ဆောင်းပါး

ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း - ၅)

Want create site? Find Free WordPress Themes and plugins.

ရေမြေသနင်း ပိုင်စိုးသော ပြည့်ရှင်မင်းများနှင့် ရမ်းဗြဲကျွန်းသားများ ကြည့်မြင်ခံယူပုံ ကွာခြားသည်။

ရမ်းဗြဲ ကျွန်းသားများက ကျွန်းပေါ်တွင် မြေလွတ်မြေရိုင်းဆိုသည်မှာ မရှိဟု ခံယူကြသည်။ ရွာသားတိုင်းသည် မိမိလယ် အနီး တောင်ခြေတောစပ်အား မိမိကျွဲနွား လွှတ်ကျောင်းရန် ပိုင်ဆိုင်ကြသည်ဟု အစဉ်အလာ မှတ်ယူထားကြသည်။ အတန်ငယ် လှမ်းသော တောင်ကုန်းငယ်များအား ရွာပိုင်ဟု အသီးသီး သတ်မှတ်ထားကြသည်။

ထိုတောင်ကုန်းငယ်များရှိ တောများတွင် စီးပွားဖြစ်ရောင်းချရန် အတွက်မဟုတ်ဘဲ မိမိအိမ်အတွက်ဆိုလျှင် ရွာမှ အိမ်တိုင်း ခုတ်ယူသုံးစွဲခွင့် ရှိကြသည်။

အစိုးရကတော့ ဤသို့ မှတ်ယူခြင်းမရှိဘဲ လျော်ကြေးပေးရန် မလိုအပ်သည့် နိုင်ငံတော်ပိုင် မြေလွတ်မြေရိုင်းများဟု သတ်မှတ်ကြသည်။

လျော်ကြေးနှင့် အသက်မွေးဝမ်းကျောင်း

မြေယာလျော်ကြေးနှင့် ပတ်သက်လျှင် ဒေသခံများနှင့် ညှိနှိုင်းပြီး သင့်လျော်သည့် ပေါက်ဈေးနှင့် ဒေသခံများ လက်သို့ ပွင့်လင်း မြင်သာစွာ ရှင်းလင်းစွာ ပေးအပ်ရန် လိုအပ်သည်။

အဂတိလိုက်စားမှုနှုန်း မြင့်မားသည့် မြန်မာပြည်တွင် ထိုအချက်သည် လွန်စွာအရေးပါသည်။ အဂတိလိုက်စားသူ ဝန်ထမ်း များကြောင့် လျော်ကြေးငွေ တကယ်တမ်း ရွာသားများထံသို့ မရောက်မည်ကို အထူးသတိပြု ရန်လိုအပ်သည်။

သို့သော် အထူးစဉ်းစားစရာ လိုသည်မှာ လျော်ကြေးငွေနှင့် လုံလောက်ပါ၏လော ဆိုသည့် ပြဿနာဖြစ်သည်။ အဓိက ထည့်သွင်း စဉ်းစားရမည်မှာ အသက်မွေးဝမ်းကျောင်း ပြဿနာ ဖြစ်သည်။

ထို့အပြင် ဒေသခံတို့ အသက်မွေးဝမ်းကျောင်းနှင့် ဆက်စပ်နေသည့် နိုင်ငံတော်ပိုင်ဆိုသော တောများ တောင်များ မြစ်များ ချောင်းများနှင့် ဆိုင်သည့် ပြဿနာများကို သေချာစွာ ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။ မြစ်ဆုံ လက်ပံတောင်းတောင်တို့မှ သင်ခန်းစာများကို ရယူကြရန် လိုအပ်သည်။

လယ်တကွက် ယာတကွက်သည် လယ်သမားများလက်တွင် ရှိနေသရွေ့ ဘိုးစဉ်ဘောင်ဆက် လက်ကမ်း၍ ရသည်။ ဤ လယ် ဤယာမှာ နှစ်စဉ် စိုက်ပျိုးထွန်ယက်၍ ဝင်ငွေရသည်။

ထိုလယ်ကွက် လျော်ကြေးဖြင့် သိမ်းယူခံလိုက်ရပြီ ဆိုပါက သူတို့၏ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းနိုင်မှု နှစ်စဉ်ဝင်ငွေ အပြင် သူတို့ကျွမ်းကျင်သည့် အသက်မွေးဝမ်းကျောင်းပါ စွန့်လွှတ် လိုက်ရပြီ ဖြစ်သည်။

ထို့အပြင် ထိုလယ်မြေများနှင့် ဆက်စပ်နေသည့် မြစ်ချောင်းများသည် သူတို့ ဝမ်းစာအတွက်ဖြစ်စေ၊ ဟင်းစားအတွက် ဖြစ်စေ ရှာဖွေနိုင်သည့် သဘာဝ တရားက ပေးသည့် ပတ်ဝန်းကျင်ဖြစ်သည်။ အလားတူပင် တောတောင်များသည် သူတို့ အတွက် အလေ့ကျ တောဟင်းတောရွက်မှသည် တောကောင်ရှာဖွေခြင်း အိမ်ဆောက်ရန် သက်ငယ် သစ်ဝါး မှအစ ထင်း အဆုံး ထုတ်ယူနိုင်သည့် သဘာဝတရားက ပေးသည့် ပတ်ဝန်းကျင်ဖြစ်သည်။

ဤတောတောင် ရေမြေတို့သည် ပုဂ္ဂလိကပိုင်မဟုတ် နိုင်ငံတော်ပိုင် အစိုးရပိုင်ဖြစ်သည်ဟု ဆိုသော်လည်း ပြည်သူလူထု လည်း ပိုင်သည် ဆိုသည်ကို အသိမှတ်ပြုရန် လိုပါသည်။

ထိုထက်မက လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ ရေလုပ်ငန်းတို့ကို မိရိုးဖလာကျွမ်းကျင်စွာ လုပ်ကိုင်ခဲ့ကြသူများကို လျော်ကြေး ငွေ ပေးရုံမျှနှင့် သူတို့သည် အခြား အသက်မွေးဝမ်းကျောင်း တခုကို ပြောင်းလဲလုပ်ကိုင်ရန် ကျွမ်းကျင်မှု ရှိမည် မဟုတ်ပေ။ သူတို့၏ ကျွမ်းကျင်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း ပျောက်ပျက်သွားပါက ထိုသူတို့ ရေရှည်ရပ်တည်နိုင်ရန် မလွယ် ကူပေ။

ထို့အတူ နိုင်ငံတော် အစိုးရပိုင်သည်ဟု မည်သို့ပင်ဆိုသော်လည်း မဒေးကျွန်း ရေလမ်းကြောင်း၌ ရေလုပ်ငန်းနှင့် အသက် မွေးဝမ်းကျောင်း ပြုသူများနှင့် ပတ်သက်၍လည်း မဖြစ်မနေ ထည့်သွင်း စဉ်းစားရပေမည်။

ပြီးခဲ့သော မြစ်ဆုံ လက်ပံတောင်းတောင်နှင့် ကျောက်ဖြူ ဒေသတွင် တွေ့ရသော အတွေ့အကြုံအရ မြေယာ လျော်ကြေး ပေးခြင်း၊ ရွာများ အဖျက်ခံရပါက အိမ်အသစ် ဆောက်ပေးခြင်းတို့ ရှိသော်လည်း ထိုဒေသခံများ ပုံမှန်ဝင်ငွေရရှိသော အသက် မွေးဝမ်းကျောင်း လုပ်ငန်းတခု ထူထောင်ပေးခြင်း မရှိပေ။

ထို့အပြင် သဘာဝ တောတောင် မြစ်ချောင်းများနှင့် ပတ်သက်၍ ဒေသခံတို့ ရရှိခံစားနေသော အခွင့်အရေးများ ပြည့်စုံစွာ ထည့်သွင်း တွက်ချက်ခြင်းလည်း မပြုခဲ့ပေ။

လက်ရှိ အထူးစီးပွားရေးဇုန် ဥပဒေအရလည်း အထူးဇုန် ပြုလုပ်မည့်နေရာတွင် လူနေအိမ်ခြေ အဆောက်အအုံများ၊ လယ်ယာ ဥယျာဉ်မြေ ခြံမြေများ၊ သီးပင်စားပင်များ စိုက်ခင်းများ ရှိပါက ပြောင်းရွှေ့ နေရာချထားရာတွင် မူလ အဆင့် အတန်းထက် မနိမ့်ကျစေရန် ၎င်းတို့၏ အခြေခံ လိုအပ်ချက်များ ပြည့်စုံစေရန် ဆောင်ရွက်ပေးရမည် ဟူ၍သာ ယေဘုယျ ဖော်ပြထားပါသည်။

အထက်ပါအတိုင်း မြန်မာအစိုးရက ဒေသခံတို့နှင့် ပြည့်စုံစွာ တွက်ချက်လုပ်ဆောင်သည့် အပြုအမူနှင့် အတွေ့အကြုံ မရှိ သော်လည်း လာရောက်မြှုပ်နှံသည့် တရုတ်အစိုးရနှင့် ကုမ္ပဏီတို့အနေနှင့် သူတို့တိုင်းပြည်တွင် ပြောင်းရွှေ့လူထု အတွက် စဉ်းစား လုပ်ကိုင်ပေးသည့် အတွေ့အကြုံ ရှိပါသည်။

တရုတ်ပြည် အတွေ့အကြုံအရ ဒေသခံတိုင်းရင်းသား ရွာတရွာ လယ်မြေများ အပါအဝင် အားလုံးသိမ်းဆည်း၍ မြို့သစ်ချဲ့ ခြင်း အထူးဇုန် ပြုလုပ်ခြင်း ပြုလုပ်ပါက လိုအပ်သည့် မြေယာလျော်ကြေးငွေ ပေးအပ်သည့်အပြင် ထိုသူများအတွက် ရေ မီး လမ်းတံတား ရေးဆိုးစနစ် မိလ္လာစနစ် သာမက ထိုသူများနှင့်သက်ဆိုင်သည့် ဘာသာရေး အဆောက်အအုံပါ ထည့်သွင်း တည်ဆောက်ထားသော မြို့သစ်တွင် လူနေရန် အဆောက်အုံတခု သို့မဟုတ် လူနေတိုက်ခန်းတခုအပြင် အရောင်း အဝယ် ပြုလုပ်နိုင်ရန် တိုက်ခန်းတခန်း ပေးသည်။

အရောင်းအဝယ် မလုပ်တတ်ပါက ငှါးရမ်း၍ ဝင်ငွေရသည်။ ထို့အပြင် ထိုသူများအတွက် မြို့သစ်တွင် ဈေးတခု တည် ဆောက် ပေးပြီး ထိုဈေးကရသည့် ဈေးကောက်အား အုပ်ချုပ်ရေးပိုင်းကမယူဘဲ ထိုရွာမှ အိမ်ထောင်စုများကို လစဉ်အချိုး ကျ ခွဲဝေပေးသည်။

ထို့အပြင် တချို့နေရာများ၌ သိမ်းဆည်းသည့် နေရာတွင် ချောင်းငယ်လေးတခု ပါလျှင်ပင် ထိုသူတို့ ဘိုးစဉ်ဘောင်ဆက် ငါးရှာ ဖမ်းဆီးလာသည့် အတွက် သင့်လျော်သည့် လျော်ကြေးပေးသည်။

တရုတ်တို့သည် တရုတ်ပြည်တွင်း တိုင်းရင်းသား ဒေသများတွင် ပြုလုပ်ပါက ပို၍ အလေးထားဂရုပြု ဆောင်ရွက်လေ့ ရှိ သည်။

သို့ဖြစ်ရာ မူလထက်မြင့်မားသည့် လူမှုဘဝနှင့် နေထိုင်ရပြီး အသက်မွေးဝမ်းကျောင်း ဝင်ငွေနှင့်ပတ်သက်၍ မပူပင်ရသော ကြောင့် ရွာမြေ လယ်မြေ သိမ်ဆည်း၍ ပြဿနာဖြစ်ပွားခြင်းကို ရှောင်ရှားနိုင်သည်။

သို့သော် မြန်မာနိုင်ငံတွင် ဤတာဝန်ကိုယူရမည်မှာ ပြည်ထောင်စု အစိုးရဖြစ်သည်။ ပြည်ထောင်စုက တိုက်ရိုက်စီမံခန့်ခွဲမှု အောက်တွင်ရှိ၍ ပြည်ထောင်စုအစိုးရ တာဝန်ယူမှုသည် အဓိကကျသည်။ ပြီးခဲ့သော ကာလများကို ကြည့်လျှင် အစိုးရ တာဝန်ယူမှုကလည်း မပြည့်ဝသည့် အပြင် အာဏာပိုင်တချို့နှင့် ခရိုနီများသာ အမြတ်ထုတ် သွားခဲ့ကြသည်။ ဒေသခံများ ကား ပြဿနာများကြားတွင် ရုန်းကန်နေရဆဲ ဖြစ်သည်။

အထူးစီးပွားရေးဇုန် နှင့် ရခိုင်ပြည်နယ်

လက်ရှိ ရခိုင်ပြည်နယ်၌ ပြုလုပ်ရန်ရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်က ထိပ်ဆုံးမှ နေရာယူထားသည်။

OBOR ခေါ် ခေတ်သစ် ပိုးလမ်းမ စီမံကိန်းနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာကို ဒေါ်အောင်ဆန်း စုကြည် ၏ ၂၀၁၇ ခုနှစ် မေလ တရုတ်ပြည် ခရီးစဉ်အတွင်း ရေးထိုးခဲ့ကြသည်။

လက်ရှိတွင်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် နှင့် ပတ်သက်၍ သဘောတူညီချက် ရရှိထားပြီး ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး အတွက် ဆွေးနွေးညှိနှိုင်းဆဲ ဖြစ်သည်။

တတိုင်းပြည်လုံးနှင့် ဆိုင်သည့် စီးပွားရေး အကျိုးအမြတ်ပြဿနာ၊ လုပ်ငန်းတခုလုံး ထိန်းချုပ်ခွင့်နှင့် အချုပ်အခြာ အာဏာ ပြဿနာ ၊ အလုပ်သမား ခန့်ထားရေး လေ့ကျင့်ရေး ပြဿနာနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်သည့်စက်ရုံများ မတည် ဆောက် နိုင်ရန် စီစစ်သည့်ပြဿနာတို့သည် အရေးကြီးသကဲ့သို့ ရခိုင်ပြည်နယ် ဒေသခံများ အတွက် မည်သည့် အကျိုး ခံစားရမည် ဆိုသည်ကို ထည့်သွင်းစဉ်းစား တွက်ချက်ရန်လည်း အရေးကြီးသည်။ ဒေသခံတို့၏ လယ်မြေနှင့် သဘာဝ အသက်မွေးဝမ်းကျောင်း တို့ ထိခိုက်ခံထားရသည်။

စက်ရုံများမှ ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးကို တိုက်ရိုက် ခံစားရမည်မှာလည်း ဒေသခံများ ဖြစ်သည်။ လယ်မြေများ၊ ၎င်းတို့ မိရိုးဖလာ ရှာဖွေရှာဖွေစားသောက်နေသော မြစ်ချောင်းများ ဆုံးရှုံးသွားသည်မှာ ဒေသခံများ ဖြစ်သည်။

အသက်မွေးဝမ်းကျောင်း ဇာတိချက်မြှုပ်တို့ ပြောင်းလဲဆုံးရှုံးသွားသည်မှာ ဒေသခံတို့ ဖြစ်သည်။ သို့ဖြစ်၍ ဒေသခံတို့ အတွက် မဖြစ်မနေ ထည့်သွင်း စဉ်းစားပေးရန် လိုအပ်သည်။

လက်ရှိဖွဲ့စည်းပုံ ဥပဒေအောက်တွင် ရခိုင်ပြည်နယ်သည် မိမိဒေသရှိ သယံဇာတများနှင့် ပတ်သက်၍ မည်သည့် ရာခိုင်နှုန်း ရရှိရမည်ကို ထည့်သွင်း ရေးဆွဲထားခြင်း မရှိပေ။ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကလည်း အဖြေထွက်ရန် မလွယ်ကူသေး ပေ။

ဤသို့သော အခြေအနေအောက်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်က ရရှိမည့်အကျိုးအမြတ် ရာခိုင်နှုန်း မည်မျှအား ရခိုင် ပြည်နယ် အတွက် ဖြစ်သည်ဆိုသည်ကို လည်းကောင်း၊ အထူးဇုန်နှင့် တိုက်ရိုက်ပတ်သက်ပြီး ထိုအထူးဇုန်ကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းပါထိခိုက်မည့် ဒေသခံတို့နှင့်ပတ်သက်၍ မည်သို့ အလုပ်အကိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်း ထူထောင်ပေးမည် ဆိုသည်ကိုပါ ပြည်ထောင်စုအစိုးရက တာဝန်ယူဖြေရှင်း ပေးရန် လိုအပ်သည်။

ထို့အတူ တရုတ် ရင်းနှီးမြှုပ်နှံသူများသည်လည်း မြန်မာပြည်၏ ပြည်နယ်များတွင် လာရောက် ရင်းနှီးမြှုပ်နှံကြပါက ပြည်နယ် များ၏ အခြေအနေကို နားလည် သဘောပေါက်ကြရန် လိုသည်။

မြန်မာပြည်၏ ပြည်နယ်တိုင်းလို တိုင်းရင်းသားတိုင်းလိုသည် မြန်မာအစိုးရနှင့် တပ်မတော်အား ပုန်ကန် တိုက်ခိုက် နေသည် မှာ နှစ် ၇၀ ခန့်ရှိပြီ ဖြစ်သည်။

ပြည်နယ်တိုင်းတွင် တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ရေးတို့နှင့် ပတ်သက်၍ သဘောတူညီချက် မရနိုင် သေး။ အငြင်းပွားနေဆဲသာ ရှိသေးသည်။ ပြည်နယ်များရှိ တိုင်းရင်းသားတို့၏ မကျေနပ်ချက်များက များပြားဆဲ ဖြစ်သည်။

သူတို့၏ ပြည်နယ် သူတို့၏ လူမျိုး သူတို့၏ ဒေသအတွက် အကျိုးခံစားခွင့် မရပါက နည်းမျိုးစုံနှင့် ကန့်ကွက်နေမည်သာ ဖြစ်ပေသည်။

တရုတ်တို့အနေနှင့် ပြည်ထောင်စု အစိုးရအပြင် ဒေသခံများအား အကျိုးအမြတ် ခွဲဝေပေးမည်ဟု ဆိုကြသော်လည်း လက်တွေ့ ကျသည့် မြန်မာပြည် ဥပဒေများအရ ဤသို့ ခွဲဝေပေးရန် ဥပဒေ မရှိပေ။

ထို့အပြင် တရုတ်တို့အနေနှင့် ပြည်ထောင်စု အစိုးရနှင့် သဘောတူညီချက် ရပြီးပြီဆိုသည့် အချက်တွင်သာ ရပ်ခံနေပြီး သူတို့၏ တာဝန်ယူမှု တာဝန်ခံမှု အပိုင်းကို မပြသပါက ဆန့်ကျင် ကန့်ကွက်မှုများ၊ ပြဿနာများကို အတောမသတ် ရင်ဆိုင် နေရပေမည်။

တရုတ်တို့အနေနှှင့် ဒေသလူမှုစီးပွား ဖွံ့ဖြိုးမှု နှင့်ပတ်သက်၍ အလေးထားမှု စိစစ်မှု ကြပ်မတ်မှုများကို ဂရုတစိုက် လုပ်ကိုင် မှသာ ငွေကုန်ရကြိုး နပ်ပေလိမ့်မည်။ သို့သော် မြန်မာပြည်၏ တိုင်းရင်းသားပြဿနာ မပြေလည်သရွေ့ ပြဿနာကတော့ ရှိနေဦးမည် ဖြစ်သည်။

ထို့အပြင် လုပ်ငန်းတခုလုံးအရ တရုတ်တို့ အသာစီးရယူရန်နှင့် အမြတ်အများစု ရယူရန် ကြိုးစားမှုများ ရှိနေပါကလည်း ရခိုင်တွင် မကဘဲ ပြည်မရှိ လူထု ဆန့်ကျင်မှုပါ ခံရပေလိမ့်မည်။

ရခိုင်ပြည်သို့ လာရောက်ကြမည့်၊ လာရောက်ပြီး ဖြစ်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား မျှတစွာ ခွဲဝေသုံးစွဲနိုင်ပါက စီးပွားဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် ရခိုင်ပြည်နယ် နှင့် ဒေသခံပြည်သူများဘဝကို မြှင့်တင်နိုင်ပြီး ရခိုင်ပြည်နယ်ရှိ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်စွမ်း ရှိပေလိမ့်မည်။

ထိုသို့မဟုတ်ဘဲ ခွဲဝေမှု မမျှတပါက ပို၍ မကျေနပ်မှု ကြီးထွားပြီး နိုင်ငံရေး အကျပ်အတည်းပို၍ ကြီးမားစေလိမ့်မည်။ လက်ရှိ အနေအထားကို ကြည့်လျှင် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မည့် အလားအလာက နည်းပါးနေဆဲဟု သုံးသပ်ရပါသည်။ ။

ဤတွင် ဆောင်းပါး ပြီးဆုံးပါပြီ။

(မောင်မောင်စိုးသည် ရန်ကုန်အခြေစိုက် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)

ဆက်စပ်ဖတ်ရှုရန် –

ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း – ၁)

ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း – ၂) 

ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း – ၃)

ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း – ၄) 

 

Did you find apk for android? You can find new Free Android Games and apps.
Loading