မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့ အာဏာသိမ်းဖို့ ပထမဆုံး လုပ်ဆောင်ခဲ့တဲ့သူကတော့ ဗိုလ်ချုပ်နေဝင်းပဲ ဖြစ် ပါတယ်။ ၁၉၅၈မှာ တကြိမ်၊ ၁၉၆၂မှာ တကြိမ် နှစ်ကြိမ်တိုင်တိုင် အာဏာသိမ်းခဲ့သူဖြစ်ပါတယ်။
၁၉၅၈မှာ သိမ်းထားတဲ့ အာဏာကို ပြန်လွှဲခဲ့ပေမယ့် ၁၉၆၂ မတ်လ၂ အာဏာသိမ်းပြီး အိမ်စောင့်အစိုးရတော်လှန်ရေး ကောင်စီ၊ စတဲ့ အမည်အမျိုးမျိုးနဲ့ တိုင်းပြည်ကို အာဏာနဲ့အုပ်ချုပ်ရတာကို ပျော်မွေ့သွားတော့တာပါပဲ။
ဘယ်လောက်ထိ ပျော်မွေ့ခဲ့သလဲဆို ၁၉၆၂ ကနေ ၁၉၈၈ ထိ အာဏာသိမ်းပြီးတာတောင် သူ့နောက်လိုက် သားတော် မောင်များကို အာဏာသိမ်းအုပ်ချုပ်ဖို့ လက်ဆင့်ကမ်းခဲ့တော့တာပါပဲ။ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်စန်းယု၊ ဗိုလ်ချုပ် မောင် မောင်တို့အပြင် ဗိုလ်ချုပ်ခင်ညွှန့်၊ ဗိုလ်ချုပ်သန်းရွှေထိ နည်းပေးလမ်းပြခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ၁၉၆၂နောက်ပိုင်း ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဆိုပြီး ဆိုရှယ်လစ်စီးပွား ရေး၊ ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ် ကြုံးဝါး အရူးထပြီး အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံကို အရေခံခွာပြီး ၎င်း တို့ အကျိုးစီးပွားအတွက် အမိန့်၊ အာဏာတွေနဲ့ ဖျက်ဆီးခဲ့ကြတာပါပဲ။
အာဏာသိမ်းခေါင်းဆောင်တွေဟာ တပ်မတော်က လာတာဖြစ်တဲ့အတွက် ဖြစ်ကြောင်းကုန်စဉ်နဲ့ ပတ်သက်ပြီး အရပ်သား ပြည်သူတွေ သိဖို့ဆိုတာ အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံတွေမှာ မလွယ်ကူပါဘူး။ အာဏာရှင်ကွန်ရက်ထဲမှာ ဝင်ရောက်လုပ် ကိုင်ဖူးသူများမှ ပြန်လည်ဖော်ထုတ်ရေးသားမှသာလျှင် သိနိုင်တာဖြစ်ပါတယ်။
ယခု ကျနော်နဲ့ဗိုလ်ချုပ်များ စာအုပ် (မူရင်း အင်္ဂလိပ်စာနှင့်)ကို ရေးသားသူ ကြည်ဝင်းစိန် (Malcolm) ဟာ ၁၉၅၉ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်ဥပဒေချုပ်ဌာနတွင် ပြန်တမ်းဝင်ဗိုလ်အဖြစ် တိုက်ရိုက်ခန့်အပ်ခံရပြီး ၎င်းရင်းနှီးကျွမ်း ဝင်ပတ်သက်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်နေဝင်း