ထောင်အတွင်း မူးယစ်ဆေး ပျံ့နေသည့်သတင်းက ထောင်းမှူးကြီး ဖြစ်သည့် သူ့အပေါ် ခေါင်းစိုက်လာတော့သည်။
ယခုတကြိမ်တွင်လည်း ပုံမှန်မဟုတ်သည့် အဘယ်သို့သော နည်းလမ်းဖြင့် သွင်းနေကြသည်ကို နည်းမျိုးစုံ စုံစမ်း ရတော့မည် ဖြစ်လေသည်။
မူးယစ်ဇာတ်လမ်း မျိုးစုံကို ဖြေရှင်းရင်း နှစ်ပေါင်း ၃၀ ခန့် အကျဉ်းထောင်နှင့် ရဲဘက်စခန်းများမှာ တာဝန် ထမ်းခဲ့သည့် ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်၏ မူးယစ်ဆေး အကျဉ်းသားများအပေါ် မှတ်ချက်ကတော့ ရိုးရှင်းနေသည်။
“ထောင်ထဲကို မူးယစ်ဆေး ဘယ်လိုသွင်းလဲ ဆိုတဲ့နေရာမှာ အကျဉ်းသားတွေက ကျနော်တို့ဆရာဗျ၊ သူတို့ ဆီက ပြန်သင်ယူရတာပါ”ဟု သူက ဆိုလေသည်။
ဤသို့ မှတ်ချက်ပြုရ လောက်အောင်လည်း ထောင်တွင်းကို မူးယစ်ဆေး သွင်းယူကြပုံ နည်းလမ်းများနှင့် အစားထိုး သုံးစွဲပုံ နည်းလမ်းများက မရိုးနိုင်သည့် ဇာတ်လမ်းများသဖွယ် ရှိနေလေသည်။
၁၉၉၅ ခုနှစ်ဝန်းကျင် မန္တလေး အိုဘိုထောင်ကြီးတွင်ဖြစ်သည်။ မှန်းဆမထားသည့် ဘိန်းကဲ့သို့ မူးယစ်ဆေး အစားထိုး ရယူပုံ နည်းလမ်းတခုကို ထောင်ဝန်ထမ်းအရာရှိများ တွေ့ကြုံရလေသည်။
တိရစ္ဆာန်တကောင်၏ အစေးကို မူးယစ်ဆေးသဖွယ် သုံးစွဲကြခြင်းအတွက် ၎င်းတို့ကိုယ်တိုင် ထောင်ဆေးခန်း အတွင်း လက်တွေ့ စမ်းသပ်မှုများပင် ပြုလုပ်ခဲ့ရသည်ဟု ဦးခင်မောင်မြင့်က ဆိုသည်။
ဖားပြုပ်၏ အစေးကို ဆေးလိပ်တွင်သုတ်ကာ သုံးစွဲနေခြင်းဖြစ်သည်။ သုံးစွဲသူအနေနှင့် ဖမ်းထားသည့် ဖားပြုပ်အား စိတ်တိုပြီး ဖောင်းတက်လာအောင် တုတ်နှင့်တို့ရင်း စရလေသည်။
ဖားပြုပ်တကောင် စိတ်တို၍ ဖောင်းကားနေသည့်အခါ ကျောပေါ်ရှိ အဖုလေးများကလည်း စူထွက် နေတတ်သည်။ ထိုအဖုလေးများက ကြံဖန်သူတို့ လိုအပ်နေသည့် အစေးကို ထုတ်ပေးနေခြင်း ဖြစ်သည်။
ထွက်လာသည့်အစေးများအား ဆေးလိပ်ဖြင့်တို့ကာ သုတ်လိမ်းရပြီး ပြန်လည် အခြောက်ခံရလေသည်။ ထို ဆေးလိပ် ကို သောက်သူအနေနှင့် ဘိန်းဖြူနီးပါး အာနိသင်ကို ရရှိနိုင်သည်ဟု ဦးခင်မောင်မြင့်က ရှင်းပြသည်။
“အဲ့ဒီတုန်းက တပည့်တယောက်ကို စမ်းသောက်ခိုင်းပြီး လက်တွေ့စမ်းခဲ့ရတာ၊ သောက်ပြီးဖြစ်လာတဲ့ လက္ခဏာ တွေ ကလည်း ဘိန်းသုံးသူ တယောက်လိုပါပဲ” ဟု ဦးခင်မောင်မြင့်က ပြောသည်။
