ဆောင်းပါး

တိုင်းရင်းမီဒီယာများ၏ ခယောင်းလမ်းထက်မှ ခရီးရက်ရှည်များ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်တခုသို့ ပြောင်းလဲလာစေရန် စတင်ခဲ့သည့် ၈၈ လူထုလှုပ်ရှားမှု၏ ရိုက်ခတ်လှိုင်းဖြင့် ၂၀၀၀ ခုနှစ်ခန့်တွင် အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ နပ်စပ်တို့၌ သတင်းအချက်အလက်များ ပိုမိုဖြန့်ဝေပေးနိုင်ရန် မီဒီယာ အဖွဲ့အစည်းများ အလျှိုလျှို တည်ထောင် လာကြချိန်တွင် တိုင်းရင်း မီဒီယာများလည်း စတင် ပေါ်ပေါက်လာခဲ့ကြသည်။

တိုင်းရင်း မီဒီယာများသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဖိနှိပ်မှု အောက်မှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ကာ ယနေ့ ထက်တိုင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံကျသည့် ကဏ္ဍတခုအနေဖြင့် ပါဝင်နေဆဲ ဖြစ် ကြောင်း တိုင်းရင်း မီဒီယာ အဖွဲ့များ စုစည်းထားသည့့် Burma News International မှ ဘုတ်အဖွဲ့ဝင် ကိုခိုင်မြတ်ကျော်က ဆိုသည်။

ကိုခိုင်မြတ်ကျော်က “တိုင်းရင်းမီဒီယာ အခန်းကဏ္ဍ ကျဆုံးသွားတယ်ဆိုရင် မြန်မာပြည်မှာ ကျနော်တို့ မျှော်လင့်နေတဲ့ ဖက်ဒရယ် စနစ် ဆိုတာပေါ့ဗျာ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အခန်းကဏ္ဍကလည်း မှေးမှိန်သွားမယ်၊ တိုင်းရင်းမီဒီယာ ဆိုတာက တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေနဲ့ ကျွန်းကိုင်းမှီ ၊ ကိုင်းကျွန်းမှီ ရပ်တည်နေတဲ့အတွက် တိုင်းရင်းမီဒီယာတွေ ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းသင့်တယ်” ဟု ဆိုသည်။

၂၀၀၀ ခုနှစ် ဝန်းကျင်တွင် ထိုင်းနိုင်ငံ၌ပင် Burma Media Association (BMA) အမည်ဖြင့် မီဒီယာအဖွဲ့များ စတင် စုစည်း လာပြီး နောက်ပိုင်းတွင် ၎င်းတို့ထဲမှ Burma News International အမည်ဖြင့် တိုင်းရင်းမီဒီယာများကို ပြည်လည် စုဖွဲ့ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် တိုင်းရင်းမီဒီယာဟု ဆိုလာလျှင် ယခုထက်ထိတိုင် အဘယ်ကြောင့် ဖြစ်ထွန်းလာကြကာ မည်သို့သော လားရာများဖြင့် ရှေ့ဆက်နေသနည်း ဆိုသည်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်မှု မရှိသေးပေ။

နှစ်စဉ် တိုင်းရင်းသားဒေသများ၌ အခြေစိုက် လှုပ်ရှားနေကြသည့် တိုင်းရင်းမီဒီယာအဖွဲ့များ ဦးဆောင်၍ တိုင်းရင်း မီဒီယာ ညီလာခံများ ကျင်းပလာခဲ့ကြသည်မှာ ယခုနှစ်တွင် ၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ကာ လာမည့် ဇွန်လ ၂၆ ရက်နေ့မှ စ၍ ကယားပြည်နယ် လွိုင်ကော်မြို့၌ တိုင်းရင်းမီဒီယာ ညီလာခံကို သုံးရက်တာ ထပ်မံ ကျင်းပဦးမည် ဖြစ်သည်။

ဤတိုင်းရင်းမီဒီယာ ညီလာခံများ ကျင်းပခြင်းသည် တိုင်းရင်းသားဒေသ အခြေစိုက် တိုင်းရင်း သတင်းဌာနများ အနေဖြင့် မိမိတို့ဒေသ၌ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ပိုမိုသိရှိ စာနာနိုင်ကြစေရန်နှင့် မိမိတို့၏ တိုင်းရင်း မီဒီယာ အဖွဲ့အစည်းများ ရေရှည် တည်တံ့ ဖွံ့ဖြိုးနိုင်ရေးအတွက် နည်းလမ်းရှာဖွေကြရန် ပြုလုပ်ခြင်းဖြစ်သည် ဆိုလျှင်လည်း မှားမည်မထင်ပေ။