အပါအဝင် ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ် ချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးခင်ညို၊ ဗိုလ်မှူးကြီးအေးမောင်၊ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး မောင်လွင်အစရှိသဖြင့် ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီလက်ထက် စစ်ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီးများအကြောင်းကို ရေးသားထားခြင်းဖြစ်ပါတယ်။
ယခုစာအုပ်မှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတခုက ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ BURMA TRADE LIMITED (London, UK) ကုမ္ပဏီထောင်ပြီး စာရေးသူ ကြည်ဝင်းစိန်ကိုယ်တိုင် GMနှင့် အမှုဆောင် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ကာ ဗိုလ်ချုပ်နေဝင်းနဲ့အပေါင်းအပါများ ရှုပ်ခဲ့တဲ့ငွေကြေးအရှုပ်တော်ပုံများကို ရေးသားထား ပါတယ်။
BURMA TRADE LIMITED (London, UK)ရဲ့လုပ်ဆောင်ချက်များနဲ့ပတ်သက်ပြီး စာမျက်နှာ-၁၅၀မှာ “ကျွန်တော်တို့ ကုမ္ပဏီ၏ ကနဦး မတည်ငွေအဖြစ် အင်္ဂလိပ်စတာလင်ပေါင်၁၂ သန်းခွဲကို အတည်ပြုခဲ့ပြီး ထိုမတည်ငွေ၏၂၀ရာခိုင်နှုန်း စတာလင်ပေါင် ၂သန်းခွဲကို ဥပဒေနဲ့အညီ ဘဏ်စာရင်းတွင် ပြနိုင်ခဲ့သည်။ ကုမ္ပဏီ၏ရှယ်ရာထည့်သွင်းပါဝင်မှုကို ဗမာ့ သွင်းကုန်ထုတ်ကုန်ဘဏ်မှ ၂၀ ရာခိုင်နှုန်း ဦးအောင်ဒင်မှ၂၀ ရာခိုင်နှုန်းနှင့် ကျွန်တော်ကြည်ဝင်းစိန်မှ ၆၀ရာခိုင်နှုန်းဖြင့် ဖော်ပြခဲ့ပါသည်” လို့ ပါရှိပါတယ်။
ဆက်လက်ပြီး “ကုမ္ပဏီဒါရိုက်တာများအဖြစ် (၁) ဗိုလ်မှူးကြီးအေးမောင် (၂) ဦးအောင်ဒင် (၃) ဗိုလ်မှူးကြီးခင်ညို (၄)ဦး ကြည်ဝင်းစိန် (၅) ဦးမောင်မောင်ကလေး ဒါရိုက်တာနှင့် အတွင်းရေးမှူးအဖြစ် ခန့်အပ်ကြပြီး ဗိုလ်မှူးကြီးအေးမောင်ကို မဲ ဆန္ဒပေးပိုင်ခွင့်မရှိသော ဒါရိုက်တာအဖြစ် သတ်မှတ်သည်”လို့ ဆောင်ရွက်ပေးရတဲ့ အဖွဲ့ဝင်များကို ရေးသားထားပါတယ်။