ထိုနည်းဖြင့် မူးယစ်ဆေးသုံးစွဲကြသည်ကို သိရှိချိန်တွင်ပင် ထောင်အတွင်း အစေးသုတ်ထားသည့် ဈေးကွက်က အတော်ပင် ကောင်းနေလေပြီဖြစ်သည်။
ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း ဆေးလိပ်များဖမ်းမိခဲ့သလို အကျဉ်းသားတချို့က အပင်များ၊ ကျောက်တုန်း များကြားတွင် မွေးမြူထားသည့် ဖားပြုပ်များကိုလည်း တွေ့လိုက်ရလေသည်။
မူးယစ်ဆေး အစားထိုးအနေနှင့် သုံးစွဲသူတို့အဖို့ ထိုနည်းလမ်းထက် ပိုမိုသည့် ဇာတ်လမ်းများလည်း ရှိနေ သေးသည်။ ထောင်တွင်းရနိုင်သည့် ဆေးဝါးနှင့် အရည်မျိုးစုံကို နည်းလမ်းအမျိုးမျိုး ပြောင်းလဲကာ အချဉ်ဖောက်၍ သောက်ကြသူ များလည်း ရှိခဲ့သည်။
မူးယစ်ဆေးမှုဖြင့် ထောင်ဒဏ် ၈ နှစ်ကျခံခဲ့ရပြီး ထောင်နှင့် ရဲဘက်စခန်းတချို့တွင် နေထိုင်ခဲ့ဖူးသည့် ဦးဝင်းမင်းက ကြုံတွေ့ဖူးသည့် အဖြစ်အပျက်တချို့ကို ပြန်ပြောပြသည်။
“ချောင်းဆိုးပျောက် ဆေးလို တက်ပလက် ဆေးပြားတွေကို သုံးကြတာပေါ့၊ အဲ့ဒီအချိန်မှာ တရားဝင်ဆေးကိုတောင် တရားမဝင်နည်းနဲ့ ပြန်လုပ်ယူကြရတယ်၊ ယင်းထရင် နည်းမျိုးစုံ ကြံဖန်ကြတော့တာပါပဲ” ဟု ဦးဝင်းမင်းက ဆိုသည်။
ယခုနောက်ပိုင်းတွင်လည်း ထောင်အတွင်းမူးယစ်ဆေး ဖမ်းမိမှုများက ခပ်စိပ်စိပ်ဖြစ်လာနေပြီး မူးယစ်ဆေး အကျဉ်း သား အများစုဖြစ်နေသည့် ထောင်တိုင်းက မူးယစ်ဆေး ကင်းလွတ်ရန် မလွယ်ကူလှပေ။
အမြစ်ပြတ်ဖို့ခက်သည့် မူးယစ်ဆေးကြောင့် ထောင်ကျမူးယစ်ဆေး အကျဉ်းသား၏ တောင်းတမှု နောက်တွင် ဘဝ ပျက်ကြရသည့် မိသားစုများလည်း ရှိနေသည်။
ဆေးယစ်ဆေးသုံးမှုနှင့် အကျဉ်းကျနေသူထံ ထောင်ဝင်စာထုပ်အတွင်း မူးယစ်ဆေး ပို့ဆောင်သူတို့အဖို့ လွန်စွာ အန္တရာယ်ကြီးသည်။ စစ်ဆေး၍မိပါက ပို့ဆောင်သူပါ အရေးယူခံရသည်။
ထောင်ဝင်စာမှတဆင့် မူးယစ်ဆေး သွင်းယူပုံများလည်း နည်းလမ်းမျိုးစုံပင်။ ဥပမာတခုအနေဖြင့် ဘားအံ အကျဉ်း ထောင်တွင် မူးယစ်ဆေးမှုနှင့် ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသည့် ခင်ပွန်းဖြစ်သူထံပို့မည့် ထောင်ဝင်စာ သီးစုံ ပဲကုလား ဟင်း ထဲမှ မူးယစ်ဆေးပြားများ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ဇနီးဖြစ်သူက ခရမ်းသီးအတွင်းသားများ ဖယ်ထုတ်ကာ ယင်းနေရာတွင် မူယစ်ဆေးပြားများအား ပလတ်စတစ်ဖြင့် ထည့်၍ ချက်ထားသည့် သီးစုံဟင်းအတွင်း ရောနှောလာခြင်းဖြစ်သည်။ ထို့အတွက်ပင် ၎င်းကိုယ်တိုင် မူးယစ်မှုဖြင့် အရေးယူခံရသလို အကျဉ်းသားသည်လည်း နောက်မှု ထပ်တိုးလေတော့သည်။