ယခုနှစ် ကယားပြည်နယ် လွိုင်ကော်မြို့၌ ကျင်းပမည့် ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံ၌ “The Important Role of Ethnic Medias in the Democratic Transition” ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရန် စီစဉ်ထားကြောင်း သိရသည်။

ပထမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို ၂၀၁၃ ခုနှစ်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကျင်းပခဲ့ပြီး၊ ၂၀၁၄ တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ၂၀၁၅ တွင် ချင်းပြည်နယ် ဟားခါးမြို့နှင့် ၂၀၁၆ တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့တို့၌ အသီးသီး ကျင်းပခဲ့ပြီး ဖြစ်သည်။

တိုင်းရင်း မီဒီယာဟု ဆိုလေလျှင် အခြား မီဒီယာ အဖွဲ့အစည်းများလည်း ရှိနှင့်ပြီးဖြစ်ရာ သတင်း အချက်အလက်များ ရယူဖော်ပြရန်အတွက် ရှိနှင့်ပြီးသား မီဒီယာအဖွဲ့များနှင့် မည်သို့ကွာခြား၍ အဘယ်ကြောင့် တိုင်းရင်း မီဒီယာ ဟူ၍ သီးသန့်ရှိရန် လိုအပ်သနည်းဟုလည်း မေးခွန်းများ ထုတ်နေကြသည်။

“တိုင်းရင်း မီဒီယာတွေက ရှိရမယ်၊ ရှိမှ ကျနော်တို့က ဘာခေါ်မလဲ ဆိုတော့ Media Main Stream ထဲမှာ All Inclusive နဲ့ Diversity ကို လိုလားတာပေါ့၊ တိုင်းရင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် Main Stream Media တွေရဲ့ အထောက်အပံ့ အကူအညီလည်း လိုတယ်လို့ ယူဆတယ်” ဟု International Media Support နှင့် Fojo Media Institute တို့ ပူးတွဲ အကောင်အထည် ဖော်နေသည့် မြန်မာ့မီဒီယာ ဖွံ့ဖြိုးရေး အစီအစဉ် မန်နေဂျာ ကိုမျိုးမင်းထိုက်က ၎င်း၏ အမြင်ကို ပြောသည်။

Main Stream Media များ မရောက်နိုင်သည့် ထိုဒေသများမှ သတင်းအချက်အလက်များကို သတင်း ဖလှယ်၍ ငွေကြေး အကူအညီများ ရယူခြင်းဖြင့်လည်း တိုင်းရင်းမီဒီယာများ၏ ဖွံ့ဖြိုး တိုးတက်မှုကို တဖက်တလမ်းက အထောက်အကူ ပြုနိုင်ကြောင်း ကိုမျိုးမင်းထိုက်က ၎င်း၏အမြင်ကို ပြောသည်။

တိုင်းရင်းသား ဒေသများသည် ယခုမှပင် ပဋိပက္ခအလွန်ကာလ သေနတ်သံနှင့် တိုက်ပွဲများစဲကာ ဖွံ့ဖြိုးမှုအတွက် အားယူ ရုန်းထနေကြသည့် အနေအထား ဖြစ်ကာ မီဒီယာတခု ရှင်သန်ရပ်တည်နိုင်သည့် အခြေအနေ၊ သတင်း မီဒီယာ စားသုံးသူ ဈေးကွက်၊ သတင်းမီဒီယာ ရှင်သန် ရပ်တည်မှုကို ဝိုင်းဝန်း ကျားကန်ပေးမည့် ကြော်ငြာစီးပွားရေး လုပ်ငန်း ၊ လွတ်လပ်မှု ၊ ဥပဒေအရ အကာအကွယ်ပေးမှုတို့မှာ များစွာ လိုအပ်နေဆဲ ဖြစ်သည်။

အချို့ တိုင်းရင်းသားဒေသများတွင် စစ်မက်ကြီးများ မဖြစ်ပွားသော်လည်း စစ်ပွဲများ မကြာခဏ ပေါ်ပေါက်နေဆဲ ဖြစ်သည်။

ဝန်ထမ်းအင်အား ဆယ်ဂဏန်းလောက်သာ ခန့်ထားနိုင်သည့် တိုင်းရင်း မီဒီယာ အဖွဲ့အစည်းများအဖို့ ပြည်မ (ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီး များ) အခြေစိုက်သော အခြား မီဒီယာကြီးများကဲ့သို့ အားကောင်းမောင်းသန် ငွေကြေး အင်အား ထုနှင့် ထည်နှင့် သုံးစွဲ၍ လည်ပတ် ရပ် တည်ရန် မဖြစ်နိုင်ပေ။

