မိုးတဖွဲဖွဲနဲ့အတူ ကျနော်တို့ သတင်းထောက်အုပ်စုသည် တနိုင်းမြို့ကနေ နာရီဝက်လောက်ကားစီးပြီး တရုံချောင်း သို့ ရောက်လာခဲ့သည်။ ကားပေါ်ကနေ ဆင်းပြီး လှေပေါ်တက်လိုက်သည်။ ကျနော်တို့ သွားမည့် ခရီးမှာ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေး နယ်မြေ ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း ၁၄ သို့ ဖြစ်ပါသည်။မိုးတဖွဲဖွဲနဲ့အတူ ကျနော်တို့ သတင်းထောက်အုပ်စုသည် တနိုင်းမြို့ကနေ နာရီဝက်လောက်ကားစီးပြီး တရုံချောင်း သို့ ရောက်လာခဲ့သည်။ ကားပေါ်ကနေ ဆင်းပြီး လှေပေါ်တက်လိုက်သည်။ ကျနော်တို့ သွားမည့် ခရီးမှာ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေး နယ်မြေ ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း ၁၄ သို့ ဖြစ်ပါသည်။
ထိုဒေသရှိ ရွှေမှော်၊ ပယင်းမှော်များတွင် လုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများ နှင့် ကချင်ဒေသခံများသည် KIA နှုင့် မြန်မာစစ်တပ် အကြား တိုက်ပွဲများ စတင်ဖြစ်ပွားချိန် ဇွန်လ ၆ ရက်နေ့ ကပင် ကချင်ပြည်နယ် တနိုင်းမြို့နယ် ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စွန့်ခွာ ခဲ့ကြပြီး ဖြစ်သည်။ ထိုရွှေ့ပြောင်း နေထိုင်သူတွေက တနိုင်းမြို့တွင် ခိုလှုံနေကြ ရသည်။
လှေပေါ်မှာ တနာရီကျော်ကြာ စီးပြီး ကျနော်တို့ လှေဆိပ်တခုသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် အရပ်သားဝတ်စုံဖြင့် လှေဆိပ်ပေါ်က စောင့်နေသည့် လူတစုကို အဝေးကနေ လှမ်းမြင်လိုက်တယ်။ ကျနော်တို့ ကမ်းပေါ် တက်လာသည့် အခါ ကျနော်တို့နှင့် အတူ ပါလာသည့် ကချင်ဓာတ်ပုံဆရာက ကချင်ဘာသာစကားနဲ့ လူတစုကို မေးကြည့်တော့ သူတို့က ကျနော်တို့ သတင်းထောက်တွေ စောင့်နေကြောင်း ပြောပြသည်။ သူတို့သည် မှော်တာဝန်ခံများ ဖြစ်ကြောင်း ပြောပြသည်။
ထိုအခါ သူတို့က ကျနော်တို့ကို ဆိုင်ထဲခေါ်ဝင်ပြီး နေရာထိုင်ခင်းတွေ ပေးသည်။ ဘီယာနှင့် စားစရာများဖြင့် ဧည့်ခံသည်။ ကျနော်တို့ အချင်းချင်း မိတ်ဆက်ကြပြီး ဘီယာနှင့် အစားစာကို ခရီးမဆက်မီ စားသောက်ကြသည်။