ထိုနည်းလမ်းများမှာ နယ်ဘက် ထောင်များတွင်သာမက အင်းစိန်ထောင်ကြီး၌ပင် ထောင်ဝင်စာထုပ်များမှ စိတ်ကြွ ရူးသွပ်ဆေး သယ်ဆောင်မှုများမှာ ရှိနေဆဲဖြစ်သည်ဟု အကျဉ်ထောင်များကို စစ်ဆေးနေသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးယုလွင်အောင်က မတ်လ ၁၄ ရက်နေ့က ပြောဆိုထားသည်။
အကျဉ်းသား၊ အချုပ်သားများက သယ်ဆောင်ရာတွင်လည်း မဖွယ်မရာနည်းလမ်းများပင် ရှိနေလေသည်။ ၎င်းတို့သည် ခန္ဓာကိုယ်(စအို)တွင်း ထည့်သွင်းခြင်းနှင့် ပါးစပ်မှမြိုချခြင်း စသည့် အန္တရာယ်ရှိသော နည်းလမ်းများကိုပင် အသုံးပြုကြ သည်။
ထိုနည်းများသည် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သလို တခါတရံ ကိုယ်အတွင်းနှိုက်ကာ ရှာဖွေမှုခံရမည့်အပြင် မသက်ဆိုင်သည့် သာမန်အကျဉ်းသားများပါ ထိုသို့ရှာဖွေ ခံရနိုင်သည်။
ခန္ဓာကိုယ်တွင်း ထည့်သွင်းကာ လွတ်မြောက်ပါကလည်း မူးယစ်ဆေးကို မိလ္လာတွင်းက ပြန်ယူကြရပြီး ကျွမ်းကျင်သူ များကတော့ မြိုချမည့်အိတ်ကို အပ်ချည်ကြိုးနှင့်ချည်ကာ သွားတွင်ချိတ်ထားပြီး အထဲရောက်မှ ပြန် ဆွဲထုတ်ယူကြ သည်။
ထိုသို့ ခန္ဓာကိုယ်(စအို)တွင်း ထည့်သွင်းယူဆောင်မှုမှာ ယနေ့တိုင်ရှိနေရာ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က တောင်ငူ အကျဉ်းထောင်၌ မူးယစ်ဆေးပြားများအား အတောင့်ပုံစံ တိတ်ဖြင့်ပတ်ကာ စအိုအတွင်း ထည့်သွင်းလာသည့် အချုပ်သား တဦးကို ဖမ်းမိခဲ့သေးသည်။
ထိုနည်းလမ်းများအနက် ပမာဏအများဆုံးနှင့် အဆိုးရွားဆုံးမှာ အကျင့်ပျက်ဝန်ထမ်း တချို့က ကိုယ်တိုင်ပါဝင် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးခင်မောင်မြင့်က ပြောသည်။
“ဝန်ထမ်းကိုယ်တိုင် သယ်တော့ များများပါတာပေါ့၊ အစစ်ဆေးလည်း နည်းတယ်၊ ဒါက ဝန်ထမ်းအချို့ပါ၊ တခု ရှိတာ ကလည်း ထောင်ဝန်ထမ်းအများစုက ချို့တဲ့ကြတယ်၊ ဒီအချိန်မှာ မူးယစ်ဆေးသမားတွေရဲ့ သားကောင်ဖြစ်ပြီး ဒုက္ခ ရောက်သွားသူတွေလည်း ရှိကြပါတယ်” ဟု ၎င်းက ပြောပြသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကပင် စစ်ကိုင်းတိုင်ဒေသကြီး မော်လိုက် ကလေး အကျဉ်းထောင်တွင် ဘိန်းဖြူ ခိုးဝှက် သယ်ဆောင်ကာ အကျဉ်းသားထံ ရောင်းချပေးသည့် ထောင်ဝန်ထမ်းနှင့် သုံးစွဲသည့် အကျဉ်းသား တို့ကို ဖမ်းဆီးရမိမှု ဖြစ်ခဲ့သည်။
ယခုလို မူးယစ်ဆေးမှုများတွင် ထောင်ဝန်ထမ်းအချို့ ကိုယ်တိုင်ပတ်သက်နေခြင်းအား နေပြည်တော် အကျဉ်းဦးစီး ဌာန ပြောရေးဆိုခွင့် ရှိသူ ဦးမင်းထွန်းစိုး ကလည်း ပြောဆိုရှင်းပြသည်။
“မူးယစ်ဆေးကို တရားရုံးကပြန်ဝင်လာတဲ့ အချုပ်သားတွေဆီက မိတာများပါတယ်၊ တခါတရံ ဝန်ထမ်းတွေ ကိုယ်တိုင် ပါဝင်နေတာရှိတယ်၊ တချို့ကျတော့ အကျဉ်းသားရဲ့မိသားစု အကူအညီတောင်းလို့ ပစ္စည်းသွားယူပေးရင်း မူးယစ်ဆေး ပါလာလို့ အရေးယူခံရတာတွေရှိတယ်၊ အရေးယူခံရတဲ့အခါကျတော့ နစ်နာသွားရတဲ့ ဝန်ထမ်းတွေလည်းရှိပါတယ်”ဟု ဦးမင်းထွန်းစိုးက ပြောပြသည်။
ထောင်တွင်းမူးယစ်ဆေး သယ်ဆောင်မှုများတွင် ငွေကြေးလာဘ်ထိုးမှုများလည်း ရှိနေတတ်လေသည်။ ထိုသို့ လာဘ် ထိုးမှုနှင့်ပတ်သက်ပြီး ထုတ်ဖော်တိုင်ကြားမှုများ မရရှိသည့်အတွက် မည်သည့်မှတ်ချက်မှ ပေးရန်မရှိဘဲ တိုင်ကြားသူ ရှိပါက စစ်ဆေးအရေးယူမည်ဟု ဦးမင်းထွန်းစိုးက ဆိုသည်။
ဝန်ထမ်းတချို့ မူးယစ်ဆေးမှုတွင် ပါဝင်ခြင်းနှင့်ပတ်သက်ပြီး ထောင်များအတွင်း လေထီးဟုခေါ်သည့် စကား တရပ်ပင် ထွက်ပေါ် လာလေသည်။ ထိုနည်းသည် ဝန်ထမ်းဖြစ်သူက ထောင်အုတ်ရိုး တံတိုင်းကိုကျော်ကာ မူးယစ်ဆေးထုပ်ကို လိုချင်သည့်နေရာသို့ ညအချိန်များတွင် ပစ်ထည့်ထားခြင်း ဖြစ်သည်။
ထိုအထုပ်ကို အထဲရောက်သည့်အခါမှ ပြန်လည်ရယူကာ ဖြန့်ဖြူးခြင်း ဖြစ်သည်။
အကျဉ်းဦးစီးက အရေးယူဆောင်ရွက်ရာ၌ မူးယစ်ဆေးများကို ကိုယ်တိုင်ပါဝင် လုပ်ဆောင်မှုကြောင့် ထောင်ကျသူများ၊ မယူမနေရ ပင်စင်ပေးခံရသူများတွင် ထောင်အရာရှိများပင် ပါဝင်ခဲ့ကြောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။
ယခုလို လုံခြုံရေးတင်းကြပ်သည့် ထောင်များအတွင်း မူးယစ်ဆေးတွေ ဖမ်းမိနေခြင်းကလည်း ထူးဆန်းသည့် သတင်း မဟုတ်တော့ပေ။ တနိုင်ငံလုံးရှိ အကျဉ်းထောင်များအတွင်း မူးယစ်ဆေးမှုနှင့်ကျသည့် အကျဉ်းသား အရေအတွက် ထက်ဝက်မက ရှိနေခြင်းကလည်း သက်သေပင် ဖြစ်သည်။
MNHCR အဖွဲ့ဝင် ဦးယုလွင်အောင်ကလည်း မူးယစ်ဆေးမှုနှင့် ထောင်ကျသည့် အကျဉ်းသား အရေအတွက်က တနိုင်ငံ လုံးရှိ အကျဉ်းသား အရေအတွက်၏ ၇၀ ရာခိုင်နှုန်းခန့်ပင် ရှိသည်ဟု ပြောဆိုသည်။
အမှန်ပင်ပြောင်းလဲရန် လိုအပ်နေသည့် ထိုအခြေအနေအတွက် ပြည်ထဲရေးဝန်ကြီးဌာန အနေနှင့် လက်ရှိ မူးယစ်ဆေး ဝါး ဥပဒေအရ အပြစ်ပေးခြင်းအစား လူမှုရေးလုပ်ငန်းများ လုပ်ဆောင်စေခြင်းဖြင့် အစားထိုးရန် ထုတ်ပြောလာပြီဖြစ် သည်။
လတ်တလောတွင် ယင်းအစီအစဉ်မှာ အကောင်အထည် မပေါ်သေးသလို ထပ်မံဖြစ်ပေါ်မည့် မူးယစ်ဆေး သုံးစွဲ၍ အရေးယူ ခံရသူများအတွက်သာ အကျုံးဝင်နေပြီး လက်ရှိ မူးယစ်ဆေး အနည်းအကျဉ်းမိ၍ ထောင်ကျ နေသူများ အတွက် မည်သို့ သက်ရောက်မှုရှိမည် ဆိုသည်မှာ မရှင်းလင်းသေးပေ။
မည်သို့ဆိုစေ ပြုပြင်ပြောင်းလဲမည့် အစီအစဉ်သစ်အတွက် တက်ကြွလှုပ်ရှားသူများက ထောက်ခံကြိုဆိုကြ လေသည်။ သို့ရာတွင် ထောင်ဒဏ် မဟုတ်တော့သည့် လူမှုရေးပြစ်ဒဏ်အတွက် လူငယ်များအနေဖြင့် ကြောက်ရွံ့မှုမရှိဘဲ အတင့် ရဲ ကာ မူးယစ်ဆေး ပိုမိုသုံးစွဲလာမည်ကို မိဘတချို့က စိုးရိမ်နေလေသည်။
လက်ရှိဥပဒေအရ မူးယစ်ဆေးအနည်းအကျဉ်းသုံးစွဲသူများအပေါ် ချမှတ်နေသည့် ပြစ်ဒဏ်များမှာ မျှတသည်ဟု မဆို နိုင်ပေ။ လူငယ်အများစုဖြစ်နေသည့် အနည်းအကျဉ်း သုံးစွဲသူများမှာ သတင်းပေးများ၏ ခြိမ်းခြောက်မှုနှင့် တခါတရံ အကွက်ဆင် ဖမ်းဆီးခြင်းများကို ကြုံတွေ့ရတတ်သည်များ ရှိကြောင်း သိရသည်။
လူငယ်တဦးအနေဖြင့် မူးယစ်ဆေး တပြားနှစ်ပြား လက်ဝယ်တွေ့ရုံနှင့်ပင် သုံးနှစ်အထက် ထောင်ဒဏ်ချမှတ်ခြင်း ခံရ နိုင်ပေသည်။ ထိုပြစ်ဒဏ်က လူငယ်တယောက်အဖို့ ဘဝတဆစ်ချိုး ပြောင်းလဲသွားစေနိုင်သည်။
အနီးဆုံးဆိုရလျှင် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မန္တလေး အိုးဘိုထောင်မှ ဖြေဆိုရင်း ဂုဏ်ထူး သုံးဘာသာ နှင့် အောင်မြင်ခဲ့သည့် မရွှန်းလဲ့ဝေကျော်မှာ ဘဝရည်မှန်းချက်ကို အကောင်းအထည်ဖော်ဖို့ ထောင်အတွင်း မည်မျှ အခွင့် အရေး ရှိမည် ဆိုသည်မှာ မသေချာလှပေ။
မရွှန်းလဲ့ဝေကျော် အနေဖြင့် ဈေးဆိုင်အကူအဖြစ် အလုပ်ဝင်ရောက်သည့် ငါးရက်မြောက်နေ့တွင်ပင် ဆိုင်အတွင်း မူးယစ် ဆေးပြား ၁၅ ပြားတွေ့ရှိ၍ လက်ဝယ်ရှိမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ကို ချမှတ်ခံရခြင်းဖြစ်လေသည်။
ထို့သို့သော လူငယ်များအပေါ် ထောင်ဒဏ်ချမှတ်ခြင်းနည်းလမ်းထက် ပြန်လည်ကုစားနိုင်ဖို့ ထူထောင်ရေး လုပ်ငန်း များဖြင့် ပညာပေးခြင်းကသာ ပို၍သင့်တော်သည်ဟု MNHCR အဖွဲ့ဝင် ဦးယုလွင်အောင်က အကြံပြု တိုက်တွန်းသည်။
ကုလသမဂ္ဂကွန်ဗင်းရှင်းများကလည်း မူးယစ်းဆေးဝါးသုံးစွဲမှုကို မဖြစ်မနေအပြစ်ဒဏ်ပေးခြင်း(ပြစ်မှုဆိုင်ရာ သို့မဟုတ် အုပ်ချုပ်ရေးဆိုင်ရာ) လုပ်ဆောင်ရန် မလိုအပ်ကြောင်းကို ၁၉၈၈ ခုနှစ် ကွန်ဗင်းရှင်း၏ ကောက်နုတ်ချက်တွင် ရှင်းလင်း စွာ ဖော်ပြထားလေသည်။
၂၀၁၇ ခုနှစ် ဧပြီလက ထုတ်ပြန်သည့် “အမှောင်ရိပ်တွင် တွေ့ရှိခြင်း” အစီအရင်ခံစာ၌ Transnational Institute (TNI) ၏ စစ်တမ်းကောက်ယူမှုကို ဖြေဆိုခဲ့သည့် မူးယစ်ဆေးမှုဖြင့် ထောင်ကျဖူးသူ ထက်ဝက်ခန့်က ထောင်အတွင်း မူးယစ်ဆေး ဆက်လက် သုံးစွဲခဲ့ကြသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
ထို့အတွက် မူးယစ်ဆေး အနည်းအကျဉ်း သုံးစွဲသူများအား အပြစ်ပေးခြင်းသည် ထိရောက်မှုရှိ မရှိ ပြန်လည် သုံးသပ် သင့်ပြီး အမှန်တကယ် ရောင်းဝယ်သူများကိုသာ ထိထိရောက်ရောက် နှိမ်နင်းရန် ပို၍ ဦးစားပေးသင့်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ပိုင်ရှင်မဲ့ဖမ်းမိနေသည့် မူးယစ်ဆေး ပမာဏများစွာက လူအများကြား ဝေဖန်စရာ ဖြစ်နေ သည်။
လက်ရှိ မူးယစ်ဆေးမှုနှင့် ထောင်များအတွင်း လူဦးရေကြပ်တည်းနေခြင်းအတွက် အချို့ပြစ်မှုများအား ပြန်လည် စိစစ် ကာ အာမခံပေးခြင်း၊ လူမှုရေးပြစ်ဒဏ် အစားထိုးခြင်း နည်းလမ်းများဖြင့် လျော့ကျစေနိုင်ပြီး ပညာပေးခြင်းနှင့် ပြန်လည် ပျိုးထောင်နိုင်ရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)မှ ကိုအောင်မျိုးကျော်က သုံးသပ် တိုက်တွန်း ထားသည်။
လက်တွေ့တွင် မူးယစ်ဆေးမူဝါဒ ပြောင်းလဲရေးကပင် အခက်အခဲများစွာ ရှိနေသည်။ လက်ရှိ အခြေအနေအရ မူးယစ် ဆေး အစားထိုး ဆေးဝါးများ လုံလောက်စွာ ပေးနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေး စင်တာများ တည်ဆောက်ရန် များစွာ လိုအပ်လျက်ရှိနေသည်။