တိုင်းရင်း မီဒီယာများ၏ အခြေခံ တည်ရှိမှုမှာ ဝေးလံခေါင်ဖျားသည့် တိုင်းရင်းသားဒေသများ၌ အခြားမီဒီယာအဖွဲ့များမှ လက်လှမ်းမီမှု နည်းပါး သည့် ဒေသတွင်း အဖြစ်အပျက်များကို ရယူဖော်ပြရန်နှင့် မိမိတို့ ဒေသခံများ နားလည် သဘောပေါက်သည့် တိုင်းရင်းသား ဘာသာစကား များဖြင့် ဖော်ပြ ရေးသား ထုတ်ဝေ ပုံနှိပ်၊ ထုတ်လွှင့်ရန် ရည်ရွယ်ချက် ရှိကြသော်လည်း လက်တွေ့တွင် ကန့်သတ်မှု၊ စိန်ခေါ်မှုများစွာတို့ဖြင့် ကြုံတွေ့ခဲ့ကြရသည်။

စီးပွားရေး ယှဉ်ပြိုင်မှုနှင့် လွှမ်းခြုံမှုအရ တိုင်းရင်း မီဒီယာများသည် ပြည်မ မီဒီယာများအား ယှဉ်နိုင်စွမ်းငှာ မရှိသော်ငြား တိုင်းပြည်၏ နိုင်ငံရေး အပြောင်းအလဲအတွက် တိုင်းရင်းသားများ၏ ဆန္ဒသဘောထား၊ ဒေသတွင်း အဖြစ်အပျက်များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ မီးမောင်းထိုးပြနိုင်တွင် ပြည်မ မီဒီယာထက် အားသာခဲ့ကြောင်း တိုင်းရင်း မီဒီယာများ စုပေါင်းထားသည့် Burma News International (BNI) အဖွဲ့၏ ဘုတ်ဒါရိုက်တာ နိုင်ကဆော့မွန်က ဆိုသည်။

“တိုင်းရင်းသား လူမျိုးတွေရဲ့ ခံစားချက် အဖြစ်အပျက်တွေကို နိုင်ငံတကာက သိအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့က စပြီးတော့ ထူထောင်လာတဲ့ အဖွဲ့အစည်း ဖြစ်တယ်၊ ၂၀၁၂ မှာ မီဒီယာ ပြုပြင် ပြောင်းလဲရေးတွေ ဖြစ်လာတဲ့နောက်မှာ ကျနော်တို့ ပြည်တွင်းကို ပြန်ပြီးတော့ အခြေချလာကြတယ်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အစိုးရဘက်က အသိအမှတ် ပြုလာအောင် ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ နောင်လာမယ့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ ကျနော်တို့ ဘယ်လိုပါလို့ ရမလဲပေါ့။ ဥပမာ အားဖြင့် ဒီအချိန်မှာဆိုရင် ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်း မီဒီယာတွေက တခြားမီဒီယာတွေထက် ပိုပြီး မီးမောင်းထိုးပြနိုင်ခဲ့တယ်” ဟု နိုင်ကဆော့မွန်က သုံးသပ် ပြောကြားသည်။

တိုင်းရင်း မီဒီယာ အများစုသည် လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီ ထောက်ပံ့မှုနှင့်သာ အဓိက ရပ်တည်နေရပြီး ယင်းအထောက်အပံ့များသည် ရေရှည် ရရှိရန် မဖြစ်နိုင်ဟု တိုင်းရင်း မီဒီယာ အဖွဲ့အစည်းများ နားလည် သဘောပေါက် ထားကြသော်လည်း အမှီအခိုကင်းသည့် သတင်း မီဒီယာအဖွဲ့များ အဖြစ်သို့ ရောက်ရှိရန် ၎င်းတို့၏ ကြိုးပမ်းမှု အိပ်မက်များမှာ ယခုအချိန်ထိ မရေမရာ ရှိနေဆဲ ဖြစ်သည်။