BURMA TRADE LIMITED (London, UK)ရဲ့လုပ်ငန်းစီမံချက် Action plan အဆင့်၂ ကတော့ ပြည်တွင်းပြည်ပ ကုမ္ပဏီ နှင့်ဖက်စပ်လုပ်ငန်းများက နိုင်ငံခြားတွင် သိုဝှက်ထားသည့်ငွေကြေးများ ပြန်လည်ဖော်ထုတ်ရယူနိုင်ရေး ဖြစ်ကြောင်းကို လည်း ဖတ်ရပါတယ်။

စာရေးသူ ကြည်ဝင်းစိန်တို့ ဆောင်ရွက်ခဲ့တဲ့ BURMA TRADE LIMITED (London, UK) အောင်မြင်စွာ လုပ်ငန်းဆောင် ရွက်နိုင်ပုံများကိုလည်း (စာ ၁၅၃မှာ) ခုလို ရေးသားထားပါတယ်။
“ကုမ္ပဏီအနည်းငယ်မှ အပ ကျန်ကုမ္ပဏီများအားလုံးလိုလိုပင် မြန်မာနိုင်ငံနှင့်စီးပွားရေးလုပ်ငန်းဖြတ်တောက်ခံရခြင်း၊ တရားတဘောင် ရင်ဆိုင်ရခြင်းများကို ရှောင်ရှားလိုသည့်အတွက် စာရင်းနှင့်တကွ ပြန်လည်အပ်နှံကြပါသည်”
“ပုံမှန်အားဖြင့် မြန်မာနိုင်ငံသို့ ပေးသွင်းသော ကုန်ပစ္စည်းများ၏ ၁၀မှ ၁၅ရာခိုင်နှုန်းခန့်ကို တရားမဝင်ကိစ္စများ ပေးချေရန် စာရင်းပိုပြပြီး နိုင်ငံခြားဘဏ်များတွင် သီးသန့်စာရင်းများ ဖွင့်လှစ်ဝှက်ထား၍ လွတ်လပ်ရေးရပြီးချိန်မှစပြီး ယခု(၁၄/၁၅)နှစ် အတွင်း မည်မျှရှိမည်ဆိုတာ ခန့်မှန်းနိုင်ပါသည်။ မြန်မာနိုင်ငံ၏ထိုစဉ်က တစ်နှစ်သွင်းကုန်ပမာဏ စတာလင်ပေါင် သန်း ၂၅၀ ခန့်ရှိသဖြင့် နှစ်စဉ်ပေါင် သန်း ၄၀ခန့် ဤသို့နစ်နာဆုံးရှုံးမှုများ ရှိခဲ့ပါသည်။ ဤသို့ဖြင့် ကျွန်တော်တို့ Burma Trade London UKမှ ပေါင် သန်းရာဂဏန်းနှင့် ချီပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ကျွန်တော်၏ကိုယ်ပိုင်ငွေစာရင်းထဲကိုပင် မှား ပြီး အတိုးရရှိငွေဟု ပေါင် ၅၅၀၀ ဝင်လာ၍ စိစစ်ကြည့်တော့မှ သခင်ဗစိန်၏ငွေစာရင်းနှင့်မှားပြီး ပေးပို့လိုက်တာ တွေ့ရှိရ ပါသည်။”
“ကျွန်တော်တို့ Burma Trade London UK ဖွင့်ပြီး ၆လမပြည့်မီ ဤသို့စီမံချက် Action plan ၁နှင့် ၂ကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အတွက် ရန်ကုန် BEDC (ဗမာ့စီးပွားရေးတိုးတက်ရေးကော်ပိုရေးရှင်း) ဥက္ကဌ ဗိုလ်ချုပ်အောင်ကြီးမှအစ လူကြီးများ ကျေနပ်အားရမှုရှိပြီး ဗိုလ်ချုပ်ကြီးနေဝင်းအား ဆက်လက်၍ တင်ပြရာတွင် သဘောကျ ချီးကျူးပါကြောင်း ကြား သိရသည်”(စာ-၁၅၁) လို့ Burma Trade London UK ရဲ့ရပ်တည်မှုများကို အသေးစိတ်ရေးထားပါတယ်။
နံပါတ်ဝမ်းကြီး၊ ဥက္ကဌကြီး၊ အဖေကြီးစသဖြင့် နာမည်ဆိုးများဖြင့် ကျော်ကြားခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့ ၎င်းနောက်လိုက် ဗိုလ် ချုပ်များ Burma Trade London UK တွင် စာရေးသူ ကြည်ဝင်းစိန် ကုမ္ပဏီမှာ ရှိစဉ်က ငွေကြေးအလွဲသုံးစား ပြုလုပ်ပုံများ ကိုလည်း သိရှိရပါတယ်။
“နိုင်ငံခြားရောက်လာပြီး ငွေပြတ်လပ်သည့်အခါမျိုးတွင် နိုင်ငံခြားစီးပွားရေးနှင့်ကုန်သွယ်ရေးကိုင်ထားသော ဗိုလ်ချုပ် အောင်ကြီးထံ ဖုန်း(သို့) စာဖြင့် ဆက်သွယ်၍ နိုင်ငံခြားငွေ အကူအညီတောင်းခံကြသည်။ ဗိုလ်ချုပ်အောင်ကြီးကလည်း အခက်အခဲရှိသူကို ကူညီတတ်သောစိတ်ရှိ၍ စာတိုလေးဖြင့် ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ကျွန်တော့်ကို ဆက်သွယ်ပြီး ‘ကို ကြည်ဝင်းစိန် ယခုလာသူကို လိုအပ်သလို ကူညီစောင့်ရှောက်လိုက်ပါ’ဟု မှာကြားသည့်အခါ ကျွန်တော်မှ ကူညီရပါသည်။” (စာ-၁၅၈)
“ဗိုလ်ချုပ်တင်ဖေနှင့်အဖွဲ့ကတော့ Burma Trade UK မှာ ငွေကြေးတွေ အလျှံပယ်ဖြစ်နေပြီး အလကားရယူသုံးစွဲနေကြ သည်ဟု အထင်ရှိပုံရသည်။ ကျွန်တော်တို့က အင်္ဂလိပ်တို့၏ဥပဒေအတိုင်း ဖွင့်ထားရသော ကုမ္ပဏီဖြစ်၍ ငွေကြေးသုံးစွဲရာ တွင် စာရင်းစစ်မှတ်တမ်းဖြင့် ပြေစာဖြင့် သုံးစွဲရသဖြင့် Audit စာရင်းစစ်ဝင်သည့်အခါ အစစ်ဆေးခံရ၍ အားလုံးစနစ်ဇယား ဖြင့် ပြုစုရသည်။ ထိုအဖွဲ့အပြန်ခရီးမှာ မြန်မာပြည်တိုက်ရိုက်မပြန်ဘဲ အမေရိက၊ ဟောလိဝုဒ်၊ Beverly Hills နှင့် Las Vegas မြို့များ ဝင်ရောက်လည်ပတ်နိုင်ရန် ခရီးစရိတ်၊ အိမ်၊ ကားစသည်တို့ အားလုံးစီစဉ်ပေးရန် မှာကြားသဖြင့် ဆောင် ရွက်ပေးရသည်။ ထို့အပြင် ထိုခရီးစဉ်၌ သုံးစွဲရန် ပေါင်နှစ်သောင်းခွဲပါ လိုအပ်သည်ဟု တောင်းဆိုသဖြင့် အားလုံးကို Burma Trade London မှပဲ စီစဉ်ထုတ်ပေးရပါသည်။ နိုင်ငံတော်အကြီးအကဲ ခရီးသွားလျှင် သုံးစွဲသည့်အတိုင်း သုံးဖြုန်း နေခြင်းဖြစ်သည်။ မြန်မာပြည် နံပါတ် ၃ အဆင့်ပုဂ္ဂိုလ်ဖြစ်၍ ထိုအဆင့်နှင့် လျော်ညီစွာ သုံးစွဲရမည်ဟု အယူရှိပုံရသည်။” (စာ-၁၆၀)
“ကျွန်တော် Burma Trade London တွင် GM လုပ်စဉ်က ကျော်စွာမြင့် ဗိုလ်ချုပ်ကြီးနှင့်ပါလာပြီး နှုတ်ခမ်းမွှေးကြီးက ဗိုလ်ချုပ်ကြီးအတွက် ငွေလိုသည့်အခါ ကျွန်တော်ထံလွှတ်ပြီး ထုတ်ခိုင်းသည်” (စာ-၁၇၇)
ထိုသို့ ၁၉၆၃ အရောက်မှာတော့ စာရေးသူကြည်ဝင်းစိန်တို့ ဦးစီးဆောင်ရွက်ပေးခဲ့ရတဲ့ Burma Trade London UK ကံကြ မ္မာဟာ ဗိုလ်ချုပ်နေဝင်းရဲ့အာဏာကစားခြင်းခံလိုက်ရပါတော့တယ်။
ဗိုလ်ချုပ်နေဝင်းရဲ့အစီအမံများနဲ့ပဲ ဗိုလ်ချုပ်အောင်ကြီး BEDC ဥက္ကဌနေရာမှာ ပြောင်းလိုက်သည့် ဗိုလ်မှူးကြီးခင်ညိုထံမှ ညွန် ကြားစာများနဲ့ နိဂုံးချုပ်သွားပုံများကိုလည်း စာအုပ်မှာ တွေ့ရပါတယ်။

“များမကြာမီ BEDC ဥက္ကဌဗိုလ်မှူးကြီး ခင်ညိုထံမှ ညွန်ကြားစာ ရောက်ရှိလာသည်။ ၎င်း၏ညွှန်ကြားချက်တွင်
၁- Burma Trade London UK ပိုင် အားလုံး စာရင်းအင်း၊ ရှယ်ယာ လွှဲပြောင်းရန် ပြင်ဆင်ချိန် မည်မျှလိုအပ်သည်ကို ပြန်ကြားရန်
၂- အထက်ပါ အားလုံးပြီးစီးသောအခါ သံအမတ်ကြီး ဦးလှမောင်သို့ လွှဲပြောင်းပေးအပ်ရန်
၃- စစ်သံမှူးဗိုလ်မှူးကြီးအေးမောင်ကို အထက်ပါကိစ္စတွင် လုံးဝပါဝင်ပတ်သက်မှုမရှိစေရန်
၄- London မြန်မာသံရုံးမှ မည်သည့်အရာရှိဝန်ထမ်းမျှ သိရှိပါဝင်ခြင်းမရှိစေရ
၅- သံအမတ်ကြီး ဦးလှမောင်ကို ရန်ကုန်မှ သင့်လျော်သလို ညွှန်ကြားမည်ဟု ပါရှိပါသည်။”(စာ-၁၇၁) မှာ ဖတ်ရပါတယ်။
နောက် စာရေးသူကြည်ဝင်းစိန်တို့ မြန်မာပြည်ပြန်ခေါ် ဗိုလ်ချုပ်နေဝင်းက စစ်ကြောရေးလုပ်တဲ့အဆင့်ရောက်လာတဲ့အခါ မှာတော့ ဗိုလ်မှူးကြီးချစ်ခင်ထံ Burma Trade London UKမှ ပျောက်ဆုံးသွားရတဲ့ ငွေတွေအကြောင်း အိတ်သွန်ဖာ မှောက် ဖွင့်ချလိုက်တာကိုလည်း (စာ ၁၈၄)မှာ ရေးထားပါတယ်။
“ကျွန်တော်လည်း ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ ‘ဗိုလ်မှူးကြီးတို့ သိလိုတဲ့ ပျောက်ဆုံးနေတဲ့ ငွေကြေးစာရင်းတွေ ဒီစာ အုပ်ထဲမှာ ပါရှိပါတယ်”ဟု စာအုပ်ဝါကြီး ပေးအပ်လိုက်ပါသည်။ ထိုစာအိတ်ထဲတွင် ရန်ကုန်မှ လူကြီးများ၊ ဗိုလ်မှူးချုပ်တင် ဖေက အစ ယနေ့အကြီးအကဲပေါင်းများစွာ လန်ဒန်နှင့်ဥရောပတိုက်နှင့် အမေရိက စသည့်နိုင်ငံများသို့ လာရောက်ဆေးကု ခြင်းနှင့် အခြား အစိုးရကိစ္စရပ်များအတွက် လာရောက်ရာတွင် Burma Trade London မှ ကုန်ကျသုံးစွဲခဲ့သည့်စာရင်းနှင့် ဘောက်ချာအပြည့်အစုံ ပါရှိသည်။ ဗိုလ်မှူးကြီးချစ်ခင် ထိုစာရင်းနှင့်ဘောက်ချာများကိုတွေ့တော့ ကြက်သေသေပြီး စိုက် ကြည့်နေသည်။”လို့ တိုင်းပြည်ဘဏ္ဍာ ကိုယ့်ဘဏ္ဍာလုပ်သုံးစွဲခဲ့ကြပုံကို တိတိပပရေးခဲ့ပါတယ်။
Burma Trade London UK ဟာ မြန်မာ့ဆိုရှယ်လစ်စီးပွားရေးလမ်းစဉ်ချမှတ်သူကြီး ဦးနေဝင်းရဲ့အောက်မှာ စုံးစုံးမြုပ်သွား ရပါတော့တယ်။ ကုမ္ပဏီကနေ ဘယ်လို ပိုင်ဆိုင်ထားမှုတွေ လွှဲပြောင်းပေးခဲ့ရသလဲဆိုတာကိုလည်း (စာ- ၁၇၂ )မှာ ခုလို ရေးသားထားပါတယ်။
“Burma Trade London အနေနှင့် ဘဏ်များတွင် ဝယ်ယူထားသည့် ငွေစုလက်မှတ်များ၊ အပ်နှံထားသည့် ငွေသားသက် သက်ပင် စတာလင်ပေါင် သန်းရာကျော်ရှိသည်။ ငွေလုံးငွေရင်းနှင့် ဝယ်ယူမြှုပ်နှံထားသော ရုံးခန်း၊ အိမ်၊ တိုက်တာ၊ မော် တော်ကားစသည်တို့ ထပ်ပေါင်းပါက ပေါင် သန်းရာပေါင်းများစွာ လွှဲပြောင်းလက်ခံရမည်ဖြစ်သည်”ဆိုပြီး သံအမတ်ကြီး ဦး လှမောင် (တော်လှန်ရေးကောင်စီ အစိုးရကိုယ်စား)ကို နောက်ဆုံးပိတ် လွှဲပြောင်းပေးခဲ့ရတဲ့ အခြေအနေများကို ရေးထား တာဖြစ်ပါတယ်။
စာရေးသူ ကြည်ဝင်းစိန်လည်း ဗိုလ်ချုပ်နေဝင်းရဲ့အာဏာစက်အောက်မှာ စစ်တုရင်ခုံပေါ်က အရုပ်များပမာ ခြေချုပ်ဘ၀ စသဖြင့် နေခဲ့ရပြီး ၁၉၇၂ ခုနှစ်မှာတော့ တော်လှန်ရေးကောင်စီ အစိုးရလုပ်ငန်းမှ ဗိုလ်ချုပ်နေဝင်းရဲ့ခွင့်ပြုချက်နဲ့ နှုတ် ထွက်ခွင့်ရပြီး ဂျပန်နိုင်ငံကို ဆေးကုသခွင့်ခံယူရန်ဆိုပြီး နိုင်ငံခြားအပြီး ထွက်ခွာသွားရသူဖြစ်သွားခဲ့ပါတယ်။
ယခုစာအုပ် (ကျွန်တော်နှင့် ဗိုလ်ချုပ်များ)မှာ စာရေးသူကြည်ဝင်းစိန် ပတ်သက်ခဲ့ရတဲ့ ဗိုလ်ချုပ်၊ ဗိုလ်မှူးများအကြောင်းကို သိရတဲ့အပြင် ဗိုလ်ချုပ်နေဝင်းလက်ထက် အင်္ဂလန်မှာ Burma Trade London UK ဆိုပြီး အကောင်အထည်ဖော်ခဲ့ကြပြီး တိုင်းပြည်ဘဏ္ဍာငွေတွေကို ထင်တိုင်းကြဲခဲ့တာကို သမိုင်းအထောက်အထားအရ သိလိုက်ရပြီး အကျိုးကျေးဇူးရရှိတဲ့ စာအုပ်လို့ ဆိုနိုင်ပါတယ်။