လက်ရှိဥပဒေအရ မူးယစ်ဆေး သုံးသူတယောက်အနေဖြင့် မူးယစ်ပုဒ်မ ၁၅ အရ တရားဝင် မှတ်ပုံတင်ကာ ပြန်လည် ထူထောင်ရေး စခန်းနှင့် သတ်မှတ်ထားသည့် ဆေးရုံတချို့တွင် ဆေးဝါးရရှိနိုင်သော်လည်း လုံခြုံမှု အတွက် အာမခံမှု မရှိပေ။
ဦးဝင်းမင်း ကိုယ်တိုင်ပင် တရားဝင်မှတ်ပုံတင်ကာ ပြန်လည်ထူထောင်ရေး စခန်း သွားရောက်သူ ဖြစ်သော်လည်း ဖမ်းဆီးခံရကာ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ အပြင်လောကထက် အကျဉ်းထောင်အတွင်း ရောက်လာသည့် ငွေကြေးမတတ်နိုင်သော မူးယစ်ဆေး သုံးစွဲသူ တယောက်အနေဖြင့် ပို၍ အခက်အခဲများ ရင်ဆိုင်ရမည် ဖြစ်ပေသည်။
ရဲဘက်စခန်းတခုတွင် နောက်တန်းဆေးမှူးအဖြစ် ၄ နှစ်နီးပါး လုပ်ကိုင်ခဲ့ဖူးသည့် ဦးဝင်းမင်းက “မူးယစ် သမားတွေကို ဆေးစစ်ပြီး HIV ရှိရင် ကျောက်စခန်းပို့တယ်၊ မရှိရင် ဝက်ထီးကန်စခန်း ပို့တယ်၊ ဒါတွေက နှုတ်မိန့်လုပ်ခဲ့တာတွေ၊ ဘာ လူ့အခွင့်အရေးမှ မရှိဘူး၊ ရဲဘက်မှာ နေ့စဉ် လူတွေ သေနေတာကိုလည်း တွေ့ခဲ့ရတယ်”ဟု ပြောပြသည်။
ဦးဝင်းမင်းအနေဖြင့် လက်ရှိတွင် မူးယစ်ဆေးသုံးစွဲသူများ ကုသမှုကို လွယ်ကူစွာ ရယူနိုင်ရေးအတွက် ဘားနက် အင်စတီကျု တွင် ပညာပေးစည်းရုံးမှုများကို လုပ်ဆောင်လျက် ရှိနေသည်။
၁၉၇၄ ခုနှစ်နောက်ပိုင်း ဘိန်းတိုက်ဖျက်ရေးများ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ရာမှ ထောင်များအတွင်း မူယစ်ဆေး သမားများ အလုံအရင်းဖြင့် ရောက်ရှိလာပြီး ထောင်အတွင်း မူးယစ်ဆေး သံသရာမှာလည်း စတင်လာတော့သည်။
အရေးယူမှုပြင်းထန်သည့် မူးယစ်ဥပဒေကြောင့် ထောင်များအတွင်း မူးယစ်ဆေးအမှု အကျဉ်းသားများဖြင့် ပြည့်လာ ခြင်း ကို မှန်ကန်တိကျသည့် မူဝါဒတခုဖြင့် ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်နေခြင်းကို ဦးခင်မောင်မြင့်က ရှင်းပြသည်။
“အပြင်က မူးယစ်ဆေးနဲ့ပတ်သက်သူတွေက ထောင်ထဲကို အစုအပုံကြီးလို လာဖြစ်နေတယ်၊ ဒါ ဆက်ကြီးထွား လာ ရင် ထောင်တွင်း မူးယစ်ဆေး သံသရာကလည်း ဆက်လည်နေဦးမှာပါပဲ” ဟု ဦးခင်မောင်မြင့်က ပြောဆိုပါသည်။ ။