“ကိုယ့်ဆီက ဒေသတွင်း သတင်းစာလေးတွေ နိုင်ငံတကာ အလှူရှင်အပေါ်မှာ မှီခိုနေရတာ ကျနော်တို့ အစိုးရက ရှက်ဖို့ ကောင်းပါတယ်။ ကျနော် ပြောလိုတာက ငွေကြေးထောက်ပံ့ပေးဖို့ သက်သက် မဟုတ်ပါဘူး။ လိုအပ်ပါက ချေးငွေ ထုတ်ပေးဖို့၊ အဲဒီအပြင်ကို စည်းမျဉ်း စည်းကမ်း လိုင်စင်တွေ လျှော့ပေးဖို့ လိုပါတယ်။ အခုထိ Community Radio လုပ်ကိုင်ခွင့် မရသေးပါဘူး။ တကယ်က ဒီထက်ပိုပြီး Local Cable TV လိုမျိုးတွေ လုပ်ကိုင်ခွင့် ပေးဖို့တောင် အချိန်ရောက်နေပါပြီ” ဟု Dawaie Watch မီဒီယာ အေဂျင်စီနှင့် တနင်္သာရီ ဂျာနယ်၏ အယ်ဒီတာ အဖွဲ့ဝင် ကိုသူရိန်လှိုင်က ဆိုသည်။

“ကျနော်တို့ ကို မပိတ်ပင်ပါနဲ့၊ ကျနော်တို့ ကိုယ့်အားကိုယ်ကိုးနိုင်ပါတယ်။ အစိုးရက ဘာကို ကြောက်နေလဲတော့ မသိဘူး။ အခြား ဦးစားပေးတွေ ရှိနေသေးလို့လားတော့ မသိဘူး။ ဒီမိုကရက်တစ် အစိုးရဆိုရင်တော့ မကြောက်ပါဘူး” ဟု ၎င်းက သုံးသပ် ပြောကြားသည်။

၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် Dawaie Watch မီဒီယာ အေဂျင်စီသည် ကနဦး၌ သတင်းထောက် တဦး ကလောင် တချောင်းဖြင့် အစပြုခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် တနင်္သာရီ အပတ်စဉ် ဂျာနယ်ကို ဆက်လက် ထုတ်ဝေနိုင်ခဲ့သည်။

စတင် ထုတ်ဝေချိန်၌ သုံးလအတွက် ဂျာနယ်ထုတ်ဝေရန် လုံလောက်သည့် ငွေကြေးသာရှိပြီး ထိုသုံးလအတွင်း၌ အောင်မြင်မှု မရရှိခဲ့ပါက ရပ်နားရမည် ဟူသည့် ဖိအားများဖြင့် စတင် ထုတ်ဝေခဲ့ကြောင်း ကိုသူရိန်လှိုင်က ရှင်းပြသည်။

သို့သော် ယင်းမီဒီယာ အေဂျင်စီသည် လက်ရှိတွင် ဒေသ အခြေစိုက် အားကောင်းသည့် မီဒီယာ တခုဖြစ်ကာ အပတ်စဉ်ထုတ် ဂျာနယ်များသို့ သတင်းရောင်းချခြင်းဖြင့် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည့် အခြေအနေ၌ ရှိနေသည်ဟု ဆိုရပေမည်။

လုပ်ငန်းလည်ပတ်မှုအတွက် နိုင်ငံတကာ အမှီအခို ကင်းပြီး မိမိတို့၏ ငွေကြေးအရင်းအနှီးကိုသာ အခြေပြု၍ လုပ်ငန်းလည်ပတ်ကာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းများအတွက် နိုင်ငံတကာ အထောက်အပံ့ များ ရယူခဲ့သော်လည်း ယင်းသည် အဓိက မှီခိုခြင်း မဖြစ်ခဲ့ပေ။

သမားရိုးကျ မီဒီယာ ထုတ်လုပ်မှုများဖြင့်သာ ဆယ်စုနှစ် တခု၊ နှစ်ခုသို့တိုင်အောင် ဖြတ်သန်းလာပြီး ဖြစ်သော တိုင်းရင်းမီဒီယာ အဖွဲ့အစည်း အချို့မှာလည်း လက်ရှိတွင် တိုးတက်မြန်ဆန်လာသည့် အင်တာနက် အခြေခံ မာတီမီဒီယာ ထုတ်လုပ်မှု နည်းပညာနှင့် လူမှုကွန်ရက် သတင်းများ၏ အားကောင်းမှုကို ယှဉ်နိုင်ခြင်းငှာ မတတ်သာပေ။

သို့သော် မိမိတို့၏ ဒေသတွင်း လိုအပ်ချက်နှင့် သတင်းအကြောင်းအရာများကို ပင်မမီဒီယာကြီးများကလည်း စေ့စေ့ပေါက်ပေါက် မဖော်ပြနိုင်၍ တိုင်းရင်း မီဒီယာများအနေဖြင့် မရှိ၍လည်းမဖြစ် ၊ ရှိနေသည်မှာလည်း လှုပ်လီ လှုပ်လဲ့နှင့် မလူးသာ မလွန့်သာ အခြေအနေ ဆိုက်နေပေ သည်။

