်ကုန် အခြေစိုက် လွတ်လပ်သည့် စောင့်ကြည့်လေ့လာသူ ဖြစ်သည်။)