ကျနော်တို့ ရောက်သည့် နေ့သည် ဇွန်လ ၁၅ ရက်နေ့ ဖြစ်ပြီး တပ်မတော်က ရာဇသံပေးထားသည့် နောက်ဆုံးနေ့ဖြစ်၍ လမ်းပေါ်တွင် သွားလာသူ သိပ်မရှိတော့ပါ။ ဆိုင်ရှင်တချို့ကလည်း အခြေအနေကို ကြည့်ပြီး စိုးရိမ်နေပုံရသည်။ တချို့ ဆိုင်ပိုင်ရှင်များက ဆိုင်ပိတ်ကာ တနိုင်းမြို့ထဲ ပြန်ပြီး ခိုလှုံဖို့ ပြင်ဆင်နေကြသည်ကို သတိထားမိသည်။ ထိုသို့ လူအများက စစ်ဆင်ရေးနယ်မြေအတွင်းမှ ထွက်ခွာနေချိန်တွင် ကျနော်တို့ သတင်းထောက် အုပ်စုက ယင်းဒေသထဲသို့ ဝင်ရောက်နေ သည်မှာ စွန့်စားမှုတခု ဖြစ်ကြောင်း အထိတ်တလန့် ခံစားမိသည်။
မှော်တာဝန်ခံ တဦး ဖြစ်သူ ကိုမြင့်အောင်ကတော့ ပျော်ပျော်ပါးပါးနဲ့ ဟာသစကား အဖြစ် ကျနော်တို့ စားပွဲဝိုင်းမှာ ဆက်ပြောနေသည်။ “သောက်ကြ၊ သောက်ကြ၊ ဘီယာတွေ။ အစားစာလည် စားကြ။ ပြီးရင်း ခရီးဆက်ကြရအောင်”
ကျနော်တို့ စားနေချိန်မှာ ဆိုင်ပိုင်ရှင် ကချင်အမျိုးသမီး တဦးသည် သူ၏ ခွေးကို လှေပေါ်သို့ အတင်းအကျပ် တင်နေသည်။ သို့သော် ခွေးကလေးက သူမနှင့် လိုက်ဖို့ ငြင်းဆန်နေပြီး အခြားခွေးများ ရှိရာဆီ ထွက်ပြေးသွားတာကို မြင်ရသည်။ ထိုအခါ ကိုမြင့်အောင် က “ဟော ဟော ကြည့်…၊ အဲဒီခွေးက ဒုက္ခသည် IDP မဖြစ်ချင်ဘူး ထင်တယ်” ဟု ပြောသည်။
ထို့နောက် ကျနော်တို့ကို သူက “ကဲ … ကဲ…၊ ဘီယာတွေ ဆက်သောက်ကြ။ ဒါက ရှေ့တန်းမှာ ရဲဆေး၊ ရဲဆေးလို့ ခေါ်တယ်”
ကျနော်တို့ တတွေ ဘီယာနှင့် အစားစာများ စားသောက်ပြီးနောက် ကားတစီးပေါ်တက်ကာ KIA လုံခြုံရေးများနှင့် အတူ သီချင်း နားထောင်ရင်း မှော်ဆီသို့ မောင်းသွားခဲ့ကြသည်။ KIA ရဲ့ လွတ်မြောက်နယ်မြေသည် အစိုးရ ထိန်းချုပ်နယ်မြေ ထက် ပိုမိုလုံခြုံသလို ခံစားနေမိသည်။
“ဒါက KIA ထိန်းချုပ်နယ်မြ ဖြစ်တယ်။ ဘာမှစိုးရိမ်စရာ မရှိဘူး လုံခြုံတယ်။ KIA လုံခြုံရေး တပ်သားတွေလည်း အပြည့် ချထားတာ ရှိတယ်” ဟု ဦးမြင့်အောင်က ပြောသည်။ သို့သော် ကားစီးလာရင်း နေရာတခု ရောက်သည့် အခါ သူက လက်ညှိုးထိုး ညွှန်ပြရင်း ပြောသည်။
“ဟိုးနေရာ…၊ အဲဒီမှာ ဗမာတပ်တွေ ရှိတယ်” ပြောသည့် အခါ စိတ်ထဲတွင် ကြောက်ရွံ့မိသလို ခံစားရသည်။
ကျနော်တို့ တနာရီခွဲကျော် ကားစီးပြီး နွိုင်ဂျီဘမ်ပက်ဆမ်မှော်သို့ ရောက်ရှိသည်။ ထမင်း နည်းနည်းဆာလာတယ်။ မှော်တာဝန်ခံ ဖြစ်သူ ကိုနန်းနန်းအောင် က နေ့လယ်စာအတွက် စစ်သားတွေ ချက်နေဆဲ ဟု ပြောသည်။ ဝက်တကောင် ပေါ်ပြီး ချက်ပြုတ်နေဆဲ ဖြစ်သည်။
ထိုအချိန်တွင် ကျနော်တို့ သောက်ရန် အတွက် ကချင်အရက်တလုံး ပေးသည်။ ကာယဗလ အားတိုးဆေး အရက်ဟု နာမည်ပေးထားသည်။ မကြာမီ ကချင်လူငယ်စစ်သား ၃ ယောက်က ထမင်းနှင့်ဟင်းများ သယ်လာပြီး ကျနော်တို့ ထိုင်နေသည့် စာပွဲဝိုင်းပေါ် ချပေးသည်။ ကျနော်တို့လည်း သူတို့ ချက်ပေးသည့် ဝက်သွေးနှင့် ရောထားသည့် ဝက်သားဟင်း ကို စစားလိုက်လေသည်။ ပြီးတော့ အရက်ကိုလည် နည်းနည်း မြည်းလိုက်သေးသည်။
ထိုနောက် ကားပေါ် ပြန်တက်ကြပြီး ရှေ့တန်း စစ်မျက်နှာမှ နောက်ဆုံး KIA စခန်းဖြစ်သည့် ချီရာဆမ်ခသို့ နောက်ထပ် ၂ နာရီကြာ စီးပြီး ရောက်ခဲ့သည်။ KIA ဗိုလ်မှူး တဦးက ကျနော်တို့ဆီလာပြီး စကားပြောသည်။ အခု ကျနော်တို့ ရှိရာနေသည့် အင်ကာကာရွာနှင့် ဗမာတပ်များ အခြေပြုထားသည့် နေရာတို့မှာ အလှမ်းမဝေး ဟု ပြောပြသည်။ ၁၀ မိနစ်ခန့် လမ်းလျှောက်လျှင် ဗမာတပ်များကို တွေ့မည် ဟုလည်း ပြောသည်။ သူတို့ အသစ်တူးထားသည့် စစ်ကတုတ်ကျင်းကို ကျနော်တို့ ဝင်ကြည့်လိုက်သည်။ သို့သော်လုံခြုံရေးအရ ဓာတ်ပုံရိုက်ခွင့် မပေးပါ။
KIA တပ်သားတွေ တပ်မတာ်ရဲ့ စစ်ရေးလှုပ်ရှားမူ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတာကို သတိထားမိသည်။ စစ်ရေး အခြေအနေက တင်းမာနေသဖြင့် ကျနော်တို့၏ လုံခြုံမှု စိုးရိမ်ရသည်ဟု ဆိုကာ ယင်းနေရာတွင် ခနတာနေပြီး နမ်းခန်းရွာဘက်သို့ ကျနော်တို့ ထွက်လာသည်။
ညနေ ၄ နာရီခန့်တွင် ကျနော်တို့ နမ်းခမ်း ကျေးရွာသို့ရောက်ကာ ရွာအကြီးအကဲ ဒါးရှီနော်တောင်နှင့် တွေ့ဆုံသည်။ နမ်းခမ်းကျေးရွာတွင် အိမ်ခြေ ၃၀၀ ခန့် ရှိပြီး အများစုမှာ စွန့်ပစ်ထားသော အိမ်များ ဖြစ်သည်။ ဒါးရှီနော်တောင်၏ မိသားစုမှာ ပြည်နယ်မြို့တော် မြစ်ကြီးနားသို့ ထွက်ခွာသွားကြပြီး ဖြစ်သော်လည်း သူက နေအိမ်ကို မစွန့်ခွာနိုင် ဖြစ်နေ သည်။ သူသည် တိုက်ပွဲကို မကြောက်ပေ။
“ဒီကနေ ထွက်ပြေးရရင်လည်း ဘယ်လို ထွက်ရင် ရတယ် ဆိုတာ ကျနော် သိတယ်” ဟု သူက ပြောသည်။
ကျနော်တို့ကို သူ့အိမ်တွင် ညစာကျွေးပြီး ဘီယာကိုတော့ သောက်နိုင်သလောက် သောက်ရန် ပြောသည်။ ဈေးအိမ်မှာ လူမရှိတော့ ဘီယာနဲ့ အခြား ရောင်းကုန်များ စွန့်ပစ်ထားရသည့် အနေအထား ရှိနေသည်။
ည ၇ နာရီ မိုးချုပ်မှ ကျနော်တို့ ကားနဲ့ ပရင်းမော်ဘက်သို့ မောင်းပြန်လာသည်။ ကျနော်တို့၏ ရှေ့ပြေးကားတွင် KIA စစ်သားများ ပါပါသည်။ စစ်ရေး အခြေအနေကလည်း မကောင်း၊ လမ်းမှာ ညဘက် သွားနေရင်း တပ်မတော်ဘက်က ဝင်တိုက်လိုက်မည်ကို စိတ်ထဲမှာ ထိတ်လန့်နေမိသည်။ သို့သော် ကံကောင်း ထောက်မစွာဖြင့် ကျနော်တို့ မှော်ထဲ ပြန်ရောက်လာသည်။
ကျနော်တို့ ရေးမိုးချိုးပြီး နောက်ထပ် အရက် ၂ လုံး မှော်တာဝန်ခံတွေက ထပ်ပေးလိုက်သည်။ ကျနော်တို့ တတွေ စကားပြောရင်နဲ့ အရက်ကို ဆက်သောက်နေသည်။ မနက်ပိုင်းတုန်းက လက်ကျန်ဝက်သားဟင်းကို အမြည်းလုပ်ကာ သောက်ကြခြင်း ဖြစ်သည်။
ယခင်က ဆိုလျှင် ယင်းနေရာ၊ ယင်း အချိန်တွင် လမ်းများပေါ်တွင် သွားလာသူများဖြင့် ပြည့်နှက် စည်ကားနေပြီး မော်တော်ဆိုင်ကယ်ကိုပင် ကောင်းကောင်း မောင်းမရသည့် အကြောင်း မှော်တာဝန်ခံများက ပြောပြသည်။ တပ်မတော်က လေယာဉ်ပေါ်မှ စာရွတ်တွေ ကြဲချပြီးနောက်တွင် ရှိသမျှလူ အားလုံး ထွက်သွားကြသည်။
“အခု လုပ်သွားတာက တော်တော်အောင်မြင်တယ်” ဟု ကိုမြင့်အောင်က ပြောသည်။ စာရွက်ပေါ်တွင် ဖော်ပြထားသည်မှာ “မိုင်းတူးတာဟာ သဘာဝပတ်ဝန်ကျင် ဖျက်စီးတယ်” ဟု ဆိုသည်။ သို့သော် “သူတို့က မှော်တွေကို ပိတ်ပြီး KIA ရဲ့ ဝင်ငွေကို ပိတ်ဆို့တာ” ဟု ဦးမြင့်အောင် က မြင်သည်။
“သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်တယ် ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ သူတို့ တိုက်တာ မဟုတ်ဘူး။ ကျနော်တို့ ဒီမှာ လုပ်နေတာက လက်လုပ်လက်စားတွေပဲများ။ သဘာဝ ပတ်ဝန်ကျင် ပျက်စီးဖို့က ကြီးကြီးမားမား မရှိဘူး။ သဘာ၀ ပတ်ဝန်းကျင်ကို တကယ် အလေးထားရင် ဖားကန့် ကျောက်စိမ်းမှော်တွေကို သူတို့ အရင်ပိတ်ရမှာ” ဟုလည်း သူက ပြောသည်။ ။