တိုင်းရင်း မီဒီယာ အဖွဲ့အစည်းများ၏ အစသည် ယခင်က စစ်အစိုးရ၏ ဝါဒ ဖြန့်ချိရေး သတင်းအချက်အလက်များကို ကျော်လွှား၍ မိမိတို့ ဒေသတွင်းနေ ပြည်သူများအား သတင်းအချက်အလက်မှန် ရရှိစေရန် ရည်ရွယ်ချက်ဖြင့် အစပျိုး လာခဲ့ကြသည့် အဖွဲ့များ ဖြစ်သည်ဟု ယူဆလျှင် မှားမည်မထင်။

သို့သော်ငြားလည်း တိုင်းရင်း မီဒီယာများ၏ ကနဦး စုဖွဲ့မှုမှသည် ယနေ့အထိ တည်ရှိမှု၌ အဘက်ဘက်မှ ဘေးကျပ်နံကျပ် အနေအထားနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အစိုးရအုပ်ချုပ်သူများ အမြင်၌ကား တိုင်းရင်း မီဒီယာများအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လက်ဝေခံ မီဒီယာများဟု မျက်ထောင့်ကပ်၍ ကြည့်ခဲ့ကြသည့် အတိတ်ကာလများလည်း ရှိခဲ့သည်။

တဖက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း မိမိတို့ အဖွဲ့အစည်းများ၏ အားနည်းချက်များ ၊ မလျော်ကန်မှုများအား ဖော်ပြ ရေးသားမှုကို တားမြစ် ပိတ်ပင်ခြင်းနှင့် မရေးသား၊ မဖော်ပြစေရန် ဖိအားပေးခြင်းတို့လည်း ဆယ်စုနှစ်များ အတွင်း ဖြတ်သန်းခဲ့ကြရကြောင်း နိုင်ကဆော့မွန်က ဆိုသည်။ လက်ရှိ၌ အစိုးရ သတင်းအရင်းအမြစ်များနှင့် လည်းကောင်း ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ သတင်းအရင်းအမြစ်များနှင့်သော်လည်းကောင်း ဆက်ဆံရေးမှာ များစွာ တိုးတက် ကောင်းမွန်လာသည်ဟု ဆိုသည်။

ထို့ပြင် လက်ရှိ ပြည်သူ့ ရွေးကောက်ခံ အစိုးရလက်ထက်၌ ယင်းသံသယအမြင်များ ကင်းစင် ပပျောက်သွားမည် ဖြစ်ကြောင်း ကိုမျိုးမင်းထိုက် က သုံးသပ် ပြောကြားသည်။

အစိုးရ၏ တိုင်းရင်းမီဒီယာများအပေါ် အထောက်အပံ့နှင့် ကူညီမှုများ ပေးမည့် အခန်းကဏ္ဍကား ယနေ့ထက်ထိတိုင် တိကျသော မူဝါဒများမရှိဘဲ စကားလုံးများဖြင့်သာ ကတိကဝတ်ထားရှိပြီး ယခင် ဦးသိန်းစိန် အစိုးရလက်ထက်၌ တိုင်းရင်းမီဒီယာများအား အထောက်အပံ့ပေးမည့် အစီအစဉ် ဆွေးနွေးချက်ကို ယခု သမ္မတဦးထင်ကျော် လက်ထက်၌လည်း ပြန်ကြားရေး ဝန်ကြီးဌာနက အသိအမှတ် ပြုခြင်း မရှိခဲ့ချေ။

ထို့ကြောင့် နိုင်ငံရေး အခင်းအကျင်းနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှိသင့်သည့် တိုင်းရင်း မီဒီယာများ၏ အခန်း ကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်ရှိ အာဏာရအစိုးရ၏ သဘောထားမှာ များစွာ အခရာ ကျနေပေသည်။

လာမည့် ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် တက်ရောက်မည်ဟု စီစဉ်ထားကြောင်း ကိုခိုင်မြတ်ကျော်က ဆိုသည်။ ဝန်ကြီးအနေဖြင့် လက်ရှိ အာဏာရအစိုးရ၏ တိုင်းရင်း မီဒီယာများအပေါ် အမြင်၊ မှတ်ချက်နှင့် မည်သို့ လုပ်ငန်းစဉ်များဖြင့် ကူညီ လုပ်ဆောင်ပေးမည် ဆိုသည်ကိုကား ဆက်လက်၍သာ စောင့်ကြည့်ရမည် ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading